ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် ● ခါးတောင်းဘဲ ကျိုက်ချင်သူတွေ

ဖိုးထက် ● ခါးတောင်းဘဲ ကျိုက်ချင်သူတွေ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၇


အတိတ်ဟာ အတိတ်ဘဲ။ ထားခဲ့ရမှာဘဲ။ ဆက်လျှောက်ရမှာဘဲ။ အတိတ်ဟာ အနာဂတ်အတွက် သင်ခန်းစာဘဲ။ အတိတ်ကို ပြန်ပြန်ဆွပြီး တုတ်နဲ့ ထိုးနေရင် အနာရင်းတာဘဲ ရှိမယ်။ အနာပျောက်မှာ မဟုတ်ဘူး။

ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ပြောနေတယ် မထင်ပါနဲ့။ လူဇော်၊ လူတတ်၊ လူ့ဆရာကြီးလေသံနဲ့ ပြောနေတယ်လို့လဲ မထင် နဲ့။ ကျွန်တော်ပြောချင်တာက နိုင်ငံရေး။ ဟုတ်ပါ့။ မြန်မာနိုင်ငံအရေး။ ကျွန်တော့်နိုင်ငံအရေး။

စစ်အစိုးရ၊ ပုဆိုးပြောင်းဝတ်အစိုးရခေတ်မှာ ပြည်သူလူထု ဘက်တော်သား ထင်ပေါ်ကြော်ကြားတဲ့ သူရဲကောင်းတွေ၊ လူမ သိ သူမသိ ကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေ၊ အညတရ သူရဲကောင်းတွေ အများကြီးဘဲ။ ခေါင်းဆောင် ဘယ်လောက် ကောင်းကောင်း နောက်လိုက်မပါရင် အလကားဘဲ။ ဒေါ်အောင်ဆန်းစုကြည်က တုနှိုင်းမရတဲ့၊ ဘုရားပေးတဲ့ လက်ဆောင်ဘဲ။ သူ့ကို ဘယ်သူမှမမှီဘူး။ ဒါပေမယ့် ပြည်သူလူထုထက်ပိုပြီး အမေစုကပိုသာတယ် မထင်နဲ့။ နိုင်ငံအနာဂတ်ထက် ဘယ်သူ ကမှ ရှေ့မှာရှိမနေဘူး။ ဒါကို အမေစုကိုယ်တိုင်လည်း သိတယ်။ ခက်တာက တချို့နိုင်ငံရေးသမားတွေ၊ စစ်အစိုးရခေတ်က မတရားမှုကို ခံချလာခဲ့တဲ့ သူရဲကောင်းတချို့ဘဲ။ ခေတ်အပြောင်းမှာ တရွတ်တိုက်စွဲချင်နေကြဆဲ စိတ်ဓာတ်တွေနဲ့ ကျန်နေ ရစ်ကြဆဲ။

စစ်အစိုးရခေတ်မှာ မလုပ်ရဆိုတဲ့ ကိစ္စကို သေးသေးလေးဘဲ ဖြစ်ဖြစ်၊ ကြီးကြီး ကြီးဘဲ ဖြစ်ဖြစ် ၊ ပိစိညှောင့်တောင့်လေးဘဲ ဖြစ်ဖြစ် ဘဲ့တိုက်လုပ်ပြလိုက်ရင် အကောင်ဘဲ။ ဆရာဘဲ။ ဒီလိုလူမျိုးတွေကို နှိမ်ချချင်တဲ့ စိတ်သဘောအခံနဲ့ ပြောချင်တာ မဟုတ်ဘူး။ တကယ့် သူရဲကောင်းလို့ဘဲ ကျွန်တော်ခံယူတယ်။ မထင် မထင်သလို ဘဝတွေကို စုတ်ပြတ်သတ်သွားအောင် လုပ်ခဲ့ကြတဲ့ စစ်အစိုးရခေတ်မှာ အာခံရဲခဲ့တဲ့ ဒီလိုသူရဲကောင်းတွေကို အားကျရတယ်။ ဂုဏ်ယူရတယ်။

ဒီမိုကရေစီ ပန်းတိုင်ကို ဒင်ပြည့် ကျပ်ပြည့် မရောက်သေးဘူးဆိုတဲ့ အသိက နိုင်ငံရေးကို ကျွန်တော်လို အနည်းငယ်သိတယ်လို့ ထင်ရတဲ့ သူတောင် သိတယ်။ အခြေခံဥပဒေကြီး ရှိနေသေးတယ်။ ၂၅ ကျပ်သားကိစ္စ။ ဒါပေမယ့် ခေတ်က ပြောင်းလာ တာတော့ အမှန်ဘဲ။ စစ်တပ်ဟာ အရင်လို စည်းမရှိ၊ ကမ်းမရှိ လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူး။ တိုင်းပြည်သံယံဇာတကို သူတို့ စိတ်ကြိုက်ချယ်လှယ်ခွင့် မရှိတော့ဘူး။ ပြည်သူလူထု ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာခေတ်ကြီးမှာ ဘယ်လို စီးမျော ပျော်ဝင်ရမယ်ဆိုတာ ကောင်းကောင်းသိလာကြသလို မျက်စိကြီး၊ နားကြီးရှိလာကြတယ်။ ကမ္ဘာကြီးနဲ့ အတူတူ ခေတ်တွေ ပြောင်းလဲလာသလို ကျွန်တော်တို့ရဲ့ နိုင်ငံရေးရေချိန်ဟာလည်း မြင့်တက်လို့လာခဲ့တာ ပြီးခဲ့တဲ့ရွေးကောက်ပွဲက သက်သေ ဘဲ။

ခက်နေတာက အထက်က ကျွန်တော်ပြောခဲ့တဲ့ သူရဲကောင်းတချို့ဘဲ။ ဒီအချိန်မှာ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ အလုပ်။ အလုပ်။ အလုပ်ဘဲ။ အလုပ်နဲ့ သက်သေပြရမယ့် အချိန်ရောက်လာပြီ။ ဒီနေ့အလုပ် မနက်ဖြန်ပို့။ မနက်ဖြန်အလုပ် သဘက်ခါပို့။ သဘက်ခါကျတော့ ချောင်ထိုးတဲ့အကျင့်ဆိုးတွေကို လူထုကမုန်းတာမှ အသည်းမှာ ဆူးပေါက်နေအောင် မုန်း တယ်။ အရင်လူတွေလို မခိုးဘူး။ အရင်လူတွေလို အာဏာမရစ်ဘူး (မရစ်ဘူးဘဲ ထားပါတော့)။ အရင်လူတွေကို ကိုယ့်အ သိုင်းအဝိုင်းလေးဘဲ ကွက်မကြည့်ဘူး။ ကောင်းတယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် အဲဒီလိုတွေ မလုပ်ရုံနဲ့ တာဝန် ကျေပြီလို့ ထင်နေကြတဲ့လူတွေ တွေ့နေရတာ သိပ်စိတ်ညစ်ဖို့ သိပ်ကောင်းတယ်။

ခါးတောင်းကျိုက်ပြီး ပြဲနေအောင် ဖြဲကြရမယ့်အချိန်မှာ မှန်တာလုပ်တယ်ဆိုတဲ့အဆင့်နဲ့ရပ်နေရင် လက်သန်းမှာ မှင်စွန်းခဲ့တာ မတန်ဘူးလို့ အားနာနာနဲ့ ပြောရမှာဘဲ။

နောက်တခု ရှိသေးတယ်။ သခင်မျိုးဟေ့ တို့ဗမာဆိုတာက ခါးတောင်းကျိုက်အော်ချင်ကြတဲ့ လူတချို့။ ဒီစကားက သွားလေ သူ ဆရာကြီး ဦးအောင်သင်းစကား။ လူကဖြင့် ဖင်တခြမ်းပေါ်နေပြီ။ သခင်မျိုးလုပ်ချင်ကြတဲ့လူတွေ တွေ့ရင် အလာဂျီ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာကြီးနဲ့ ဟိုးအဝေးကြီးမှာ ပြတ်ကျန်ခဲ့ပြီ။ အပ်တိုတချောင်းတောင် နည်းမှန်၊ လမ်းမှန် မထုတ်တတ်ဘူး။ မယုံရင် မြန်မာပြည်သားတွေချည်းဘဲလုပ်တဲ့ ကမ္ဘာ့အဆင့်အတန်းမှီ အပ်တချောင်းလောက် လိုက်ဝယ် ကြည့်စေချင်တယ်။ နှိမ်ချပြောတယ်လို့ထင်ရင် မှားပြန်မယ်။ အရှိတရားကို ပြောချင်တာ။ ကုန်သွားမယ့် သယံဇာတတွေကို ကြည့်ပြီး မာန်တက်မနေနဲ့။ ပထဝီအနေအထားကောင်းတယ်၊ သမိုင်းအနေအထားကောင်းတယ်တွေ လုပ်မနေနဲ့။ အသံ ထက်မြန်တဲ့ လေယာဉ်ပေါ်ကနေ တစင်တီမီတာမလွဲ ဗုံးကြဲနိုင်တဲ့ တိုက်လေယာဉ်တွေပေါ်လာတဲ့ခေတ်ကြီးမှာ ပထဝီ ကောင်းတယ်၊ သမိုင်းကောင်းတယ်တွေဟာ အပိုဘဲ။

ကျွန်တော်တို့လိုနေတာ နည်းပညာ။ အလုပ်အကိုင်အခွင့်အလမ်း။ ပညာ။ ဒါတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်ရှိ ခေတ် ကြီးကို အမှီလိုက်ဖို့ကြိုးစားမယ်ဆိုရင် ဗထက်ချိုင့်သေနတ်နဲ့ စက်သေနတ်ကြီးတွေကို ခံချခဲ့တဲ့ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲက မြန်မာစစ်သားတွေကို သနားမိသလို သနားချင်တယ်။ လိုနေတဲ့အရာတွေကို ဖြည့်စွမ်းပေးမယ်၊ အချိန်တိုအတွင်း အဆင့်တခုကို မြန်မြန်ရောက်စေမယ့်နည်းလမ်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလို့ဘဲ ကျွန်တော်မြင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေကို ကြိုဆိုရမယ်လို့ ထင်တယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုကြိုဆိုတယ်ဆိုတာ နိုင်ငံခြားသားတွေ ဘာလာလုပ်နေနေ ခံ၊ ခံ၊ ခံ လို့ မဆိုလိုဘူး။ ရှိတဲ့ ဥပ ဒေနဲ့ ထိန်း။ ဥပဒေမရှိသေးရင် ရှိအောင်လုပ်။ လျှပ်စစ်မီးလဲ ကောင်းကောင်းမပေးနိုင်။ မြေဈေးက ခေါင်ခိုက်။ နိုင်ငံခြားသား ကြောက်စိတ်နဲ့ ကူညီချင်စိတ်မရှိ။ မလုပ် မရှုပ် မပြုတ်လုပ်နေရင် မြန်မာနိုင်ငံကို ချစ်လွန်းလို့၊ ဘာဘဲဖြစ်ဖြစ် သည်းခံပြီး ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရမှာပေါ့ဆိုတဲ့ မျက်နှာဖြူလဲ မရှိဘူး။ မျက်နှာဝါလဲ မရှိဘူး။ မျက်နှာနီ။ မျက်နှာမည်းလဲ မရှိဘူး။ အမြတ် အစွန်းရချင်လို့ လာတာ။ အလုပ်သမားစရိတ်စက ဈေးပေါလို့ လာတာ။ သူတို့မလုပ်လဲ လာလုပ်မယ့်သူတွေ အများကြီးရှိ တယ်ဆိုတဲ့ တိုင်းဒေသကြီး အစိုးရတခုက အရာရှိကြီးတယောက်ရဲ့စကားကို ကျွန်တော် ကြားခဲ့ဘူးတယ်။ ဆရာမ ဂျူးရဲ့ စကားကို ငှားပြောရရင် “ဘယ်လောက်များ ရူးသွပ်မိုက်မဲလိုက်ပါသလဲကွယ်” လို့ ပြောရမှာဘဲ။

နိုင်ငံခြားသားမှာ ပါးစပ်မပါဘူးလို့ ထင်ကြတဲ့ကိစ္စကလည်း အတော်ဆိုးတယ်။ အရာရာ အခက်အခဲကြီးပါဘဲကွာဆိုတဲ့ စကားကို သူတို့လုပ်ငန်းရှင်အချင်းချင်း လက်မတို့ဘူးလို့ ထင်နေကြသလား မသိပါဘူး။ အတင်းအဖျင်းဆိုတာ ပုခုံးနှစ် ဖက်ကြားမှာခေါင်းပေါက်တဲ့ လူတိုင်းပြောတယ်ဆိုတာ မသိလေရော့သလားကွယ်။

နောက်ရှိသေးတယ်။ ကျွန်တော်တို့လူမျိုးက အလှူအတန်းမှာ နံပါတ်တစ်ဆိုလား။ နှစ်ဆိုလား။ ကမ္ဘာအဆင့်အတန်းမှီပေါ့။ လှူတာ ကောင်းတာဘဲ။ ဒါပေမယ့် တသက်လုံးလှူတန်းသွားတဲ့ နဂါးဒေါ်ဦးတို့တောင် အလုပ် လုပ်တယ်။ ဟိုက ဒီက လှူတဲ့ တန်းတဲ့ ငွေကြေး၊ ဥစ္စာ၊ ပစ္စည်းတွေကို ဟိုမှာ၊ ဒီမှာ လိုက်ပို့၊ လိုက်လှူနေရုံနဲ့ ကျွန်တော်၊ ကျွန်မတို့သည် နိုင်ငံကြီးကို ကယ်တင်သူများ ဖြစ်ကြသည်လို့ ထင်ကြတဲ့ကိစ္စလဲ အတော်ဆိုးတယ်လို့ ဒေဝဒတ်မျိုးရိုး ကျွန်တော်က မဲ့ပါရစေ။ ဘီဂိတ်တို့ လှူတာဘဲ။ သူ့လောက် လှူသူ ဘယ်သူမှ မရှိဘူး။ နိုးတူး။ ဒါပေမယ့် ဒီလူကြီးတွေလှူရင်၊ တန်းရင်ရော့၊ အင့် ဒီပိုက်ဆံလှူ တယ်။ နင့်ဘာသာ ဘာလုပ်လုပ်လို့ ဘယ်တော့မှ မလှူဘူးဆိုတာ လေ့လာရင်သိမယ်။ ပရိုပိုဆယ်တွေ တင်ရတယ်။ ဘတ် ဂျက်တွေ ဆွဲရတယ်။ စာရင်းစစ်က လေး၊ ငါး၊ ခြောက်ဖွဲ့။ သဗေသတ္တာကာမသက္ကာ (စာလုံးပေါင်းမှားမယ်) လှူတာ ကျွန် တော်တို့ဘဲ ရှိမယ်။ အလှူမတတ်တဲ့လူတွေ များတယ်။

အဲဒီလို အလှူကြားပွဲစား မောင်မျိုးချစ်၊ မမျိုးချစ် (သူတို့ကိုယ်သူတို့ အဲဒီလို ထင်ကြတဲ့ သူတွေလဲ အများသား) တို့က လမ်း လျှောက်ရင် ခေါင်းငုံ့လျှောက်တယ်။ မာန်၊ မာနချလို့ မဟုတ်ဘူး။ အရှည်အဝေးမကြည့်ကို မကြည့်တတ်တော့တာလို့ ပြော ချင်တယ်။ လုပ်နေတဲ့ကိစ္စက ကောင်းတဲ့ကိစ္စ။ ဒါပေမယ့် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမှာ ဝင်ပါပြီး ဓားခုတ်ရာ လက်ဝင်လျှိုတဲ့ အ ဆင်မသင့်တဲ့ကိစ္စတွေ သိပ်လုပ်ချင်တယ်။ ကိုယ်မကျွမ်းကျင်တဲ့ကိစ္စမှာ ငါသည် မျိုးချစ်၊ နိုင်ငံကို ငါလောက် ဘယ်သူမှ မချစ်နိုင်ဆိုတဲ့အပေါက်နဲ့ ဝင်ပါချင်တယ်။

ပြောချင်တာက နိုင်ငံခြားသားကို xင်ခံဖို့ ပြောနေတာ မဟုတ်ဘူး။ (စိတ်ပေါက်လာရင် ကျွန်တော်က ရိုင်းတယ်။) အရှည်ကြီး ကြည့်ရမယ့် ကိစ္စမှာအတိုလေး သွားသွားကြည့်ကြတဲ့ အလှူပွဲစားတွေတွေ့တာရယ်။ မလုပ် မရှုပ် မပြုတ် ရိုးသားရင် တာဝန် ကုန်ပြီလို့ထင်နေကြတဲ့ ပြည်သူလူထုက တင်ထားတဲ့အစိုးရလူကြီးမင်းများကို တွေ့တာရယ်။ နိုင်ငံတိုးတက်ဖို့ အလုပ်က လွဲပြီး ဘာမှအားကိုးစရာမရှိဆိုတာ မသိကြဘူးလို့ လူမုန်းခံပြီး၊ ရန်များပြီး ဒီစာကို ရေးတယ်။

သခင်မျိုးဟေ့ တို့ဗမာလို့ အော်အော်နေတဲ့ ဖင်တခြမ်းပြောင်နေတဲ့လူတွေကို စောင်းမြောင်းမရေးဘဲ ဒဲ့ဘဲ ရေးလိုက်တယ်။ တောရောက် တောင်ရောက် အားမရ၊ ဆရာကြီး လုပ်တယ်လို့ဘဲ ဆိုကြပါတော့။

ဖိုးထက်
သရုပ်ဖော် - မောင်ရစ်