သားကြီးမောင်ဇေယျ - အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့



သားကြီးမောင်ဇေယျ - အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇

တဝေါဝေါ မည်နေတဲ့ အ၀တ်လျှော်စက် အသံတွေ ကြားထဲက

“ဟေ့ ယောက်ျားရေ လျှော်ပြီးသား အ၀တ်တွေ လာလှန်းပေးဦး”

အမိန့်ပေးသံလား ၊ အကူအညီ တောင်းသံလား သဲသဲ ကွဲ ကွဲ မစဉ်းမိခင် အ၀တ်လျှော်နေတဲ့ မိန့်မ နားကို ကျွန်တော် ရောက်သွားပါပြီ။ ခြေဖနောင့် နှစ်ခုပူး ၊ ခြေဖျား နှစ်ခုကို လေးလက်မခွာ၊ ခါးကို မတ်မတ်ထား၊ လက်နှစ်ဖက်ကို ကပ်ထား၊ ရင်ကိုကော့ ၊ ဖင်ကိုကောက် သတိအနေအထားနဲ့ ရပ်။ မိန်းမ ဘာညွှန်ကြားမလဲ နာခံရန်အသင့်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လျှော်ပြီးသား ထမီ နဲ့ မိန်းမအတွင်းခံဘောင်းဘီတွေက ပလတ်စတစ် ဇလုံ အနက်ထဲမှာ။ ကျွန်တော့်အ၀တ်တွေ လုံခြည်တွေက အပြာရောင် ဇလုံထဲမှာ။ ဒီ အချိန်မှာပဲ ယောက်ကျားမာန က ကျွန်တော့်ငယ်ထိပ်တက်လာပါတယ်။

‘ငါက မိန်းမ ခိုင်းတာ ကို လုပ်မယ်ကောင်မဟုတ်’

သူ မခိုင်းခင် အ၀တ်လျှော်ဇလုံ နှစ်ခု ကို ထပ်။ ခေါင်းပေါ်ရွက်။ ယောက်ကျာင်္း ဘသား ဒီလောက်တော့ အပျော့။ ကိုင်း . . . အ၀တ်လှန်းတဲ့ နေရာကို သွားကြစို့။

“ယောက်ကျား ဒါဘာလုပ်တာလဲ” သူအသံကနည်းနည်းမာနေတယ်။

“အ၀တ်လှန်းမလို့လေကွာ”

ကျွန်တော့်အသံ နည်းနည်းပျော့သွားတယ်ထင်ပါတယ်။ မတတ်နိုင်ပါဘူး သူမာရင် ကိုယ်ပျော့၊ ရမှာက ကျွန်တော်တို့ အတောင်နှစ်ဆယ်ဝတ် မင်းယောင်္ကျား တွေရဲ့ တာဝန်။ ဒီလိုမှ မဟုတ်ရင် သူတခွန်း ကိုယ်တစ်ခွန်း စကားများ ရန်ဖြစ်ကြလိမ့်မည်။ ရိုက်ဟယ် နှက်ဟယ် ဖြစ်ကြလိမ့်မည်။ အိမ်တွင်းအကြမ်းဖက် မှုတွေ ဖြစ်ကြလိမ့်မည်။

အိမ်တွင်းအကြမ်းဖက်မှု ဆိုတာ က

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

မိရိုးဖလာ ဓလေ့ထုံးစံအရ အကြမ်းဖက်မှု

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု စသဖြင့် အကြမ်းအားဖြင့် သတ်မှတ်နိုင်တယ် လို့ဆိုပါတယ်။

စစ်ဖြစ်တာတွေ ၊ နိုင်ငံတကာ အကြမ်းဖက်မှုဖြစ်တာတွေ ဟာ အိမ်တွင်း အကြမ်းဖက်မှုတွေက စခဲ့တာ ... တဲ့။

၂၀၁၇ ခု နှစ် ဟာ မြန်မာပြည် ပြည်တွင်း ငြိမ်းချမ်းရေး နှစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောထားတာကြောင့် ကျွန်တော့်ဇနီးကို အလျှော့ပေးလိုက်တာပါ။ ပြည်တွင်းငြိမ်းချမ်းရေး ကို ကြိုဆိုတဲ့ အနေနဲ့ပါ။ အိမ်တွင်းငြိမ်းချမ်းရေးမှ သည် ပြည်တွင်းငြိမ်းချမ်းရေးဆီ သို့ ဆိုတဲ့ ကြွေးကြော်သံ ကို ကိုင်ဆွဲ ပြီးတော့ပေါ့။ တကယ်တော့ အဲဒီ ကြွေးကြော်သံ ကို ဘယ်သူမှ ကြွေးကြော်ခိုင်းတာ မဟုတ်။ ဘယ်မှာမှ ပိုစတာ ချိတ်ထားတာမရှိ၊ ဘယ်သူတွေ ဘယ်အလုပ်ရုံဆွေးနွေးပွဲက မှ ဆုံးဖြတ်ချက် ချထားတာမဟုတ်ပါ။ ကျွန်တော့်ဇနီး နားရောက်မှ ဒီ ကြွေးကြော်သံ က ခေါင်းထဲ အထိပ်တလန့်နဲ့ အလိုလို ခုန်ထွက်လာတာပါ။

စကားမစပ်ပြောရဦးမယ်။ ကျွန်တော်တို့ သင်ယူထားတဲ့ ဂျဲန်ဒါ (GENDER) ဆိုတာ လူမှု ၀န်းကျင်ဆိုင်ရာ သတ်မှတ်ချက်တခုပါ။ ကာလ ဒေသ ရာသီဥတု လူမျိုးစုဓလေ့ထုံးစံ တွေ နဲ့ ဆက်နွယ်နေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာလောက်က အမျိုးသားတွေ သာ ဘောင်းဘီ ၀တ်ခဲ့ကြပြီး အမျိုးသမီးတွေ အများစုဟာ ဘောင်းဘီ ၀တ်လေ့မရှိပါဘူး။ အခုတော့ အမျိုးသမီးတွေ ဘောင်းဘီဝတ်တာ မဆန်းတော့ပါဘူး။ ဟိုးရှေးရှေးက ယောကျာင်္းတွေသာ ရုံးတက် ၊ အပြင်ထွက် စီးပွားရှာ ကြတာပါ။ အမျိုးသမီးတွေက အိမ်မှာ ကလေးထိမ်း အ၀တ်လျှော် အိမ်အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒါကို လူမှုပုံစံ အသွင်းခံရတာလို့ ဆိုပါတယ်။ ခုတော့ပြောင်းလဲသွားပါပြီ၊ ရုံးတက် အပြင်ထွက် အလုပ်လုပ်၊ ယောက်ကျာင်္းတွေ လည်း လိုအပ်ရင် လိုအပ်သလို အိမ်အလုပ် လုပ်၊ ကလေးထိန်း နေကြပါပြီ။ ဒါဟာ ပြောင်းလဲ မှုပါ။ ပြောင်းလို့လဲရပါတယ်။ ဒါပေမယ့်ပြောင်းလဲ လို့မရတာက ကလေးမွေးတာ၊ နို့တိုက်တာနဲ့ လိင်အင်္ဂါ တွေပါ။ အဲဒီလို ပြောင်းလဲလို့ မရတာကို လိင်(Sex) လို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ဇီဝ ဆိုင်ရာ သတ်မှတ်ချက်တခုဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် အ၀တ်လျှော်၊ ထမင်းချက် တဲ့ အလုပ်တွေမှာ ကျားမ ခွဲခြားစရာမလို သလို အ၀တ်အစား ၀တ်ရာမှာလည်း ယောက်ကျာင်္း အ၀တ်က မြင့်မြတ်ပြီး မိန်းမ အ၀တ်ဟာ နိမ့်ကျတယ်လို့ မယူဆသင့်ပါဘူး။

အခုပဲ ကြည့်လေ ကျွန်တော်မိန်းမက ယောက်ကျားအ၀တ် မိန်းမ အ၀တ်ခွဲလျှော်ထားတယ်။ ဇလုံတခုစီ ထားတယ်။ ဒါကို ဂျဲန်ဒါ ခွဲခြားမှု လို့ ခေါ်နိုင်ပါတယ်။

“ရှင့် ထမီဇလုံကြီး သယ်သွားမှာလား”

“ဒါတွေ အရေးမကြီးပါဘူး မင်းက ဂျဲန်ဒါ ခွဲခြားနေလို့ဖြစ်တာ ယောင်္ကျား အ၀တ်ဖြစ်ဖြစ် မိန်းမ အ၀တ်ဖြစ်ဖြစ် အတူတူပဲ တခုခု လုပ်ရင် ဂျဲန်ဒါ မျက်မှန်လေး တတ်ကြည့်စမ်းပါ မိန်းမရာ”

“အို ဘာမျက်မှန်လဲ မျက်မှန်က ခဏခဏ ပျောက်လို့ စိတ်ညစ်ရတဲ့ အထဲ ရှင်က နောက်ထပ် မျက်မှန် ထပ်တတ် ခိုင်းပြန်ပြီ၊ ရှင် အခု လုပ်ရမှာက ထမီဇလုံကိုထားခဲ့ ၊ ရှင့်အ၀တ် ဇလုံကိုယူသွား အိမ်ရှေ့မှာ လှန်း သေသေချာချာ ဖြန့်လှန်း ဒါပဲ”

ကျွန်တော် သင်ယူဖူးတဲ့ ဂျဲန်တာ သင်တန်းတခုမှာ တော့ ယောင်္ကျားတွေက ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အလိုလို နေရာရနေကြတယ်တဲ့။ ဥပမာ ရပ်ကွက်လူကြီးနေရာ၊ သမ္မတ နေရာ၊ အိမ်ထောင်ဦးစီးနေရာ။ အဲဒီ နေရာတွေ မှာ အမျိုးသမီးတွေ နေရာ ရလာဖို့ ကြိုးစားသင့်တယ်တဲ့။ ဒီအဆိုကို ကျွန်တော် သိတ်ဘ၀င် မကျပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က မိန်းမ ပြောတာကို နာခံဖို့ ဆုံးဖြတ်ချက် ချထားတာမို့ပါ။ အဲဒီ ဆုံးဖြတ် ချက်ချခွင့်ကလေးတော့ ကျွန်တော်တို့ ပူရိသ ယောင်္ကျား တွေ ပေးသင့်တယ်ထင်ပါတယ်။

ခုလည်းကျွန်တော့် ဆုံးဖြတ်ပိုင်ခွင့်ကို အလျှော့မပေးပဲ မိန်းမ ခိုင်းတဲ့ အတိုင်း လိုက်ပစ်လိုက်ပါတယ်။ ယောက်ကျာင်္း ဆိုတာ ဆုံးဖြတ်ချက် ခိုင်မာရတယ်။ ထွေးပြီးသား တံတွေး ကို ပြန်မမျိုဘူး၊ ပြောပြီးသား စကားကို တည်အောင်လုပ်တယ်။ ကဲ ... လှန်းပစ် လိုက်မယ် အ၀တ်တွေ အားလုံး။ ဘာဖြစ်လဲ။

ကျွန်တော် အ၀တ်လှန်းပြီးချိန်မှာ သူက ရေချိုးနေပါပြီ။ ရေချိုးမပြီးခင် သူစားဖို့ ထမင်းတွေ ဟင်းတွေ နွေးထားရမှာက ကျွန်တော့်တာဝန်။ အဲဒီ တာဝန်တွေကို ဘယ်တုန်းက ယူခဲ့တာလည်းတော့မသိပါ။ ကြင်စဦး ဇနီးမောင်နှံဘ၀ က သူယူထားတဲ့တာဝန်တွေ ပါ။ သမီးရီးစားဘ၀ တုန်းကတည်းက သူက ဒီတာဝန်တွေ ကိုသူ ယူမယ်လို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ သူ အလုပ်ထွက်လုပ်တော့ အဲဒီတာဝန်တွေဟာ ကျွန်တော့် အပေါ် ကျရောက်လာပါတယ်။ သူကို မလုပ်နဲ့လို့ပြောရင်လည်း စီးပွားရေး အကြမ်းဖက်သူလို့ အစွတ်စွဲ ခံရနိုင်တယ်။ လုပ်ပါလို့ ဆိုရင်လည်း အမျိုးသမီး အခွင့်အရေးကာကွယ်သူတွေက မိန်းမတစ်ယောက်ကို မနိုင်ဝန်ထမ်းခိုင်းတယ်လို့ အပြစ်မြင်ကြမယ်။ ရှေးရိုးစွဲတွေက ထမီနားခိုစားချင်လို့ ခွင့်ပြုတာလို့ အပြစ်တင်ကြမယ်။ တကယ်တော့ တစ်ယောက်ထဲရှာတဲ့ဝင်ငွေက ဒီခေတ်ကြီးမှာ မလုံလောက်တော့ဘူးလေ။

ကျွန်တော် ပြောခဲ့တဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုဆိုတာကတော့ ယောင်္ကျားတွေဟာ မိန်းမတွေကို အပြင်ထွက် စီးပွားမရှာခွင့်မပေးပဲ သူတို့သာ စီးပွားရှာ၊ သူတို့သာ စီမံခန့်ခွဲ။ ငွေရှာနိုင်သူက ငွေရှာခွင့်မရသူကို တဖက်သတ် အနိုင်ကျင့် လေ့ ရှိတယ်လို့ ကျားမရေးရာ တန်တူညီမျှရေးကွန်ယက် မြန်မာနိုင်ငံ ရဲ့ အရည်အသွေး အခြေပြု နည်းလမ်းနဲ့ လေ့လာဆန်းစစ်ချက် တွေ အရ သိရတယ်လို့ဆိုပါတယ်။ ကျွန်တော့် ဇနီးကတော့ အပြင်ထွက် စီးပွားရှာရပေမယ့် ကျွန်တော့်ကို အိမ်တွင်းအကြမ်းဖက်မှုတွေ မလုပ်ပါဘူ။ မတကာ ဇက်ကြောနှိပ်ဖို့ ၊ နင်းပေးဖို့ လုပ်အားပေးခိုင်းတာလောက်ပဲ ရှိပါတယ်။ အလုပ်အစဉ်မပြေရင်တော့ ကျွန်တော့်နား ကို အကြမ်းဖက် တာတော့ရှိတာပေါ့ဗျာ။

အဲဒီအကြမ်းဖက်တာကို ကျော်ဖြတ် တဲ့နည်းကတော့ သူထမင်းစားပြီးတာနဲ့ ဖေ့ဘွတ် သုံးတတ်အောင် သင်ပေးလိုက်တာပါပဲ။ ကျွန်တော် ပန်းကန်တွေ ဆေးပြီးချိန်မှာ သူက ဖေ့ဘွတ်သုံးရင်း အိပ်ပျော်သွားပါပြီ။ သူအိပ်နေတာကို ဇာခြည်လှပ်လို့ ကြည့်ရင်း ဂျဲန်ဒါ ဆရာမ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ ပြောတာကို သတိရပြီးလန့်သွားပါတယ်။

အမျိုးသမီးက သဘောမတူရင် အိမ်ထောင်ဖက် ဖြစ်ပါစေ မုဒိန်းမှုနဲ့ တရားစွဲနိုင်တယ်တဲ့ ။ ပုဒ်မက ၃၇၆။ ထောင်ဒဏ်က တစ် သက်တကျွန်း ဖြစ်စေ ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်နိုင်သည် တဲ့။ အမလေး ၊ ဖူး ၀ူး ၀ူး ။

အင်း ဘာပဲဖြစ်ဖြစ်လေ ကုလအတွင်းရေးမှူး ဘက်ကီမွန်း ရာထူးက အနားမယူခင်နောက်ဆုံးပြောသွားတဲ့မိန့်ခွန်းမှာ ‘ကုလသမဂ္ဂမှာ အမျိုးသမီးတွေကို အဆင့်မြင့်ရာထူးတွေမှာ အရင်ကထက် ပိုမိုတိုးမြှင့် ခန့်ထားနိုင်ခဲတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ် တဲ့။

ကျွန်တော်လည်း ကျွန်တော့်အမျိုးသမီးကို နေရာပေးခဲ့ရလို့ကျေနပ်ပါတယ်။

ကျွန်တော် တစ်ယောက် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပထမခြေလှမ်းအဖြစ် အိမ်တွင်းငြိမ်းချမ်းရေးကို လျှောက်လှမ်းနိုင်ခဲ့ပါပြီ။

ဘက်ကီမွန်းတစ်ယောက်ကတော့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အထိ ရည်ရွယ်ချက်ထားတာကြောင့် အခုဆို အ၀တ်တွေ လှန်း ၊ ပန်းကန်တွေ ဆေးလို့ ပြီးမယ် မထင်သေးပါဘူး။

( ဒီဆောင်းပါးကို ကျွန်တော့်ဇနီးရဲ့ ခွင့်ပြုချက်နဲ့ အတည်ပြုရေးသားထားကြောင်း ၀န်ခံပါတယ်)

သားကြီးမောင်ဇေယျ(၂၁-၁-၂၀၁၇)