ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● အစ ကောင်းလျက် အနှောင်း မခက်အောင်



မင်းကိုနိုင် ● အစ ကောင်းလျက် အနှောင်း မခက်အောင်
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇
ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“မြင်းခြံကလာတော့ ညောင်ဦး-ပုဂံ ကားလမ်းပေါ်မှာ ရေကျော်တဲ့နေရာတွေ ရှိတယ်၊ လမ်းနည်းနည်းကြမ်းသွားသလို ဖြစ် နေတာပေါ့၊ အဲဒီမှာ ကလေးတွေက ကားတွေကိုမျှော်နေတာ တွေ့ရလိမ့်မယ်”

“ပျော်လို့လား၊ နှုက်ဆက်ကြတာပေါ့နော်”

“ပျော် မပျော်တော့ မသိဘူး၊ နှုတ်ဆက်ကြဖို့လည်း မဟုတ်ပါဘူး၊ ကားတွေလာတာနဲ့ အတင်းတိုးဝှေ့ ရောက်လာတာ သိပ် အန္တရာယ် များတယ်ကွ”

“ဈေးရောင်းကြတာ မဟုတ်လား၊ ဒီလို ပါပဲ ဦးဦးရာ”

“မဟုတ်ဘူးကွ၊ ပါးစပ်တွေက တစ်စုံတစ်ရာကို ရွတ်အော်ကြရင်း လက်ဖ၀ါးတွေ ဖြန့်ကြတာ၊ ကားပြတင်းနား ဇွတ်ကပ် လာကြတိုင်း သူတို့အတွက် ထိခိုက်မိ နင်းကြိတ်မိမှာ စိုးနေရတာ”

“လက်ဖ၀ါးတွေ ဖြန့်တယ်ဆိုတော့”

“လက်ဖ၀ါးတွေ ကြည့်ဖို့တောင် မလိုပါဘူးကွာ၊ သူတို့ မျက်လုံးတွေ ကြည့်ရုံနဲ့ ပေါ်လွင်နေပြီ၊ မျက်လုံးတွေက ပေးပါ ကမ်းပါ တစာစာ အသံတွေ ထွက်နေသလိုပဲ”

“သား နားလည်ပြီ”

“သမီးလည်း သိပြီ၊ ဖြစ်မှ ဖြစ်ရလေနော်၊ အများကြီးလား”

“ဆိုပါတော့ကွာ၊ တန်းစီနေတာ တစ်နေရာပြီး တစ်နေရာပဲ၊ ပြောရမှာ ခက်လိုက်တာ၊ ပြောမထွက်ဘူး၊ သားတို့ သမီးတို့ သဘောပေါက်ရင် ပြီးတာပဲ”

“သူတို့ လူကြီးတွေက မတားဘူးလား ဦးဦးရာ”

“ကလေး အမေတွေပါ ပါနေတာကွ၊ ခါးထစ်ခွင် ကလေးချီရင်း၊ လက်ဖ၀ါးဖြန့်နေတာ၊ လက်ကို မကြည့်လည်း မျက်လုံးတွေက ပေါ်လွင်နေပြီကွ၊ စိတ်ထိခိုက်စရာ သိပ်ကောင်းတယ်”

“သမီးသူငယ်ချင်းတွေ ပြောဖူးတယ်၊ နတ်ပွဲတွေရှိရင် ကားပေါ်က ကြဲကြတာ၊ လမ်းပေါ်မှာ အဲလိုပဲတဲ့”

“ခုဟာက နတ်ပွဲမဟုတ်ဘူးသမီးရယ်၊ ပုဂံဘုရားဖူးတွေ သွားတဲ့လမ်းပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေ ကင်မရာတွေ အောက်မှာ”

“အို ဟုတ်သားပဲ၊ ဘယ်လိုလုပ်ကြမလဲ၊ စိတ်ပူစရာကြီး”


“အဲဒီလမ်းက မိုးတွင်းဆို ရေကျော်တဲ့ နေရာတွေ ရှိတယ်ကွ၊ လမ်းပျက်ကုန်တာပေါ့၊ အဲဒါကို ရွာနီးချုပ်စပ်က လူတချို့က ပေါက်တူး၊ ဂေါ်ပြားတွေနဲ့ ပြင်ရာက ဒီဇာတ်လမ်း စခဲ့တာပဲ၊ အစကောင်းလျက်နဲ့ကွာ”

“ဘာဆက်ဖြစ်လို့လဲ ဦးဦးရဲ့”

“ကားပေါ်က လူတွေက လမ်းပြင်နေသူ တွေကို စားဖို့သောက်ဖို့ ပေးခဲ့ရာက စတာပေါ့ကွာ၊ အခုထိလည်း ပေါက်တူး၊ ဂေါ်ပြားတွေကိုင်ပြီး ခုနက မျှော်ကိုး တိုးလျှိုးနေတဲ့ မျက်လုံး နဲ့ တစ်နေကုန် ရပ်စောင့်နေတဲ့ ယောက်ျားကြီး တွေ ရှိနေတုန်းပဲ၊ လမ်းက ကောင်းနေပြီ”

“ဒါဆို အရွယ်စုံ ဖြစ်နေပြီပေါ့နော်”

“အေးပေါ့ကွာ၊ ပြောရတာ သိပ်ခက်တယ်၊ အစ ကောင်းလျက်နဲ့လို့ပဲ ထပ်ခါထပ်ခါ ညည်းချင်တော့တာပဲ”

“သမီးလည်း ၀မ်းနည်းတယ်၊ စေတနာက ဝေဒနာ ဖြစ်တယ်ဆိုတာ ဒါမျိုးလား”

“စိတ်မပျက်ပါနဲ့ သမီးရာ၊ ပုဂံရောက်တော့လည်း ကလေးတွေဟာ ကိုယ့်အားကိုယ်ကိုး ဈေးရောင်းကြ၊ အင်္ဂလိပ်စကား ကြိုး စားသင်ပြီး အလုပ်လုပ်နေကြတာ တွေ့ခဲ့တာပဲ၊ ဒီနယ်သားတွေညံ့တာ မဟုတ်ပါဘူး၊ မြင်ကွင်းတစ်ခု အကျည်းတန်တဲ့အပေါ် နာကျင်ရတာပါပဲ”

“နေပါဦး ဦးဦးရ၊ ဒါနဆိုတာ ကောင်းတာပဲမဟုတ်လား၊ ဘယ်လိုဖြစ်ပြီး ၀မ်းနည်းစရာ ဖြစ်သွားရတာလဲ”

“ဒါန ပြုပုံပြုနည်း လိုတယ်လို့ပဲ ပြောပါ တော့ကွာ”

“သားမြင်ယောင်လာတယ်၊ ကားပေါ်က ပစ်ချ ကြဲချသွားကြတာ၊ လုကြ၊ ပြေးကောက် ကြနဲ့၊ ကြာတော့ ...”


“စိတ်ချမ်းသာစရာများ မတွေ့ခဲ့ဖူးလား ပြောပြပါဦး”

“ရှိပါတယ်၊ မြင်းခြံရောက်တော့ စမ်းကျ ဆိုတဲ့ တောရကျောင်းကို ရောက်တယ်၊ တောရဆိုတဲ့အတိုင်း တကယ်သီးခြားပဲ၊ အနီးဆုံးရွာနဲ့ တစ်မိုင်ဝေးတယ်၊ မန်ကျည်းပင်ကြီးတွေနဲ့ အုံ့ဆိုင်းနေတာ၊ စမ်းချောင်းကြီးဆိုတာလည်း အကြီးကြီး၊ အကျယ်ကြီးကွ၊ သင်္ဂဇာဆရာတော် သမုတ်ခဲ့တဲ့ သိမ်တောင်ရှိသေး”

“ကြာလှပြီပေါ့၊ ရှေးဟောင်းကျောင်းကြီးပဲ”

“ဟုတ်တယ်၊ မြင်ကွန်း မြင်းခုံတိုင်အရေးဖြစ်တော့ သသင်္ဂဇာ ဆရာတော်ကြီးလည်း ဒီမှာလာ တောရဆောက်တည် သီတင်းသုံး ခဲ့တာ”

“အန္တရာယ်ရှိလို့လား”
“ဒီလိုတော့ ဟုတ်ဟန်မတူပါဘူး၊ ဒီအရေးနဲ့ မပတ်သက်ချင်လို့ ထင်ပါရဲ့၊ ထားပါတော့၊ ဦးဦးပြောချင်တာက အခု အဲဒီ ကျောင်းမှာ အဋ္ဌမတန်းအထိသင်နေတာ ကျောင်းသားတွေ ၅၆၇ ယောက်တောင် ရှိတယ်ကွ”

“အင်း၊ အနီးဆုံး ရွာကတောင် တစ်မိုင် ဝေးတယ်ဆို၊ ရွာကျောင်းလည်း မဟုတ်ဘဲနဲ့”
“ဒါကို ပြောချင်တာပေါ့၊ ထူးခြားလို့ အဝေး ကြီးက ရွာတွေတောင် ဒီမှာ တကူးတက လာထားကြတာ၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေ နဲ့ လာထားကြတယ်၊ လမ်းပိတ်တာမျိုးတော့ မဖြစ်ပါဘူးကွာ”

“ဘယ်လို ထူးခြားလို့လဲ ဦးဦး”

“သင်တဲ့ ဆရာတွေက ဦးပဉင်းတွေလည်း ပါ၊ ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိပေါ့၊ လိုရင်းပြောရရင် စာသင်ရတာ ပျော်နေတဲ့ ကလေးတွေပဲ တွေ့ခဲ့ရတယ်၊ ကစားချိန်မှာလည်း ကွင်းကျယ်ကြီးထဲ အရိပ်ကောင်းတွေအောက် တ၀ကြီး ဆော့ကြတာ”

“ကျူရှင်၊ ကျူရှင်ရော”

“အငမ်းမရ မေးတော့မယ်ဆိုတာ ထင်သား ပဲ၊ လိုကို မလိုတာပါဆို၊ ဒီကြားထဲ ထူးချွန်သူ တွေ ထွက်နေတာပဲ၊ ဒါမျိုးကျောင်းတွေ ၈ ကျောင်းလောက် ရှိတယ်၊ မြင်းခြံနယ် တစ်ဝိုက် က ပညာရေး အလေးထားသူတွေ ပျိုးထောင် ခဲ့တာကြာပြီ”

“ဘယ်လို သင်လို့ ပျော်စရာကောင်းပြီး အောင်မြင်ကြတာလဲဟင်”

“ဦးဦး တွေ့ခဲ့တာတော့ ကြိမ်လုံးမဆောင်၊ အာဂုံမဆောင်ဘူး၊ သင်ခန်းစာတစ်ခုကို ပထမ တစ်ခေါက် ဖတ်ပြတယ်၊ ပြီးတော့ စာအုပ်ပိတ် မှတ်မိသလောက် ပြန်ပြောခိုင်းတာပဲ”

“အလွတ်ရရောလား၊ တစ်ခေါက်တည်းနဲ့”

“လုပ်ပြန်ပြီ၊ အလွတ်ကျက်ခိုင်းတာ မဟုတ်ပါဘူးဆို၊ မှတ်မိသမျှပဲ ပြန်ပြောခိုင်းတာ၊ တစ်ယောက် တစ်ပိုင်းတစ်စပဲ မှတ်မိတာပေါ့”

“အဲဒီတော့”

“ဒီလိုကွ၊ မှတ်မိသမျှတွေ ပြန်ပြောတာ ကိုက မှတ်မိစေတာ၊ ဦးဦး သေချာကြည့်နေ တယ်၊ တစ်ယောက်ကပြန်ပြော၊ လိုတာ နောက် တစ်ယောက်က ဖြည့်၊ တစ်ယောက်ချင်းတော့ မပြည့်စုံဘူးပေါ့၊ ဒါပေမဲ့ အားလုံးပေါင်း လိုက် တော့ ရုပ်လုံးပေါ်လာတာပဲ၊ အရေးကြီးတဲ့အပိုင်း ကျန်ခဲ့ရင်သာ ဆရာက ထပ်ဖြည့်ပေးတာ”

“အဆင်ပြေရောလား၊ မှားနေရင်ရော”

“အေး၊ အဲဒါ အရေးကြီးတာပေါ့၊ မှားတာ တွေ ပါလာတာပဲ၊ ဒါပေမဲ့ ဆရာက မဆူဘူး၊ ၀ိုင်းလည်း မလှောင်ဘူး၊ ရယ်တော့ ရယ်ကြ တာပေါ့၊ မှားတဲ့သူကလည်း အရှက်ရ တာမျိုး မဟုတ်ဘဲ ၀ိုင်းပြင်ပေးကြတာကို မှတ်မှတ်ရရ ဖြစ်သွားတာ၊ မေ့ပါဆိုတာတောင် မမေ့တော့ဘူး”

“ပျော်စရာကြီးနော်”

“စာသင်တာ ပျော်စရာဆိုတာ ကောင်းတာ ပေါ့ကွ၊ စုပေါင်းအားနဲ့ ၀ိုင်းမှတ်ကြတာဆိုတော့ သူငယ်ချင်း အချင်းချင်းလည်း ချစ်ခင်ကြတယ်၊ တစ်ယောက်တည်း အော်ကျက် နေရတာထက် စာရင်”

“သူငယ်ချင်းတွေနဲ့ အတူတူ ပြန်ပြောရင်း မှတ်မိတာ ပိုကောင်းတာပေါ့၊ သမီးလည်း အဲဒီလို သင်ချင်လိုက်တာ”


“ပိုအားရစရာ ကောင်းတာက ကျောင်း စာကြည့်တိုက်ကွ၊ ဒီမှာ ဓာတ်ပုံရိုက်လာတာ ကြည့်”

“အိုး၊ အားရစရာကြီး၊ ဒီမှာ ကြမ်းပေါ် မှောက်ဖတ်နေတာတောင် ရှိသေး၊ လွတ်လပ် လိုက်တာနော်၊ စာအုပ်တွေလည်း အများကြီး”

“ဟုတ်တယ်၊ မြို့ကိုတက်တိုင်း ကလေး တွေအတွက် စာအုပ်အသစ်တွေ ၀ယ်ပေးဖို့ လူကြီးတွေက မမေ့ကြဘူး၊ ဘယ်မေ့မလဲ ကလေးတွေက ပူဆာတာ ဒီတစ်ခုပဲလေ၊ စာဖတ်ပြီး ကလေးတွေ တတ်သိနားလည် လာတာ လက်တွေ့ဖြစ်နေတော့ လူကြီးတွေက သိပ်အားရတာ၊ စာအုပ်သစ်တွေ မပြတ်အောင် အမြဲ ဂရုစိုက်နေတာ”

“စာဖတ်တဲ့သူက မဖတ်တဲ့သူထက် အမြဲ သာတယ်လို့ ဦးဦး ပြောဖူးတာ မှတ်မိတယ်၊ အဲဒီကျောင်းက ကလေးတွေအတွက်ရော မှန်နေတာပဲလား”

“သေချာတာပေါ့၊ သူတို့ဟာ ကျောင်းစာ တစ်ခုတည်း သိတယ်ဆိုတာမျိုး မဟုတ်ဘူး၊ ဘယ်ကိစ်္စဖြစ်ဖြစ် အခြေခံတော့ သိနေတာ၊ မဟုတ်တာ လုပ်ကြံထားတဲ့ သတင်းမျိုးဆိုရင် သူတို့ ရိပ်မိကြတယ်၊ လူကြီးတွေကတောင် တချို့ကိစ်္စတွေ သိချင်ရင် ကလေးတွေ ပြန်မေး ရလို့ အားကိုးနေရတာ၊ ဒီကျောင်းမှာက ကွန်ပျူတာ ၁၅ လုံး ရှိတယ်ကွ၊ သင်တန်းလည်း ပေးတယ်၊ အင်္ဂလိပ်စာလည်း အပိုသင်တန်း ရှိတယ်၊ ဘုန်းကြီးက သူသီတင်းသုံးဖို့ကျောင်း ကို ကွန်ပျူတာခန်းမ လုပ်ပေးထားတာ၊ သူက ဖြစ်သလိုပဲနေတယ်၊ ကလေးတွေ တိုးတက် ဖို့ပဲ စဉ်းစားလုပ်ပေးနေတာ”

“အားကစားရော”

“ရှိပါ့ဗျား၊ တင်းနစ် ကစားဖို့တောင် လုပ်ထားတယ်”

“စားပွဲတင် တင်းနစ်လား၊ ကောင်းတာပေါ့”

“မဟုတ်ဘူး၊ မြေပြင် တင်းနစ်ကွင်းကွ”

“အို ဟုတ်လား၊ တောမှာလေ”

“ဟုတ်တယ်၊ ဘောလုံးကွင်း ဘေးမှာ ထပ်ဆောက်တာ၊ တင်းနစ် အားကစားဟာ တောသားတွေနဲ့ မတန်ဘူးဆိုတာမျိုး မဖြစ်စေ ရဘူးတဲ့၊ ဆရာတော်က”

“အဲဒါ ဘယ်လို ပြောရမလဲ၊ သာဓုခေါ်ရ မလား၊ ဆရာတော်က တော်လိုက်တာလို့ ပြောရမလား သမီးကို သင်ပေးဦး”
“အမြော်အမြင် ရှိလိုက်တာလို့ ပြောနိုင် မယ်ထင်ပါရဲ့၊ ဒီလို အစကောင်းခြင်းမျိုးကတော့ အနှောင်း မခက်ဘူးလို့ ယုံပါတယ်ကွာ၊ ခုန ပြောတဲ့ ကျောင်း ၈ ကျောင်းထဲက ကျောင်းသူ လေး နှစ်ယောက် (သီရိမင်္ဂလာကျောင်းက ကျောင်းသူတွေဆိုရင် အာဆီယံအဆင့်တောင် ၀င်ပြိုင်နေပြီ)”

“အိုး၊ ဂုဏ်ယူစရာကြီးနော်”

#မင်းကိုနိုင်
ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၁၀ ဆောင်းပါး