တူမောင်ညို - ငြိမ်းချမ်းရေး အဆို ၄ ရပ်နဲ့ ဒီချုပ်ပါတီသို့ အကြံပြုချက်


တူမောင်ညို -  ငြိမ်းချမ်းရေး အဆို ၄ ရပ်နဲ့ ဒီချုပ်ပါတီသို့ အကြံပြုချက်
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၆


ဘူးလက်ဗိုလ်လှဆွေ၊ဒေါ်ခင်ဝိုင်းကြည်တို့နဲ့ စတင်ပွဲထွက်ခဲ့တဲ့ “ တပ်မတော်ထောက်ခံပွဲ- တရားသောစစ်ထောက်ခံပွဲ” ဆိုတာ က လူကို ရန်ပြုရိုက်နှက်တဲ့ အဆင့်အထိ တဆင့်တက်ပြီး အတင့်ရဲလာကြပြီ။ အကြမ်းဖက်လာကြပြီ။ ဒီလို အကြမ်းဖက်ဝံ့တာ သူတို့ နောက်ကွယ်မှာ “တပ်မတော်” က တကယ်ရှိလို့နေလို့လား။ “တပ်မတော်” က ဆင်နွှဲနေတဲ့ စစ်ပွဲဟာ “တရားသောစစ်ပွဲ” ဖြစ်တယ်လို့ “ကာချုပ်”က ဇန်နဝါရီလ ၄ ရက်နေ့က ထည့်ပြောသွားတယ်။ ဒါဟာ သာမန်တိုက်ဆိုင်မှု ဟုတ်ပါ့မလား။

(နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ ကြံ့ဖွံ့အသင်းဝင်တွေဖြစ်ကြတဲ့သူတို့ဟာ ဘောလုံးကွင်းတွေထဲမှာ လူစုပြီး “ပြည်ပ အားကိုးပုဆိန်ရိုးအဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဆိုတဲ့ ကြွေးကြော်သံတွေကို ဆူဆူညံညံအော်ဟစ်ခဲ့ကြသူတွေဖြစ်ပါတယ်။ လိုအပ် တဲ့ အခါမှာ လမ်းမပေါ်တက်ပြီး “စွမ်းအားရှင်” ဆိုတဲ့ နာမည်နဲ့ တုတ်စွမ်း၊ ဓားစွမ်းပြခဲ့ကြပါတယ်။

ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ သူတို့မိုက်သွေးကို အထင်အရှားပြသခဲ့ကြပြီး၊“ ဒီပဲယင်းသတ်ဖြတ်မှု” ကတော့ သူတို့ရဲ့ အကြမ်းဖက်မှုကို အစွမ်းကုန်ပြသခဲ့ကြတဲ့ ပွဲဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ရဲက သူတို့ကို ထိထိရောက်ဖမ်းဆီးခြင်းမပြုဘဲ၊ (ညီလေးတို့ရာ - ညီလေးတို့ရာ ဆိုပြီး) မျက်နှာသာပေးတာခံခဲ့ကြရပြီး “ဘယ်က လာမှန်းမသိတဲ့ တုတ်ဓားကိုင်ထားတဲ့လူအုပ်ကြီး” အဖြစ်အသုံးတော်ခံခဲ့ကြပါတယ်။ သူတို့ဟာ “မိထ္ထီလာ၊ ဥက္ကံ၊လားရှိုး၊မန္တလေး အစရှိတဲ့မြို့တွေမှာ လူသတ်၊မီးရှို့၊ပစ္စည်းလုတဲ့ သူတို့ရဲ့ အကြမ်းဖက်စွမ်းရည်ကို ပြသခဲ့ကြ ပါပြီ။ ထို့အတူ လိုအပ်ချက်ရှိလာတဲ့အခါ သူတို့ဟာ “တာဝန်”လက်ပတ်နီတွေပတ်ပြီး ရဲတွေနဲ့အတူ ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ တာဝန် ထမ်းဆောင်ခဲ့ကြပုံတွေကိုလည်း အားလုံးမြင်တွေ့ခဲ့ကြရပြီးပါပြီ။

ပြောင်းလဲလာတယ်ဆိုတဲ့ လက်ရှိအနေအထားမှာတော့ သူတို့ဟာ “တပ်မတော်ထောက်ခံသူတွေ - တရားသောစစ်ပွဲ ထောက်ခံသူတွေ”အဖြစ်အသုံးတော်ခံနေကြပြန်ပါပြီ။ လက်တွေ့လိုအပ်ချက်အပေါ်မူတည်ပြီး ပုတ်သင်ညိုတွေ အရောင်ပြောင်းသလို သူတို့ဟာ ပုံစံမျိုးစုံနဲ့ထွက်ပြီး ဆက်လက် အသုံးတော်ခံနေကြအုံးမယ့် သူတွေပဲဖြစ်ပါလိမ့်မယ်။

ကြည့်ရတာ သူတို့ကို ကြိုးကိုင်အမိန့်ပေးစေခိုင်းထားသူတွေက“မင်းတို့ မင်းမဲ့စရိုက်ဆူပူအကြမ်းဖက်မှုတွေဖန်တီးကြစမ်း ဟေ့” လို့ ဆိုရင်လည်း မိုက်မိုက်ကန်းကန်းလုပ်ကြမယ့်သူတွေပဲ ဖြစ်ပါလိမ့်မယ်။ “မင်းမဲ့စရိုက်ဆူပူအကြမ်းဖက်မှုတွေ” ပေါ်လာပြီဆိုရင် ဒါကို ထိန်းနိုင်မယ့်သူဟာ ဘယ်သူရှိသလဲ။ “တပ်မတော်” တစ်ခုပဲရှိတယ် မဟုတ်လား။

ဒီဖဲချပ်ကို ချိုးနိုင်ဖို့ပဲ။ လိုအပ်ချက်ရှိလာတဲ့အခါမှ ဒီအကွက်ကို ချိုးနိုင်ဖို့၊ ဒီဖဲချပ်ကို ချိုးနိုင်ဖို့လည်း “မင်းမဲ့စရိုက် ဆူပူ အကြမ်းဖက်သူတွေအဖြစ်” နဲ့ သူတို့ ပီပီပြင်ပြင် အသုံးတော်ခံကြအုံးမှာပါပဲ။

ဒါကြောင့် ဒီလိုကိစ္စတွေကို ဒီလိုသုံးသပ်လို့ရတယ်။ “မင်းမဲ့စရိုက်ဆူပူအကြမ်းဖက်မှုတွေ” ပြီးရင်တော့ “တပ်မတော်” ရဲ့ အခန်းကဏ္ဍ ဆိုတာ ထွက်လာဖို့ပဲ မဟုတ်ပါလား။

ဒီအခြေအနေတွေကနေ ဘေးဆီးရန်ကာနိုင်ဖို့ ဒီချုပ်ပါတီကို တတိုင်းတပြည်လုံးပါဝင်တဲ့၊ ပြည်သူတရပ်လုံးပါဝင်တဲ့ ငြိမ်းချမ်း ရေးလူထုဆန္ဒပြပွဲကြီး စည်းရုံးဖော်ဆောင်ပါလို့ အကြံပြုတိုက်တွန်းပါရစေ။ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုရဲ့ အထင်ကရမြို့ကြီးတွေ အပြင် နေပြည်တော်မှာပါ ကျင်းပသင့်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ငြိမ်းချမ်းရေးတောင်းဆိုတဲ့လူထုဆန္ဒပြပွဲကြီးတွေတပြိုင်နက် ပြုလုပ်ပြီး၊ နေပြည်တော်မှာ တပြည်လုံးနဲ့ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးလူထုအစည်းဝေးပွဲကြီး ကျင်းပဖို့လိုပါတယ်။ ဒီလို ငြိမ်းချမ်းရေးဆန္ဒပြပွဲ အဆင်ဆင့်မှာ အောက်ပါ အဆို ၄ ရပ်ကို တင်ပြပြီး၊ နေပြည်တော်မှာကျင်းပမယ့် တပြည်လုံးနဲ့ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးလူထုအစည်းဝေးပွဲကြီးကနေ ထို အဆို ၄ ရပ်နဲ့ပတ်သက်ပြီး ပြည်သူလူထုအဆုံးအဖြတ်ကို ယူရပါလိမ့်မယ်။

အဆို ၄ ရပ်မှာ

အဆိုအမှတ် (၁) ပြည်တွင်းစစ်ကိုအမြန်ဆုံးရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို လူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးက နှစ်နှစ် ကာကာ လိုလားကြောင်း

အဆိုအမှတ် (၂) တိုင်းပြည်ရဲ့အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့ “တပ်မတော်” အနေနဲ့ တိုင်းပြည်နဲ့ လူထု အပေါ်သဘောထားကြီးမားကြောင်းအထင်အရှားပြသတဲ့အနေနဲ့ တိုက်ခိုက်နေမှုတွေကို တဖက်သတ်ရပ်စဲကြောင်း ကြေညာပေးရန်


အဆိုအမှတ် (၃) “၂၀၀၈အခြေခံဥပဒေ” ကို ပြည်သူလူထုတစ်ရပ်လုံးက လုံးဝ မလိုလားကြောင်း၊ ဖျက်သိမ်းပစ်ရန်လိုလား ကြောင်း

အဆိုအမှတ် (၄) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲရေး


တပြည်လုံးနဲ့ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေးလူထုအစည်းဝေးပွဲကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကြာမီ ကျင်းပတော့မယ့် “၂၁ ရာစုပင်လုံညီလာခံနဲ့ ပြည်ထောင်စုလွှတ်တော်” တွေမှာပါ အဆင့်ဆင့်တင်ပြပြီး “ပြည်သူ့အသံ - လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူတို့လိုလားချက် - လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့ သဘောထားနဲ့အညီ ထိရောက် စွာ အရေးယူဆောင်ရွက်ပေးဖို့ ဒီချုပ်ပါတီမှာ တာဝန်ရှိသလို လက်တွေ့အရလည်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။


ဒါကြောင့် လက်ရှိ ဒီချုပ်ပါတီမှာ ထိပ်ပိုင်းတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးဟန်သာမြင့်တို့ ဦးစီးနေတဲ့ ဒီချုပ်ပါတီဗဟိုကော်မတီကို ဒီလုပ်ငန်းတွေ အလေးအနက်ထားပြီး ဆောင်ရွက်ပေးပါရန် အကြံပြုတိုက်တွန်းအပ်ပါတယ်။

အကယ်၍ ဤလုပ်ငန်းတွေကို လက်ရှိ ဒီချုပ်ပါတီခေါင်းဆောင်များအနေနဲ့ ဆောက်ရွက်လိုစိတ်လည်းမရှိ၊ တာဝန်လည်း မယူ လိုသောအခါမှသာ ပြည်တွင်းစစ်ကိုအမြန်ဆုံးရပ်စဲလိုပြီး ပြည်တွင်းငြိမ်းချမ်းရေးလိုလားကြတဲ့ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်း ရေးကွန်ရက်” အစရှိသော အခြားအခြားသော လူထုလူတန်းစားအဖွဲ့အစည်းများက စုပေါင်းပြီး ဤတာဝန်ကြီးကို ယူသင့်ပါတယ်။

ထိုသို့ လူထုတရပ်လုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးဖော်ဆောင်နိုင်မည်ဆိုပါက လက်ရှိပေါ်ပေါက်နေတဲ့ စစ်လိုလားသူ များရဲ့ဆန္ဒပြပွဲဆိုတဲ့ လက်ဖက်ရည်ပန်းကန်လုံးထဲက မုန်းတိုင်းထန်မှုဟာ နေလာနှင်းပျောက်ဆိုသလို အားပျော့ပျက်ပြယ်သွားပါလိမ့် မယ်။ ငြိမ်းချမ်းရေးကို လူမျိုးပေါင်းစုံပြည်သူတွေဘယ်လောက်လိုလားတယ်ဆိုတဲ့အချက်ဟာလည်း အပြတ်သားဆုံး အရှင်းလင်းဆုံးပေါ် ထွက်လာပါလိမ့်မယ်။