ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ငြိမ်းချမ်းအောင် ● ပြည်သူ့စစ်သား

ငြိမ်းချမ်းအောင် ● ပြည်သူ့စစ်သား
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇

သမီးရေ ဒီနေ့ ဖေဖေပြောမှာက ပြည်သူ့စစ်သားဆိုတဲ့ စက်သေနတ်ပစ်ရတဲ့တာဝန်ကို ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်သားကြီး တယောက်အကြောင်းပေါ့ သမီးရယ်။

အသက် ၉၀ ကျော် စစ်သားကြီးက ဖေဖေ့လို နိုင်ငံခြားသားတယောက်ကိုတွေ့တော့ ငါက စစ်သားဟောင်းကြီးတဲ့၊ စက်သေ နတ်ကိုထမ်းရတော့ အခုတော့ ပုခုံးတွေ လက်တွေ နာနေတယ်။ ဆေးလိမ်းပေးပါ အကိုက်အခဲပျောက်ဆေးပေးပါဆိုပြီး တောင်းဆိုတော့ ဖေဖေကလည်း ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေးရတာပေါ့ကွယ်။ ဒီလိုနဲ့ အဲဒီစစ်သားကြီးနဲ့ ဖေဖေ စကားပြောခွင့် ရခဲ့တယ်။

သူက စစ်သားအစစ်ဆိုတာထက် တိုင်းပြည်မှာ ကျူးကျော်စစ်လို့ခေါ်တဲ့ ၁၉၃၉ ခုနှစ်မှာ ကမ္ဘာကျော် ဖင်လန်-ရုရှား ဆောင်း တွင်းစစ်ပွဲကြီးဖြစ်တော့ နိုင်ငံကိုချစ်လို့ဝင်ခဲ့တဲ့ လူငယ်ကျောင်းဆရာတယောက်ပေါ့ သမီးရယ်။ စစ်ပွဲဖြစ်တဲ့အချိန် ရေခဲ အမှတ်အောက် ၄၀ ဒီဂရီလောက် အောက်မှာ တိုက်ခိုက်ကြရတဲ့ စစ်ပွဲပေါ့။

စစ်သားအစစ်ဆိုတာ ဘယ်တော့မှ မလိမ်ဘူးသမီး၊ ငါတို့က ရုရှားကို လက်နက်နဲ့တိုက်လို့ မနိုင်ဘူး။ ခဏတဖြုတ်ပဲ ထိန်းနိုင် ခဲ့တာ။ စစ်ပွဲရေရှည်မဖြစ်အောင် နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေက ဆွေးနွေးညှိနှိုင်း အဖြေရှာတော့မှ စစ်ပွဲဟာ ပြီး သွားတာတဲ့။ ငါတို့က လွတ်လပ်ရေးကို တိုက်ယူခဲ့တာမဟုတ်ဘူး၊ ပြည်သူတွေ အသက်ဘေးက ပြေးခွင့်၊ လွတ်ခွင့်ရအောင် တိုက်ခဲ့တဲ့ စစ်သားတွေပါပဲတဲ့။ ဒါကြောင့် အသက်ဘေးက ပြေးခွင့်ရခဲ့တဲ့ ပြည်သူတွေက ငါတို့ကိုချစ်ခဲ့တယ်၊ ပြည်သူရွေး ချယ်ထားတဲ့ အစိုးရအဆက်ဆက်က ငါတို့ကို ပြန်လည်စောင့်ရှောက် ကြည့်ရှုတန်ဖိုးထားခဲ့တယ်။ ဒါကြောင့်လည်း အခုလို လူကြီးသူမတွေကို ၂၄ နာရီ မပြတ်စောင့်ရှောက်တဲ့လူကြီးတွေနေတဲ့ နေရာတွေမှာ နေခွင့်ရတာတဲ့။

ကျေးဇူးဆိုတဲ့စကားကိုမပြောနဲ့။ မင်းငါ့ကို ဆေးလာတိုက်တာ အချိန်ဘယ်လောက်ကုန်လဲ။ အနည်းဆုံး နာရီဝက်စာ ငါပေး ရမှာမလားတဲ့။ ငါတို့တွေကြောင့် နောက်လာနောက်သားတွေ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေချင်ဘူး။ ကုန်ကုန်ပြောရရင် ငါ့ သားသမီးတွေတောင် ငါ့ကြောင့်ဆိုပြီး အလုပ်မပျက်စေချင်ဘူး။ ဘာကြောင့်လည်းမေးရင် မေတ္တာတွေ၊ စေတနာတွေ၊ အ ချစ်တွေဟာ တိုင်းပြည်ကောင်းစားဖို့ဆိုတာထက်၊ အလုပ်အကိုင်တွေပျက်၊ တိုင်းပြည်ရဲ့တိုးတက်မှုကို နှောင့်နှေးစေတာကွ။

အလုပ်တခုကို လုပ်ပြီဆိုရင် စေတနာတွေ၊ အနစ်နာတွေ၊ ထွေလီကာလီတွေ ပြောနေလို့ မရဘူး။ အလုပ်ကို လုပ်တတ်ရဲ့လား၊ အမှားကို တာဝန်ခံရဲလား၊ အလုပ်အပေါ်မှာ သစ္စာရှိရဲ့လားဆိုတာပဲ။

နိုင်ငံရေးသမားတိုင်းက ပြောတတ်တယ်၊ ပြောတတ်တဲ့ ပါးစပ်တွေလည်း ပါလာတယ်။ နိုင်ငံကို သိပ်ချစ်ပါတယ်၊ ကျနော်/ကျမ အနစ်နာခံပါတယ်။ အဲဒီလိုပြောတဲ့ နိုင်ငံရေးသမားဟာ လူယုတ်မာပဲ၊ တိုင်းပြည်ကို ဖျက်ဆီးဖို့ စကားဦး သမ်းတာပဲ။ ငါ့အသက် ၉၀ ကျော်ကာလမှာ အဲဒီလို ပြောတဲ့ခေါင်းဆောင်၊ အဲဒီလို ပြောတဲ့ခေါင်းဆောင်နောက်ကို လိုက်တဲ့သူတွေများတဲ့ တိုင်းပြည်မှန်သမျှဟာ ဒုက္ခရောက်တာပဲ။

ငါဟာ စစ်သား၊ ပြည်သူ့စစ်သား တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်တော့ ငါတို့ စစ်တပ်ထဲကထွက်လိုက်တယ်။ ဘာကြောင့် ထွက်လည်းမေးရင် စစ်သားဆိုတာ ကိုယ့်ပြည်သူအချင်းချင်းသတ်ဖို့ ဖွဲ့ထားတဲ့တပ်မတော်မှာ တာဝန်ထမ်းဖို့ မဟုတ်ဘူးဆိုတဲ့ အသိတရားရှိလို့ပဲ။ အထက်အမိန့်ဆိုတဲ့ စကားနဲ့ ပြည်သူတွေ၊ ညီအစ်ကိုတွေအချင်းချင်းကို သတ်လို့ မရဘူး၊ ခေါင်းရှောင်လို့ မရဘူး။ အမိန့်တခုပေးပြီဆိုရင် လုပ်သင့်မလုပ်သင့် စဉ်းစားရမှာ လူတွေရဲ့ဝတ္တရားပဲ၊ လူဖြစ်ပြီးမှ စစ်သားဘဝကို ရောက်ဖို့ လိုတယ်။ ဒါဟာ ပညာပဲ။

ဒီလို ဦးနှောက်အတွေးအခေါ်ရှိတဲ့ စစ်သားကြီးတွေကို ပြည်သူတွေက ချစ်တာ၊ မေတ္တာထားတာ၊ တန်ဖိုးထားတာ ဆန်းသ လား သမီးရယ်။ ကိုယ့်ပြည်သူအချင်းချင်း၊ ကိုယ့်တိုင်းရင်းသားအချင်းချင်း မသတ်မှ၊ မသတ်ရဘူးဆိုတဲ့ အသိရှိတဲ့ စစ်သား ကြီးတွေလေ။

သမီးရယ် စစ်သားတယောက်ဖြစ်ချင်ရင် အနည်းဆုံးတော့ ကိုယ့်နာမည်လောက် ကိုယ်ရေးတတ်မှ ဖြစ်မှာပေါ့နော်။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်မယ်ဆိုရင် သစ္စာဆိုရတဲ့ အဓိဌာန်တွေလောက်တော့ ဖတ်တတ်မှ၊ ကိုယ်တိုင်နားလည်မှ ဖြစ်မှာလေ။ နောက်မို့ဆို ကြက်တူရွေး၊ သာလိကာတွေလိုပဲ သခင်သင်ပေးတဲ့အတိုင်း နိုင်ငံတော်ကို ချစ်ပါသည်၊ ဗိုလ်ချုပ်ကြီးတွေကို ကာကွယ်သည်ပဲ ပြောနေတဲ့ ဘ၀မျိုးတွေ ဖြစ်မှာပေါ့။

သမီးရေ ပညာကိုကြိုးစားသင်ပါကွယ်၊ အမိန့်နာခံတယ်ဆိုပေမဲ့ တသက်လုံးမှာ ငါတို့တိုင်းရင်းသားအချင်းချင်း၊ ငါတို့ပြည်သူ အချင်းချင်းကိုသတ်မိတဲ့ စစ်သားဘဝမျိုးနဲ့ ပြည်သူတွေရဲ့ တံတွေးခွက်မှာ ဂုဏ်သိက္ခာမဲ့စွာနဲ့ ရှင်သန်ရမဲ့ စစ်သားဘဝမျိုး မရောက်ဖို့က အသိဉာဏ်ရှိမှ ဖြစ်မှာလေ သမီးရဲ့။