ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းသက်ငြိမ် ● ပန်းဖလက်ကဗျာလေးတွေနဲ့ ကျွန်တော်

လင်းသက်ငြိမ် ● ပန်းဖလက်ကဗျာလေးတွေနဲ့ ကျွန်တော်
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇

မတ် ၂၁ ကမ္ဘာ့ကဗျာနေ့။

ကမ္ဘာအနှံ့အပြားက ကဗျာဆရာတွေရဲ့ရင်ခုန်သံစည်းချက်တွေ တသားတည်း ထပ်တူကျတဲ့နေ့ပေါ့။ ကဗျာဆရာတွေရဲ့ တခုတည်းသော ပွဲတော်နေ့ဆိုလည်း မမှားပါဘူး။ အဲဒီနေ့ထူးကလေးမှာ တကမ္ဘာလုံး ကဗျာရွတ်ပွဲတွေ ကျင်းပကြ၊ ကဗျာစာအုပ်လေးတွေ ထုတ်ဝေကြ၊ ကဗျာပန်းဖလက်ကလေးတွေ ဝေငှကြနဲ့ ကမ္ဘာကြီးထဲ ကဗျာတွေ ကဗျာဆန်ဆန် ပွင့် လန်းဝေဆာတဲ့ နေ့တနေ့ပါပဲ။

အဲဒီ ကမ္ဘာ့ကဗျာနေ့ရောက်တိုင်း ကျွန်တော်လည်း တိမ်းညွတ်ယစ်မူးစွာ ပန်းဖလက်ကလေးတွေကို ရေးဖြစ်ဖြန့်ဝေဖြစ်ခဲ့ပါ တယ်။ ငွေကြေးအနေအထားအရ စာအုပ်အဖြစ် မတတ်နိုင်ခဲ့တဲ့အတွက် ကဗျာခြောက်ပုဒ် ခုနှစ်ပုဒ်လောက်ပါတဲ့ လီဂယ်လ် စာရွက်လေးခေါက်ချိုး ပန်းဖလက်ကလေးတွေကိုပဲ အာသာပြေထုတ်ဝေဖြစ်ခဲ့တာပါ။ ကောလင်းကို ကျွန်တော်ပြန်ရောက်လာ ခါစမှာ လူအင်အားကမရှိ ငွေအင်အားကလည်းမရှိနဲ့ တယောက်တည်းကြဲခဲ့ရတယ်။ ကျွန်တော့် ကဗျာပန်းဖလက်လေး တွေရဲ့ခြေလှမ်းအစ မှတ်မှတ်ရရ ၂၀၀၈ မတ်၂၁ ပေါ့။

အမေနေ့၊ချစ်သူများနေ့ အစရှိတဲ့အထိမ်းအမှတ်နေ့တွေရှိသလို ကဗျာနေ့လည်းရှိတယ်ဆိုတာ သိပ်မသိကြသေးတဲ့ ကျွန် တော့်မြို့အတွက် ရည်ရွယ်ပြီး လုပ်ဖြစ်ခဲ့တာပါပဲ။ နည်းနည်းကြီးကြီးကျယ်ကျယ်ပြောရရင် ကဗျာအကျိုးကို နိုင်သလောက်ကလေးသယ်ပိုးခဲ့ခြင်းပေါ့။ "အနုပညာသမားဆိုတာ ပရမ်းပတာသမားမဟုတ်ဘူး။ ပရမ်းပတာသမားဆီကလည်း အနုပညာ ထွက်မလာဘူး" ဆိုတဲ့ ဆရာသစ္စာနီရဲ့စကားကို ပန်းဖလက်ရဲ့ရှေ့မျက်နှာစာမှာထားပြီး "ချဉ်ခြင်းများနဲ့ လင်းသက်ငြိမ်" လို့ ပန်းဖလက်ကိုအမည်ပေးပြီး ရွက်ရေ ၆၀ လောက်ရိုက်ပြီး ဖြန့်ဝေခဲ့တယ်။ အစပိုင်းဆိုတော့ အထူးအဆန်း အရူးအနှမ်းပေါ့ ။ လှောင်ကြပြောင်ကြတဲ့လူတွေလည်း မနည်းပါဘူး။ ပြီးတော့ သူတို့နားလည်တဲ့ တံဆိပ်ကပ်လိုက်ကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မြို့ကို ကမ္ဘာ့ကဗျာနေ့နဲ့ မိတ်ဆက်ပေးခဲ့ရတဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ အဝေးကနေလှမ်းပြီး စိတ်အာ ဟာရပေးတဲ့ လားရှိုးလရောင်လမ်းချိုးကလည်း ကျွန်တော့်ကို ခွန်အားဖြစ်စေခဲ့ပါတယ်။

၂၀၀၉ `ဒုတိယအကြိမ်ဆိုက်ရောက်ခြင်း´ ကဗျာပန်းဖလက် ဆက်လုပ်ဖြစ်။ ဆရာနေမျိုးရဲ့ "ကဗျာဆရာဆိုတာ ဝမ်းနည်းဖို့ ပဲဖြစ်ဖြစ် ပျော်ရွှင်ဖို့ပဲဖြစ်ဖြစ် ၂၄ နာရီ အသင့်ဖြစ်နေသူတွေ" ဆိုတဲ့စကားကို ရှေ့မျက်နှာတင်ပြီး ရိုက်နှိပ်ခဲ့တယ်။ အဲ့ဒီပန်းဖ လက်မှာ စကားဦးဆိုပြီး ရေးဖြစ်ခဲ့ပါသေးတယ်။ ပထမအကြိမ်တုန်းက ကျွန်တော့်ပန်းဖလက်ကလေးတရွက်ကို ကလေး တယောက်က ကတ်ကြေးနဲ့ညှပ်ပြီး ဆော့ကစားနေတာကိုမြင်ခဲ့ရလို့ ဆို့ဆို့နင့်နင့်ရေးဖြစ်ခဲ့တာပါ။`ကဗျာလက်ကမ်းပန်း ဖလက်ထုတ်ရတယ်ဆိုတာ ကိုယ့်​ကိုယ်​ကို ဓားနဲ့ထိုးဖို့ကြိုးစားရသလိုပါပဲ´လို့။

တတိယအကြိမ်၂၀၁၀ ကမ္ဘာ့ကဗျာနေ့ကတော့ ကျွန်တော်အပျော်ရဆုံးလို့ပြောလို့ရပါတယ်။ စိတ်ညစ်စရာတွေနဲ့လည်း တိုး ခဲ့ရတာပေါ့။ ပျော်ရတာကတော့ ကမ္ဘာ့ကဗျာနေ့ကို ပန်းဖလက်ကလေးတွေနဲ့အပြင် ကဗျာရွတ်ပွဲပါ လုပ်ခဲ့ရလို့ပါပဲ။ ကမ္ဘာ့ ကဗျာနေ့ ကဗျာရွတ်ပွဲ ပထမအကြိမ် ကောလင်းပေါ့။

ကဗျာ မြူမင်းလွင် (ကောလင်း)၊ ကိုဖုန်း (U.M) ဂျာနယ်တို့က ကျွန်တော်နဲ့အတူ အားဖြည့်ပေးခဲ့ကြပါတယ်။ ကဗျာဝါ သနာရှင် လူကြီး၊ လူငယ်တွေကိုလည်း ဖိတ်စာနဲ့ လေးလေးစားစားဖိတ်ခဲ့ပါတယ်။ ဖိတ်စာသွားဖိတ်တော့ ကောလင်းစာပေနဲ့ စာနယ်ဇင်းဥက္ကဌရဲ့ အဆူအဆဲကို မျက်ရည်ဝဲအောင်ခံခဲ့ရပါတယ်။ ကဗျာရွတ်ပွဲကို လူငါးဆယ်ဖိတ်ပေမယ့် ဆယ်ယောက် လောက်ပဲရောက်လာပါတယ်။ ပွဲနေရာကတော့ မြို့နယ်ပြန်/ဆက်ရုံးမှာပေါ့။

ကဗျာရွတ်ပွဲစမယ့်အချိန်မှာ ယူနီဖောင်းဝတ်တွေ ဟိုဘက်ဒီဖက် လျှောက်နေကြတာကိုလည်း တွေ့ရပါတယ်။ ကိုဖုန်းရဲ့ ကျေးဇူးနဲ့ အထက်မြန်မာဂျာနယ်မှာ ကောလင်းရဲ့ပထမအကြိမ် ကဗျာရွတ်ပွဲသတင်းတိုလေး ပါလာပါတယ်။ ၁၀၀ မှာ ၁၀ ရာခိုင်နူန်းပဲ ပျော်ရလည်း ကျွန်တော်ကျေနပ်ခဲ့ပါတယ်။

စတုတ္ထအကြိမ်၂၀၁၁ ကမ္ဘာ့ကဗျာနေ့။ အစီအစဉ်တွေဆွဲထားပေမယ့် တယောက်မှရောက်မလာကြလို့ ပွဲပျက်။ ကျွန်တော် တယောက်တည်း အိမ်ပြန်လာခဲ့ပါတယ်။ ၀မ်းနည်းခဲ့ရပါတယ်။ ခါချဉ်ကောင်မာန်ကြီးမိတဲ့ ကျွန်တော့်အပြစ်တွေချည်းပါပဲ။ မနိုင်ဝန်ထမ်းချင်မိတာကိုး။ ကျွန်တော်တတ်နိုင်တဲ့ ပန်းဖလက်ကဗျာလေးတွေတော့ ထုတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး မောင်ချောနွယ်ရဲ့`ကမ္ဘာကျော် မြို့ပိုင် နယ်ပိုင်ဆိုတာ မရှိဘူး၊ ကမ္ဘာကျော် ကဗျာဆရာ တွေပဲရှိ တယ်´ဆိုတဲ့ ကျော်ကြားတဲ့စာသားကို ပန်းဖလက်ခေါင်းစည်းတင်ပြီး ပါဝင်ရေးသားကြသူတွေက မြူမင်းလွင် (ကောလင်း)၊ ကိုဖုန်း(UM) ဂျာနယ်၊ ခေါင်ထစ်ချုန်း၊ မန္တလေးက ကိုနေညိုအောင်နဲ့ ကျွန်တော်။ အဲဒီပန်းဖလက်ကလေးက မဆိုးဘူးပြော ရမယ်။ လိုက်ဝေစရာမလိုဘူး။ စိတ်ဝင်တစား လာလာတောင်းကြတယ်။ ခတ်ပါများတဲ့ကျောက်တုံး မီးပွင့်လာသလိုပါပဲ။ ကျွန်တော်တို့မျှော်လင့်တာကလည်း ဒါပဲမဟုတ်လား။

တနေ့ .... ကဗျာကို ချစ်တယ်။ ကဗျာနဲ့ပတ်သက်ရင် နည်းနည်းမှ အထိပါးမခံနိုင်ဘူးဆိုသူ ကဗျာဆရာရဲ့အမှိုက်ပုံးထဲမှာ  ကျွန်တော်တို့ရဲ့စတုတ္ထအကြိမ် ပန်းဖလက်လေးကို မြင်လိုက်ရတယ်။ နာကျင်ကြေကွဲစွာ ကျွန်တော်ပြန်ကောက်ယူခဲ့မိပါ တယ်။ ကျွန်တော်တို့တွေ အနုပညာကိုချစ်တယ်၊ ကဗျာကို ချစ်တယ်၊ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုချပြတဲ့ အ ခါမှာတော့ ကျွန်တော်တို့ပြန်ရခဲ့တဲ့အကျိုးအမြတ်က သကြားလုံးလေးတလုံး ခိုးစားမိလို့ အရိုက်ခံရတဲ့ကလေးလိုပါပဲလား။အရိုက်ခံရတဲ့ဒဏ်ရာတွေထက် သကြားလုံးရဲ့အရသာကို တပ်မက်နေမိတော့လည်း နောက်နှစ်တွေမှာ ပန်းဖလက်ကဗျာ လေးတွေကို ရေးဖြစ်၊ ထုတ်ဖြစ်၊ ဖြန့်နေဖြစ်ဦးမှာပါပဲ။      ။