မောင်မောင်စိုး ● အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်း

မောင်မောင်စိုး ● အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်း
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

● ဆွေးနွေးပွဲများ
လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရားဝင်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနေပြီး တရားဝင်ဆွေးနွေးပွဲမှ ရရှိသောသဘောတူချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တဆင့်ပြီးတဆင့်တက်နေကြခြင်းဖြစ်ပေသည်။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သော တွေ့ဆုံဆွေး နွေးပွဲမှာ ရည်ရွယ်ချက် ၂ မျိုး ပုံစံနှစ်မျိုးရှိသည်ဟုဆိုရပါမည်။

တမျိုးမှာ NCA လက်မှတ်ထိုးပြီးသောအဖွဲ့ ၈ ဖွဲ့နှင့် ဆွေးနွေးခြင်းဖြစ်ပြီး ဒုတိယတမျိုးမှာ NCA လက်မှတ်မထိုးသေးသော အဖွဲ့များအား NCA လက်မှတ်ထိုးရေးဦးတည်ချက်နှင့် ဆွေးနွေးခြင်းဖြစ်သည်။ NCA လက်မှတ်ထိုးပြီးသော အဖွဲ့များနှင့် ပြု လုပ်သော ဆွေးနွေးပွဲများအား NCA စာချုပ်တွင်ပါဝင်သော အင်စတီကျူးရှင်းများဟုဆိုကြသည့် JICM ( Joint Implentation Coordination Meeting) တနိုင်ငံလုံးပစ်ခတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၊ UPDJC (Union PeaceDialouge Joint Committee ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ JMC (Joint Military Committee) အပစ်အခတ်ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ UPC (Union Peace Confrence) ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ စသည့်ကော်မတီများ အစည်းအဝေးများညီလာခံများ၌ ဆွေးနွေးကြသည်။ ဤတွေ့ဆုံဆွေးနွေးမှု အားလုံး သည် တရားဝင်ဖြစ်သည်။

NCA လက်မှတ်မထိုးသေးသည် အဖွဲ့များနှင့်ဆွေးနွေးသည့်ပုံစံမှာ နှစ်ဖက်ကိုယ်စားလည်များတွေ့ဆုံဆွေးနွေးကြသည့်ပုံစံ ဖြစ်သည်။ ထို့ပြင် NCA မထိုးသေးသည့် အဖွဲ့များအား သီးခြားစီဆွေးနွေးသည့်ပုံစံလည်းဖြစ်သည်။ UWSA နှင့် NDAA မိုင်းလားအဖွဲ့ နှစ်ဖွဲ့အား သီးခြားပုံစံဖြင့်လည်းကောင်း၊ UNFC အဖွဲ့ ၇ ဖွဲ့ကို သီးခြားပုံစံဖြင့်လည်းကောင်း၊ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့အားသီးခြားပုံစံဖြင့်လည်းကောင်း၊ NSCN (K) နာဂအဖွဲ့အား သီးခြားပုံစံဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ယခု ၂၀၁၆ နှစ်ကုန်ပိုင်း မြောက်ပိုင်းစစ်ပွဲဖြစ်ဖြစ်ပြီးနောက် နာဂမှအပ ကျန်အဖွဲ့များသည် ပို၍ စုစည်းဆက်စပ်ဆွေးနွေး လာကြသည်။ ထိုဆွေးနွေးမှုအားလုံးသည် အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲဆီသို့ တက်လှမ်းနိုင်ရန် ဆွေးနွေးကြခြင်းဖြစ်ပြီး NCA ထိုးပြီး အဖွဲ့များကဲ့သို့ တိကျသောပုံစံမရှိဘဲအခြေအနေနှင့် လိုက်လျောညီထွေဖြစ်သည့်ပုံစံနှင့် ဆွေးနွေးကြခြင်းဖြစ်ပါ
သည်။

လက်ရှိ NLD အစိုးရလက်ထက် NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့မှပြုလုပ်နေသည့် ဆွေးနွေးအားလုံးလိုလိုသည် တရားဝင်ဆွေးနွေးပွဲများဖြစ်ကြသည်။ ဆွေးနွေးပွဲတွင် ဆွေးနွေးကြသည့် အကြောင်းအရာအားလုံးသည်လည်းကောင်း သဘောတူ ညီချက်များ သည်လည်းကောင်း တရားဝင်ဖြစ်သည်။ တဖက်ကကြည့်လျင် အကြောင်းရာတခုကို လက်ခံသည် သို့မဟုတ် လက်မခံဆိုသည်ကတရားဝင်ဖြစ်သည်။ သို့ဖြစ်ရာ နှစ်ဖက် သဘောတူသောအကြောင်းအရာနှင့်ပတ်သက်၍ ပြဿနာမကြီး သော်လည်း နှစ်ဖက်ညှိနှိုင်း၍မရသည့်အကြောင်း အရာများ ရောက်သွားလျင် ရှေ့ဆက်ရန် ခက်ခဲသွားသည်ကို တွေ့ရ သည်။

ဤသိုသော အခြေအနေရောက်သွားလျင် လက်ရှိ NCA ထိုးပြီးသောအဖွဲ့များထက် NCA မထိုးရသေးသော အဖွဲ့များနှင့် ရှေ့ဆက်ရန် ခက်ခဲသွားတတ်သည်။ NCA ထိုးပြီးသောအဖွဲ့များနှင့်ပတ်သက်၍လည်း လက်ရှိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၌ အခြေခံအချက်များကိုသာ ဆွေးနွေးနေကြပေရာ အခက်အခဲမရှိသေးသော်လည်း ရှေ့ဆက်၍ ဖက်ဒရယ်အခြေခံမူတိကျသောပြည်နယ်များ၏အခွင့်အရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာပြဿနာကို ဆွေးနွေးကြလျင် ညှိနှိုင်း သဘောတူချက်မရ၍ ရှေ့ဆက်ရန် ခက်ခဲသည့် အခြေအနေမျိုး ကြုံတွေ့ရနိုင်ပါသည်။ ဤသို့သော အခြေအနေမျိုးအား မည်သို့ဖြေရှင်းကျော်လွှားကြမည်ကို စဉ်းစားသုံးသပ်ကြရန်လိုအပ်ပါသည်။

● တရားဝင်ဆွေးနွေးပွဲ၏ သဘောသဘာဝ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တရားဝင် ဆွေးနွေးပွဲများဆိုသည်မှာ နှစ်ဖက်သဘောတူနိုင်မည့်အချက်များကို ညှိနှိုင်းရယူ ခြင်း ဖြစ်သည်။
တရားဝင် မှတ်တမ်းမှတ်ရာဖြင့် မည်သည့်နေ့ရက်တွင် မည်သည့်အဖွဲ့အစည်းမှ မည်သူက မည်သို့ပြောသည်ဆိုခြင်းကို ပြုစုထားသည်ဖြစ်ရာ ပါဝင်ဆွေးနွေးသူအားလုံးသည် မိမိစကားမကျွံစေရန်အတွက် သတိကြီးစွာထား၍ ပြောဆိုကြသည်မှ ဓမ္မတာဖြစ်သည်။ ထို့ပြင်နှစ်ဖက်စလုံးက မိမိတို့အတွက် မူအဖြစ်သတ်မှတ်ထားသည်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လေ့ ရှိကြသည်။ မိမိမူအားထိခိုက်နိုင်သည်ဟုယူဆပါက လွယ်လွယ်နှင့် လျှော့မပေးနိုင်ကြချေ။ ဆိုရလျင် ဆွေးနွေးပွဲတွင်ပါဝင်သူအားလုံးသည် သက် တောင့်သက်သာမရှိကြပေ။ စိတ်တင်းကြပ်မှုရှိသည်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိဆွေးနွေးပွဲများတွင် တက်ရောက်ဆွေးနွေးနေကြသည့် သူအားလုံးသည် မိမိအထက်မှချပေးသည့် မူဝါဒပေါ်လစီများကိုအတိမ်းအစောင်းဖြစ်မည်ကို စိုးရိမ်စိတ်ရှိကြ၍ဖြစ်သည်။

လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ပဋိပက္ခဖြစ်နေသော ဖက်များက ထိပ်တိုက်တိုက်ရိုက်ဆွေးနွေးကြခြင်းဖြစ်သည်။ ကြားခံစေ့စပ်ညှိနှိုင်းပေးသူ မပါဝင်ပေ။ ဆိုလိုသည်မှာ နှစ်ဖက်လက်ခံနိုင်သည် သဘောတူညီချက်တခုကို စေ့စပ်ညှိနှိုင်းပေး သူမပါရှိပေ။ သို့ဖြစ်ရာ ညှိနှိုင်း၍ မရသည့်အချိန်ကာလသို့ရောက်လျင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကို ကြုံ ကြရတော့သည်။

လက်ရှိအချိန်တွင် ကြားမှ စေ့စပ်ညှိနှိုင်းပေးသူ (negotiator) ထားရှိရန်လည်း လက်ရှိအခြေအနေတွင် မလွယ်ကူလှပေ။ နှစ်ဖက်ယုံကြည်စိတ်ချသော ပြည်တွင်းမှ လူပုဂ္ဂိုလ်တယောက် သို့မဟုတ် အစုအဖွဲ့တခု ထားရှိရန်လည်း မဖြစ်နိုင် ပြည်ပ မှသူများ ထားရှိရန်လည်း ပြည်တွင်းရေးပြဿနာကို ပြည်ပမှအဝင်မခံနိုင်ဆိုသည့်မူအရ မဖြစ်နိုင်သည့်အခြေအနေဖြစ်သည်။ထို့သို့အခြေအနေအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လိပ်ခဲတင်းတင်းဖြစ်နေပြီး ရှေ့ဆက်မတိုးနိုင်သည့် အခြေအ နေမျိုးကြုံချိန်များကို ကျော်လွှားနိုင်ရန် "အလွတ်သဘောဆွေးနွေးပွဲများ" ကိုကျင်းပ၍ ဖြေရှင်းကျော်လွှားသင့်သည်ဟု သုံး သပ်ရပါသည်။

● အလွတ်သဘော ဆွေးနွေးပွဲများ
အလွတ်သဘောဆွေးနွေးပွဲဆိုသည်ကတော့ မှတ်တမ်းမဝင်ပါ။ ဆုံးဖြတ်ချက် သဘောတူညီချက်ထွက်ရန်လည်းမလိုပါ။ ပဋိပက္ခဖြစ်နေသောဖက်များ တွေ့ဆုံ၍ နှစ်ဖက်သဘောထားများကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေး၍ အမြင်ဖလှယ်ခြင်းဖြစ် ပါသည်။ ပြဿနာကို မည်သည့်ရှု ဒေါင့်က ချဉ်းကပ်ဖြေရှင်းပါက ဖြေရှင်းနိုင်မည်ကို ဦးစွာညှိနှိုင်း၍ ရနိုင်သည်။ တဖက် နှင့်တဖက် မိမိတို့သဘောထားကို လွတ်လပ်စွာဖလှယ်နိုင်သည်။ လူပုဂ္ဂိုလ်အရရင်းနှီးမှု တည်ဆောက်နိုင်သည်။ တယောက် နှင့်တယောက် တဖက်နှင့်တဖက် ပို၍နားလည်မှု ရနိုင်သည်။ ထိုမှတဆင့် တဖက်က မည်သည့်အချက်ကိုမည်သည့်အဆင့်ထိ လျှော့ပေးနိုင်သည်ကို တွက်ဆ၍ရနိုင်သကဲ့သို့ မိမိဖက်ကမည်သည့်အချက်ကို လျှော့ပေးပါက ညှိနှိုင်း၍ အဖြေထွက်နိုင် မည်ကို သဘောပေါက်နိုင်သည်။ ကြို တင်ညှိနှိုင်းမှုလည်းပြုလုပ်နိုင်သည်။

သို့ဖြစ်ရာ အလွတ်သဘောတွေ့ဆုံမှုများမှ ပထမရရှိနိုင်သည့် အကျိုးကျေးဇူးမှာ နှစ်ဖက်အဖွဲ့အစည်းမှ လူများ တဖက်နှင့် တဖက် နားလည်မှုတည်ဆောက်နိုင်ခြင်းဖြစ်သည်။ ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တွေ့ကြသူများသည် သူစိမ်းများဖြစ် သည်။ ထို့ပြင် လူမျိုးဓလေ့ထုံးတမ်းစဉ်လာမတူယုံကြည်ကိုးကွယ်မှု မတူ ဖြတ်သန်းကြီးပြင်းကြရသည့် ဘဝမတူကြသည့်အပြင် ထိုအခြေခံများပေါ်နေ၍ စဉ်းစားမှု များလည်း မတူကြပေ။ ထို့ပြင်နှစ်ပေါင်းများစွာ ပြင်းထန်စွာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြပြီး နားကျ ည်းဘွယ်ရာ အချိန်ကာလများစွာကို ကျော်ဖြတ်ခဲ့ကြသူများဖြစ်သည်။

ယခုဆွေးနွေးနေကြသည်မှာ သာမန်ကုန်သွယ်မှု သဘောတူမှု တခုရယူကြသည်မဟုတ်သကဲ့သို့ တနိုင်ငံနှင့်တနိုင်ငံ သ ဘောတူညီမှုတခု ဆွေးနွေးရယူခြင်းမျိုးလည်းမဟုတ်ပေ။ နှစ်ပေါင်းများစွာ အသေအကြေတိုက်ခိုက်လာခဲ့ကြသူများ ငြိမ်း ချမ်းစွာအတူတကွနေထိုင်ကြရန် နည်းလမ်းရှာနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အတူတကွနေထိုင်နိုင်ကြရန်အတွက် တဖက်နှင့် တဖက်နားလည်မှု ရှိကြရန်လိုသည်။ ထိုသို့အခြေအနေများရောက်ရန် အလွတ်သဘော တွေ့ဆုံမှုများ များစွာပြု လုပ်ကြရန် လိုအပ်သည်။ အလွတ်သဘောတွေ့ဆုံခြင်း အလွတ်သဘောစကားဝိုင်းများဖန်တီးခြင်း အတူတကွစားသောက်ခြင်း စသည် တို့ဖြင့် တဖက်နှင့်နားလည်မှုကို ပိုမိုတည်ဆောက်နိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်သည်။ တဖက်နှင့်တဖက် အပြန်အ လှန်လေးစားမှုကိုလည်း တည်ဆောက်သွားနိုင်ပါမည်။

အလွတ်သဘောတွေ့ဆုံခြင်းများမှ ဒုတိယ ရရှိနိုင်သည့်အကျိုးကျေးဇူးမှာ တဖက်က ကိုင်စွဲထားမူဝါဒ စဉ်းစားချ ဉ်းကပ်ပုံ လိုချင်သည့်ရည်မှန်းချက်များကို သိရှိနိုင်မည်ဖြစ်ပြီး မည်သည့်အချက်ကို ကိုင်စွဲနိုင်ပါက ပြဿနာကိုဖြေရှင်းနိုင်မည်ဆိုသည်ကို နှစ်ဖက်စလုံးသဘောပေါက်နိုင်သည်။ ထို့ပြင်တရားဝင်ဆွေးနွေးပွဲများမတိုင်မှီ သဘောတူနိုင်သည့်အချက်များကို ကြို တင်ညှိနှိုင်း၍လည်း ရရှိထားနိုင်ပါသည်။ ထို့ပြင် ပြဿနာပိုမိုကြီးထွားမလာနိုင်စေရန် မည်သို့ရှောင်ကွင်းကျော်လွှားရမည်ကို အလွတ်သဘော အဖြေရှာနိုင်မည်ဖြစ်သည်။

တကယ်တမ်းဆိုလျင် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံခြင်းသည် အလွတ်သဘောတွေ့ဆုံခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုသို့အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းမျိုးမတွေ့ရတော့ပေ။ ထိပ်ပိုင်းခေါင်းဆောင်များသာမက အလယ်အလတ်ပိုင်းခေါင်းဆောင်များ အဓိက ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို တာဝန်ယူထားသည့် တာဝန်ရှိသူများ အလွတ်သဘော မကြာခဏ လစဉ်လိုလို တွေ့ဆုံရန် စီစဉ်ခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်လာတတ်သည့် အကြပ်အတည်းကို ကျော်လွှားရန် သင့်ပေသည်။

ပြီးခဲ့သော သမတဟောင်းဦးသိန်းစိန်လက်ထက် MPC ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တရားဝင်ဆွေးနွေးပွဲ ၈ ကြိမ် ရှိခဲ့သကဲ့သို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု အကြိမ် ၄၀ ခန့်ရှိသည်ဟုသိရှိရသည်။ ယခင်ငြိမ်းချမ်းလုပ်ငန်းစဉ်အတွေ့အကြုံများထဲမှ သင့်တော်သည့်အချက်များကိုသေချာစွာသုံးသပ်ပြီး ဆက်လက်သယ်ဆောင်သင့်သည်ဟု ယူဆပါသည်။

နှစ်ဖက်ကြားသို့ ကူးလူဆက်ဆံပြီး ညှိနှိုင်းပေးသူမရှိသည့် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲအကြပ်အတည်းများကို အလွတ် သဘောတွေ့ဆုံပွဲများ မကြာခဏကျင်းပခြင်းကို ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ်ထည့်သွင်းဆောက်ရွက်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးပွဲများတွင် မကြာခဏတွေ့ကြုံရမည်ဖြစ်သည့် အကြပ်အတည်း များ ကို ကျော်လွှားနိုင်မည့် နည်းလမ်းတခုဟု သုံးသပ်ရပါသည်။

ပြီးပါပြီ
မောင်မောင်စိုး (Mg Mg Soe)