တူမောင်ညို - စစ်အုပ်စုမျက်နှာကို မှန်လို အရိပ်လို တကြည့်ကြည့်လုပ်နေရတဲ့



တူမောင်ညို - စစ်အုပ်စုမျက်နှာကို မှန်လို အရိပ်လို တကြည့်ကြည့်လုပ်နေရတဲ့ 

စစ်အုပ်စု ငြိငြင်မှာကို စိုးထိတ်နေရတဲ့ နိုင်ငံရေးပါတီမျိုး မဖြစ်စေနဲ့ 
မိုးမခ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇

“၈၈ မျိုးဆက်များ” အပါအဝင် “ ၁၉၆၂ ခုနှစ်မှ ၂၀၀၇ အထိ နိုင်ငံရေး မျိုးဆက်တွေ” ပါဝင်တဲ့ နိုင်ငံရေးပါတီတစ်ခုကို တည် ထောင်ဖို့ ပြင်ဆင် စိုင်းပြင်းနေကြတယ်၊ ဖိုရမ်တွေလုပ်ပြီး ညှိနှိုင်းနေကြတယ် ဆိုတဲ့ သတင်းတွေကြားရ၊ ဖတ်ရပါတယ်။

ဒီသတင်းတွေ ကြားရ၊ ဖတ်ရပြီးတဲ့နောက် ပေါ်လာတဲ့ ထင်မြင်ချက်ကို တင်ပြလိုက်ပါတယ်။

၁၉၆၂ ကနေ ၂၀၁၇ အထိ ဆိုတဲ့ ဖြတ်သန်းသွားတဲ့ သမိုင်းကာလကို ပထမဆုံး စဉ်းစားမိပါတယ်။ နှစ်ကာလ အားဖြင့် ပြောရရင် ရာစုနှစ် ထက်ဝက်နီးပါးကာလကြီးဖြစ်ပါတယ်။ ဘယ်လိုအုပ်စိုးသူတွေ ဘယ်နည်းဘယ်ပုံနဲ့ အုပ်စိုးသွားခဲ့သလဲဆိုတဲ့ ဘက်က နေကြည့်မိတော့။ ဘယ်လိုပုံစံနဲ့အုပ်စိုးခဲ့၊ အုပ်စိုးခဲ့ အရင်းခံအုပ်စိုးသူဟာ မပြောင်းမလဲဘဲ စစ်အုပ်စုပဲ ဖြစ်မြဲဖြစ်နေတာကိုတွေ့ရှိရပါတယ်။

၁၉၆၂ ခုနှစ်ကို မှတ်တိုင်တစ်ခုအဖြစ်ထားပြီးပြောရရင် စစ်အုပ်စုဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကို ပြောင်တက်လာတဲ့ ကာလ ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အမည်အားဖြင့် သဏ္ဌာန်အားဖြင့် “တော်လှန်ရေးကောင်စီ” ဖြစ်ပြီး၊ ဒီစစ်အုပ်စုကို ဗိုလ်နေဝင်းက အမှူးပြုပါတယ်။ ၁၉၆၂ ကနေ ၁၉၇၄ ထိ “တော်လှန်ရေးကောင်စီ” က စိုးမိုးအုပ်ချုပ်ခဲ့တယ်။

စစ်အုပ်စုက ဒီနာမည်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ်တက်လာတဲ့အတွက် ပထမဦးစွာ “၁၉၄၇ အခြေခံဥပဒေ” ဖျက်သိမ်းပါတယ်။ ဒုတိယအားဖြင့် နိုင်ငံရေးအသွေးအရောင်မျိုးစုံနဲ့တည်ရှိနေတဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပစ်ပါတယ်။ တတိယအချက် တက္ကသိုလ် ကျောင်းသားတွေကို သတ်ဖြတ်ပြီး၊ သမိုင်းဝင် (တကသ) အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ဖြိုချခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ ဖျက်မရတဲ့ အမည်းစက်တွေ၊ ရာဇဝင်မှာ ထာဝစဉ်တွင်နေမယ့် ရာဇဝတ်မှုကြီးတွေဖြစ်ပါတယ်။

၁၉၇၄ ကနေ ၁၉၈၈ အထိကာလအပိုင်းအခြားက ဗိုလ်နေဝင်းစစ်အုပ်စုက (မဆလ)တပါတီအုပ်စိုးမှုသဏ္ဌာန်နဲ့ ဖိနှိပ် အုပ်စိုး ပါတယ်။ “၁၉၇၄ အခြေခံဥပဒေ” ကို ဗိုလ်နေဝင်းစစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲပြီးအတည်ပြုပါတယ်။ ထိုစဉ်က ရေပန်းစားနေတဲ့ “ဆိုရှယ်လစ်လှိုင်း” ကို တက်စီးပါတယ်။ တော်လှန်ရေးကောင်စီးဥက္ကဋ္ဌဗိုလ်နေဝင်းက (မဆလ) ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းကို ချောမွေ့စွာ အာဏာလွှဲပြောင်းပေးပါတယ်။ ၁၉၇၄ အခြေခံဥပဒေအရ (မဆလ) ပါတီ တစ်ခုတည်းသာ တည်ထောင်ခွင့်ရှိပါတယ်။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ (၂၆)နှစ်တာကာလ အတွင်းမှာ မြေပေါ်မှာ ဘယ်နိုင်ငံရေးပါတီမှ တရားဝင်တည်ထောင် ခွင့်မရှိပါ။ မြို့ပေါ်မှာ (မဆလ)၊ တောထဲမှာ (ဗကပ) လို့ ဆိုတဲ့ ခေတ်ပါ။ အဲဒီကာလအတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ဗိုလ်နေဝင်း စစ်အုပ်စု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အစီအရီပေါ်ခဲ့တယ်။ ၇ ရက်ဇူလိုင်၊ ၁၉၇၄- ၇၅- ၇၆၊ ၁၉၈၇ ငွေစက္ကူ စတဲ့ လှုပ်ရှားမှုတွေ စဉ်ဆက် မပြတ်ပေါ်ပေါက်ခဲ့ပြီးနောက် ၁၉၈၈ မှာ ဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ပေါက်လာတယ်။

“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” က (မဆလ) ပါတီအုပ်စိုးမှုနဲ့ ၁၉၇၄ အခြေခံဥပဒေကို တိုက်ဖျက်နိုင်ခဲ့တယ်။ နိုင်ငံရေး ပါတီတွေ တရားဝင်ဖွဲ့စည်းလာနိုင်ခဲ့တယ်။ ဗိုလ်နေဝင်းအမှူးပြုတဲ့ (မဆလ) စစ်အုပ်စုကို နိုင်ငံရေးကန့်လန့်ကာ နောက်ပို့ ပစ်နိုင်ခဲ့တယ်။ စစ်အုပ်စုက (နဝတ - နဖအ) ဆိုတဲ့ ပုံစံနဲ့ပွဲထွက်လာခဲ့ပြန်တယ်။ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းမှာ လူထုပါဝင်မှုအများဆုံးနဲ့အကြီးမားဆုံးလူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့အောင်သီး အောင်နှံ တွေကို မြင်သလောက်ဖော်ပြရရမယ်ဆိုရင် 

၁၉၇၄ အခြေခံဥပဒေဖျက်သိမ်းနိုင်ခဲ့တယ်။

(မဆလ) ပါတီကို ဖျက်သိမ်းပစ်နိုင်ခဲ့တယ်။

ဗိုလ်နေဝင်းနဲ့ (မဆလ)ထိပ်သီးတစုကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဖယ်ရှားနိုင်ခဲ့တယ်။

နိုင်ငံရေးပါတီတွေ တရားဝင်ဖွဲ့စည်းခွင့်ရရှိလာတယ်။ 

၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲခံနိုင်ခဲ့တယ်။

လူထုက သူတို့ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ကြတယ်။

ကျောင်းသားလူငယ်တွေ နိုင်ငံရေးနိုးကြားလာကြတယ်။

ဒီလို အောင်သီးအောင်နှံတွေကိုရရှိခဲ့ပေမယ့် စစ်အုပ်စုကတလက်ကိုင်  တပ်/ခါးပိုက်ဆောင်တပ် အဖြစ် ချုပ်ကိုင်ထားခြင်းခံရတဲ့ စစ်တပ်ကိုတော့ ပြောင်းလဲသွားအောင်မလုပ်နိုင်ခဲ့ကြဘူး။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက တပ်ထဲကို ကြီးကြီးမားမား ဂယက်ရိုက် ခဲ့ပေမယ့် တပ်ဟာ ပြည်သူလူထုဘက်/ဒီမိုကရေစီဘက်ကို ပြတ်ပြတ်သားသားမျက်နှာမူနိုင်ခြင်းတော့မရှိခဲ့ဘူး။ တပ်ဗိုလ် တပ်သားအချို့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကြတယ်။ တပ်နယ်တွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီကို မဲတွေ ပေး ခဲ့ကြတယ်။ စစ်အုပ်စုကတပ်ကို ဆက်ပြီး တလက်ကိုင်လုပ်ထားနိုင်ဆဲ/ ခါးပိုက်ဆောင်ထားနိုင်ဆဲဖြစ်တဲ့အတွက် အာဏာဟာ ပြည်သူ လူထုလက်ထဲကို ပြတ်သားရှင်းလင်းစွာရောက်ရှိမလာခဲ့ဘူး။

စစ်အုပ်စုဟာ သူတို့ကိုင်ထားနိုင်တဲ့အာဏာနဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို မိုက်မိုက်ကန်းကန်းချေမှုန်းပါတယ်။ လက်စားချေပွဲကြီးနွှဲပါတယ်။ (နဝတ)စစ်အစိုးရဟာ ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ အရေးတော်ပုံကြီးမှာပါဝင်ခဲ့ကြသူတွေ ဦးစီး ခဲ့ကြသူတွေကို အညှိုးတကြီးနဲ့ သွေးရူးသွေးတန်းလက်စားချေပါတယ်။ တစတစနဲ့၁၉၈၈အရေးတော်ပုံကြီးရဲ့အောင်သီးအောင်နှံတွေကို ရုပ်သိမ်းပစ်ဖို့လုပ်ပါတယ်။ နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းပစ်ပါတယ်။ နောက်ဆုံးမှာ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုပါ ဖျက်သိမ်းပစ်ခဲ့ပါ တယ်။

တစတစ အသာစီးရလာတဲ့ စစ်အုပ်စုဟာ “၂၀၀၈ အခြေခံဥပဒေ” ကို အသက်သွင်းပြီး၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတာ ကို ပွဲထုတ်လာပြန်တယ်။

၂၀၀၈ အခြေခံဥပဒေဟာ တကယ်တော့ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး”ကို လက်စားချေတာပါ။ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကို ထာဝစဉ်အနိုင်ယူထားနိုင်ဖို့ အကွက်ချပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ဒီလိုအနိုင်ယူထားနိုင်အောင် စိတ်ကြိုက်ပုဒ်မတွေကို ကွက်ပြည့်ထည့်သွင်းရေးထားတာပါ။ လူထုက ရွေးကောက်တင်မြှောက်သူတွေကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထား အောင် အကွက်ချပြီး ရေးထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ စစ်အုပ်စုက သဘောမတူဘဲ ပြင်မရအောင် ရေးထားတာပါ။ ပုဒ်မ ၅၉ (စ) ကတော့ ပုဂ္ဂိုလ်ရေး အညှိုးအာဃာတနဲ့ ထည့်သွင်းရေးဆွဲထားတာပါ။ ဒါ့အပြင် အခြားသော “တည်ဆဲဥပဒေ” ဆိုတာတွေရှိပါသေးတယ်။ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ဆိုတာကတော့ နိုင်ငံရေးပါတီတွေကို ချုပ်ကိုင်ထားတဲ့ မတရားတဲ့ဥပဒေတစ်ခုပါပဲ။

ဒါကြောင့် ၁၉၆၂ ကနေ ၂၀၁၇ အထိကာလအတွင်း ပေါ်လာရတဲ့ နိုင်ငံရေးပါတီတွေရဲ့ဘဝဟာ စစ်အုပ်စု လက်ခုပ်ထဲက ရေလိုဘဝမျိုးပဲ ဆိုတာတွေ့ရပါလိမ့်မယ်။ “နိုင်ငံရေးအာဏာ” ဆိုတာကလည်း စစ်အုပ်စုလက်ထဲက အခြား ဘယ်သူ့လက်ထဲကိုမှ ရောက်မသွားခဲ့သေးဘူး။ ဗိုလ်နေဝင်းစစ်အုပ်စုကနေ ဗိုလ်သန်းရွှေစစ်အုပ်စုလက်ထဲကိုတော့ လွှဲပြောင်းရောက်ရှိသွားပါတယ်။

၁၉၆၂ ကနေ ၁၉၈၈ ကာလအထိ နိုင်ငံရေးပါတီဖွဲ့စည်းခွင့် လုံးဝပိတ်ပင်ထားခဲ့ပြီး။ (မဆလ) တပါတီပဲ နိုင်ငံရေးလုပ်ခွင့်ရှိခဲ့ တယ်။ “ပါတီနိုင်ငံရေး - အမျိုးသားနိုင်ငံရေး” ဆိုပြီး စစ်အုပ်စုက ခွဲခြားတာမလုပ်ခဲ့ပါဘူး။

ပါတီနိုင်ငံရေးကို စစ်အုပ်စုက (မဆလ)နာမည်နဲ့ ကန်ထရိုက်ယူမောင်ပိုင်စီးထားတဲ့ကာလပေါ့။ ဒီအချိန်ကာလမှာ “အမျိုးသား နိုင်ငံရေး”ဆိုတဲ့အလုံးကို စစ်အုပ်စုကသူတို့ပါးစပ်ထဲမထည့်သေးဘဲ။ လက်ထဲဆုပ်ကိုင်ထားတုန်းဖြစ်ပါတယ်။ စစ်တပ်ဟာ (မဆလ)ပါတီ ကို အသက်ပေးကာကွယ်ခဲ့တာပေါ့။ ကာချုပ် မှန်သမျှ၊ ထောက်လှမ်းရေးညွန်ချုပ်မှန်သမျှ ဗိုလ်နေဝင်း ခန့်ခဲ့တာချည်း ဖြစ်ပါတယ်။ ခန့်ခဲ့ သမျှ ကာချုပ်တိုင်းဟာ ဗိုလ်နေဝင်းအပေါ် သစ္စာစောင့်သိခဲ့ကြသူတွေချည်းပဲဖြစ်ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်လာပြီး နိုင်ငံရေးပါတီတွေ မလွဲသာမရှောင်သာ ဖွဲ့ခွင့်ပေးရတဲ့ကာလရောက်တော့မှ “အမျိုးသားနိုင်ငံရေး” ဆိုတဲ့အလုံးကို စစ်အုပ်စုက သူတို့ပါးစပ်ထဲကနေ မထုတ်တော့ဘူး။ ကြံ့ဖွံ့အသင်းကို အမျိုးသားနိုင်ငံရေးလုပ်ဖို့ ကန်ထရိုက်ပေးခဲ့တယ်။

၂၀၀၈ အခြေခံဥပဒေ အသက်ဝင်လာတဲ့ အခုကာလမှာတော့ “အမျိုးသားနိုင်ငံရေး” ဆိုတာကို စစ်အုပ်စုက စစ်အုပ်စုက မူပိုင် အဖြစ်ပြန်ပြီး သိမ်းပိုက်ထားပါတယ်။ သင်္ကန်းဝတ်အချို့ကို “အမျိုးသားရေး”ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး လိုင်စင်ချပေးထားတယ်။ “ ပါတီနိုင်ငံရေး” လုပ်ဖို့ကိုတော့ ကြံ့ဖွံ့ပါတီကို လက်ခွဲပေးပြီး၊ လက်လွှဲထားပါတယ်။

၁၉၈၈ ကနေ ၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ ရက်နေ့ မတိုင်မီအထိ (၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ) ဒီချုပ်ပါတီရဲ့အနေ အထားကိုပဲကြည့်ပါ၊ ထန်းလျက်လုံးခွေးလျက်သလို လုံးပါးပါးအောင် စစ်အုပ်စုက လုပ်ခဲ့တာကို ဒီတိုင်းကြိတ်ခံခဲ့ရတယ် မဟုတ်လား။

ဒီတော့ ဖွဲ့စည်းမယ်ဆိုတဲ့ နိုင်ငံရေးပါတီဟာ စစ်အုပ်စုလက်ခုပ်ထဲက ရေလိုဘဝမှာနေကြမှာလား။ စစ်အုပ်စုအလိုကျ ဟိုခွက် ထဲကနေ ဒီခွက်ထဲပြောင်းထည့် ဟိုပုံစံ၊ ဒီနာမည်ပြောင်းနေရတဲ့ဘဝကိုပဲ အပြောင်းအလဲအဖြစ် ကျေနပ်နေကြရမှာလား၊ သာယာနေကြ ရမှာလား။

နိုင်ငံရေးပါတီဖွဲ့တာဟာ ဒီမိုကရေစီရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အဖက်ဖက်က နိမ့်ကျဆိုးဝါးလှတဲ့ အလုပ်သမားလယ်သမား ပြည်သူများရဲ့ဘဝမြှင့်တင်ပေးရေး ဆိုတဲ့ဦးတည်ချက်တွေကို ပြည်သူလူထု ကိုဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ ဒိုးဒိုးဒေါက်ဒေါက် ချီတက်လျှောက်လှမ်းဖို့ဖြစ်ပါတယ်။ ဒီလမ်းကို တကယ်တမ်းလျှောက်လှမ်းတဲ့ အခါမှာ ရှောင်လွှဲ လို့မရနိုင်ဘဲ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ကို တွေ့မှာဖြစ်ပါတယ်။ ချီတက်ရမယ့်ခရီးလမ်းကို စစ်အုပ်စုက ပိတ်ရပ် ထားတာပါ။

စစ်အုပ်စုကို လုပ်သမျှကို ကွေ့ရှောင်နေမယ်။ ဝေ့လည်လည် လုပ်နေမယ်၊ ကြိတ်မှတ်သည်းခံနေမယ့်နောက်ထပ် ပါတီတစ်ခု ပြည်သူတွေက လိုလားတော့မယ် မထင်ပါဘူး။ ဒီချုပ်ပါတီ တစ်ခုထဲနဲ့တင် လုံလောက်ပြည့်စုံနေပါပြီ။ ဒါကြောင့် တည်ထောင်ဖို့ စိုင်းပြင်းနေတဲ့ နိုင်ငံရေးပါတီဟာ ဘယ်သူတွေပါဝင်မယ်/ မပါဝင်ဘူးဆိုတာထက် ဒီမိုကရေစီအရေးကို ဒီချုပ်ပါတီထက် ပိုပြီး၊ ဘယ်လို ထူးခြားတာတွေများ လုပ်ဆောင်ပြနိုင်မှာလဲဆိုတဲ့အချက်ကသာ စိတ်ဝင်စားစရာဖြစ်မှာပါ။ ဒီလိုထူးခြားမှုတွေမရှိဘူး၊ သမရိုးကျပဲ၊ “ဒုတိယဖိုးစိန်ကြီး” ပါပဲ ဆိုရင်တော့ ရင်ခုန်စရာကောင်းလိမ့်မယ်လို့ မထင်မိပါဘူး။

ဒီတော့ ၁၉၆၂ ကနေ ၂၀၁၇ အထိ ကာလအပိုင်းအခြားမှာ နိုင်ငံရေးပါတီတွေ ပေါ်စေပျောက်စေ တည်စေမြဲစေဆိုတာ စစ်အုပ်စုသဘောထားအပေါ်မှာအဓိကတည်မှီနေတယ်ဆိုတာ သိပ်ကို ထင်ရှားပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်တဲ့ပါတီမှန်သမျှ စစ်အုပ်စု က အနှေးနဲ့အမြန်ဆိုသလို ချေမှုန်းဖျက်သိမ်းပစ်တာပါပဲ။ စစ်အုပ်စုကိုမဆန့်ကျင်ဘဲ ဒီမိုကရေစီအရေးကို ပီပီပြင်ပြင် လွတ်လွတ် လပ်လပ် ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ “၂၀၀၈ အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုတာ စစ်အုပ်စု စိတ်ကြိုက်ခင်းထားတဲ့ဘောင်၊ စစ်အုပ်စုအတွက် လက်ဦးမှုအရှိဆုံးခွင်ဖြစ်ပါတယ်။ ဒီခွင်ထဲမှာ သမရိုးကျပဲ လှုပ်ရှားနေမယ်ဆို ရင်တော့ ဘာထူးမှာမို့လို့လဲ။

စစ်အုပ်စုဟာ အခြေခံဥပဒေကို ဖျက်သိမ်းတယ်။ နိုင်ငံရေးပါတီဖျက်သိမ်းတယ်။ စစ်တပ်ကို မောင်ပိုင်စီးတယ်။ခါးပိုက်ဆောင် တပ်အဖြစ်လုပ်ထားတယ်။ အခြေခံဥပဒေစိတ်ကြိုက်ရေးတယ်။ တပါတီနိုင်ငံရေးကို မောင်ပိုင်စီးပြီးလုပ်ခဲ့တယ်။ အခုလည်း စိတ်ကြိုက် အခြေခံဥပဒေရေးဆွဲတယ်။ အတည်ပြုခဲ့တယ်။ အမျိုးသားနိုင်ငံရေးနဲ့ ဒို့အရေးသုံးပါးကို စစ်အုပ်စုက မောင်ပိုင်စီးထားတယ်။ ပါတီ နိုင်ငံရေးကို နယ်ပယ်သတ်မှတ်ပေးပြီး ကုမ္ပဏီလိုင်စင်ချပေးသလို အကန့်အသတ်တွေ၊ စည်းကမ်းတွေနဲ့ လုပ်ပိုင်ခွင့်ပေးထားတယ်။

ဒီလိုစစ်အုပ်စုက သတ်မှတ်ပေးထားတဲ့ မတရားတဲ့စည်းကမ်းတွေ၊ အမိန့်၊ဥပဒေတွေကို လေးစားလိုက်နာထိန်းသိမ်း ကာကွယ် ပါ့မယ် လို့ စစ်အုပ်စုထံ ခံဝန်ကတိပြုလက်မှတ်ရေးထိုးထားရတဲ့ ပါတီမျိုးတော့ ပြည်သူတွေက မလိုချင်ပါဘူး။

ပြည်သူတွေရဲ့မျက်နှာကို မကြည့်နိုင်ဘဲ၊ စစ်အုပ်စုမျက်နှာကို မှန်လို၊ အရိပ်လိုကြည့်ပြီးလှုပ်ရှားနေရတဲ့၊ စစ်အုပ်စုငြိုငြင်မှာကို စိုးထိတ်နေရတဲ့ နိုင်ငံရေးပါတီမျိုးတော့ ဘယ်လိုနိုင်ငံရေးအရောင်အသွေး၊ ဘယ်လိုနာမည်နဲ့ပဲဖြစ်စေ၊ ဖြစ်နိုင်ရင် မဖွဲ့စည်းပါနဲ့လို့ အလေး အနက် မေတ္တာရပ်ခံပါရစေ။