ငြိမ်းချမ်းအောင် ● သမီးရေ ....

ငြိမ်းချမ်းအောင် ● သမီးရေ ....
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၇

ဖေဖေတို့ မိသားစုတွေ ဒီမနက် နိုင်ငံ့ဘဏ္ဍာတွေနဲ့ လည်ပတ်နေတဲ့ တီဗွီအစီအစဉ်အကို ကြည့်မိကြတယ်နော်။

ပြည်သူပိုင် မီဒီယာတွေကို အသုံးပြုပြီး ပညာပေးအစီအစဉ်တွေ၊ သတင်းတွေကို ဖြန့်ချိပေးတာလေ။ ကြေညာတစက်မှ မပါ ဘူးနော်။ နောက်ထူးခြားတာကတော့ သတင်းဌာနတွေက တရားရေးမဏ္ဍိုင်လိုပဲ အစိုးရပိုင်းနဲ့ အာဏာရသူတွေက ဝင် ရောက် စွက်ဖက်လို့ မရတာပဲ သမီးရယ်။

မီဒီယာလို့ ခေါ်တဲ့ စတုတ္တမဏ္ဍိုင်ဆိုတာ မတို့မထိရသော မွန်မြတ်သော အမှန်တရားကို ဖေါ်ထုတ်သော ပြည်သူ့ဟစ်တိုင်လို့ သတ်မှတ်ထားကြတာပဲ သမီးရယ်။

မီဒီယာတွေ ပြည်သူကို အထိရောက်ဆုံး၊ အမြန်ဆုံး သတင်းပေးနိုင်တဲ့ ဆက်သွယ်ရေးဌာနတွေကို ပြည်သူ့ဘဏ္ဍာတွေနဲ့ လည်ပါတ်နေတော့ ပြည်သူတွေ သိချင်တာနဲ့ သိသင့်တာကိုပဲ ထုတ်လွှင့်ပြသပေးဖို့ မီဒီယာသမားတွေကလည်း ကိုယ်ကျင့် သိက္ခာတွေ အပြည့်နဲ့ သမီးရဲ့။

ဖားတာ ယားတာ လုပ်ချင်ရင် ပုဂ္ဂလိက မီဒီယာတွေမှာ သွားလုပ်၊ အမှန်တရားနဲ့ ကျင့်ဝတ်တွေကို ထိန်းသိမ်းချင်ရင် ပြည်သူ ပိုင်မီဒီယာမှာလုပ် ဒီလိုမျိုး သတင်းသမားတွေ အသိုင်းအဝန်းကြားမှာလည်း ဂုဏ်သတင်းနဲ့ သိက္ခာရှိအောင် မီဒီယာလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေကလည်း ထိန်းသိမ်းကြတယ် သမီးရဲ့။

သမီးရေ သတင်းတပုဒ်ကို အနည်းဆုံး ပုံစံ ၃ မျိုး တင်ဆက်တာကို တွေ့တယ်နော်။

၁။ ပုံမှန် သတင်းကြေညာတာ

၂။ ဆွံ့အ နားမကြားသော နိုင်ငံသားတွေအတွက် လက်ဟန်ခြေဟန်နဲ့ပြတဲ့ ဘာသာစကားနဲ့ တင်ဆက်တာ။

၃။ ရှင်းရှင်းလင်းလင်း၊ အေးအေးဆေးဆေး၊ ပြတ်ပြတ်သားသားနဲ့ ကြေညာတဲ့ ရှင်းလင်းပြတ်သား နားလည်အောင် ဖေါ်ပြ သတဲ့သတင်း။

တိုင်းရင်းသားဘာသာစကားတွေ၊ အခြားဘာသာစကားတွေနဲ့ တန်းတူ ညီမျှ လွှင့်တာတွေ ခဏမေ့ထားကြရအောင်နော်။

စသည်ဖြင့် ပုံစံ ၃ မျိုးလေ။

ပုံစံ ၃ မျိုးထဲက လူအများသိတဲ့ ၂ မျိုးကို ဘေးဖယ်ထားပြီး နောက်ဆုံးဖြစ်တဲ့ နံပါတ် ၃။ ရှင်းလင်းပြတ်သားသော သတင်းကြေညာခြင်းရဲ့ ရည်ရွယ်ချက်ကိုဖေါ်ပြရမယ်ဆိုရင်တော့ တိုင်းပြည်တခုထဲမှာအများသုံး ဘာသာစကားကို ပြောဆိုနေတဲ့ သူတွေ အားလုံး နားလည်အောင်လို့ပါ သမီးရယ်။ ပုံမှန်နိုင်ငံသားတယောက်အတွက်တော့ မထူးဆန်းပေမဲ့၊ ဘာသာစကား သိပ်မကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေအတွက်လည်း ဘာသာစကား သင်ကြားပေးသလို ဖြစ်တယ်၊ အဘိုးအဘွားတွေအတွက်လည်း သိပ်ကောင်းတယ်။ နောက်တချက်က တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတဲ့ ဖင်လန်နိုင်ငံမှာ ဖြေးဖြးအေး အေး ရှင်းရှင်းလင်းလင်းပြောတော့ ပိုပြီးနားလည်တာပေါ့ကွယ်။

ဒါပေမဲ့ သေသေချာချာလိုချင်တဲ့ ရည်ရွယ်ချက်ကတော့ ဖင်လန်ဘာသာစကားကို မူရင်းနဲ့ ခေတ်ပေါ် ဘယ်လောက်ပဲ ဘန်း စကားတွေပေါ်ပေါ် မူလဘာသာစကားတွေ ပျောက်ဆုံးမှာ စိုးလို့၊ ဖင်လန်ဘာသာစကားကို အတိုချုပ်ရေးတဲ့ ဘာသာစကား တတ်ကျွမ်းမှု့တွေ ပျောက်ဆုံးသွားမှာစိုးလို့ ထုတ်လွှင့်ရတာပဲ သမီးရယ်။

သမီးရယ် ပြည်သူ့ဘဏ္ဍာတွေကိုသုံးပြီး မီဒီယာကို လွှင့်တယ်ဆိုတာ ပြည်သူတွေအကျိုးမပါဘဲ အစိုးရ အကြိုက် သတင်းတွေ၊ အစိုးရရဲ့ မူဝါဒတွေကို ထုတ်လွှင့်ရင် အစိုးရမီဒီယာပဲ ဖြစ်မှာပေါ့။ အဲဒီအစိုးရမီဒီယာတွေမှာ အလုပ်လုပ်ရင် အစိုးရရဲ့ သတင်း သမားတွေပဲ ဖြစ်မှာပေါ့။

လွတ်လပ်ပွင့်လင်းသော အမှန်တရားကို ဖေါ်ထုတ်ရမဲ့ မီဒီယာသမားတွေဟာ ကိုယ့်အလုပ်ပေါ်မှာ ကိုယ်သိက္ခာရှိရတယ်၊ ကိုယ့်ယုံကြည်ချက်အပေါ်မှာ အသက်နဲ့ လဲပြီး ကာကွယ်ကြရတယ်။

သမီးရေ ပညာတွေကို ကြိုးစားသင်ပါကွယ်။ အကောင်းဆုံး မီဒီယာသမားဆိုတာ ပြည်သူကို အရှင်းလင်းဆုံးဖြစ်အောင် အမှန်တရားပြည့်ဝတဲ့ သတင်းတွေ ဖြန့်ဖြူးပေးတဲ့သူတွေပါပဲ။

သမီးအချိန်ရရင်တော့ သမီးဘဘ ဖေဖေကိုပြောခဲ့တဲ့ သတင်းအစစ်တွေဟာ ပြည်သူတွေကြားမှာရှိပြီး၊ အစိုးရလက်ထဲမှာ မုသားတွေနဲ့ ကလိန်ကကျစ်တွေ အပြည့်အဝရှိတဲ့အကြောင်းကို ထပ်ပြောပြမယ် သမီးရယ်။

နှစ်သစ်မှာ ကမ္ဘာပေါ်ကလူတွေ ပျော်ရွင်နေတာကို ရိုးရိုးသတင်းတင် မဟုတ်ဘူး၊ သတင်း ပုံစံ ၃ မျိုးနဲ့ အပျော် ၃ မျိုးကို သမီး ခံစား နိုင်ပါစေကွယ်။