မောင်ရစ် - ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့


မောင်ရစ် - ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၇


ဦးတင်မိုး အရိုးအိုး အိမ်ပြန်လာတော့မယ်ဆိုတော့ သူ့ကျေးဇူးတွေအကြောင်း ပြန်စဉ်းစားမိသမျှ ဒီမှာ ရေးထားချင်တယ်။ အရေးတော်ပုံနောက်ပိုင်း ပြည်ပရောက် မြန်မာစာပေလောကကို ထူထောင်သူ ပျိုးထောင်သူ စာပေသမားတဦးအဖြစ် ဆရာဦးတင်မိုးကို ကမ္ဗည်းအသစ် စိုက်ထူရမှာ ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာစာပေလောကကို မျိုးစေ့ချ ပျိုးထောင်သူတွေဟာ ဦးတင်မိုးနဲ့ ခေတ်ပြိုင်စာပေသူငယ်ချင်းတွေလို့ ကောက်ချက် ချရမှာပါ။ သူတို့တွေက ပါလီမာန်ခေတ်မှာ ကြီးပြင်းလာပြီး န၀တခေတ်မှာ ပြည်ပကို ရောက်ရှိလာကျချိန်ကလည်း တခေတ်တည်း တပြိုင်တည်း နီးပါး ဖြစ်ပါတယ်။ သူတို့တွေကတော့ တင်မိုး၊ မောင်စွမ်းရည်၊ ၀င်းဖေ၊ မာမာအေး၊ မောင်သာရတို့ ဖြစ်ပါတယ်။ သူတို့ရှေ့က သတင်းစာဆရာကြီး ဦးသောင်း (အောင်ဗလ)နဲ့လည်း လက်တွဲခဲ့ကြ၊ အတူတူ ပြည်ပရောက် (အဝေးရောက်) စာပေလောကဖြစ်မြောက်ဖို့ ရုန်းခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။

သူတို့တွေဟာ ပြည်ပရောက် စာနယ်ဇင်းသမားတွေ အနုပညာသည်တွေအတွက် စာပေအ၀န်းအ၀ိုင်းတခုဖြစ်လာအောင် ၀ိုင်းပြီး တည်ဆောက်ခဲ့ကြတယ်။

ရေဒီယိုတွေဖြစ်တဲ့ ဒီဗီဘီ၊ ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗီအိုအေတွေကနေတဆင့် လွတ်လပ်စွာ ဖော်ထုတ် ရေးသား ဖွဲ့ဆိုမှုတွေကို ပြည်တွင်း ပြည်ပကို ဖြန့်ချိပေးခဲ့ကြပါတယ်။

ပြည်ပက စာပေအလုပ်အဖွဲ့တွေကိုလည်း ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ငွေကြေးအကျိုးအမြတ် တခုမှ မမျှော်လင့် မတောင်းဆိုဘဲ အားပေးကူညီ ရေးသားပေးခဲ့ကြပါတယ်။

ထိုင်းနယ်စပ်က ခေတ်ပြိုင်၊ မိုးကြိုး၊ ဧရာဝတီ၊ ဒေါင်းအိုးဝေတွေမှာ တင်မိုးက စဉ်ဆက်မပြတ် ရေးသားခဲ့တယ်။ စာပေအသိုင်းအ၀ိုင်းတွေ စာပေလှုပ်ရှားမှုတွေ ဖြစ်မြောက် အောင်မြင်စေဖို့ လိုက်ပါ ဆောင်ရွက်ပါတယ်။ (ထိုင်းနယ်စပ်က ဆရာဝင်ရေးခဲ့တဲ့ စာပေ စာစောင်တွေ အများအပြား ဒီမှာ ဖော်ပြဖို့ ကျန်ရစ်ခဲ့တာကို ခွင့်လွှတ်ပါနော်)

အမေရိကားမှာ လမင်းတရာ၊ သစ္စာ၊ ဘားမားတူဒေး၊ ကိုရီးယားက ထောင်စုပြတင်း၊ ဂျပန်က မိုးသောက်ကြယ် ၊ သြစတြေးလျက မြန်မာလူမျိုးစု မြန်မာ့အသံ စတဲ့ စာအုပ်တွေ ၀က်ဆိုက်တွေမှာလည်း ၀န်းရံပေးခဲ့ကြပါတယ်။ နောက်တော့ “မိုးမခ”ကို ထူထောင်ပေးသူ ပြုစုယုယသူ တဦးအဖြစ် ရပ်တည်ပေးပါတယ်။ (ဒီထက် ပိုများတဲ့ ပြည်ပစာစောင်တွေ ဖော်ပြဖို့ ကျန်ရစ်ပါသေးတယ်၊ ခွင့်လွှတ်ပါ)

အကွဲကွဲ အပြားပြားဖြစ်နေတဲ့ မြန်မာတွေအတွက် မြန်မာအနုပညာသည်တွေအတွက် စုစည်းစရာ ခံစားမှုတွေ အသိပညာ ရှာမှီးရာ လက်တွဲ ဖေးမထူထောင်ရာမှာ အဲသည် စာပေသောက်ရှုးကြယ်ကြီးတွေက အလင်းပေး အောင်မြင်စေခဲ့ပါတယ်။

အဲသည်ကနေ စာနယ်ဇင်းမျိုးဆက်သစ်တွေ တိုးပွားလာစေပါတယ်။ အင်အားတွေ ကောင်းလာစေပါတယ်။ စာဖတ်ပရိသတ်တွေ ပြည်တွင်း ပြည်ပ ပေါင်းကူး ချဲ့ထွင် ပေးပါတယ်။ စာပေဟောပြောပွဲတွေကိုလည်း ဖြစ်မြောက်စေခဲ့တယ်။ လှုပ်ရှားမှုတွေကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။

ပြည်ပကိုရောက်ပြီး ပြည်ပမှာ လူသိများလာစေတဲ့ စာပေစုဖွဲ့မှုတွေ ဖြစ်မြောက်စေခဲ့ပါတယ်။ ညီညွတ်စည်းရုံးတဲ့ အားပေးကူညီတဲ့ စာပေမိသားစုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံတကာက မြန်မာတွေဆီ စာပေဟောပြောပွဲတွေနဲ့ မငြင်းတန်း အရောက်သွား ဟောပြောနိုင်ခဲ့ပါတယ်။

မိုးမခအနေနဲ့ မှတ်မိသလောက် ဆက်စပ်မိသလောက် ပြောရရင် ... မောင်လွမ်းဏီ၊ ငြိမ်းဝေ၊ ခင်လွန်း၊ ထိန်လင်း၊ မောင်တူး၊ သစ်ကောင်းအိမ်၊ ဆောင်းယွန်းလ၊ တင်မောင်သန်း၊ မောင်သစ်ဆင်း၊ ၀င်းအောင်ကြီး၊ ကာတွန်း ဒိုင်းနမိုက်၊ ကာတွန်း စောငို၊ ပန်းချီ သန်းဌေးမောင်၊ မေငြိမ်း၊ ခက်မာ၊ စမ်းစမ်းတင်၊ ကာတွန်း ဟန်လေး၊ အောင်ဝေး၊ ခိုင်မာကျော်ဇော၊ မိဆူးပွင့် (နောက် အများကြီး ထပ်ဖြည့်ရဦးမယ်၊ ကျန်ရစ်တဲ့ ကလောင်တွေ ကျနော့်ကို ခွင့်လွှတ်ပါနော်) စတဲ့ ပြည်ပရောက် အနုပညာသမားတွေဟာ ဦးတင်မိုးနဲ့ သူ့သူငယ်ချင်းတွေနဲ့အတူတူ  ပြည်ပရောက် မြန်မာစာပေလောကထဲမှာ တ၀န်းတ၀ိုင်းတည်း အင်အားတွေ ဖြည့်လာနိုင်ခဲ့ကြပါတယ်။

ဦးတင်မိုးနဲ့ သူငယ်ချင်းတွေ ချီးမြှောက်ပေးလို့ လူရာဝင်ခဲ့ရတဲ့ မိုးမခကနေ ဆိုရင်လည်း စာပေသမား မျိုးဆက်သစ်တွေ အများကြီး ပေါ်ထွက်ခဲ့ရပါတယ်။ ပြီးတော့ ဆရာဦးတင်မိုးတို့က ကျနော်တို့လို အဝေးရောက်တွေကို အရေးလုပ် လူရာသွင်းပေးလို့ ကျနော်တို့တတွေ မြန်မာပြည်တွင်းကို ၀င်လာတဲ့အခါ ဆရာ့သူငယ်ချင်းတွေဖြစ်တဲ့ မောင်မိုးသူ၊ ဇော်ဇော်အောင်၊ မောင်သာနိုး၊ ဂုဏ်ထူးသိန်းနိုင်နဲ့တကွ မြန်မာစာပေအသိုင်းအ၀ိုင်းတခုလုံးကလည်း ကျနော်တို့ကို နွေးထွေး လှိုက်လှဲ ပြူငှာစွာ ကြိုဆိုခဲ့ကြ၊ ထွေးပွေ့ခဲ့ကြတာကို ကျနော်တို့ အားလုံး ခံစားကြရပါတယ်။ ဒါ ဆရာ့ ဦးတင်မိုးရဲ့ မေတ္တာ စေတနာ အကျိုးကျေးဇူးတွေပါ။

ကိုခင်လွန်းကို သည်အကြောင်းစာရေးဖို့ ပြောတော့ ကိုခင်လွန်းက ထပ်ဖြည့်ပေးပြန်ပါတယ်။ “စာပေရေးသားခြင်းနဲ့အတူ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းထဲက လူထုတွေဆီသွားရောက်လေ့လာတာတွေ စာပေဟောပြောခဲ့တာတွေ ထည့်သင့်တယ်။ ပြီးတော့ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်(ဥပမာ ဗိုလ်ချုပ်မြ)တို့၊ ဖဒိုမန်းရှာတို့နဲ့လဲ ထိတွေ့ ရင်းနှီးမှုယူပြီး သွေးစည်းချစ်ကြည်ဖို့တွေလဲ ကြိုးစားခဲ့တယ်ဗျ။” လို့ ကိုခင်လွန်းက လွမ်းဆွေးစွာနဲ့ ပြောဆို ဖြည့်စွက်ပေးပါတယ်။

ဒါနဲ့ ကျနော်က သည်စာလေးကို ဦးတင်မိုး ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် အခမ်းအနား၊ ရန်ကုန်မှာ ကျင်းပနေချိန်၊ ပြင်ဆင်နေဆဲ ကဗျာဆရာ ငြိမ်းသစ်ကို ပြမိပြန်ပါတယ်။ ကိုငြိမ်းသစ်က မြန်မာပြည်တွင်းမှာ စာပေလောက အမှောင်ကျကာလများ စာပေလှုပ်ရှားမှု မှတ်တမ်းတွေ ဖျောက်ဖျက် ဖျက်ဆီးခံနေရချိန် ဆရာဦးတင်မိုးတို့က ပြည်ပကနေ မြန်မာစာပေ လွတ်မြောက်ရေး လှုပ်ရှားမှု မှတ်စုမှတ်တမ်းများ စုစည်း တင်ပြ မော်ကွန်းတင်ပေးနိုင်ခဲ့တာလည်း အထူးအလေးပြု ပြောဆိုရမှာ ဖြစ်တယ်လို့ ထပ်မံ ဖြည့်စွက်ပေးလိုက်ပြန်ပါသေးတယ်။

အခုတော့ ဆရာကွယ်လွန်ပြီး ၁၀ နှစ် အကြာမှာ ဆရာကိုယ်တိုင် သက်ရှိထင်ရှား အိမ်မပြန်နိုင်ခဲ့သော်လည်း ကျန်ရစ်သူ မိသားစုတို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဆရာ့အရိုးအိုး ပြန်လည် မြေချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ... ၂၀၀၇ ခုနှစ်တုန်းက ဆရာ့ကို အိမ်မပြန်ပို့နိုင်ခဲ့ကြသော်လည်း ဆရာထားခဲ့တဲ့ ပြည်ပရောက် ၊အဝေးရောက် ၊မဲဇာရောက်၊ တော်လှန်နယ်မြေရောက်၊ လွတ်မြောက်နယ်မြေရောက် ... ဆရာ ထားခဲ့တဲ့ စာပေအသိုင်းအ၀ိုင်းတွေ စာပေမိသားစုတွေကိုတော့ ဆရာက တစုတစည်းတည်း ညီညွတ် ချစ်ခင်အောင် ဆရာ ထားရစ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဆရာ့ကို ချစ်ခင် ညီညွတ် စည်းလုံးသော လက်များဖြင့် အိမ်ပြန်ပို့လိုက်ပါပြီ။ ဆရာ သက်တော်ရာကျော် ရှည်ပါစေ သော်ဝ်။

(သည်စကားတွေကို ၂၀၁၇ ဇန်န၀ါရီ ၁ရက်၊ ရန်ကုန် တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့တဲ့ ဆရာဦးတင်မိုး ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် အမှတ်တရ အခမ်းအနားမှာ အဝေးရောက် စာပေသမားတွေကိုယ်စား (သဘောထားပြီး) နှုတ်ဆက်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်)

(ပုံကတော့ ဦးတင်မိုးကွယ်လွန်ခြင်း တလပြည့် အထိမ်းအမှတ်စာအုပ်မှာ ဆွဲခဲ့တဲ့ ပုံ ပြန်သုံးပါတယ်)