လင်းသက်ငြိမ် ● ရှောက်ဟုန်

လင်းသက်ငြိမ် ● ရှောက်ဟုန်
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂ဝ၁၇

ကျနော်ခွေးတကောင်ကို သတိရနေမိတာကြာပါပြီ။ အဲ့ဒီလိုသတိရတဲ့အကြောင်းကို စာနဲ့ရေးဖို့ကြိုးစားနေခဲ့တာ လည်း ကြာပါပြီ။ အခု ဒီစာကိုရေးနေတဲ့အချိန်မှာပဲ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ ခွေးတယောက်နဲ့ လူနှစ်ကောင် သီချင်း ကိုလည်း သတိရမိပါတယ်။ ကျနော်အလုပ်လုပ်တဲ့ အလုပ်ရုံက ခွေးကလေးတကောင်ပါ။ ကျနော်တို့အလုပ်ပိုင်ရှင်ကတရက်မှာ ခွေးကလေးတကောင် ယူလာပါတယ်။ အဝါရောင် အမွေးပွနဲ့ ပုပုသေးသေးခွေးကလေးဖြစ်ပါတယ်။

ခွေးက ခွေးမလေးဖြစ်ပြီး နာမည်ကို ရှောက်ဟုန်လို့ တရုတ်လို့ပေးထားတယ်။ ကျနော်တို့ အလုပ်ရုံပိုင်ရှင်သူဌေးက ပန်းသေး လူမျိုးဖြစ်ပါတယ်။ ကျနော်တို့အလုပ်ရုံက ကားအလိုင်းမင့်အလုပ်ရုံဆိုတော့ စက်ဆီချေးတွေက နေရာအနှံ့ဆိုတော့ တပတ် လောက်မှာပဲ ရှောက်ဟုန်ရဲ့အမွေးတွေဟာ ဆီချေးတွေနဲ့ ပေကျံနေပါတော့တယ်။ ဆပ်ပြာနဲ့ရေချိုးပေးလည်း ခဏနဲ့ပြန်ပေ တာပါပဲ။ သူ့ကိုရေချိုးတဲ့အခါ ကာဘော်လစ်ဆပ်ပြာနဲ့ ချိုးပေးပါတယ်။

ရှောက်ဟုန်ကိုကျွေးရတဲ့အစားအစာကတော့ ကြက်အသဲအမြစ်ကို တောက်တောက်စင်းပြီး ထမင်းနဲ့ နယ်ကျွေးရတာပါပဲ။ နေ့လည်ပိုင်းတွေမှာတော့ နွားနို့နဲ့ အရိုးပုံဘီစကစ်ကျွေးပါတယ်။ ကျနော်တို့ကတော့ ခွေးစားမုန့်လို့ခေါ်တာပဲ။ ရှောက်ဟုန်က နည်းနည်းဆိုးပါတယ်။ အပြင်လူအကပ်မခံပါ။ အလုပ်ရုံကလူတွေကတော့ သူ့ကိုချစ်ကြတယ်။ အလုပ်ရုံဆိုတော့ ကား အဝင်အထွက် ဧည့်သည်တွေအဝင်အထွက်နဲ့မို့ ရှောက်ဟုန်ကို မနက်ဆို သံကြိုးနဲ့ချည်ထားရတယ်။ ညနေပိုင်း အလုပ် သိမ်းပြီးမှပဲ ပြန်လွှတ်ပေးပါတယ်။ မနက်ခင်းဆို သူ့ကိုကြိုးချည်မှာသူသိတော့ အလုပ်ရုံထဲ ပတ်ပြေးနေတော့တာပဲ။ ကျနော် တို့အလုပ်ရုံမှာ အလုပ်သမားဆယ်ယောက်ရှိပါတယ်။

အိမ်ထောင်ရှိတဲ့လူတွေကို အောက်အိမ်လို့ ကျနော်တို့ခေါ်တဲ့ သူဌေးခြံနဲ့ အိမ်မှာထားပါတယ်။ လူပျိုတွေကတော့ အလုပ်ရုံမှာ ပဲ နေပါတယ်။ ကျနော်တို့နေတဲ့အဆောင်ရဲ့တဖက်ကတိုက်မှာ အလုပ်ရုံပိုင်ရှင်သူဌေးနေတယ်။ သူဌေးက ဒံပေါက်ဆိုင်လည်း ဖွင့်ထားတော့ ထမင်းစားချိန်တွေမှာ ဒံပေါက်ဆိုင်ကို သွားစားရပါတယ်။ ဒံပေါက်ဆိုင်ကိုတော့ သူဌေးကတော်ထိုင်တာပေါ့။

ရှောက်ဟုန်ရောက်လာတော့ သူ့အတွက် အလုပ်တခုတိုးလာတယ်။ သူ့အတွက် နေ့လည်စာ ညစာကို ပါဆယ်ထုပ်ပြီး ယူရတဲ့အလုပ်ပါပဲ။ နေ့လည်စာက အရေးမကြီးပေမယ့် ညနေစာကျ ကျနော်တို့အပြင်ထွက်လည်တဲ့အခါ ခွေးစာထုပ်က ကန့်လန့်ကန့်လန့် ပါပါလာတယ်။ အဲ့အလုပ်ကို ကျနော်တို့ အတွက်ကပ်ဆုံးပဲဖြစ်တယ်။ တခါတခါကျ တယောက် ယူနိုး တ ယောက် ယူနိုးနဲ့ ရှောက်ဟုန် ထမင်းငတ်ရပါတယ်။ ကျနော်တို့အလုပ်ရုံမှာ ညနေငါးနာရီ အလုပ်သိမ်းပြီးတာနဲ့ ရှစ်နာရီအထိ အလှည့်ကျ အိမ်စောင့်ရပါတယ်။ ကျနော် ညစောင့်ကျတဲ့နေ့ဆို ရှောက်ဟုန်က ကျနော်သီချင်းနားထောင်တဲ့ ဝါးထိုင်ခုံအကြီးကြီးပေါ်တက်တက်လာပြီ ငြိမ်ငြိမ်ကလေးဝပ်ပြီး သီချင်းနားထောင်လေ့ရှိပါတယ်။ ခွေးသီချင်းနားထောင်တတ် သလား ဘာလားတော့ ကျနော်သေချာမသိပါ။ ငြိမ်ငြိမ်ကလေးဝပ်ပြီး ကျနော့်နားမှာဝပ်နေတာကိုပဲ သီချင်းနားထောင်တယ်လို့ ယူဆ လိုက်တာပါ။

ရှောက်ဟုန်နဲ့ပတ်သက်ပြီး သတိရမိတာတွေထဲကတခုကတော့ ကားလာပြင်တဲ့လူတယောက်က ရှောက်ဟုန်ကြိုးချည်ထားတဲ့နားကိုသွားကပ်မိလို့ ရှောက်ဟုန်က ကိုက်ပစ်လိုက်တာကိုပါပဲ။ ကိုက်ခံရတဲ့လူက ဝ လား ကိုးကန့်လား မသိပါဘူး။ သွေး လည်း နည်းနည်းထွက်သွားတယ်။ ကျနော်တို့အားလုံး ဝိုင်းတောင်းပန်ရပါတယ်။ ရှောက်ဟုန်ကို ခွေးရူးကာကွယ်ဆေးထိုးထားတဲ့အကြောင်းလည်း ရှင်းပြကြပါတယ်။

မင်းတို့ခွေးက အတော်ကောင်းတာပဲ ငါ့ကိုရောင်းပါလား။

အစ်ကိုက မွေးချင်လို့လား။

မဟုတ်ဘူးကွ သတ်ပစ်မလို့တဲ့။
မလုပ်ပါနဲ့အစ်ကိုရာ လို့တောင်းပန်ပြီး ရှောက်ဟုန်ကို တနေရာခေါ်သွားလိုက်ရပါတယ်။ အဲ့ဒီလူစိတ်ဆိုးနေတဲ့ပုံကိုကြည့်ပြီး ကျ နော်တို့ လန့်နေကြတယ်။ လန့်ရတဲ့အကြောင်းက သူ့ခါးကြားက သေနတ်ကြောင့်ပါ။ သေနတ်ကိုင်ပြီး နေရာမရွေး ပစ်ရဲသူများ အာဏာကြီးထွားနေတဲ့အချိန်က လားရှိုးမို့လို့လည်း ဖြစ်ပါတယ်။

နေ့လယ်လက်ဖက်ရည်သောက်ချိန်တွေမှာ ရှောက်ဟုန်ကို ကျနော်တို့အကျင့်ဖျက်ကြတယ်။ သူ့ကို နွားနို့မတိုက်တော့ပဲ လက်ဖက်ရည် ပေါ့စိမ့်တိုက်ပါတယ်။ အဲ့ဒီနေ့ကစပြီး ရှောက်ဟုန်ဟာ လက်ဖက်ရည်စွဲပါတော့တယ်။ ချိုစိမ့်၊ ပုံမှန် ဘယ်လို တိုက်တိုက် မသောက်ပါ။ ပေါ့စိမ့်ပဲသောက်တဲ့ ရှောက်ဟုန်ဖြစ်နေတော့တာပဲ။

အန်တီ ရှောက်ဟုန်က လက်ဖက်ရည်သောက်ချင်နေပြီတဲ့။

ဟဲ့ နင့်ကိုရှောက်ဟုန်က ပြောလို့လား။

ကျနော်သိတာပေါ့ အန်တီကလဲ။

သူဌေးကတော်ဆီ ရှောက်ဟုန်ကိုအကြောင်းပြပြီး လက်ဖက်ရည်ဖိုးတောင်းလို့ရပါတယ်။ ပေါ့စိမ့် ပါဆယ်ဝယ်ပြီး သူတဝက် ကျနော်တဝက်သောက်တာပေါ့။ ရှောက်ဟုန်ရဲ့ အရိုးပုံဘီစကစ်တွေကလည်း ကျနော်တို့စားကြတာပါပဲ။ ရှောက်ဟုန်ကြောက် ရတဲ့လူတယောက်လည်းရှိပါတယ်။ သူ့ကိုတော့ ကိုထိပ်ပြောင်လို့ ကျနော်တို့က ခေါ်ကြပါတယ်။ ပုပုနဲ့ သိပ်စိတ်တိုတဲ့လူပေါ့။ သူစိတ်မကြည်ရင် ရှောက်ဟုန်ကို ရိုက်တတ်ပါတယ်။ သူ့အသံကြားရင် ရှောက်ဟုန်ဟာ ငြိမ်ကုပ်နေတော့တာပဲ။

တညတော့ ကိုထိပ်ပြောင်အရက်မူးလာတဲ့အချိန် စကားပြောကြရင်း ဘယ်လိုကနေ ဘယ်လို ရှောက်ဟုန်အကြောင်းရောက်သွားတယ်မသိပါဘူး။ ကျနော်နဲ့ သူနဲ့ အခြေအတင်ဖြစ်ကြပါတယ်။ အဲ့ဒီမှာပဲ သူက ဟေ့ကောင်မင်းနဲ့ ငါနဲ့ လောင်းမလား မင်းက ဒီဖက်ကနေ ငါကဟိုဖက်မှာနေမယ်။ ရှောက်ဟုန်ကို အလယ်မှာထားပြီး ပြိုင်တူခေါ်မယ် ရှောက်ဟုန်က ဘယ်သူ့ ဆီလာမလဲ လောင်းမလားလို့ ပြောလာတော့ ကျနော်ကလည်း လောင်းမယ်စိမ်လိုက်ဆိုပြီး လောင်းကစားဖြစ်ပါတယ်။ ပြောထားတဲ့အတိုင်း ရှောက်ဟုန်ကိုအလယ်မှာထားပြီး သူနဲ့ကျနော် ပြိုင်တူလက်ဖျောက်တီးပြီး ရှောက်ဟုန်ကိုခေါ်ကြပါ တယ်။ ရှောက်ဟုန်က ကျနော့်ဖက်ကိုလာတော့ သူကရှက်ပြီး အပေါ်တက်သွားတယ်။ စကားလည်း မပြောတော့ပါဘူး။ ကျနော်လည်း ရှောက်ဟုန်ကိုထားခဲ့ပြီး အိပ်ရာထဲစာအုပ်ဝင်ဖတ်နေတဲ့အချိန် ကိုထိပ်ပြောင်ဟာ အောက်ကိုပြန်ဆင်းပြီး ရှောက်ဟုန်ကို လှိမ့်ရိုက်တော့တာပဲ။

ကျနော်လည်း မတားနိုင်ပါ။ လူတွေရဲ့စိတ်ကိုလည်း အံ့သြမိပါတယ်။ တိရိစ္ဆာန်နဲ့တောင်ပြိုင်ပြီး အနိုင်ယူချင်တဲ့လူ့သဘော ဟာရှက်စရာမကောင်းဘူးလား။ ကျနော်ကကော ဘာလို့တိရိစ္ဆာန်တကောင်ကို လောင်းကြေး စားကြေးအဖြစ် လုပ်ရတဲ့အထိ မိုက်မဲရတာလဲ။ ကျနော်ရှက်မိတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။

အောက်ထပ်က အရိုက်ခံရလို့အော်နေတဲ့ ရှောက်ဟုန်ရဲ့အသံဟာ ကျနော့်ကို နာကျင်စေပါတယ်။ ရှက်ရွံ့စေပါတယ်။ နှစ် တွေကြာခဲ့ပေမယ့်လည်း ရှောက်ဟုန်အတွက်ဖြစ်ခဲ့တဲ့ အလောင်းအစားပွဲကို မမေ့ပါ။ ရှောက်ဟုန်ရဲ့နာကျင်စွာအော်နေ တဲ့ အသံကိုလည်း မမေ့တော့ပါ။

အခုတော့ ရှောက်ဟုန်လည်း မရှိတော့ပါ။ ကျနော်တို့အလုပ်ရုံလည်း မရှိတော့ပါ။ ဟိုတလောက ကိုထိပ်ပြောင်နဲ့ပြန်ဆုံ တော့ သူ့ကိုရှောက်ဟုန်အကြောင်း မပြောဖြစ်ပါ။ သူ့ကိုပြန်တွေ့ရတော့ ရှောက်ဟုန်ကို ပိုသတိရမိပါတယ်။ သူနဲ့လည်း အ လောင်းအစားလုပ်ဖို့် စိတ်ကူးမရှိတော့ပါ။ သူနဲ့ကျနော်ရဲ့ အလောင်းအစားပွဲကို သူမှတ်မိလား မမှတ်မိလားလည်း ကျနော် မသိပါ။ သူရှုံးရင်လည်း ရှောက်ဟုန်ကိုရိုက်ခဲ့သလို အပြုအမူမျိုးတွေ ထပ်လုပ်ဖို့စိတ်ကူး သူ့ဆီမှာရှိသေးသလား မရှိတော့ ဘူးလားလည်း ကျနော်မခန့်မှန်းတတ်ပါ။ ခွေးတကောင်ကိုအကြောင်းပြုပြီးဖြစ်ခဲ့တဲ့ ရှက်စရာလောင်းကစားတခုကတော့ အခုထိ ကျနော့်ရင်ကို ထိထိရှရှထင်ကျန်နေတယ်ဆိုတာကတော့ အသေအချာ။

လင်းသက်ငြိမ်