ကိုသန်းလွင် ● ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ

ကိုသန်းလွင် ● ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂ဝ၁၆


(၁)
“အမေစု စင်ကာပူလာဦးမယ်တဲ့” ဆိုသော သတင်းက ဖေ့ (ခ) ဘွတ်မှ စတင်ထွက်ပေါ်လာခြင်း ဖြစ်ဟန်တူသည်။ မြန်မာက လပ်မှ ကြိုဆိုရေးအဖွဲ့တွင်ပါဝင်သူ မိတ်ဆွေကပြောလာတော့ အတည်ဖြစ်သွားသည်။ ရက်ကိုမေးတော့ လုံခြုံရေးကြောင့် မပြောနိုင်ဘူးဟုဆိုသည်။ “လုံခြုံရေးကို စင်္ကာပူရဲကတာဝန်ယူထားတယ်၊ လက်မှတ် ၅ဝဝဝ လောက်ရောင်းမယ် Big box ဆိုတဲ့ အဆောက်အဦးမှာ” ဟုဆိုသည်။ “စင်ကာပူရဲက စည်းကမ်းအတိုင်းဘဲ၊ မလိုက်နာရင်ဂျောင်းဘဲ” ဟု ပြောနေသည်။
ကျွန်တော့်ဇနီးဖြစ်သူက အင်္ကျီအသစ်တထည် ဝယ်ထားလေသည်။ ဒေါ်စုနဲ့တွေ့ဆုံပွဲမှာ ဝတ်မည်ဟုဆိုသည်။ ကျွန်တော် လည်း မရည်ရွယ်ထားဘဲ အင်္ကျီသစ်တထည်ရလိုက်ပါသည်။ အမေစုနှင့် တွေ့ဆုံပွဲကို အင်္ကျီအသစ် ဝတ်ခါသွားကြမည်။

(၂)
၂ဝ၁၆ ခု ဒီဇင်ဘာ (၁) ရက်နေ့သည် အမှတ်ရဘွယ်ရာ နေ့တနေ့ဖြစ်ပါသည်။ ည ၈ နာရီမှာကျင်းပမည့်ပွဲဆီသို့ မနက် ၁၁ နာရီကတည်းက သွားကြသူတွေရှိသည်။ ညနေ ၄ နာရီရောက်တော့ ကျမတို့နေရာမှာ ထိုင်မိကြပြီဆိုပြီး ဖေ့ (ခ) ဘွတ် မှာ ဓါတ်ပုံတွေတင်ကြသည်။ အစည်းအဝေးခမ်းမမှာ ဘောလုံးကွင်းကြီးတကွင်းစာ နီးပါး ကျယ်ပါသည်။ လုံခြုံရေးတာဝန်ကျသော ယူနီဖောင်းဝတ်ရဲတွေကို နေရာအနှံ့တွေ့ရသည်။ အောက်မှာမြင်ရသူများအပြင် ခမ်းမကြီးအထက်ထပ်မှာ လူဦးရေ ၅ဝ ထက်မနည်းသော ရဲတပ်ဖွဲ့က စခမ်းချထားသည်ဟုကြားရသည်။ တွေ့ဆုံပွဲမှာ ကြီးမားသော Shopping Mall ကြီး၏ တတိယ ထပ်မှာ ဖြစ်ပါသည်။ လုံခြုံရေးအတွက် ပါလာသမျှ ပိုက်ဆံအိတ်တွေ၊ ဖေါင်တိန်တွေ၊ တယ်လီဖုံးတွေကို အိပ် (စ) ရေး စက် ထဲကို ဖြတ်ကြရသည်။ စားစရာ ယူခွင့်မရှိ၊ ရေဗူးတွေကို သိမ်းသည်။ ရဲအရာရှိက ကျွန်တော့် စာကြည့်မျက်မှန်ကိုပါ အိပ် (စ) ရေးစက်ထဲကို ဖြတ်ရမည်ဆို၍ အောင့်သက်သက်ဖြင့် ပေးလိုက်ရသည်။ အမေစုကိုတွေ့မြင်ရဘို့၊ အမေစုစကားပြောတာကြား ရဖို့ဆိုခါ စိတ်ကို ဖြေသိမ့်ကြရပါသည်။

ခမ်းမကြီးထဲမှာ လူပင်လယ်ကြီးကို တွေ့ရသည်။ ခမ်းမကြီးနှင့်အပြည့် သူတို့ပြောသောလူ ၇၀၀၀ ကျော်ဆိုသော လူအုပ်ထက် အများကြီးပိုများပါလိမ့်မည်။ ကြီးမားသော တီဗီ Screen ကြီးသုံးခုက အမေစု၏ ဘဝခရီးရာဇဝင်၊ အတွေ့အကြုံ၊ ကမ္ဘာအနှံ့ ခေါင်းဆောင်ကြီးများနှင့်တွေ့ဆုံပုံတွေကို ပြနေသည်။ အမေစု၏တချိန်ကမိန့်ခွန်းသံများကို ခမ်းလုံးပြည့်ကြားနေရသည်။

ရန်ကုန်ပရိသတ်က ဆူသောကြောင့် စင်မြင့်ပေါ်မှ စည်းကမ်းမရှိရကောင်းလား အပြစ်ဖို့နေသော အမေစု၏ပုံကို မြင်ကြ သည်။ ဤခမ်းမကြီးထဲမှာတော့ ကြီးမားသောစက်ကြီးများကထွက်သော ဂီတ၊ တီးလုံးနှင့် အမေစု ၏ မိန့်ခွန်းပြောသံများကြောင့် ပရိသတ်ဆူသည်ဆိုလျှင်လည်း ထိုဆူသံများကို ကျွန်တော်တို့ မကြားကြရပါ။

ည (၈) နာရီတိတိတွင် အမေစုလာမည်ဆိုထားရာ စင်မြင့်ပေါ်သို့ ရှေ့နောက်ကိုယ်ရံတော်တွေ ခြံရံပြီးတက်လာသော နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကို မြင်တွေ့ကြရပါပြီ။

“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ….ဒို့ပြေ… များလူခပ်သိမ်း ငြိမ်းချမ်းစေဘို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဒို့ပြေ…ဟု နိုင်ငံ​တော်သီချင်း တီးလုံးသံစဉ်ကိုကြားရသည်။ ဘယ်သူကမှ လိုက်ဆိုကြပါဟု ဖိတ်ခေါ်ခြင်း မရှိပါဘဲလျက် “ကမ္ဘာမကြေ…ဗ မာပြေ…ဒါတို့ပြေ၊ ဒါတို့မြေ” ဆိုသောအပိုဒ်တွင် ပရိသတ်က ညီညီဖျဖျလိုက်ပြီး ဆိုကြလေသည်။ ခန်းလုံးပြည့်လှိုင်၍ တက် လာသော အသံမှာကြားရသူကို ကြက်သီးမွေးညှင်းထစေပါလိမ့်မည်။ စင်မြင့်ပေါ်တွင်မြင်ရသော ဒီမိုကရေစီခေါင်း ဆောင် ကြီးမှာ ကျက်သရေရှိလှပါသည်။ သူလည်း တခဲနက်သြဘာပေး၍ ကြိုဆိုနေကြသော ပရိသတ်ကို ချစ်ကြည်ညိုမိမှာ သေ ချာပါသည်။

ကျွန်တော်ကမူ အိန္ဒိယဝန်ကြီးချုပ် နရန်ဒါမိုဒီ အမေရိကားသို့သွားစဉ်က အမေရိကန်ရှိ အိန္ဒိယလူမျိုးပရိသတ်က Rock Star တယောက်ကိုကြိုသလို ကြိုဆိုကြသည်ဆိုသော စကားကိုသွားပြီးသတိရမိသည်။ ယခု မြန်မာ ပရိသတ်ကမူ အမေစုကို မိခင်အရင်းတယောက်ကို ကြိုဆိုသလို ကြိုဆိုနေကြခြင်းဖြစ်ပါသည်။
“၂ဝ၁၅ ခု မဲရွေးပွဲမှာ မဲမပေးလိုက်ရမှာစိုးလို့ ညအိပ်ပြီးစောင့်ကြရတဲ့ စင်ကာပူကပရိသတ်ကို ကျေးဇူးတင် ကြောင်းကျမ ပြောပါရစေ” ဆိုသောစကားကို စပြောသည်။ ၂ဝ၁၅ ခုနိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မြန်မာသံရုံးရှိ မဲရုံက တနေ့ လျှင် လူ ၃ဝဝဝ သာ မဲပေးနိုင်မည်ဟု ကြေညာခဲ့သည်။ စိုးရိမ်စိတ်ဖြင့်ထိုလူ ၃ဝဝဝ တွင်မပါမှာစိုးသောကြောင့် လမ်းဘေး ပလပ်ဖေါင်းမှာ တန်းစီညအိပ်စောင့်ရင်း မဲပေးကြသောပရိသတ်ကို မြန်မာပြည်မှသာမက တကမ္ဘာလုံးကမြင်ကြရပါသည်။

မဲရုံမှထွက်လာသူတွေကို Exit Poll ခေါ် စာရင်းကောက်သူက ဘယ်ပါတီကို မဲပေးခဲ့သလဲဟု မမေး၊ မဲထည့်ရတာ အဆင် ပြေရဲ့လားဟုသာ မေးသည်။ ပြည်သူလူထုသည် NLD ကို တခဲနက်မဲပေးခဲ့ကြပါသည်။ ယခုထိုရွေးကောက်ပွဲမှ တင်မြှောက် လိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအုပ်ချုပ်ခဲ့သည်မှာ သက်တမ်း  ၉ လ အတွင်းသို့ ရောက်ရှိလာပါပြီ။

ထိုကာလအတွင်း  မြန်မာ့စီးပွားရေး အခြေအနေမှာ မပြောင်းလဲ၊ ထူးထူးခြားခြား တိုးတက်ခဲ့သည်ကိုမမြင်၊ ဒေါ်အောင်ဆန်း စုကြည်က ဤအစိုးရ၏ အဓိကလုပ်ငန်းကြီး ၂ ရပ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (သို့) ပြည်တွင်းစစ်ရပ်စဲရေးနှင့် တိုင်းပြည်စီးပွားရေး ပြုပြင်ပြောင်းလဲရေးတို့ဖြစ်ပါသည်ဟု ဆိုသည်။

တိုင်းသူပြည်သားအားလုံးသည် ကျရာတာဝန်ကို ကျသည့်နေရာမှာ ထမ်းဆောင်ကြရမည်၊ “ တိုင်းပြည်တိုးတက်ရေးအတွက် ကိုယ်ကဘယ်နေရာက ပါရမလဲဆိုတာ မေးပါ၊ ဆန်းစစ်ပါ” ဟု ဆိုသည်။

အဂတိလိုက်စားခြင်းဟုဆိုရာတွင် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဆိုသော စိတ်၏ ခံစားလိုအပ်ချက်များ ကြောင့် အဆုံးအဖြတ်၊ အလုပ်အကိုင် လွဲရခြင်းများကိုဆိုသည်။ ကျမအာမခံနိုင်တာတခုက “ကျမတို့ NLD အစိုးရဟာ လာဘ်မစားဖူးဆိုတာပါဘဲ” ဟုပြောသည်။

တိုင်းသူပြည်သားတဦး၏ တာဝန်မှာ လာဘ်မပေးရေး၊ လာဘ်ပေးမှ အလုပ်ပြီးမှာမို့ ပေးခဲ့ရလျင်လည်း သက်ဆိုင်ရာကို တိုင် တမ်းပါဟု ဆိုသည်။ သူ့ရုံးကိုဆက်သွယ်နိုင်သောဖုန်းနံပါတ်နှင့် Website  အဆက်အသွယ်တွေကို ပေးထားပါတယ်၊ တိုင်ပါ၊ “ဒီအစိုးရလက်ထက်မှာ ကြောက်လို့ မပြောရဲ မဆိုရဲဖြစ်ရတယ်ဆိုရင် ဒါဟာ “တုံး” လို့ဘဲလို့ ကျမ မြင်ပါတယ်” ဟုဆိုသည်။
သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်သူပရိသတ်က “အရိုင်း” ဟု ခေါ်ခဲ့ကြသည်။ “တုံးလို့ဘဲလို့ ကျမ ယူဆတယ်” ဆိုသော စကားမှာပရိသတ်ရင်ထဲမှာ စူးရှသွားသလို ထင်လင်းမြင်သာသော စကားလုံးများဖြစ်ခြင်းကြောင့် ကွယ်လွန်သူဗိုလ် ချုပ်ကိုမမြင်ဘူးကြသည့်တိုင် ပြေးသတိရမိလိုက်ကြသည်။

ပြီးခဲ့သော စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် အာဏာရှိသူများက လုပ်ချင်ရာတွေလုပ်ခဲ့ကြသည်။ ထိုအမှားများကို ထောက်ပြ သူများ မပေါ်ပေါက်ရအောင်ပြည်သူတွေကို အကြောက်တရားများ လွှမ်းမိုးစေခဲ့ကြသည်။ “ထိုအကြောက်တရားကို ဖယ် ရှားကြပါ ” ဟု ဆော်သြနေခြင်းလည်းဖြစ်ပါသည်။

အမေစုသည် အစိုးရ၏လုပ်ဆောင်မှု တိုးတက်မှုများကို အားမလို အားမရ ဖြစ်နေကြသော ပြည်သူတွေ အတွက် “ကျမတို့  အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်” ဟု ဆိုခဲ့သည်။ သူသည်ဤတွေ့ဆုံပွဲအတွက် ပြင်ပြင်ဆင်ဆင် ဘာစာကိုမှ ချရေး ထားဟန်မတူ သူ့ရင်ထဲမှာ အမြဲရှိနေသောစကားတွေကိုသာ ပြောနေခြင်း ဖြစ်ပါသည်။

ပရိသတ်ကမေးသောမေးခွန်းတခုတွင် ပြန်ကြားရေးဌာနက အစိုးရပေါ်လစီတွေကိုကောင်းကောင်း မထုတ်ပြန်ဘူးဟု အပြစ် ဖို့သည်ကို “လူတွေကို ပညာပေးကြရမယ်၊ သူတို့အမှားတွေကို စာနာပြီးခွင့်လွှတ်နိုင်ကြရမယ်၊ ကျမတို့က ဖြုတ်၊ ထုတ်၊ သတ်”  မလုပ်ပါဟု ဆိုသည်။ ကျမတို့သွားနေတဲ့လမ်းကြောင်းဟာ အမျိုးသား ရင်ကြားစေ့ရေးပါဟုဆိုသည်။  အပြစ်ပေးအ လုပ်ဖြုတ်တဲ့ကိစ္စကို  အချိန်ယူပြီးလုပ်မှာပါဟု ကတိပေးနေသည်။

“ကျမတို့ဟာ ချက်ခြင်း တွေ့ရတဲ့ လူတွေထဲက ရွေးရတာ ပထမတော့  ကောင်းပြီ ကောင်းရက်နဲ့ အာဏာလည်းပေးလိုက် ရော ပြောင်းလဲသွားတဲ့လူတွေ ရှိတယ်” ဟု ဆိုသည်။ ဘေးကဘေးဆိုင်းတီးနေတာတွေကို ကိုယ်ကလလည်း တတ်နိုင်သမျှ ပြန်တီးပေါ့၊ မဟုတ်လဲမောရင်ရပ်သွားပါလိမ့်မယ် အကြံပေးသည်။ ဗိုလိချုပ်ကမူ “ခွေးဟောင်တိုင်းခေါင်းထောင်မကြည့်နိုင်ဘူး” ဟု ပြောခဲ့သည်မဟုတ်ပါသလော။

ကျွန်တော်တို့သည် ပုခုန်းနှစ်ဘက်ဖြင့် ကြီးလေးသော တိုင်းပြည်တာဝန်များကို ထမ်းထားရသည့် နိုင်ငံ၏ခေါင်း ဆောင်ကြီးကို မြင်သည်။ အသက် ၇ဝ ကျော်ပြီဆိုသော်လည်း မခို့တရို့ရှက်သွေးဖြန်းနေသည့်မိခင်ကြီး၏နိမိတ်ပုံကို အပျိုဖြန်းလေးတစ် ယောက် အားနှင့် အင်နှင့် အလုပ်လုပ်နေပုံနှင့်တွဲပြီးမြင်ကြသည်။

“ရှင်တို့ တနယ်တကျေးမှာရောက်နေကြပေမဲ့ ကျမတို့ဟာ နှလုံးသားချင်းနီးစပ်ကြပါတယ်" ဟု ဆိုလိုက်သည်။ တဆက်တည်း မှာပင် “မြန်မာပြည်သားတွေ အချင်းချင်း ညီညွတ်ကြပါ”၊  လူတွေတယောက်နဲ့တယောက် အဆင်မပြေကြရတာဟာ “အ ရေးပါချင်ကြလို့လေ” ဟု ရှင်းပြသည်။ ပရိသတ်ကြီးကဝေါကနဲ ဝေါကနဲလက်ခုပ်သံဖြင့် အားပေးနေကြသည်။

သူသည် ရေးထားသော စာတွေကို ဖတ်ပြနေခြင်းမဟုတ်၊ သူရင်ထဲမှာ ပြည်သူတွေကိုပြောချင်နေသော စကားများမှာ ပြည့် သိပ်နေဟန်တူသည်။ ဘယ်နေရာရောက်ရောက် ညီညွတ်ကြဖို့၊ စည်းကမ်းရှိဖို့ပြောနေသံမှာ မိခင်တယောက်က သားသမီး တွေကို ဆုံးမနေပုံမျိုးပင်။

(၃)
အခမ်းအနားစီစဉ်သူတို့က အမေးအဖြေကဏ္ဍမှာ ပရိသတ်ကို မေးခွင့်မပေး၊ အင်တာနက်မှဖိတ်ခေါ်ကာ ရောက်လာသော မေးခွန်းတွေကို တူရာစုပြီး  မေးခွန်း (၄) ခုရပါတယ်ဟုဆိုကာ တခုစီမေးသည်။

မြန်မာပြည်မှာ မိန်းကလေးငယ်ငယ်လေးတွေ မတရားကျင့်ခံရတဲ့သတင်းတွေများနေတယ် ဘာလုပ်မှာပါလဲဟု မေးသည်။  အမေစုက “ကျွန်မတို့ သတိထားမိတယ် အခြေခံအကြောင်းရင်းဇစ်မြစ်ကို အဖြေရှာကြရမယ်” ဟုဆိုသည်။

စစ်ပွဲတွေကအခုမှဖြစ်တာမဟုတ်ပါဘူး၊ ကျမတို့ကြိုးစားပြီး စစ်ပွဲတွေ ရပ်ဆိုင်းသွားအောင်လုပ်နေပါတယ်ဟု ပြောသည်။

မကြာသေးမီက အစိုးရမှ ပတ်စပို့ အမျိုးအစားတွေကို ခွဲလိုက်သောကြောင့် စိုးရိမ်မိကြသော အလုပ်သမားများ က သူတို့ စာ အုပ်တွေအတွက် ဘယ်လိုဖြစ်မလဲဟု မေးကြသည်။ လက်ရှိစာအုပ် သက်တမ်းကုန်သည်အထိ စိုးရိမ်စရာ ဘာမှမရှိပါ၊ သံရုံး တွေနှင့်လည်း အားလုံးဆွေးနွေးပြီးပါပြီဟုဆိုသည်။ ရန်ကုန်လေဆိပ်မှာငွေညှစ်မခံရပါဘူးဟု အာမခံသည်။

ပွဲစီစဉ်သူတွေက စီစဉ်ထားသောမေးခွန်းများကုန်သော် ပရိသတ်ကရေးပြီးမေးထားကြသောမေးခွန်းများကို ပုံးထဲမှတခုခြင်း ကောက်ယူပြီးဖြေနေသည်။

စင်ကာပူ အစိုးရကလည်း စင်ကာပူ အဂတိ လာဘ်စားမှု တိုက်ဖျက်ရေး  ( C P I B ) Corrupt Practice    Investigation  Bureau  အဖွဲ့မှ သူတို့လုပ်ငန်း စဉ်တွေအကြောင်းကို ရှင်းပြလိုက်ကြသည်ဟု ကြားရသည်။  စင်ကာပူနိုင်ငံမှာ ခြစားမှု ကင်း စင်သောနိုင်ငံများစာရင်းတွင် ထိပ်တန်းမှာရှိသည်။

မေးခွန်းမေးသူက အနှစ် ၂ဝ အတွင်း စင်င်္ကာပူကို မှီမယ်ဟုရေးထားသည်ကို  “အနှစ် ၂ဝ အတွင်း စင်ကာပူကို ကျော်ရမှာပါ” ဟု ပြင်ပြောလိုက်သည်။ အင်္ဂလိပ်လိုရေးပြီး မေးထားသော မေးခွန်းကို “ ကျမကတော့ ဗမာတွေ ကို  ဗမာလိုဘဲပြောချင်တယ်၊ ဗမာလိုဘဲရေးပါ ” ဟု တိုက်တွန်းသည်။

ပွဲစီစဉ်သူတို့က ပရိသတ်ကို စကားပြောခွက်ကိုင်၍မေးခွင့်မပေးသောကြောင့် တွေ့ဆုံပွဲမှာ သြဝါဒခံယူပွဲလို ဖြစ်သွားသည်။ အမေစု ကိုယ်တိုင်ကလည်း ပရိသတ်၏အသံကို ကြားမသွားရတော့ချေ၊ အမေရီးကားမှာ တွေ့လိုက်ရဘူးသော Presidential Town Hall တွေ့ဆုံပွဲဆိုသည်မှာသမ္မတကြီးကခုံမြင့်တခုစီမှာ မော်ဒရေတာလုပ်သူနှင့် အတူထိုင်ကာ ပရိသတ်ကမေးသည် များကို ရင်းရင်းနှီးနှီးဖြေကြရခြင်းဖြစ်ပါ၏။

ကိုးနာရီထိုးသည်နှင့် ကျမ ပြန်ပါရစေဦး၊ ပြန်ပြီးတွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဟု နုတ်ဆက်လက်ဝှေ့ရမ်း ပြနေတာ ကိုတွေ့ လိုက်ကြရသည်။ “ငါ့အမေနဲ့ တူလွန်းလို့ပါဟယ်” ဟု တယောက်ကပြောနေသည်။ “အမေစု ကျန်းမာပါစေ” ဆိုသော ကြွေးကြော်သံက ခမ်းမတခုလုံး လျှံနေသည်။

(၃)
မေးထားသော မေးခွန်းနှင့် အဖြေများမှာ အပိုအလိုမရှိ၊ ချော်သွားသည်ဟုမရှိ၊ ပြည့်ပြည့်စုံစုံဖြစ်နေပုံကိုကြားရသောအခါ ပလေတိုး၏ ဖီလိုဆိုဖာဘုရင် (Philosopher King) အကြောင်းကို သတိရလိုက်မိသည်။ ဂရိတွေးခေါ်ပညာရှင်ကြီးက တိုင်း ပြည်အုပ်ချုပ် ဘုရင်လုပ်သူ ဧကရာဇ်မင်းများသည် တွေးခေါ်ပညာရှင်ကြီးများကဲ့သို့ အကျင့်စာရိတ္တကောင်းမွန်ခါ ဆင်ခြင်တုံ တရား အသိဉာဏ်ပညာနှင့်ပြည့်စုံကြရမည်ဟုဆိုခဲ့၏။

ပြင်သစ်စာရေးဆရာ မွန်တိမ်းကမူ ယနေ့ခေတ်တွင် ဖီလိုဆိုဖါဟူ၍ မရှိပါ၊ ဖီလိုဆိုဖီ ပရောဖက်ဆာများသာ ရှိသည်ဟု ငြီး တွားခဲ့သည်။ သို့တစေသမိုင်းဆရာများက ရောမခေတ်ဘုရင် မားကပ်၊ အောရေးလီးယပ် (Marcus Aurelius) ကို ထိုကဲ့ သို့သောဘုရင်ဖြစ်သည်ဟု သတ်မှတ်ခဲ့ကြပါသည်။

ကျွန်တော်သည်ပရိသတ်က ဆူညံအော်ဟစ်၍နှုတ်ဆက်နေကြချိန်တွင် ဖီလိုဆိုဖါဘုရင်  “Philosopher King” အကြောင်းကို တွေးတော နေမိပါသည်။

ကိုသန်းလွင်