ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံပေးကြစို့ – ၂


ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံပေးကြစို့ – ၂
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၇


၁၀။ အဆိုပါ Power Game plans အနက် တရုတ်သာ အဓိကအဖြစ်နိုင်ဆုံးလို့စာရေးသူသုံးသပ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အမြစ်တွယ်နေတာဟာ တဖက်နိုင်ငံက ထောက်ခံအားပေးမှုအပေါ်များစွာ တည်မှီနေပါတယ်။ မဆလခေတ်က ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ နိုင်ငံတော်အကြီးအကဲ ချစ်ကြည်ရေးခရီးစဉ်နဲ့ လိုက်ပါသွားခဲ့စဉ် ကြိုးစားခဲ့ရာ တရုတ်က ဗကပကို ထောက်ခံမှု ရုပ်သိမ်းပေးမယ်ဆိုတာ တိန်ရှောက်ဖိန်ထံမှ သတင်းရရှိခဲ့ပြီးနောက် ဗကပ ပြိုကွဲမှု စတင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းရေး မစွက်ဖက်ပါဘူးလို့ ဘယ်လိုဘဲ သံတမန်စကားနဲ့ ချွေးသိတ်နေပါစေ၊ လက်ရှိအခြေအနေအရ သွယ်ဝိုက်အားပေးနေမှန်းသိရတော့ အထောက်အထားများ စုဆောင်း တင်ပြရပါမယ်။ လောက်ကိုင်ဒေသတိုက်ပွဲနဲ့ မတူဘဲ မုန်းကိုးတိုက်ပွဲကျတော့ တရုတ်ဘက်မှာ ထောက်ခံသူတွေနဲ့ သဘောမကျသူတွေ ဆိုပြီး လေသံကွဲလာတာ တွေ့ရပါတယ်။

၁၁။ ယခင် ဖုန်ကြားရှင်ဘက်က ရပ်တည်ခဲ့တဲ့ အစိုးရအာဘော် ဂလိုဘယ်တိုင်းသတင်းစာမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကို သူပုန်လို့ သုံးနှုံးလာသလို တရုတ်နယ်ထဲမှာ ရှိတဲ့ တရုတ်နွယ်ဖွါး ကချင်၊ ကိုးကန့်၊ ဝ လူမျိုးတွေကို ဝင်မပါဖို့ သတိပေးလာပါတယ်။ နယ်စပ်ကျော်ပြီး တပ်မတော်ရဲ့ကျည် မကျတဲ့ အတွက်လည်း အပေါ်စီးရသွားပါတယ်၊ ယူနန်နယ်ရဲ့ အကျိုးစီးပွါးအရ နယ်စပ်နဲ့ပတ်သက်နေလို့မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အနည်းနဲ့ အများ ပံ့ပိုးကူညီနိုင်ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကိုယ်တိုင် ဒေါနဲ့မောနဲ့ ဆင်းလာကာ အဲဒီအဖွဲ့တွေနဲ့ပတ်သက်နိုင်တဲ့ ယူနန်အရာရှိတချို့ကို ဖြုတ်ထုတ်ချ ၂ကြိမ် လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ယူနန်နယ် တရုတ်နွယ်ဖွား ကချင်သူဌေးကြီးတစ်ဦးဟာ လေယာဉ်များပိုင်ဆိုင်ပြီး KIAနဲ့အကျိုးစီးပွါး ပတ်သက်နိုင်တယ်လို့ နယ်စပ်သတင်းက ဆိုပါတယ်။ နယ်စပ်တလျှောက် သစ်၊ ကျောက်စိမ်း၊လို အဖိုးတန်ပစ္စည်းများအပြင် မူးယစ်ဆေး၊ လက်နက်မှောင်ခိုများ ရှုပ်ထွေးတာမို့  စီးပွါးရေးအရ မကင်းရာမကင်းကြောင်း အဂတိလိုက်စားမှုများ ရှိနိုင်ပါတယ်။ ဒါကြောင့် တရုတ်ဗဟိုအစိုးရက  ယူနန်ပြည်နယ်အား ထိရောက်စွာ ကိုင်တွယ်ပေးဖို့ မြန်မာအစိုးရက အချက်အလက်ပြုစုပြီး တောင်းဆိုသင့် ပါတယ်။ အရေးကြီးဆုံးက ကိုယ်ကျိုးစီးပွါးကို ထိပ်တင်တဲံ့ တရုတ်ကို စီးပွါးရေးနဲ့ မြုဆွယ်ကာ မြောက်ပိုင်း အဖွဲ့အား ထောက်ခံမှု ရပ်စဲဖို့ တောင်းဆိုရပါမယ်။ သူတို့လိုလားတဲ့ မြစ်ဆုံစီမံကိန်းကို ရင်းနှီးမြုပ်နှံထားတဲ့ ငွေကို ပြန်လျှော်ပေးရင်ပေး၊ ပေးစရာငွေမရှိပါက ပတ်ဝန်းကျင်ထိခိုက်ခံရမှု အနည်းဆုံး မေခဖြစ်စေ၊ မလိခ ဖြစ်စေ၊ မြစ်ဖျားက စီမံကိန်းတချို့ကို ပတ်ဝန်းကျင်အရင်းအမြစ် မထိခိုက်တဲ့ စီမံချက်များနဲ့ထပ်မံပြုလုပ်ပြီး  လူထုအား ကျေလည်အောင် ရှင်းပြကာ ခွင့်ပြုပေးသင့်ပါတယ်။ စီမံကိန်းရပ်စဲလို့ကတော့ တရုတ်အထိနာပြီး  ပိုလို့တောင် အားပေးနိုင်ပါတယ်။ ဒါမှမဟုတ် အခြားနည်းလမ်းတခုက မြစ်ဆုံစီမံကိန်းတန်ဖိုးနဲ့လိုက်လျောညီထွေတဲံ့ အခြားဒေသတခုမှ စီမံကိန်းတခုနဲ့ အစားထိုးပေးသင့်ပါတယ်။

၁၂။ ရှမ်းပြည်နယ် မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ကွက်ဖေါ်ခဲ့ရာမှာ မမျှော်လင့်တဲ့ ရလဒ် ဘေးထွက်ဆိုးကျိုးတွေ ထွက်လာတာကို သုံးသပ် သွားပါ့မယ်။ မြောက်ပိုင်းအဖွဲ့တွေဟာ ပြည်ထောင်စုလမ်းမကြီး (မန္တလေး- မူဆယ်) လမ်းကြောင်းနဲ့ မြို့ရွာ လမ်း တံတား စခန်း မြို့ပြ အဆောက်အဦးတွေကို တပြိုင်နက် တိုက်ခိုက်ပါတယ်။ စစ်နည်းဗျူဟာ သဘောအရ တပ်မတော်စစ်ကူတပ်တွေ ချက်ခြင်း တက်လာလို့မရအောင် L OF C ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့စစ်ဆင်တဲ့အခါ အောက်ခြေတပ်တွေဟာ  လမ်းမကြီး ပေါ်ရှိ ကားတွေကို ပစ်ခတ်တဲ့အပြင် ကားများကို မီးရှို့၊ အရပ်သားများကို ပစ်သတ်၊ဆက်ကြေးကို အဓမ္မ သေနတ်ဖြင့် ခြိမ်းချောက် တောင်းခံ၊ ရွာထဲဝင် လူသစ် အတင်းဖမ်းဆီးခေါ်ဆောင်စတာတွေကို ဗရမ်းဗတာ ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့တာမို့ ပြည်သူလူထုရဲ့ အမုန်းမေတ္တာရရှိကာ ပုံရိပ်တွေ ဆက်တိုက်ကျဆင်း ခဲ့ပါတယ်။ အစိုးရရဲ့တုန့်ပြန်မှုက (ဒေါ်အောင်ဆန်းစုကြည်က) NCA လက်မှတ်ထိုးဖို့ပဲ တိုက်တွန်းပြီး စိတ်မကောင်းကြောင်း တုန့်ပြန်လာကာ တပ်မတော်က သတိထားစောင့်ကြည့်နေပြီး တီဗွီကနေ မြောက်ပိုင်းအဖွဲ့တွေရဲ့ လူထုမြို့ပြအဆောက်အဦ တိုက်ခိုက်နေမှု သတင်းတွေကို ထိပ်စီးသတင်းအဖြစ် မှန်မှန်ကြီးတင်ပေးတဲ့ စိတ်ဓါတ်စစ်ဆင်ရေးနည်းဗျုဟာနဲ့ တိုက်ကွက်ဖေါ်လာပါတယ်။ လူထုတိုက်ခိုက်ခံရမှုအပေါ် အတိုက်အခံအချို့ ကပါ မနှစ်မြို့လာချိန်မှာ တပ်မတော်က မမျှော်လင့်ဘဲ ပြည်ထောင်စုလွှတ်တော်နဲ့ ရှမ်းပြည်နယ်လွှတ်တော်တွေ (ဒီဇင်ဘာ ၇ ရက်နေ့) ကို မြောက်ပိုင်းအဖွဲ့တွေအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ရုတ်တရက်တင်လိုက်လို့ ဂယက်ရိုက်သွားခဲ့ပါတယ်။ လူထု မလိုလားယုံသာမက နိုင်ငံတကာကပါ သဘောမကျတဲ့ အသံဗလံများ ထွက်လာချိန် အဲဒီ့အကွက်ကို တပ်မတော်က အသုံးချလိုက်တာဖြစ်လို့ မြောက်ပိုင်းတပ်ဖွဲ့တွေအတွက် အနှုတ်လက္ခဏာ ဖြစ်ခဲ့ပါတယ်။

၁၃။ နိုင်ငံတကာဝေဖန်မှုကို နမူနာတင်ပြရရင် VOAနဲ့အင်တာဗျူးခဲ့တဲ့ Mrs Priscilla ရဲ့သဘောထားကို ကောက်နှူတ်တင်ပြပေးလိုက်ပါတယ် ...
"ကျမ အထူးကို စိုးရိမ်နေပါတယ်။ သူတို့က တပ်မတော်ကို အပြစ်တင်ကြတယ်။ ရှမ်းနဲ့ ကချင်မှာ တပ်မတော်ရဲ့  ထိုးစစ်ရပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အနေနဲ့ လူနေထူထပ်တဲ့ မြို့ပြတွေအထိ တိုက်လာတာဟာ သိပ်ကို ရက်စက်ရာ ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် လုံးဝ အထောက်အကူ မဖြစ်စေပါဘူး။ ဒါကြောင့် ဒီကိစ္စမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မယ် ဆိုရင် မမှန်ပါဘူး။
ပထမတချက် ပြောချင်တာက သူတို့ (NCA လက်မှတ်မထိုးသေးတဲ့ UNFC) သဘောတူပြီးသား အချက်တွေကိုပဲ သူတို့က ပြန်ပြင်ရမယ်ဆိုပြီးတော့ လုပ်လာကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားတွေကလည်း အများကြီးပါ။ ငြိမ်းချမ်းရေးဖြစ်စဉ် စပြီးတဲ့နောက် အသစ်ဖွဲ့စည်းလာတဲ့ အုပ်စုတွေလည်း ရှိပါတယ်။ ဒါက ဘာသဘောလဲ။ TNLA, AA စတာတွေ တခါ MMDAA လည်း ပြန်ပေါ်လာပြန်ပါတယ်။ ဒီပြဿနာတွေ အမျိုးစုံပဲ။ ကျမအမြင်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက အမြတ်ထုတ်ဖို့ ကြိုးပမ်းနေတာပဲ။ သူတို့ ရည်ရွယ်ချက်ကို အထူးသံသယ ဖြစ်ပါတယ်။"

၁၄။ တိုက်ပွဲသုံးသပ်ချက်ကို တင်ပြရရင် နိုဝင်ဘာလ၂၀ရက်နေ့မှ စတင်ကာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ အင်အား ခန့်မှန်း (၃၅၀၀) ကို (လမ်းကြောင်းအင်အား (၂၀၀၀)နဲ့ စခန်းတွေကို အင်အား ၁၅၀၀)သုံးပြီး ကန့်သတ် စစ်ဆင်ရေးဆိုကာ ဆင်နွှဲလာပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမဟာမိတ်အဖွဲတွေရဲ့ အဓိက ပစ်မှတ်က ဘာလဲဆိုတာကို တပ်မတော်က ချိန်ဆနေဟန်တူပြီး  စစ်ကူတပ်တွေကို မြောက်ပိုင်းအဖွဲ့တွေက စောင့်ပြီး ချမည်ဖြစ်လို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ကားနဲ့မပို့တော့ဘဲ လေယာဉ်၊ ရဟတ်ယာဉ်များနဲ့ ကျော်ခွကာ  ရှေ့တန်းစစ်ဆင်ရေးနယ်မြေများကို အလျင်အမြန်ပို့ဆောင်ပေးပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဟာ မုန်းကိုးမြို့ထဲသို့ ဝင်နိုင်သော်လည်း ဗျုဟာကုန်းကို မသိမ်းနိုင်သေးလို့အပြည့်အဝသိမ်းတယ် မပြောနိုင်တာကြောင့် ရှိသမျှ အင်အားစုစည်းကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်(လေ)ရဲ့ စွမ်းဆောင်ချက်ကြောင့် တိုက်စစ်အဟုန် ရိုက်ချိုးနိုင်ခဲ့ပြီး အမြောက်များကို တိုက်ပွဲဧရိယာထဲသို့ ပစ်လို့ရအောင် နီးကပ်စွာ ရွေ့ပေးလိုက်လို့မြောက်ပိုင်းတပ်ဖွဲ့ အကျအဆုံး များကုန်ပါတယ်။ ဗျုဟာကုန်းသို့ လက်နက်ခဲယမ်းနဲ့ရိက္ခာကို တပ်မ (၉၉) စစ်ကြောင်းတကြောင်းက မြောက်ပိုင်းအဖွဲ့ ပိတ်ဆို့ထားတဲ့ အထဲက ဖေါက်ဝင်လာပြီး ဖြည့်တင်းပေးခဲ့လို့ ပိုပြီးတောင့်ခံနိုင်ခဲ့တာလည်း ပါပါတယ်။ နောက်ပိုင်း တဖြေးဖြေးနဲ့ ဦးတည်ပစ်မှတ်ဟာ မုန်းကိုးဆိုတာ ရုပ်လုံး ပေါ်လာလို့ တပ်မတော်က စစ်ကြောင်း (၃) ကြောင်း ထိုးလိုက်ပါတယ်။

၁၅။ တင့်ကား၊ သံချပ်ကာတွေပါတဲ့ ယောင်ပြစစ်ကြောင်းဟာ ပန်ဆိုင်း(ကြုကုတ်)မှလည်းကောင်း၊ တပ်မ (၈၈) စစ်ကြောင်းဟာ ရဟတ်ယာဉ်အကူအညီနဲ့ ဟေမိုးလုံဘက် ဆင်းပြီး ဖြတ်ပိတ်သလို၊ တပ်မ (၁၁) စစ်ကြောင်းကလည်း ရဟတ်ယာဉ်အကူအညီနဲ့ ပင်မုန်းကိုးနဲ့ (ရ) မိုင် လောက်ဝေးတဲ့ တောင်ကြော တကြောပေါ်သို့ ခက်ခက်ခဲခဲ ဆင်းခဲ့ရပါတယ်။ သူတို့နဲ့ပါလာတဲ့ ၁၂၀ မမ စိန်ပြောင်းကြီးများကို အထိုင်ချကာ ပစ်အားမြင့် အဓိက စစ်ဆင်ခဲ့ပါတယ်။ တပ်မ(၁၁)ဟာ မုန်းကိုးသိမ်းဖို့ တာဝန်ယူရတဲ့ အဓိက စစ်ကြောင်းဖြစ်ပြီး (၃)ကြောင်း ထပ်ခွဲကာ တကြောင်းက မြို့ထဲ ဝင်ဆောင့်၊ တကြောင်းက ဗျူဟာကုန်းနဲ့ ကာကင်းကုန်း စစ်ကူဖြည့်၊ တကြောင်း က ဖေါင်းဆိုင်ဖက်မှာ ပိတ်ဆို့ထားတဲ့ မြောက်ပိုင်းအဖွဲ့တွေကို ရှင်းထုတ်ခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဟာ စခန်းနဲ့ တပ်မတွေ အကြား ထွက်ပေါက်ပိတ်နေလို့ ရုတ်တရက် ပျောက်သွားတာဟာ တရုတ်နယ်စပ်ထဲ ဝင်သွားနိုင်တယ်လို့တိုက်ပွဲမှာပါတဲ့ အရာရှိတစ်ဦးက ဆိုပါတယ်။ သယ်မနိုင်တဲ့ အလောင်းများရှိသလို သယ်နိုင်တဲ့ အလောင်းများလွန်းလို့ ကျင်းထဲထဲ့ မြှုပ်ရတယ်လို့သူကဆိုပါတယ်။

၁၆။ လူသစ်စုဖို့ခက်ချိန်မှာ ဒီလိုကျဆုံးတာမျိုးဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွက် အထိနာလှပါတယ်။ လေယာဉ်မထိတဲ့အတွက်လည်း ငွေကြေးတန်ဖိုးမြင့်စွာ ပခုံးထမ်းဒုံးကို ဒုံးတစင်းလျှင် ကျပ် သိန်း ၁၄၀၀ နှန်းနဲ့  ဒုံး ၂ စင်းပစ်လိုက်တဲ့အတွက် ကျပ် သိန်း ၂၈၀၀ ရေစုန်မျောရပါတယ်။ Sam (man pad) F.N 6 တာတိုပစ်ဒုံး ဖြစ်ကာ အပူလှိုင်းလိုက်သော်လည်း Close Air Support လုပ်နေတဲ့ တပ်မတော်(လေ)မှ A5 လေယာဉ်မှူးဟာ ပစ်လိုက်တဲ့ ဒုံးကို ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်တာမို့ ၂စင်းလုံး လေထဲမှာပင် ပေါက်ကွဲခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ထပ်မံရရှိလိုက်တဲံ့ ဆိုးကျိုးရလဒ်ကတော့ မူဆယ် ၁၀၅ မိုင်ကို  စတိသဘော တိုက်မယ်လို့ တရုတ်ကို ပြောထားဟန်တူပေမဲ့ တကယ်တမ်း တိုက်ခိုက်တဲ့အခါ ခန့်မှန်းသည်ထက် ပိုမို အထိနာကုန်ကာ တရုတ်ကုန်သည်များရဲ့ စီးပွါးရေးထိခိုက်ကုန်လို့ တရုတ်ရဲ့ အမျက်ရသွားပါတယ်။ ဒါကြောင့် မြောက်ပိုင်းအဖွဲ့တွေရဲ့ ဗရမ်းဗတာ ကြမ်းတမ်းမှုကို စိတ်ပျက်သွားဟန်တူပြီး ချက်ခြင်းရပ်ဖို့ ပီကင်းက (ယူနန်ပြည်နယ်က မဟုတ်ပါ) အသံထွက်လာပါတယ်။ နိုဝင်ဘာ (၃၀) ရက်နေ့မှာ တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး Yang Yujun က စစ်ရေးပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ တိုက်ပွဲဆက်လက် မဖြစ်ပွါးအောင် လုပ်ဆောင်ဖို့၊ ရှောင်ကျဉ်ဖို့ပြောလာပါတယ်။ အလားတူ နိုဝင်ဘာလ(၂၆)ရက်မှာ သံတမန်ရေးနဲ့စစ်ရေးဆိုင်ရာ တရုတ်-မြန်မာ အဆင့်မြင့် အစည်းအဝေးကျင်းပခဲ့ပါတယ်။

၁၇။ အဆိုးဆုံးရလဒ်ကတော့ မြောက်ပိုင်းအဖွဲ့တွေ မျှော်လင့်သလို စစ်ဆင်ရေးရပ်ခိုင်း၊ ဆွေးနွေးပွဲ အမြန်လုပ်ဖို့ အစိုးရက တပ်မတော်ကို ဖိအားပေးလာပြီး MNDAA, TNLA, AA တို့ကို ပါဝင်ခွင့်ပေးစေမယ်ဆိုတဲ့ ရလဒ် မထွက်ပေါ်လာတော့ဘဲ အစိုးရ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ပျက်မှုကို ရသွားစေပါတယ်။  တပ်မတော်က မူလကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကောင်းပြောထားမည့် အဆိုပါအဖွဲ့တွေရဲ့ မူမမှန်ပုံ၊ ငြိမ်းချမ်းရေး မလိုလားသူတွေအဖြစ် စွပ်စွဲထားတဲ့အချက် ပိုမို ခိုင်မာသွားစေပါတယ်။

၁၈။ KIA (အချို့တွေ) က တပ်မတော်ကဘဲ ကချင်ပြည်နယ်ကို ကျုးကျော်နေတဲ့ အသွင်မျိုး၊ အစွန်းရောက် လူမျိုးရေး ဝါဒမှိုင်း ရိုက်သွင်းထားတာရှိပါတယ်။ ဒါဆိုရင် အစိုးရနဲ့ တပ်မတော်ရဲ့ အချုပ်အချာအာဏာအရ ကချင်နယ် ကို မပိုင်တော့လို့ ခွဲထွက်လုပ်နေတာလားလို့ အမေး ထွက်နေပါတယ်။ KIAနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေထံမှ သိရတာက NCA ဟာ ချည်နှောင်တာမျိုး သူတို့ခံစားရလို့ KIA ဘယ်နည်းနဲ့မျှ ထိုးမှာ မဟုတ်ဖူး ဆိုရာ မိမိက ယခင်အစိုးရဆို နားလည်ပေးလို့ရသော်လည်း ဒေါ်စုတက်လာရင်တော့ ထိုးသင့်ပါတယ်၊ ထိုးမှာလား မေးတော့ သူတို့ကို ပြောလို့ မရနိုင်တာကိုဘဲ စိတ်မကောင်းစွာနဲ့ ကြားသိရပါတယ်။ ဒီတော့ လုပ်ချင်သလို လုပ်လို့မရ နိုင်တော့ဖူးဆိုတဲ့အတွေး KIA ထိပ်ပိုင်းခေါင်းဆောင် (အချို့) တွေထဲမှာ ဝင်နေဟန်တူပြီး သူတို့သဘောတူခဲ့တဲ့ NCA စာချုပ်ကိုပင် ထပ်ပြီး ပြင်ဆင်ချင်သေးတယ် ဆိုပြီး အကြောင်းပြကာ လက်မှတ်ထိုးဖို့ အချိန်ဆွဲနေတာလို့ မြင်ပါတယ်။

၁၉။ တပ်မတော်က အတိုင်းအတာ (တခုခု) အထိ သည်းခံခဲ့တာကို မမြင်ကြဘဲ တပ်ကဘဲ ထိုးစစ် စတင်ခဲ့တာဘဲ အပြစ်တင်နေကြပါတယ်။ KIA က အကောက်ကောက်တာ တခါမှ မရောက်ဖူးတဲ့ မြို့ရွာဒေသတွေ (ဥပမာ - စစ်ကိုင်း အတွင်းပိုင်း) ထိတောင် မိုက်ကြေးခွဲ၊ မရရင်မိုင်းခွဲ၊ ဖမ်းဆီး၊ လူသစ် အဓမ္မစုဆောင်းနေရာ လူထုမခံရပ်နိုင်ဖြစ်လာလို့တပ်မတော် တိုက်တာဟာ (ဒို့တာဝန် အရေး ၃ ပါး) ကို ထမ်းဆောင်တာပဲလို့ တပ်က ယူဆထားပါတယ်။ ဒီလို ထိုးစစ်စတင်ရာမှာ ပြည်မမြေပြန့်ဆီကို လှုပ်ရှားနိုင်ဖို့ KIAရဲ့ခြေကုပ်ယူထားတဲ့ ဂီဒွန်စခန်းကြီးကိုသာ တိုက်စစ် ဆင်တာဘဲဖြစ်ပြီး ကချင်မြို့ရွာလူထု၊ ဒုက္ခသည်စခန်းကို ရှောင်ရှားတာ တွေ့ရပါတယ်။ ဒါ့အပြင် စစ်စခန်းတွေဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကျမှ အသစ်တည်ဆောက်ခဲ့တဲ့ စခန်းတွေဖြစ်ဟန်တူပြီး ခြေဆန့်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်က တိုက်တာ KIA စခန်းကို တိုက်တာ ဖြစ်ပြီး KIA ကတော့ ဖြစ်စဉ်အစောပိုင်းကာလမှာ အရပ်သားပစ်မှတ်တွေကို ဖိတိုက်နေတာ ပေါ်လွင်သွားပြီး လူထုဒုက္ခပင်လယ်ဝေသွားလို့ KIA ပုံရိပ်ထိုးကျသွားပါတယ်။

ဒါဆိုရင် တပ်မတော်က အမျိုးသားရေးဦးဆောင်မှု ကဏ္ဏမှာ ၂၅% ဆက်ပါဖို့ခိုင်မာ သွားစေတာကို မီးမောင်းထိုးပြလိုပြီး ဒေါ်စုအဖို့အခြေခံဥပဒေပြင်ဖို့ ပိုမိုခက်သွားစေပါတယ်။

(ဆက်လက်ဖော်ပြပါမည်)