ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ဖတ်စေချင်တဲ့ စာအုပ်တအုပ်



ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ဖတ်စေချင်တဲ့ စာအုပ်တအုပ်
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၇


ချစ်သူငယ်ချင်းတို့ရေ …

နှစ်သစ်တနှစ် ကူးပြောင်းခဲ့ပြန်ပြီ။ နှစ်သစ်မင်္ဂလာနဲ့အတူ ချစ်သူငယ်ချင်းအားလုံး နဲ့ ဒို့နိုင်ငံသူ/သားတွေ ကျန်းမာရွှင်လန်း ငြိမ်းချမ်းသာယာကြပါစေ။ ငါလည်း တနေ့တနေ့ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ အလုပ်တွေနဲ့ တိုင်ပတ်နေတာနဲ့ မင်းတို့ဆီ စာမရေးနိုင်ဖြစ်ခဲ့တယ်။

အခုမှ ကောက်ခါငင်ခါ ရေးလိုက်တဲ့အကြောင်းက မနေ့တနေ့က ငါ ရိုသေချစ်ခင်လေစားတဲ့ အန်တီဝင်း / ဒေါ်ခင်ခင်ဝင်း - ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နှစ်ပေါင်းများစွာ အခက်အခဲ ဒုက္ခများစွာနဲ့ နေအိမ်အကျယ်ချုပ်ကျခံခဲ့သူ - နဲ့ စကားပြောဖြစ်ပြီး၊ သူ နှစ်လအချိန်ပေးပြီး ရေးနေခဲ့တဲ့ စာအုပ် “ရေဆန်လမ်းမှ အိမ်အပြန်” မကြာခင် ပုံနှိပ်ထွက်ရှိတော့မယ့်အကြောင်း ဝမ်းပန်းတသာ ပြောပြတာနဲ့ ဒီအကြောင်း မင်းတို့ကို ဖောက်သည်ချ အသိပေးချင်လို့ ဒီစာကို မအားတဲ့ကြားက ကမန်းကတန်း ရေးလိုက်တာ။

မင်းတို့ မနှစ်က သွားခဲ့တဲ့ နိုဘယ်လ်-မြန်မာ စာပေပွဲတော် (Nobel-Myanmar Literacy Festival) ကို ဒီနှစ် ၂၀၁၇ မှာ ရန်ကုန်မြို့ ၊ မြို့ မကျောင်းလမ်းပေါ်ရှိ အမျိုးသားဇာတ်ရုံကြီးမှာ ဇန်နဝါရီလ (၂၂ - ၂၄) ရက်နေ့အထိ တခမ်းတနား ကျင်းပမယ်ဆိုတာ မင်းတို့ ကြားသိကြပြီး သွားကြအုံးမယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ် ဖွင့်ပွဲနေ့ကိုတော့ မသွားမဖြစ် သွားကြဖို့ အထူးတိုက်တွန်းချင်တယ်။ ပြင်ပဗဟုသုတ စာပေတွေနဲ့ အတော်ကင်းဝေးလာကြတဲ့ (ကလေးတွေ၊ လူငယ်တွေ) မင်းတို့ ကလေးတွေနဲ့အတူ ငါ့တူတူမလေးတွေလည်း ခေါ်သွားကြကွာ။

ဖွင့်ပွဲနေ့ကို သွားစေချင်တဲ့အကြောင်းက ဒီနေ့ ပြည်သူ့အစိုးရရဲ့  ပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ စာရေးဆရာကြီး ဦးဖေမြင့်ကိုယ်တိုင် စာပေပွဲတော်အခမ်းအနားကို တလေးတစား တက်ရောက်ဖွင့်လှစ်မယ်။ ပြီးတော့ အထင်ကရ ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊ စာပေသူရဲကောင်းတွေ တက်ရောက်ကြလိမ့်မယ်။ အထူးပြောချင်တာက ဒီနှစ်စာပေပွဲတော်မှာ နှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေး မုန်တိုင်းဝဲဂယက်ထဲမှာ မိသားစုတစုလုံး စွန့်လွှတ်မှု၊ ပေးဆပ်မှုများစွာနဲ့ ဒို့တိုင်းပြည် ဒီနေ့ဒီအခြေအနေ ပြည်သူ့အစိုးရအုပ်ချုပ်ခွင့်ရရှိ၊ ဒီမိုကရေစီ အလင်းရောင် ပေါ်ထွန်းလာအောင် ရှေ့ တန်းကာနေ ဦးမညွှတ်၊ အခွင့်အရေးမယူ ကြိုးပမ်းခဲ့သူတွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၊ စည်းရုံးရေးမှူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆယ်နှစ်ဆယ်မိုးကျော် နေအိပ်အကျယ်ချုပ်ကျခံခဲ့တဲ့ ဒေါ်ခင်ခင်ဝင်းလည်း တက်ရောက်ပြီး၊ သူ့စာအုပ်ကို ဖွင့်ပွဲနေ့မှာ စာနယ်ဇင်းတွေ၊ စာဖတ်ပရိသတ်တွေကို မိတ်ဆက်သွားမယ်။

ချစ်စရာကောင်းတဲ့ ဆရာမကြီးဒေါ်ခင်ခင်ဝင်းနဲ့ ဘယ်လိုသိကျွမ်းလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်လာပြီးနောက် လွန်ခဲ့တဲ့ (၂) နှစ်လောက်က ကျန်းမာရေးစစ်၊ ဆေးကုသခံယူဖို့ (ငါနဲ့ တပြည်နယ်ထဲ) မယ်ရီလန်းမှာနေထိုင်နေတဲ့ သူ့သမီးလတ် စီစဉ်ဖိတ်ခေါ်လို့ ရောက်ရှိလာခဲ့တဲ့ ဒေါ်ခင်ခင်ဝင်း ကို တွေ့ဆုံရင်းနှီးခဲ့ပြီး မိစ္ဆာစစ်အစိုးရလက်အောက်မှာ ဆုံးရှုံးမှုများစွာနဲ့ ရုန်းကန်ဖြတ်သန်းခဲ့တဲ့ မိသားစုအကြောင်း၊ ချို့ တဲ့လှတဲ့ ပြည်သူဝန်ထမ်း ကျောင်းဆရာမကြီးဘဝ၊ (၈၈) အရေးအခင်းနဲ့ နိုင်ငံရေးအစခြေလှမ်း၊ ပါတီနိုင်ငံရေးနဲ့ စည်းရုံရေးလှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေအိမ်အကျယ်ချုပ်ကာလစတဲ့ သူ့ဘဝ အတွေ့အကြုံ၊ လူမှုရေး နိုင်ငံရေး အတွေးအမြင် သုံးသပ်ချက်တွေကို ရှုထောင့်ရသစုံနဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်တယ်လို့ တွေ့ဆုံချိန်တုန်းက ပြောပြတာတွေနဲ့ စာအုပ်မာတိကာ အခန်းခေါင်းစဉ်တွေကိုကြည့်ပြီး သမိုင်းမှတ်တမ်းတင်ကျန်ရစ်ခဲ့မယ့် စံပြအမျိုးသမီးခေါင်းဆောင်ကြီးတဦးရဲ့  ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ဖတ်ဖို့စောင့်မျှော်နေခဲ့တယ်။

အခုတော့ လပေါင်းများစွာ အချိန်ယူတည်ဖြတ်ပြီး ရေးသားပြုစုခဲ့တဲ့ ဒေါ်ခင်ခင်ဝင်းရဲ့  စာအုပ်ကို လာမယ့် ဇန်နဝါရီလ (၂၂) ရက်၊ တနင်္ဂနွေနေ့ မင်္ဂလာနံနက် (၁၁) နာရီမှာ နိုဘယ်လ်-မြန်မာ စာပေပွဲတော် ဖွင့်ပွဲနဲ့အတူ စာဖတ်ပရိသတ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကကြီးဦးတင်ဦးက အဖွင့်မိတ်ဆက်စကားပြောဆိုပြီး၊ ဆရာမကြီးကိုယ်တိုင် သူ့ဘဝအကြောင်း တစိတ်တပိုင်းနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းအကြောင်းတွေကို မမောမပန်း ဖြေကြားပြောပြပြီး စာအုပ်ဝယ်သူများကို လက်မှတ်ရေးထိုးပေးမှာမို့ မင်းတို့တတွေ အချိန်ပေးပြီး သမိုင်းမှတ်ကျောက်တင် မဟာလူသားပုဂ္ဂိုလ်ကြီးတွေ စုံစည်းမယ့် ဒီစာအုပ်မိတ်ဆက်ပွဲကို သွားရောက်နားထောင်ကြ၊ ဆရာမကြီးရဲ့  ဘဝအဖြစ်မှန် “ရေဆန်လမ်းမှ အိမ်အပြန်” စာအုပ်ကို ဝယ်ယူအားပေးကြဖို့ တိုက်တွန်းပါတယ်။

ငါ့အတွက်နဲ့ ဒီကမိတ်ဆွေတချို့ ကို လက်ဆောင်ပေးချင်လို့ လေးငါးဆယ်အုပ်လောက် ဝယ်ပေးပြီး လက်မှတ်ထိုးခိုင်းပါ။ ဆရာမကြီးကို ဂါရဝပြုနှုတ်ဆက်ကြောင်းလည်း ပြောပေးပါ။ ပြီးတော့ တခြားကောင်းနိုးရာရာ စာအုပ်တွေလည်း ဝယ်ယူပြီး နိုဘယ်လ်-မြန်မာ စာအုပ်ပွဲတော် အောင်မြင်ရေးကို အတတ်နိုင်ဆုံး အားပေးကြပါ။ စာဖတ်အားမြှင့်တင်ဖို့ - အထူးသဖြင့် လူငယ်တွေ စာများများဖတ်ဖို့ - ဒီလို စာပေပွဲတော်တွေကို နိုင်ငံတဝှမ်း မကြာခဏ ကျင်းပပေးနိုင်ရင်ကောင်းမယ်လို့ မျှော်လင့်မိတယ်။

ကဲ ... နောက်မှ ကြားနေမြင်နေတွေ့နေရတဲ့ ဆူညံ့ပူညံ့ ဒို့မြန်မာပြည်အရေး ဆက်ပြောကြတာပေါ့။ အခုတော့ ဒီလောက်ပဲ။ မင်းတို့အားလုံး နှစ်သစ်မှာ စိတ်သစ်လူသစ် အားမာန်အပြည့်နဲ့ စနစ်သစ်ကို ဝိုင်းဝန်းပံ့ပိုးနိုင်ကြပါစေ။

ချစ်ခင်စွာဖြင့် မင်းတို့ရဲ့ 

ဇွန်မိုး