ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်လူရေး ● သန္တလွင်ပြင်ကို မြင်ရောင်ခြင်း

မောင်လူရေး ● သန္တလွင်ပြင်ကို မြင်ရောင်ခြင်း
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇

ပုဂံကို ဒီတခေါက်ရောက်တာ ကိုယ်တယောက်ထဲဆိုတော့ အကြိုအကြား သွားချင်ရာ ဘုရား သွားဖြစ်တယ်။ ဟိုဘုရားဝင် ဒီဘုရားတက် အပျက်တွေကြားသွားတော့ ဆူးစူး ဆူးငြိ ဆူးလုံးကပ်ခံရ၊ တခါတခါ အပေါ့အပါးသွားချင်ပေမဲ့ အိမ်သာလေးများ မရှိတော့ အပေါ့ခြုံကြား အလေးအောင့်ထား။

ပုဂံမြင်ကွင်းတွေကလဲ တဆူပေါ်ကတမျိုး ရိုးဖို့ဝေးစွ၊ ကြည့်မဝ။ နေဝင်ချိန်တွေကလဲ နေရာပြောင်းတိုင်း အရောင်အဆင်း မြင်ကွင်းမတူလို့ ကြည့်သူတိုင်း ရင်ကြည် စာပီအောင်ဖွဲ့ဖို့လဲမလွယ် တချို့မယ် ဓာတ်ပုံတောင်မရိုက်ဘဲ မမှိတ်မသုန် အာရုံ ခံနေကြရဲ့။

မနက်အရုဏ်ကို မကြုံလိုက်ရတာလဲ ဆုံရှုံးမှုကြီးပလေ။ မိုးပျံပူဖောင်းကြီးတွေ မစီးနိုင်သေးတဲ့အတွက် ပုဂံ့အရသာကုံလုံပြီ လို့လဲ မဆိုနိုင်ပြန်။ ဒေါ်လာသုံးရာ၊ မြန်မာငွေ လေးသိန်းတန်ဆိုတော့ ဝေယံအာကာ အဇဋာရှုခင်း ရှောင်ကွင်းလက်လျော့ ပြန်ပေတော့ခဲ့ရ။ ကင်မရာကောင်းတလက်နဲ့မှလဲ ပုဂံက တန်မှာလေ။ မျက်စိနဲ့ဘဲ ရိုက်လိုက်တယ်။ ရင်ထဲသိမ်းထားတဲ့ ဂစ် ပေါင်းတော့ မနည်းဘူး။

ဟိုဘုရားကြား ဒီဘုရားကြားတိုးတော့မှ ခြုံနွယ်ပိတ်ပေါင်း များပြားထူထပ်ပုံကို သတိပြုမိ။ ဆူးတွေပေါတာကိုလည်း ပွဲ တွေ့သိ။ ဘုရားတဆူလုံး ဓာတ်ပုံမြင်ကွင်းထဲရောက်ဖို့ ဆူးကြားတိုးမှ၊ ဆူးကြားတိုးဖို့ကလဲ ဖိနပ်က ချွတ်ခဲ့ရ၊ ဖိနပ်ပါပေမဲ့ တိုးမရနေရာမျိုးတွေအများကြီး။

ပြီးတော့ နေပူကြီးထဲ အားကြိုးခနွဲလာ သော့ခလောက်ကြီးက ဆီးကြိုနေပါရော။ နိုင်ငံခြားကတောင် လာခဲ့ရသူတွေအတွက် ရက်စက်ရာတောင်ကျနေမလား။ တချို့ နိုင်ငံခြားသားတွေ ဖိနပ်ချွတ် ခြေအိပ်ချွတ် ဝင်မယ်လုပ်မှ သော့ခတ်ထားတာတွေ့။
ပုဂံဘုရားတိုင်းနီးပါး အပေါ်တက်ဖို့ လှေကားပါပေမဲ့ အများစုက ပိတ်ထားပါတယ်။ ပုဂံအရသာခံဖို့ မူလတည်သူပုဂံသား တွေရဲ့ရည်ရွယ်ချက်လည်း မထိခိုက်အောင် ဘုရားတွေလဲ မထိခိုက်အောင် သော့ဂလောက်အစား တခြားနည်းနဲ့ အစားထိုး စီမံရင် ကောင်းမှာဘဲ။

ပုဂံက မကောင်းခြောက်လ ကောင်းခြောက်လတဲ့။ ခရီးသွားအဆင်မပြေတဲ့လတွေရှိတယ်လေ။ နွေကျလည်း ပူလွန်းတာကိုး။ အဲဒီတော့ ပုဂံမှာ ပုံမှန်အလုပ်ဖြစ်ဖို့ မလွယ်ဘူးလေ။ ပုံမှန်ဘုရားဖူးပို့သူတွေဆိုရင် ထင်ရှားတဲ့ဘုရားလောက်သာ ပို့တတ်ကြ။ အဲဒီတော့ တခြားဘုရားတွေ လူပြတ် ခြုံထူ။ တည်းခိုစရာလွယ်လွယ်ကူကူနဲ့ အချိန်ယူ ဘုရားဖူးလေ့လာခွင့်ရရင် ပိုမြတ်နိုး ဖွယ်ကောင်းပြီး ဒေသလုပ်ငန်းတွေလဲ ဖွံ့ဖြိုးမယ်။

ပုဂံတနယ်လုံးဟာ ဘုရားတွေချည်းရှိပေမဲ့ အငြိမ်းဓာတ် အအေးဓာတ် အပြည့်မရ။ ဖုံထူထူ နေပူပူကိုး။ ကားတစီးဖြတ်သွားတိုင်း ဖုံလုံးကြီးတွေ။ ဘုရားဈေးသည်တယောက်ကို ဈေးဆစ်တော့ မစစ်ပါနဲ့တဲ့၊ ပြောရတာလဲ မောလွန်းလို့၊ ညနေ အိမ်ပြန်ရောက် ရင် ပါးစပ်ထဲက ဖုံက အခဲလိုက်ထွက်တယ်လို့ ပြန်ပြောတယ်။ ပထမတော့ အလွန်အကျွံပြောတယ်ထင်နေတာ။

ညပိုင်းမှာ ဘုရားကြီးတွေကို မော့ကြည့်ရင်း ပုဂံရဲ့သန္တထဲ ပူးဝင်ချင်မိတယ်။ နေပူပူထဲမှာ ဖူးမြင်ရှုမျှော်ရတာနဲ့ ညရောင်မှာ ခံစားရတဲ့အရသာက တခြားစီ။၊ ညပုဂံပုထိုးတွေရဲ့သမထရိပ်မှာ ဈာန်ဝင်စားချင်သူတွေ၊ ယောဂကျင့်လိုသူတွေ၊ တရားထိုင် လိုသူတွေရှိမှာပ။ နှလုံးစိတ်ဝမ်း အေးချမ်းကြည်လင်စွာနဲ့လေ။ လုံခြုံစိတ်ချစွာနဲ့လေ။

ကလေးတွေလဲ လူငယ်တွေလဲ ပုထိုးရင်ခွင်ထဲ မြက်ခင်းစိမ်းကမ္ဗလာထဲ လူးလှိမ့်ပျော်ပါး ကစားပြေးလွှား။
ဆောက်ထားတဲ့ရဲကင်းလေးတွေမှာလဲ ရဲအချိန်ပြည့်။
လမ်းတွေကလဲ ဖုံထစရာမရှိအောင်ခင်းထား ဘုရားတိုင်းကိုလဲ သွားလို့ရ။
ပုဂံဘုရားတွေလဲ မိးစလိုက်တွေနဲ့ ကောင်းကင်နက်ကြီးထဲ သမာဓိကြီးကြီး။
ဧရာဝတီရစ်ခွေထားတဲ့ပုဂံကြီးကို မြစ်ရေတွေဖျန်း ခြုံတွေအစား မြက်ခင်းစိမ်းအလန်းကြီးတွေဖုံးလွှမ်း။
မြက်ခင်းစိမ်းစိမ်းကြီးတွေပေါ် ပက်လက်လှဲပြီး ပုထိုးတော်ကြီးတွေ ချိပ်ဆွဲထားတဲ့ ကောင်းကင်ထဲပျော်ဝင်။
လူတွေ လူတွေ တိတ်ဆိတ်ငြိမ်သက် ပုဂံဝိညဉ်တွေကို ပွေ့ဖက်။
ပုဂံတခုလုံးလည်ပတ်ဖို့အတွက် ဝင်ကြေးတွေကောက်ခံ။
လုံခြုံရေး၊ သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ ထိမ်းသိမ်းရေး စတဲ့စတဲ့ဝန်ထမ်းတွေအများကြီး။
နယ်ခံတွေ ကိုယ့်ဘိုးဘွားဂုဏ်သိက္ခာတွေနဲ့ အလုပ်အကိုင်တွေ ဝေစည်လို့။
သာမောဖွယ် သန္တလွင်ပြင်ကြီးကို ပြန်လည်တည်ဆောက်ရင်း ပုဂံ့ဝိညာဉ်ကို ရှင်သန်စေပြီ။
ရှေးပုဂံသားတွေရဲ့ရင်ခွင်မှာ ခေတ်သစ်လူသားများ ဓာတ်ကူးခွင့် ပလပ်ထိုးခွင့်ရလေပြီ။

မောင်လူရေး