ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် ● ရွာက ဘူတာရုံ

ကိုသန်းလွင် ● ရွာက ဘူတာရုံ
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂ဝ၁၇

(၁)
ကျွန်တော်တို့မြို့သည် ရွှေဘိုမြို့၏မြောက်ဘက် ၁၄ မိုင်အကွာ မန္တလေး၊ မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိပါသည်။ မီးရထား ဆိုက်ကပ်ရပ်နားရာမြို့ဟု စွယ်စုံကျမ်းကဆိုသည်။ သို့သော် အဆိုပါမီးရထားသည် မြို့သူမြို့သားများ၏ ဘဝများ နှင့် မည်သို့ ဆက်စပ်ပတ်သက်နေသည်ကိုကား စွယ်စုံကျမ်းက ဖေါ်ပြနိုင်ခြင်းမရှိပေ။

(၂)
ကျွန်တော်တို့ မူလတန်းကျောင်းသားအရွယ်က ခင်ဦးမြို့သည် ရွာကြီးတရွာမျှသာ ဖြစ်ခဲ့ဟန်တူသည်။ အိမ်ခြေကလည်း တရာထက်မပိုနိုင်ပါ။ ကျွန်တော်တို့လမ်းထွက်လျှင် ကျွန်တော့်ကို ဘယ်သူဘယ်ဝါ၏သားဟု သိကြသကဲ့သို့  ကျွန်တော်က လည်း တွေ့သမျှလူတိုင်းကို နာမည်ခေါ်၍ နှုတ်ဆက်နိုင်ပါသည်။

မနက် ၁၁ နာရီတွင် မန္တလေးမှ ကောလင်းသို့သွားသော လော်ကယ်ရထားခင်ဦးဘူတာသို့ ဆိုက်ပါသည်။ ညနေ ၃ နာရီ ခွဲခန့်တွင်မူ ကောလင်းမှထွက်လာသော လော်ကယ်ရထား ခင်ဦးဘူတာသို့ ရောက်ပါသည်။ ထိုရထားနှစ်စီး ဆိုက်ရောက်ချိန် များသည် ဘူတာရုံမှာ လူစည်၍ တရွာလုံးအဖို့လည်း ထိုအချိန်သည် ရထားအဝင်အထွက် အလုပ်များကြသောအချိန်များဖြစ် ပါသည်။

ကျွန်တော်တို့သည် ကျောင်းဖွင့်၍ ကျောင်းတက်နေချိန်မှလွဲပြီး ကျောင်းပိတ်ထားသောရက်များတွင် ဘူတာရုံသို့ တနေ့တ ခေါက်၊ နှစ်ခေါက် မှန်မှန်ရောက်ကြပါသည်။ ဘူတာရုံသို့ ရထားဆိုက်ချိန်သည် လူရှုပ်သောအချိန် တွေဖြစ်ရာ အချင်းချင်းချိန်း ဆိုပြီး ရထားဆိုက်ချိန်မှာတွေ့ကြသလို ခရီးသွား၊ ခရီးပြန်တွေ အကြိုအပို့နှင့် ဘူတာသို့လာကြရသည်များလည်း ရှိပါသည်။ အထူးသဖြင့် ယောက်ျားလေးတွေ အလုပ်အကိုင်မရှိ အားလပ်နေကြပြီဆိုလျှင် ဘူတာရုံသို့သွားပြီး အချိန်ဖြုန်းလေ့ ရှိကြပါ သည်။

ဟိုတုန်းက ရေနွေးငွေ့ဖြင့်မောင်းသော အမဲရောင်ခေါင်းတွဲကြီးများဖြင့်ဆွဲသော မီးရထားမှာ ဂျုံးဂျုံးဂျက်ဂျက် အသံပေး၍ ဝင် လာလေ့ရှိသည်။ ရထားဥသြဆွဲသံကို တရွာလုံးကြားရသည်။ ရွှေဘိုဘက်မှ အဝင်တွင်လည်းကောင်း၊ ဇီးကုန်းဘက်သို့ အ ထွက်တွင်လည်းကောင်း၊ သံမောင်းတန်ကို အတင်အချလုပ်နိုင်သည့် အလံတိုင်နှစ်ခုရှိသည်။ အလံချိုးသည်ဆိုခြင်းမှာ ဘူ တာရုံသို့ ရထားဝင်လာနိုင်ပါသည်။ လမ်းရှင်းပါသည်ဟုဆိုလိုသည်။ ရုံပိုင်ကြီးရုံးခန်းဘေးတွင် ပတ်ဝိုင်း၍ မောင်းတန်ကြီးကို ဆွဲလှည့်လိုက်လျှင် အလံချိုးပြီးသားဖြစ်တော့သည်။ အလံတိုင် မောင်းတံအောက်သို့ စောင်းပေးထားလျှင် ရထားလမ်းရှင်း သည်ဟု ရထားမောင်းသူက သိသည်။

ရုံပိုင်ကအိပ်ပျာ်နေ၍လည်းကောင်း၊ ရွှေဘိုဘက်ကရထားထွက်သွားပြီဟု အကြောင်းမကြားလျှင်လည်းကောင်း၊ တွဲအရွှေ့ အပြောင်း ရှန်တိန်တွေလုပ်ရင်း ရထားလမ်းမရှင်းလျှင်လည်းကောင်း၊ အလံမချိုးထားပါ။ မီးရထားသည် အလံတိုင်သို့ မြင်နိုင် သော နေရာအရောက်တွင် ရပ်ပြီးစောင့်ရလေ့ရှိသည်။ မီးရထားဥသြဆွဲပြီး လမ်းတောင်းသလို ရေနွေးငွေ့မှုတ်သံ ရှုးရှုး ရှဲရှဲ ကိုလည်း ကြားကြရသည်။ ရထားကြီးငိုနေပြီဟု ကျွန်တော်တို့အချင်းချင်း ပြောကြသည်။

ထိုမီးရထားစနစ်သည် ဘယ်အချိန်ကစခဲ့သည်မသိ၊ အင်္ဂလိပ်အစိုးရမင်းများက သူတို့ဆီတွင် မီးရထားလမ်းတွေဖောက်ပြီး စက်မှုတော်လှန်ရေးကြီး ဖြစ်ပွားအောင် ဆောင်ကျဉ်းခဲ့သလို မြန်မာပြည်ကြီး စက်မှုနှင့်စီးပွားရေးလုပ်ငန်းများ တိုးတက် စေ ရန် မီးရထားတွေကို ဆောင်ယူခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့၏ဘဝများသည် ထိုမီးရထားများကြောင့်ပင် ပို၍တိုး တက်ခဲ့ကြပါလိမ့်မည်။

ကနဦးက ကျွန်တော်တို့မြို့မှာ အလယ်တန်းအထိသာ စာသင်ကျောင်းရှိခဲ့သည်။ နောက်တန်းမြင့်ကျောင်းထွက်ခေါ် ကိုး တန်းအထိရှိခဲ့သည်။ တခါ ဆယ်တန်းကို ကျောင်းမှာသင်ပြန်တော့လည်း စာစစ်ဌာနက ခင်ဦးမှာမရှိ၊ ဆယ်တန်းဖြေရန် ရွှေဘိုသို့ သွားကြရသည်။ မြို့မှကလေးသူငယ်များသည် လူ့လောကကြီးထဲသို့တိုးဝင်ရန်အတွက် မြို့မှထွက်ခွာ ကြရပြီဆို လျှင် မီးရထားဖြင့်သာ ခရီးသွားရလေသည်။

အလောင်းမင်းတရားကြီးလက်ထက်ဆီက ရွှေဘိုမြို့တော်အနီးတွင် မဟာနန္ဒာကန်တော်ကိုတူးခါ ထိုကန်ထဲသို့ ရေဝင်စေရန် အတွက် မူးမြစ်မှ မဟာနန္ဒာကန်အရောက်ရေစီးတူးမြောင်းတခု တူးဖေါ်ခဲ့ပါသည်။ ထိုတူးမြောင်း သည်ခင်ဦးမြို့ အရှေ့ဘက် မှဖြတ်သွားပြီး မြောင်းဘောင်တလျှောက် ရာသီဥတုကောင်းလျှင် ကားမောင်းနိုင်သော မြေဖို့လမ်းရှိသည်။ နှစ်တွေသာကြာ၊ ခေတ်တွေသာပြောင်းလဲလာသည့်တိုင် အကြောင်းတစုံတရာကြောင့် ထိုလမ်းမှာ ကတ္တရာလမ်းဖြစ်မလာချေ၊ ကတ္တရာ လမ်းခင်း၍ မြေနိမ့်လျှင် ရေကျော်လိမ့်မည်ဟုစိုးရိမ်သောကြောင့် အစိုးရအဆက်ဆက်က ဤမြေလမ်းကို ကတ္တရာလမ်းမခင်းခဲ့ ဟု ယူဆကြ၏၊၊ ကမ္ဘာအနှံ့ရေမြောင်းတွေ ဘေးတွင် ဖြူးနေအောင် ဖောက်ထားသော ကားလမ်းတွေကို မြင်ဖူးနေသောကြောင့် ထိုအကြောင်းပြချက်သည် ယုတ္တိမတန်သော်လည်း ကျွန်တော်တို့ မငြင်းသာခဲ့ကြပါ။

ထို ၁၄ မိုင်ဝေးသောလမ်းကို ဟိုတုန်းက ကားတွေက တနာရီကျော်ကြာအောင်မောင်းရသည်။ ကားပေါ်ကဆင်းလျှင် ခေါင်း တခုလုံး ဖြူဖွေးနေအောင် ဖုံတွေတင်သဖြင့် မျောက်ဖြူတွေဖြစ်ကုန်ကြသည်ဟု ပြောစမှတ်ပြုကြသည်။ ထိုခရီးကို မသွားမှီ နှစ်ညသုံးညအိပ် စဉ်းစားကြရသလို၊ ခရီးတခါသွားပြီးလျှင်လည်း လေးငါးရက် အပမ်းဖြေမဆုံးဖြစ်ကြရသည်။ ထို့ကြောင့် တရွာလုံးက မီးရထားဘူတာရုံကို အားကိုးကြသည်မှာ မဆန်းပါ။

ရွှေဘိုဘက်ကလာသောရထားသည် ခင်ဦးနှင့် (၇) မိုင်အကွာ မြင်ကသာမှလည်းကောင်း၊ မြောက်ဘက်ကလာ သောရထား သည် မဒေါင်းလှမှလည်းကောင်း ထွက်လာလျှင် ဘူတာရုံက သံချောင်းခေါက်သည်။ အရပ်အခေါ်က ဂလိုင်ကျသည်ဟု ခေါ်သည်။ “ဂလိုင်ကျပြီ ဘူတာကို မသွားသေးဘူးလား” ဆိုသော ခေါ်သံမှာ နားမှာယဉ်ပါးနေကြသည်။

ရထားဆိုက်ပြီး မရှေးမနှောင်းတွင် “ဘယ်သူဘယ်ဝါရေ မင်းအကိုလာတယ်ဟေ့၊ ဘူတာမှာတွေ့ခဲ့တယ်” ဟုအော်ပြီး သ တင်းပေးသွားကြသည်။ အမေသည် သားသမီးတွေ တက္ကသိုလ်ကျောင်းပိတ်ပြန်လာတိုင်း ထိုသတင်းပေးသူများကြောင့် လမ်းထိပ်ကိုထွက်ပြီး ပြန်လာသူကို မျှော်ရသည်မှာ အကြိမ်ကြိမ်ဖြစ်ပါသည်။ ထို အကို၊ အမတို့သည် ဘူတာရုံမှာတွေ့သမျှလူ၏ စက်ဘီးပေါ်တွင် အထုပ်တွေတင်ခါ ပြန်လာတတ်ကြသည်။

တခါက မြင်းလှည်းတစီး အငှားလိုက်ရန် စီစဉ်ခဲ့ဘူးရာ အငှားလိုက်သူမရှိသဖြင့် လက်လျှော့သွားရဘူးသည်။ ဘူတာရုံသို့သွား ရန် ကျွန်တော်တို့ စက်ဘီးဖြင့် အကြုံလိုက်သူရှိသလို၊ ဘူတာရုံမှအထွက် သူတို့အိမ်တွေသို့ လည်း အကြိမ်ကြိမ်လိုက်ပို့ခဲ့ရ ဘူးသည်။

(၃)
ဒီဇယ်စက်ခေါင်းဖြင့် မီးရထားတွေ စဆွဲသောနေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိပါသည်။ သတင်းက ၁ဝ ရက် ၁၅ ရက်ကြို၍ ပြေးနေသည်။ ဘယ်နေ့မှာ ဒီဇယ်ခေါင်းတွေလာမှာတဲ့ ဟုပြောနေကြသည်။ အမေရိကန်ပြည်ရှိ ဖလော်ရီဒါကမ်းခြေမှ လ ကမ္ဘာသို့သွားသော ဒုံးပျံကြီးတင်လွှတ်တာကို လူဘယ်နှစ်ယောက် လာကြည့်သည်ဟု ကျွန်တော်မသိပါ။ ခင်ဦးဘူတာသို့ ဒီဇယ် စက်ခေါင်းပဌမဆုံး ရောက်သည့်နေ့ကမူ ကျွန်တော်တို့ တရွာလုံး ဘူတာရုံသို့ အရောက်လာကြည့်ကြပါသည်။

လမ်းဘေးတဖက်တချက် လူတွေပြည့်နေပြီး ရှုးရှုးရှဲရှဲအသံမထွက် ငြိမ်သက်စွာ မောင်းနှင်လာသော ဒီဇယ်စက်ခေါင်းကို တအံတသြဝိုင်းပြီး ကြည့်ခဲ့ကြပါသည်။ ဥသြဆွဲသံက တပေါ်ပေါ်မည်နေရာ အမြင်နှင့်အကြားမှာ ထူးဆန်းနေသည်။

မီးရထားဝင်လာသည်နှင့် ဘူတာရုံပိုင်က ရှေ့ဆက်ခရီးထွက်ရန် လမ်းရှင်းကြောင်းကို အသိပေးရန် ကြိမ်ဝင်း အဝိုင်းကြီးမှာ လိုင်းဂီယာစာရွက်ဟု ကျွန်တော်တို့ခေါ်ကြသည့် Line Clear စာရွက်ကိုညှပ်ခါ ဘူတာရုံတွင်း မောင်းဝင်လာသည့်ရထား စက်ခေါင်းဗိုလ်ကို ပေးကြရပါသည်။ ရထားမောင်းနေသဖြင့် အောက်ကပေးသော ကြိမ်အဝိုင်းကြီးကို လက်မောင်းဖြင့် ထိုးခံ ၍ လိုင်းဂီယာစာရွက်ကို ယူရလေ့ရှိပါသည်။ ထိုနေ့က လိုင်းဂီယာ ကြိမ်ဝိုင်းခွေမှာ သပြေပန်းတွေဝေနေအောင် ထိုးထားတာ ကို ကျွန်တော်သတိရမိပါသည်။
ထိုနေ့ကရထားကို နာရီဝက်ကျော်ကြာအောင် ရပ်ပေးသည်။ စက်ဗိုလ်ကဝိုင်းနေသောကလေးများကိုခေါ်သောကြောင့် ခေါင်းတွဲ အသစ်စက်စက်ကြီးပေါ်သို့ ကျွန်တော်တို့တက်ကြည့်ခဲ့ကြပါသည်။ ရထားမောင်းသော လီဘာတံ၊ ဥသြဆွဲရာ စက်ခလုပ်၊ ပြောင်လက်၍ အသစ်ချပ်ချွတ်ဖြစ်နေသော မှန်မီတာအဝိုင်းများမှာ ကြည့်ရှု၍ မဝ အားကျစရာတွေ အများကြီး ဖြစ်ပါ၏။

“မစ္စစီပီမြစ်ပေါ်မှဘဝ” စာအုပ်တွင် မတ်တွိုင်းက မြစ်ထဲမှတနေ့တကြိမ်လာနေကျ မီးသဘောင်္ကြီးကိုကြည့်ခါ သူတို့ကြီး လာလျှင် သဘောင်္ကပ္ပတိန်ဖြစ်လိုကြသောစိတ် ဖြစ်ပေါ်မိသည်ဟုရေးတာကို အမှတ်ရလိုက်မိသည်။ ကျွန်တော့်သူငယ် ချင်း လေးငါးယောက်မှာ ထိုနေ့က မီးရထားစက်ခေါင်းဗိုလ်ကြီးကိုအားကျခါ ကြီးလာလျှင် မီးရထားမောင်းသူအလုပ်ကို လုပ် လိုကြောင်းပြောခဲ့ကြပါသည်။

တောရွာသဘာဝ ရွာသို့ဆပ်ကပ်ပွဲရောက်လာလျှင် ဆပ်ကပ်ထဲကလူပျက်တွေ၏ ဘဝမျိုးဖြစ်ချင်ခဲ့ကြသည်။ မြင်းကိုနှင်သော ကြာပွတ်သံမှ တဖြောင်းဖြောင်းထနေသည်ကိုကြည့်ခါ ဆပ်ကပ်ပွဲပြီးသွားလျှင် ကျွန်တော်တို့၏ အိမ်လုပ်ကြာပွတ များဖြင့် တဖြောင်းဖြောင်းမြည်အောင် ကစားခဲ့ကြသည်။

ဆိုခဲ့သလိုမီးရထားဘူတာရုံသည် ကျွန်တောတို့၏ ဘဝတစိတ်တပိုင်းလိုဖြစ်ခဲ့ရာမှ တက္ကသိုလ်သို့သွားရန် ဖြစ်လာသောအခါ အမေ့အိမ်၊ ကျွန်တော်တို့ ဆော့ကစားကြီးပြင်းခဲ့ကြရာ ရွာနှင့်အတူ ဘူတာရုံကလေးကိုပါ ခွဲခဲ့ရပါသည်။ ကျောင်းတက်ရမှာ မို့လည်းကောင်း၊ အလုပ်ဝင်တော့မှာမို့လည်းကောင်း အလွန်ချစ်သောမိခင်ကြီးကို နှုတ်ဆက် ခွဲခွာခဲ့ရာနေရာမှာ ဤဘူတာ လေးမှာပင်ဖြစ်ခဲ့ပါသည်။

ထိုအချိန်က အုပ်ကြွပ်မိုး၊ အုတ်တက်ဘူတာရုံကလေးဘေးမှာ ဘာအဆောက်အဦးမှမရှိသေး၊ ရထားစီးခရီးသည်တွေ ရထားစောင့်ရန် ဘူတာရုံဘေးတွင် အလေ့ကျပေါက်နေသော ကုက္ကိုပင်ကြီးတွေအောက်မှာသာ ဖြစ်သလိုထိုင်ကြရသည်။ ကျွန်တော်သည် အမေနှင့်အတူလိုက်ပို့ကြသော မိတ်ဆွေများကို ရထားပေါ်မှ ဝမ်းပန်းတနည်း မြင်နေရသည်။ မျက်နှာချင်း ဆိုင်လိုသော်လည်း အမေက ကျွန်တော့်ကိုမကြည့်ပါ မျက်နှာလွဲနေရှာသည်။ ထိုရုပ်ပုံများမှာ အခုအချိန်အထိ ခပ်မှိုင်းမှိုင်း၊ ရထားထွက်ရန် နောက်တွဲမှ ဂါတ်ဗိုလ်ကြီးမှ အလံစိမ်းကိုဝှေ့ရမ်းပြနေသည်ကိုမြင်တော့ စိတ်မထိန်းနိုင်အောင်ဖြစ်ခဲ့ရဘူး သည်။

(၄)
ကျွန်တော်သည် အနည်းဆုံးအနှစ် ၄ဝ ကြာပြီးမှ ရွာမှ ဘူတာရုံသို့ ရောက်ဖြစ်ရပါတော့သည်။ မြို့မှာလည်း လူတွေများပြီး လူချမ်းသာတွေ ပေါများလာပါသည်။ လ္ဘက်ရည်ဆိုင်ကိုဝင်ထိုင်ကြည့်တော့ အသိဟူ၍ တယောက်မှမတွေ့၊ နှုတ်ဆက်မည့် လူပင်မရှိ၊ သဖန်းဆိပ်ဆည်ကြီးပြီးသွားသောအခါ မြို့အရှေ့ဘက်က တူးမြောင်းမှာ တနှစ်ပတ်လုံး ရေကမပြတ်တော့၊ မဟာ နန္ဒာကန်တော်ကြီးမှာ ၉၉ ခုသောချောင်းများမှ ရေစီးဝင်သည်ဟု စာကဆိုသော်လည်း ခင်ဦးမူးမှာ ရေစစီးသောအခါမှသာ ၁၂ ရာသီရေမပြတ်သော ကန်ကြီးဖြစ်လာပါသည်။ ရွှေဘိုမြို့ကို လက္မ ၂ဝ ပိုက်ကြီးများဖြင့် ရေပေးနေနိုင်ပေပြီ။

ထိုကန်တော်ကြီးမှာ ရေတွေဖွေးနေသလို ယခင်ကမိုးကိုသာမျှော်၍ စိုက်ခဲ့ကြရသော သံလမ်းအရှေ့ဘက်က မိုးကောင်း တောမှာ ဆည်ရေသောက်လယ်တွေဖြစ်ကုန်ကြသည်။ ကောက်ပဲသီးနှံတွေဖြစ်ထွန်းလိုက်ကြသည်မှာ တမြို့လုံးဆိုင်ကယ် တွေ တဝီးဝီး စီးနေကြသလို ကုန်သည်ကြီးတွေမှာ ကားပိုင်၊ စက်ပိုင်တွေပင်ဖြစ်ကုန်ကြပြီ။

သို့ပါသော်လည်း ကျွန်တော်တို့ဘူတာရုံလေးမှာ ဘာမှထူးထူးခြားခြား ပြောင်းလဲမလာပါ။ အင်္ဂတေတွေကွာနေသော နံရံမှာ အခုအထိ အင်္ဂတေတွေကွာတုန်း၊ ခင်ဦးမြို့ဟု ဆိုင်းဘုတ်တင်သည့် သစ်သားဖြူဖြူမှာ ယခင်အတိုင်း၊ ဘူတာရုံရှေ့မှာ သွပ် မိုးထားသောရုံတခုသာ အသစ်တိုးလာသည်။ အမှိုက်တွေပွယောင်းနေသည်မှာ ယခင်ကအတိုင်း၊ ကျွန်တော်တို့ ရထား စောင့်ရင်း ထိုင်ခဲ့ကြသော ကုက္ကိုပင်များကားမရှိတော့ပြီ၊ ရထားပိုင်မြေမှာ ဘယ်လိုနားလည်မှုနှင့် ဆောက်ထားကြသည် မသိသော တိုးချဲ့အိမ်ယာများနှင့် ဘူတာပလက်ဖောင်းဘေးအထိ လူနေအိမ်တွေဖြစ်နေကြပေပြီ၊။

ကျွန်တော်သည် ဘူတာရုံအဝင်မှာ ရထားပျက်နေသောကြောင့် အရပ်ထဲမှာလျှောက်ပြီး အလှူခံ၊ ခရီးသည်တွေကို ထမင်း ထုပ်ဝေပေးခဲ့ကြတာကို အမှတ်ရမိသည်။ ရသမျှရေအိုးတွင် ရေထည့်ခါ ရေကုသိုလ်လုပ်ခဲ့ကြသည်။ ရထားအတက်မှာ တံခါးကိုပိတ်ပြီးစီးကြသောကြောင့် ဖွင့်ထားသောပြူတင်းပေါက်မှ ခရီးသည်များကို မေတ္တာရပ်ခါ သူငယ်ချင်းကို ရထားပေါ် အရောက် တွန်းတင်ပေးကြရတာကို သတိရလာသည်။ ခရီးသည်အချင်းချင်းစာနာတတ်ကြသော မြန်မာ့ဓလေ့ကြောင့်သာ ခင်ဦးလိုကြားဘူတာမှ ခရီးသည်တွေ ရထားစီးနိုင်ကြခြင်းဖြစ်ပါသည်။ တခါကလည်း ကျွန်တေ့်ဆရာတယောက် အလုပ်မှ ထွက်ပြီးဆန်ကုန်သည်လုပ်ရာ သူ့ဆန်အိတ်ရထားပေါ်ရောက်စေရန် ကျွန်တော်ကျောပေါ်မှာ တင်ပိုးပေးလိုက်ရဘူးသည်။

ခင်ဦးသည်ကြားဘူတာဖြစ်သောကြောင့် မန္တလေးမြစ်ကြီးနား အမြန်ရထားက မရပ်ပါ။ ကျွန်တော်တို့သည် စက်ခေါင်းဗိုလ်ကို လက်ဆောင်တွေပေးခါ ရထားကို ဘူတာအဝင်မှာနှေးပေးဘို့ မေတ္တာရပ်ကြရသည်။ ရထားအရှိန်လျှော့သွားမှ အထုပ် အပိုးတွေ ပြစ်ချပြီး ခုန်ဆင်း၊ ခုန်တက် လုပ်ကြရသည်။
  
အိန္ဒိယပြည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး မီးရထား နက်ဝပ်ကြီးရှိသည်။ သန်းတထောင်ကျော်မျှသော ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ပေးနိုင်စွမ်းရှိသည်။ တရုတ်ပြည်တွင် ဘောလုံးကွင်း တကွင်းစာလောက်ကြီးသော မီးရထားဘူတာရုံကို တွေ့ရဘူးသည်။ ရှန်ဟိုင်းလေဆိပ်မှအထွက်တွင် သံလိုက်အားကိုအသုံးပြု၍ သံလမ်းပေါ်မှာ ရှပ်ပြေးနေသော မဂ္ဂလက် (Maglev) ရထားကို မြင်ခဲ့ရသည်။ ကျည်ဆံရထားခေါ် ဂျပန်ပြည်မှ (Bullet Train) များမှာ စက္ကန့်ပိုင်းမျှ မလွဲရအောင် အချိန် မှန်တာကို ကြုံတွေ့ရဘူးပါသည်။ စင်ကာပူကရထားတွေမှာ မှန်လုံလေအေးစက်တွေ ဖွင့်ထားသောရထားများ ဖြစ်ပါသည်။ စားပွဲပေါ်တွင် လ္ဘက်ရည်ခွက်တင်ထားလျှင် ဖိတ်စင်မှုမရှိအောင် ငြင်သာသည်။ စက်မှုပညာတိုးတက်သည်နှင့်အတူ လူနေမှု အဆင့်အတန်းမှာ အံ့ခမန်း တိုးတက်နေကြပါသည်။

ရွာကဘူတာရုံမှာမူ ကျည်ဆံရထား၊ မဂ္ဂလက် ရထားတွေမြင်ရဘို့ ဝေးစွ၊ ရထားကားဟုခေါ်ကြသော ဟီးနိုးမော်တော် ကားကြီးကို ရထားဘီးတွေပေါ်တွင် တင်ပေးထားသည့် အရုပ်ဆိုးလှစွာသော စက်ယန္တယားကြီးများကိုသာ တွေ့ရသည်။ ရထားအလုပ်သမားအချို့မှာ ပုလင်းထောင်ပြီး ပလက်ဖောင်းပေါ်တွင် ထမင်းဝိုင်းဖွဲ့ စားနေကြသည်။ ခွေးတအုပ်ကလည်း သူတို့နှင့်မနီးမဝေးက ပစ်ထားသောဖက်ရွက်တွေကို ဝိုင်းပြီး လုယက်စားသောက်နေကြသည်ကိုမြင်သည်။ သွတ်မိုးအရှိန် ကြောင့် ပူအိုက်နေသည်။ ထိုင်စရာခုံကိုရှာမတွေ့၊ အင်္ဂလိပ်အစိုးရက စက်မှုတော်လှန်ရေးကြီးကို မြန်မာပြည်မှာဖြစ်ပေါ် လာအောင် မီးရထားတွေယူလာခဲ့တာဟု ဆိုခဲ့ပါသည်။ ကျွန်တော်သည် တိုးတက်လာမည့်စက်မှုတော်လှန်ရေးဆိုတာကို မမြင်ဘဲ ဆုတ်ယုတ်မှုများကိုသာ မြင်နေရသည်ဟုထင်သည်။ တချိန်ထဲမှာပင် ဂလိုဘယ်လိုက်ဇေးရှင်းဟူ၍ တကမ္ဘာလုံး တိုးတက်ပြောင်းလဲလာချိန်တွင် အဘယ့်ကြောင့် ကျွန်တော်တို့တတွေ နောက်ကျကျန်ခဲ့ရပါသနည်းဆိုသောမေးခွန်းကို မေးနေမိသည်။

သူငယ်ချင်းတစု၏ ငယ်သောအရွယ် ပျိုမြစ်နုနယ်စဉ်က မီးရထားမောင်းသမားဖြစ်လိုသောဆန္ဒမှာ တက္ကသိုလ် ရောက်ပညာ သင်ရပြီဆိုသည်နှင့် လောကအသစ်ကိုတွေ့ခါ အမြင်တွေပြောင်းခဲ့ကြပါသည်။ သို့တိုင် တိုင်းပြည်အတွက်မဆိုထားဘိ၊ မိမိ ကြီးပြင်းခဲ့ရာမြို့ကလေးအတွက်ပင် ဘာကိုမှမလုပ်နိုင်ဘဲ အငြိမ်းစားရမည့်အရွယ်သို့ ရောက်လာခဲ့ကြသည်။ ကျွန်တော် နှင့်အတူ ကျွန်တော်သူငယ်ချင်းမြောက်များစွာတို့၏ဘဝများမှာလည်း ဘာကိုမှ စွမ်းစွမ်းတမံ မလုပ်နိုင်ကြဘဲ ပြီးဆုံးသွားခဲ့ကြ ပါသည်။ ခေတ်ပြောင်းတော်လှန်ရေးကြီးမှာ ကျွန်တော်တို့ ပါခွင့်မရကြ၊ မပါလိုက်ကြရပါ။

တိုင်းပြည်ထူထောင်ရေးအတွက် ပေါ်လစီရေးဆွဲကြသူများအဖို့ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်သမျှ လူငယ် လူရွယ်များ၏ အင်အားကို စနစ်တကျ အသုံးချနိုင်သောနည်းလမ်းများရှာရန်နှင့် လူငယ်တိုင်း တိုင်းပြည်အတွက် အလုပ်လုပ်နိုင်ခွင့်ရစေနိုင် သော ပေါ်လစီများကို ချမှတ်ကြရန်လိုပါသည်။

ကိုသန်းလွင်
(၂ဝ၁ရ ဇန္နဝါရီလထုတ် မဟေသီမဂ္ဂဇင်း)