ရဲရင့်ဘုန်း ● အမေရိကမှာပညာသင် (၃)

 ရဲရင့်ဘုန်း ● အမေရိကမှာ ပညာသင် (၃)
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆

● ကြွေးထူမပူ တီဗီကြည့်မယ့်လူ
ကျနော် အမေရိကားရောက်တော့ အဒေါ့်အိမ်မှာ ခဏနေရတယ်။ အိမ်က သတင်းစာက တီဗီအစီအစဉ်ကြည့်ပြီး တီဗီအ ရမ်းကြည့်ချင်ပါတယ်။ ကေဘယ်တီဗီ Cable TV ဆိုတာ အခုမှတွေ့ဖူးတာပါ။ အဲဒီတုန်းက မြန်မာပြည်မှာက ချယ်နယ်တခု၊ စင်ကာပူမှာ ၄ ခုလောက်ပဲ ရှိပါတယ်။ ဒီမှာမှ ချယ်နယ် ၃၀၀ လောက်ရှိပါတယ်။ ရုပ်ရှင်တွေချည်းပဲ ကြော်ညာမပါပဲလာတဲ့ HBO Channel ကို အခုမှတွေ့ဖူးတယ်။ တလကို ၇ ဒေါ်လာလောက်ပေးရတော့ သိပ်များတယ်လို့ မဆိုနိုင်ပါ။ Basic package ဆိုပြီး အောက်ဆုံးအဆင့်က ကြော်ငြာပါတဲ့ သတင်း၊ ဗဟုသုတ၊ ရုပ်ရှင် လိုင်း ၁၀၀ လောက်ကို တလဒေါ်လာ ၃၀ ပေးရပါတယ်။ ပြီးမှ ကိုယ်ရွေးတဲ့ package ပေါ်မှာမူတည်ပြီး ထပ်ပေးရပါတယ်။ တလတခါ စိတ်ပြောင်းရင် package လဲ နိုင်ပါတယ်။

ဦးလေးတွေကလူကြီးတွေဆိုတော့ ဒီချယ်နယ်တွေယူမထားပါဘူး။ ကျနော်လည်းတနေ့တနေ့ သတင်းစာဖတ်ပြီး အရမ်းနေ ရခက်နေပါတယ်။ စင်ကာပူမှာနေတုန်းက အပတ်တိုင်း ရုပ်ရှင်ကြည့် ဖြစ်ပါတယ်။ ရုပ်ရှင်တွေ ရုံကဆင်းသွားရင် တခါကြည့် တခါပေး Pay Per View (PPV) မှာအရင်ပြပါတယ်။ တခါကြည့် $3. အိမ်မှာ အကုန်ထိုင်ကြည့်လို့ရလို့ တန်တယ်ပြောရမယ်။ အမေရိကမှာ ရုပ်ရှင်ဈေးကြီးပါတယ်။ လက်မှတ်တစောင် $7-10 ပေးရပါတယ်။ ပေါက်ပေါက်စား အအေးသောက်ဆို မိသားစု ၄ ယောက်ကို ဒေါ်လာ ၅၀ လောက်ကျပါတယ်။ နံမည်ကျော် မိုက်တိုက်ဆင် ဟိုလီဖီးလ်ထ်လို လက်ဝှေ့ပွဲမျိုးဆို PPV ကကြည့်ရင် ဒေါ်လာ ၅၀ ပေးရပါတယ်။ ကျနော်တို့ ငယ်ငယ်က မိုက်တိုင်ဆင် လက်ဝှေ့တပွဲထိုးရင် ဒေါ်လာသန်းပေါင်း ၁၂၀ ရတယ်ဆိုတော့ မယုံနိုင်ဘူး။ ဘယ်လိုဖြစ်နိုင်မလဲပေါ့။ တကယ်က တခါထဲလွှင့် တိုက်ရိုက်ကြည့်တဲ့ PPV စံနစ်ကြောင့် ပါ။ အမေရိကမှာ အိမ်ထောင်စု သန်း ၁၀၀ ရှိတယ်ဆိုပါတော့။ သန်း၂၀ ကြည့်၊ တခါမှာ ဒေါ်လာ ၅၀ ဆိုရင် ဒီမှာတင် သန်း ၁၀၀၀ ဖြစ်နေပြီ။ ထိုးခ သန်း ၁၀၀ နည်းတာပေါ့။ နိုင်ငံခြားကိုရောင်းတာ လွှင့်တာမပါသေးဘူး။ တီဗီအကြောင်းပြန်ပြောရရင် ပျှမ်းမျှ တလကို ဒေါ်လာ ၇၀ ကနေ ၁၀၀ ကျော် ကျလေ့ရှိပါတယ်။



ကျနော်တို့လည်း အိမ်ပြောင်းပြီး အခန်းငှားမယ်ဆိုတော့ တီဗီဝယ်ဖို့ ညီဝမ်းကွဲ ကျော်စွာနဲ့ သွားကြည့် ကြပါတယ်။ သူက ကျနော့်ကို Circuit City ဆိုတဲ့ Electronic Store ကြီးကိုခေါ်သွားပါတယ်။ တီဗီ၊ကက်ဆက်၊စီဒီ၊ စပီကာ၊ ဗီဒီယို၊ ကင်မရာ၊ ဒီဗီဒီ စသည်ဖြင့် အကုန်ရောင်းပါတယ်။ မီတွေလည်း ထိန်လင်းလို့ ပြထားတဲ့ တီဗီတွေက တန်းစီပြီး အလုံး ၃-၄၀ လောက်ရှိ မယ်။ ၁၉၉၁ ဆိုတော့ ရိုးရိုး Tube TV တွေပဲ ရှိပါသေးတယ်။ အကြီးဆုံးမှ လက်မ ၂၈-၃၀ ပါပဲ။ ကိုယ်တတ်နိုင်သ လောက်လိုက်ရှာတော့ Sharp 24" ကို ဒေါ်လာ ၂၂၀ လောက်နဲ့ ရမယ်။ တကယ်က ကျနော့်မှာ ဒေါ်လာ၂၂၀ မရှိပါ။ ငယ်တုန်းက ဇွတ်တရွတ်လုပ်တတ်ပေမယ့် အခုတော့ကျနော့်အဖေရဲ့ ချွေးနဲစာကိုမသုံးရက်ပါ။ စတိုးထဲမှာ သူတို့ဆီက အကြွေးယူပြီး အရစ်ကျပြန်ဆပ်ဖို့ ကြော်ငြာတွေ တွေ့ပါတယ်။ အဲဒီ့တုန်းကရောက်ကာစမို့မသိသေးပေမယ့် အမေရိကန်နိုင်ငံဟာ အကြွေးနဲ့လည်ပတ် နေတဲ့ နိုင်ငံကြီးပါ။ ပေးသူနဲ့ယူသူ အဆင်ပြေနေတယ်ဆိုပါတော့။


ဒါပေမဲ့ ကျနော့်ကိုသူတို့ ဒေါ်လာ ၂၂၀ ပေးဖို့ မရှိပါဘူး။ အဓိကက ကျနော့်မှာ အကြွေးရာဇဝင် (Credit History) မရှိလို့ပါ။ ပြောပြချင်တာတခုက အမေရိကမှာ အမျိုးသားမှတ်ပုံတင် ID မရှိပါဘူး။ အများစုက ကားလိုင်စင်ကို အိုင်ဒီအနေနဲ့သုံးကြပြီး ကားမမောင်းရင်ကိုယ်နေတဲ့ပြည်နယ်က အိုင်ဒီကို သုံးကြပါတယ်။ ဒါပေမဲ့ အကြွေးရာဇဝင်အတွက် လူတိုင်းမှာရှိတဲ့ တူညီမှုလိုတာကြောင့် နောက်ဆုံး လူတိုင်းမှာရှိတယ် ပင်စင်စားကပ်ပြားနံပါတ် Social Security Number (SSN) ကိုသုံးပါ တယ်။

ကလေးတယောက်မွေးတဲ့နေ့မှာပဲ ဒီနံပါတ်ကို ထုတ်ပေးပါတယ်။ နံပါတ် ၈ လုံး ၁၂၃-၄၅-၁၂၃၄ ပုံစံနဲ့ ပါ။ ဒီနံပါတ်က အမေရိကန်တွေအတွက် အရေးအကြီးဆုံးနံပါတ်ထဲမှာ ထိပ်ဆုံးက ပါမှန်း နောက်တော့ မှ သိလာပါတယ်။ သေချာတာတခုက ကျနော့်ကို တီဗီဝယ်ဖို့ငွေချေးမှာမဟုတ်လို့ ညီဝမ်းကွဲ ကျနော့် အခန်းဖော်က သူတာဝန်ခံပေးမယ်ပြောပါတယ်။ ဒီမှာတော့ Co-signer လို့ပြောပြီး အင်္ဂလိပ်တွေ ကတော့ Guarantor လို့ခေါ်ပါတယ်။ ကျနော်မပေးနိုင်ရင် သူက အကုန်ပေးရပါမယ်။ ငွေချေးရင် အဓိကကတော့ အကြွေးရာဇဝင်နဲ့ လစဉ်ဝင်ငွေပါပဲ။ (နောက်တခါမှ credit score ကိုယ့်ရဲ့ အမှတ်နဲ့ Visa, Master, American Express စတဲ့ ကာ့ဒ်တွေအကြောင်းရေးပါဦးမယ်)



ဒါနဲ့ပဲ ကျနော်တို့နှစ်ယောက် ရုံးခန်းမှာ စာရွက်စာတမ်းတွေဖြည့်ပြီး ၅ မိနစ်လောက်ပဲ စောင့်လိုက် တော့ ကျနော့်ကို ဒေါ်လာ ၅၀၀ သူတို့ဆိုင်မှာဝယ်လို့ရတဲ့ အကြွေးကဒ်ထုတ်ပေးပါတယ်။ အရမ်းပျော်သွားတယ်။ တစ်လကို ၂၅ဒေါ်လာ ဆပ်သွားရင် ၂ နှစ်ကြာပါမယ်။ အတိုးနှုန်းကတော့ တစ်လနှစ်ကျပ်တိုး တနှစ် ၂၄% ပါ။ နှစ်ယောက်သား တီဗီအသစ်ကြီးကို ကားပေါ်ကိုမတင်ပြီး ပြန်ခဲ့ကြပါတယ်။ ကျနော်လည်း ပညာသင်ဖို့ရောက်ပြီး ၆ လအတွင်း အမေရိကန်အကြွေးပင်လယ်ထဲ မျောဖို့  လှေလေးတစင်းတော့ဝယ်လိုက်ပါပြီ။ ဒါပေမဲ့ တဖက်ကကြည့်တော့ တစ်လအစိတ် ကျနော် တတ်နိုင်တယ်၊ မိဘကိုတောင်းစရာ မလိုဘူး၊ နှစ်နှစ်စုဆောင်းစရာမလိုဘူး၊ အတိုး ဒေါ်လာ ၅၀ လောက် ပေးရမယ်ပေါ့ဗျာ။

တီဗီအသစ်ကြီး ဧည့်ခန်းမှာထား ထိုင်ကြည့်နေမိတယ်။ ပြောင်လက်ပြီး လှပနေတယ်။ ဖုန်းဆက်ပြီး တီဗီပရိုဂရမ်လျှောက်။ Basic နဲ့ HBO ယူရင် တစ်လ ဒေါ်လာ ၄၀ လောက်ကျပါတယ်။ ဒါကိုတော့ တယောက်တဝက်ပေါ့။ ရုပ်ရှင်တွေချည်း ကြော်ငြာမပါတဲ့ HBO ချယ်နယ်က တစ်လ ၉ ဒေါ်လာ လောက်ပေးရပြီး အဝတ်အစားသိပ်မဝတ်တဲ့ Playboy Channel က ဒေါ်လာ ၂၀ လောက် ပေးရပါ တယ်။ ဒါမျိုးချယ်နယ်ကလည်း ၄-၅ ခု ရှိပါတယ်။



မကြာလိုက်ပါဘူး။ သူငယ်ချင်းတယောက်ကပြောလာတာ မြို့ထဲ တရုတ်တန်းဖက်မှာ တီဗီဘောက်စ် ထဲထည့်တဲ့ Chip လေးတွေရောင်းတယ်တဲ့။ အဲဒီ့ Chip လေးထည့်လိုက်ရင် ရှိသမျှ ချယ်နယ် ၃၀၀ ကျော်အကုန်ပွင့်တယ်တဲ့။ ဆင်းရဲသားချယ်နယ်တွေပါ ပါတယ်ဆိုပဲ။ အင်း ဒါတော့ စိတ်ဝင်စားတယ်။ ဒေါ်လာ ၁၂၀ ကလည်းမနည်းပါ။ ဒါနဲ့ အခန်းဖော်ပါအပါ ၃ ယောက် တယောက် ဒေါ်လာ ၄၀ ထည့်ဖို့ အချင်းချင်းဆွယ်ကြပါတယ်။ နောက်တော့ သဘောတူညီချက်ရတာနဲ့  ဖုန်းဆက်ခေါ်လိုက်တော့ လူတယောက်ရောက်လာပါတယ်။ TV ပေါ်က ဘောက်စ်လေးကိုဖွင့်၊ chip လေးတခုထည့် ဝိုင်ယာ ကြိုးလေးနှစ်ကြောင်းဆက်၊ စုစုပေါင်း တစ်မိနစ်လောက်ပဲကြာပါတယ်။ ကြည့်ရတာ signal တွေကို jam လုပ်တယ်ထင်ပါတယ်။ TV ပြန်ဖွင့်လိုက်တော့ ရုပ်ရှင်ရုံထဲရောက်သွားသလိုပါပဲ။ ရှိသမျှ ချယ်နယ် ၃၀၀ ကျော်အကုန်ပွင့် ဆင်းရဲသားကားများပါမကျန်။ ထပြီး က ချင်စိတ်တောင်ပေါက်မိတယ်။

ပွင့်တာမှ PPV Pay per view ဆိုတာ အဲဒီ့ခေတ်က မိုက်တိုက်ဆင်လက်ဝှေ့ပွဲဒါရိုက်လွှင့်တာကို ဒေါ်လာ ၅၀ ပေးပြီးကြည့်ရပါတယ်။ ဒါနဲ့ပဲ နောက်တလလောက် ရွှေမြန်မာလေး ညတိုင်းရုပ်ရှင်ကြည့်၊ အိပ်ရေးပျက်နဲ့ မနက်ကျောင်းကို အချိန်မှီရောက်အောင်မနည်း ပြေးခဲ့ရပါတော့တယ်။

ရဲရင့်ဘုန်း