သုအိုက်စံ ● တဖွဲ့တလှည့်၊ ယစ်ပူဇော်ဆက်


သုအိုက်စံ ● တဖွဲ့တလှည့်၊ ယစ်ပူဇော်ဆက်
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆

အာဖကန်နဲ့ ပါကစ္စတ္တန်နယ်ခြားရာ
ရွာမဆန်တဲ့ ရွာပစ်ပယ်ခံများဟာ
ကျနော်တို့ရဲ့နယ်ရွာ၊ ကျနော်တို့ရဲ့လယ်ယာ၊
ကျနော်တို့ရဲ့ကျင်လည်ကမ္ဘာ၊
ဒီနယ်မှာ မွေးဖွား ဒီနယ်မှာ ကြီးထွား
ဒီနယ်မှာ ရှင်သန် ဒီနယ်မှာ ပြီးဆုံး
ကျနော်တို့အားလုံးရဲ့ဘဝဟာ
အစေးခြစ်ထားတဲ့ ဘိန်းသီးတလုံးလို အခွံထူနေပါရဲ့
ကျနော်တို့အားလုံးရဲ့ဘဝဟာ
တူးဖော်ထားတဲ့ ထုံးကျောက်တတုံးလို အဆင်းဖြူနေပါရဲ့
လူဖြစ်တယ်ဆိုရုံလေးနဲ့ပေါ့ဗျာ
ကျနော်တို့သိတာက
ဒီနယ် ဒီဒေသကို ကျနော်တို့ ပိုင်ဆိုင်တယ်
ကျနော်တို့မသိတာက
ဒီနယ် ဒီဒေသကို ဘယ်သူတွေ သက်ဆိုင်သလဲ
တာလဘန်သူပုန်တပ်တွေပဲလား
ပါကစ္စတန် အစိုးရတပ်တွေပဲလား
သိထားတာတွေဟာလည်း နောက်ဆို မမှန်ကန်တတ်တော့
လူ့ရှင်သန်ခြင်းကတော့ဗျာ
သူများအတွက်အရာရာ ကိုယ့်အတွက်ဗလာ ဆိုရမလားပဲ
ထုံးဖြူတွေလိုပဲ သူများတူးဖော်ထုတ်ယူသွားတာကို ခံရင်း
ဘိန်းသီးတွေလိုပဲ သူများ အစေးခြစ်ထုတ်သွားတာကို ခံရင်း
ဘယ်နိုင်ငံတော်သီချင်းကို ဆိုရမှန်းလည်း မသိတဲ့ ပြည်သူလို
နှင်းထူတဲ့အရပ်သို့ အလင်းယူခဲ့ကြဖို့ဆိုတာ
ဘယ်အစိုးရမှာမှာ လမ်းစဉ်မရှိဘူးဗျ
တာလဘန်သူပုန်တပ်တွေ အုပ်စိုးထားတဲ့ နှစ်တွေမှာ
ရွာလုံးပြည့်တခွင် ယာလုံးကျွတ်တဝိုက်
ဘိန်းခင်းတွေကို လိုလိုမက်မက် စိုက်တယ်
ဘိန်းဖြူက ရလိုက်တဲ့ငွေများ
ရပ်နယ်ရွာကို တစ်ပြားမှ မမျှဝေပါ
လုပ်အားခတွေဟာ အလားကား အဓမ္မစေတနာဖြစ်
အိမ်ရှင်ပင်စည်နှလုံးသားကို ဧည့်သည်ဓားက သွေးစေးခြစ်ခွာသည့်အလား
ကျနော်တို့နယ်လေးဟာ ပိန် ပိန် သွားတော့တာပဲ
ပါကစ္စတန်အစိုးရတပ်တွေ အုပ်စိုးထားတဲ့ နှစ်တွေမှာ
တရွာလုံးပတ်လည် တောင်လုံးစဉ်တလျှောက်
ထုံးကျောက်ဖြူတွေကို ပြို ပြိုပျက်ပျက် နှိုက်တယ်
ထုံးဖြူက ရလိုက်တဲ့ငွေများ
ရပ်နယ်ရွာကို တစ်ပြားမှ မမျှဝေပါ
လုပ်အားခတွေဟာ အလားကား အဓမ္မစေတနာဖြစ်
အိမ်ရှင်ပင်စည်နှလုံးသားကို ဧည့်သည်ဓါးက သွေးစေးခြစ်ခွာသည့်အလား
ကျနော်တို့နယ်လေးဟာ ပိန် ပိန် သွားတော့တာပဲ
ဒါပေမဲ့လည်း ဒီလိုပဲပေါ့
ကိုယ့်အရိုးနဲ့ကိုယ် တိုင်တွေထူ ကြမ်းများခင်း
ကိုယ့်အရေပြားနဲ့ကိုယ် အမိုးတွေမိုး အကာတွေကာ
ကိုယ့်အကြောင်းအရာကို ကိုယ့်ကျောင်းစာပြုလို့
ကျနော်တို့မှာ ကျောင်းလေးတခု ရှိပါရဲ့
ကျနော်တို့မှာ ကျောင်းသားတစု ရှိပါရဲ့
ကိုယ်ထကိုယ်ထထားတဲ့ ပညာရေးစနစ်နဲ့ပေါ့ဗျာ
ကျနော်တို့အရပ်၊ ကျနော်တို့အခေါ်မှာ
ယစ်ပူဇော်ရတဲ့ နှစ်တွေဆိုတာ ရှိတယ်
အဲဒါက
ပါကစ္စတ္တန်အစိုးရတပ်တွေ အထွက်မှာ
တာလဘန်သူပုန်တပ်တွေ ဝင်အလာ နှစ်များ
တာလဘန်သူပုန်တပ်တွေ အထွက်မှာ
ပါကစ္စတ္တန်အစိုးရတပ်တွေ ဝင်အလာ နှစ်များ
နှစ်ဘက်တပ်တွေ ယူဆထားတာက
ရန်ရဲ့မျိုးဆက်သစ်တွေတဲ့
မချန်နဲ့ ချိုးဖျက်ပစ်ရမယ်တဲ့ဗျ
ကျောင်းသားလေးတွေကို ပစ်သတ်ပြီး ကျောင်းကို မီးရှို့ဖျက်ဆီး
အရေးကြီး နိုင်ငံတော်တာဝန်တရပ်လို
သူ့ခေတ်ကို သူ့အာဏာ စတင်ပုံဖော်စိုက်ပျိုး
ကျနော်တို့ရဲ့ ဦးခေါင်းရိုးများက အစီအရီ
ကြားလိုက်တယ်မဟုတ်လား မြင်လိုက်တယ်မဟုတ်လား
ဒီဇင်ဘာ ၁၆ ရက် ၂၀၁၄ နေ့က
ကျောင်းသားနဲ့ ကလေး ၁၃၀ ကျော်ကိုပစ်သတ်ပြီး
ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီး ပြာချပစ်လိုက်တာ
အဲဒါဟာ ဒီနှစ်အတွက် ဒီနှစ်မှာ ကျနော်တို့နယ်က
တာလဘန်တပ်တွေကို ယစ်ပူဇော်ဆက်သလိုက်ရတာပဲ
နောက်ထပ် ၅ နှစ် ကြာရင်ပဲ ဖြစ်ဖြစ်
နောက်ထပ် ၈ နှစ် ကြာရင်ပဲ ဖြစ်ဖြစ်
နောက်ထပ် ၁၀ နှစ် ကြာရင်ပဲ ဖြစ်ဖြစ်
ပါကစ္စတ္တန်အစိုးရတပ်တွေကို ယစ်ပူဇော်ဆက်သရဦးမယ်မဟုတ်လား
အမေများရေ...
ကျနော်တို့ကို ကလေးပေါင်း ၁၃၀ မြန်မြန်မွေးထုတ်ပေးပါ
နယ်သားတို့ရေ...
ကျနော်တို့ကို စာသင်ကျောင်းတဆောင် မြန်မြန်ဆောက်လုပ်ပေးပါ
စစ်မက်တဲ့သေနတ်တွေ အပြစ်မဲ့ရဲ့သွေးဆာလာဦးမှာမို့....
စစ်မက်တဲ့သေနတ်တွေ အပြစ်မဲ့ရဲ့သွေးဆာလာဦးမှာမို့....
စစ်မက်တဲ့သေနတ်တွေ အပြစ်မဲ့ရဲ့သွေးဆာလာဦးမှာမို့....

သုအိုင်စံ
၁၇-၁၂-၂၀၁၄

( ၁၆-၁၂-၂၀၁၄ နေ့က တာလဘန်တပ်များ သတ်ဖြတ်လိုက်သော ကလေးပေါင်း ၁၃၀ ကျော်နှင့် ကျေးလက်စာသင်ကျောင်း ဆောင်အား တန်ဖိုးထားတသခြင်းများစွာဖြင့် ဒီကဗျာကို ရေးဖြစ်တယ်)

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်