အောင်မော်ဦး ● လူလေးဖို့

အောင်မော်ဦး ● လူလေးဖို့
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၇

ကိုမိုးသီးဇွန်၏ဇနီးသည် မယ်အုန်းသားဦးလေးမွေးဖွားသည်ဟု ကြားရပြီးမကြာမီ သူတို့သားအဖ ဓာတ်ပုံလေးတပုံ တွေ့ရ သည်။ ဖခင်က သားငယ်အား တစိမ့်စိမ့်ကြည့်၍ တလိပ်လိပ်တက်လာသော မိဘတို့၏မေတ္တာဖြင့် ကြည်နူးမဆုံးဖြစ်နေသည့် ဓာတ်ပုံလေးဟု ပြောရမည်ထင်သည်။ သားငယ်လေးကို ခေါ်သည်ကပင် ဖွဖွလေး။ “လူလေး” ဟူ၍။

သူ့အကြည်ဓာတ်က ကျနော့်ကိုပါ လွှမ်းခြုံခဲ့ပုံရသည်။ သူ့သားကို လူလေးဟုခေါ်လိုက်သံက ကျနော့်နား၌ စွဲလမ်းခဲ့ဖူးသည့် ဂီတသံစဉ်တခုကို ပြန်ကြားလိုက်မိသည်။ ကျနော့်နှုတ်ဖျားမှ သီချင်းလေးတပုဒ် ထွက်ကျလာသည်။ “မျိုးဆက်သစ်သီချင်း”။ ကိုမင်းချစ်သူရေး၍ ကိုညီထွဋ်ဆိုထားသည့် သီချင်းလေး။

• ကမ္ဘာမြေအတွက် xxx လာခြင်းကောင်းပါစေ xxx မွေးဖွားသန့်စင်လာ xxx အဖေအမေတို့သားလေး …။ ကြိုဆိုတယ် xxx ဂြိုလ်တွေ နက္ခတ်တွေရယ် xxx အဆိုးများတို့ ဖြတ်ကျော်အောင် xxx ဒီရင်မှာ ဆုတောင်းပေး …။

• အဖေ အမေ မျှော်လင့်ချက် xxx အားဆေးတခွက်သားငယ်ရေ xxx အကောင်းဆုံး မနက်ဖြန်တွေ xxx ယူလာနိုင်မလားဟေ့ …။ ယုံကြည်တယ် xxx သားရေ xxx အမျှော်လင့်ဆုံးပဲလေ xxx  ချိုမြိန်စွာ xxx သီကျူးချင် xxx ဒါဟာ မျိုးဆက်သစ်သီချင်း …။
• အနာဂတ်များ xxx ဖန်ဆင်းပေးဦးလေ xxx သားရဲ့လက်မှာလေ xxx ကမ္ဘာကြီးဟာ…။ ဒီအိပ်မက်များ xxx မျှော်လင့် ချက်များတွေ xxx သားလေးကြောင့် xxx ပြန် ရှင်သန်လာခဲ့ပြီ…။

• ရင်မှာမျှော်လင့်ချက် xxx အတိုင်းအဆမဲ့ သားငယ်ရေ xxx တို့ဘဝသစ်ကိုတဖန် xxx ဖန်ဆင်းမလား …။ အဖေ အမေ မျှော်လင့်ချက် xxx အားဆေးတခွက်လိုသားရေ xxx အကောင်းဆုံးမနက်ဖြန်တွေ xxx ယူလာနိုင်မလားဟေ့ …။

• ယုံကြည်တယ် xxx ကလေးရေ xxx အမျှော်လင့်ဆုံးပဲလေ xxx မျိုးဆက်သစ် သီချင်းလေးကို xxx သီဆိုမယ် တသက်လုံးပဲ …။

ဤသီချင်းလေးက ကျနော့်ကို ဆယ်စုနှစ် (၂) ခုခြား၍ ရသနှစ်ခုပေးခဲ့သည်။ ပထမအကြိမ် နားထောင်ရစဉ်က အိမ်ထောင် မကျသေး၊ မိဘနေရာကိုမရောက်သေးသဖြင့် သားသမီးနေရာမှ ခံစားရသည့် ရသကို ပေးခဲ့သည်။ “အကောင်းဆုံး မနက်ဖြန်တွေ xxx ယူလာနိုင်မလားဟေ့” ဟူသည့်စာသားက အမေ့မျက်နှာကို ပြေးမြင်စေသည်။ ”ရင်မှာမျှော်လင့်ချက် xxx အတိုင်းအဆမဲ့ သားငယ်ရေ xxx ” ဟူသည့်နေရာအရောက်တွင်မတော့ စိတ်ချအမေ၊ ကျနော်တို့မျိုးဆက် တာဝန်ကျေရစေ့မယ်။ ဤသို့ဤနှယ် မြင့်မြင့်မားမား ရဲရဲဝံ့ဝံ့။

ယခုအိမ်ထောင်လျက်သားကျ၍ ကိုယ်တိုင်မိဘဖြစ်သည့်အချိန်တွင်မတော့ ဟိုစဉ်က ခံစားရသည့် ရသနှင့်မတူတော့။ သီချင်းနှင့်အတူ မိမိထံမှ တစုံတရာ လိုက်ပါ စီးဆင်းနေသလိုခံစားရသည်။ တစိမ့်စိမ့် တသွင်သွင် စီးဆင်းနေသည့် ဤအရာ သည် မေတ္တာဟုဆိုလျှင်လည်း မေတ္တာရေအလျဉ်၊ ပီတိဟု ဆိုလျှင်လည်း ပီတိအဟုန်။ ယင်းသည်ပင် မိဘနေရာမှခံစားရသည့် ရသဖြစ်မည်ထင်သည်။

ဟိုတလောက မအေးမာက ဓာတ်ပုံလေးတပုံပို့လာသည်။ အောင်ကျော်၊ နောင်ရိုးနှင့် နောင်းမေတို့ ငါးနှစ်သားအရွယ် လောက်က ရိုက်ထားသည့်ပုံဖြစ်မည်ထင်သည်။ ငယ်စာရင်းက သူငယ်ချင်းသုံးယောက်။ အောင်ကျော်က နောင်ရိုးနှင့် နောင်းမေတို့ထက် နှစ်လခန့် စောမွေးသည်။ နောင်ရိုးက နောင်းမေထက် နှစ်ပတ်ခန့်စောမွေးသည်။

ဖွားဘက်တော်သုံးယောက်၏ဇာတာကလည်း ထူးသည်ထင်သည်။ လိုချင်တာရှိလျှင် မရရအောင် ယူကြလေမည်လား မ ပြောတတ်။ ဝမ်းကြာတိုက်အား ဒူးနှင့်တိုက်၍ လောကထဲဝင်မည်ချည်းတကဲကဲမို့ အမေတွေက ဗိုက်ခွဲမွေးပေးခဲ့ရသည်။ ကိုယ့်ဘက်နည်းနည်းဆွဲပြောရလျှင် နောင်ရိုးနှင့် နောင်းမေတို့က တော်လှန်ရေးစသည့် မတ်လ၌မွေးဖွားခဲ့ကြ၍ အောင်ကျော် ကမူ လွတ်လပ်ရေးရသည့် ဇန်န၀ါရီလ၌ မွေးဖွားခဲ့သည်။ ကိုယ့်ဇာတ်ကိုယ်နိုင်သည့် ဇာတာဟု ဆိုရမည်ထင်သည်။

အောင်ကျော့်နာမည်အပြည့်အစုံက အောင်ကျော်ဇာနည်။ ကဗျာဆရာ မောင်လွမ်းဏီ၏သားဖြစ်သဖြင့် ကလေး၏အမည် သည်ပင်လျှင် တော်လှန်ရသ အပြည့်အ၀နှင့်။ သို့သော်လည်း အမည်လေးလုံးစလုံး ခင်ဗျားတို့ဘာသာပေးခဲ့ကြတာလားဟူ၍တော့ တခါမျှ မေးမကြည့်မိဘူး။ ကြုံမှ မောင်လွမ်းဏီနှင့် မအေးမာတို့ကိုမေးကြည့်ရမည်။

နောင်ရိုး၏နာမည်အပြည့်အစုံက နောင်ရိုးနိုင်။ တိုက်ပွဲခေါ်သံနှင့် အတိပြီးသူ။ ကျနော့်အထင် ကိုအောင်မိုးဇော်၊ ကိုဇော်နိုင်ဦး၊ ကိုထွဋ်နှင့် ကိုညိုတို့ ဝိုင်းရွေးပေးကြသည်ဟုထင်သည်။ မိဘနှစ်ပါး ဖြစ်သည့် ကိုမောင်ဦးနှင့် မအေးသင်းတို့ထံမှ နာမည် တလုံးတလေလောက်တော့ ပါကောင်းပါမည်။ သူတို့ကိုလည်း ကြုံမှ မေးကြည့်ရဦးမည်။

နောင်းမေ၏နာမည်အပြည့်အစုံက မိုးစုမေ။ ကိုယ့်ဆရာတွေ ဘယ်တုန်းကများ ကြိုစဉ်းစားထားကြ သည်လည်းမပြောတတ်။ ဖုန်းဆက်လာကြသည်။ ကိုဝင်းနိုင်ဦးက “မေ” တလုံးတော့ ပါပစေဗျာဟူ၍။ ကိုအောင်သူငြိမ်းကတော့ ကဗျာဆန်ဆန် “မြတ်နိုးမေ”ဟူ၍။ ကိုမိုးသီးဇွန်အလှည့်ကျတော့ ကလေးက ကြာသပတေးသမီးကွ။ ဒါကြောင့် “မိုး” ကို ထိပ်စည်းထားကွ။ အလယ်မှာ ဒေါ်အောင်ဆန်းစုကြည် အမည် “စု” ကို ထားကွာ။ နောက်ဆုံးမှာ ကိုမင်းကိုနိုင်၏အမည် “နိုင်”ကို ထားဟုဆို၍ “မိုးစုနိုင်” ဟု ပေးသည်။ စုကို စလုံးနှင့်စုဖို့ သေချာအောင် ထပ်ပြောသည်။

ကျနော်နှင့်ဒေါ်နက်ကလည်း သူတို့သုံးဦးစလုံးရွေးပေးသည့် အမည်များကိုပါစေချင်သည်။ နာမည်သုံးလုံးထဲနှင့်အကုန်မပါသဖြင့် လေးလုံးထားကြည့်သည်။ အဆင်မပြေ။ နောက်ဆုံး အကြံတခုရသည်။ “နိုင်” ကို နောင်ရိုးကိုပေးလိုက်မည်ဟူ၍။ ကံကောင်းချင်တော့ “နိုင်” က နောင်ရိုးထံ၌ ပါပြီးသားဖြစ်နေသဖြင့် အားလုံးအဆင်ပြေသွားသည်။

ကျနော်တို့ရင်သွေးလား၊ သူတို့ရင်သွေးလားဟုမကွဲပြားအောင်ပင် ရဲဘော်များ၏လက်ပေါ်၌ ဤကလေးများ ကြီးပြင်း ခဲ့ကြ သည်။ ဝိုင်းဝန်းစောင့်ရှောက်ကြသည်။ ဝိုင်းဝန်းပျိုးထောင်ကြသည်။ ကလေးများ၏ ပညာရေးအတွက် သီးသန့်ရန်ပုံငွေပင် သတ်မှတ်၍ အသုံးပြုကြသည်။ ဘာသာစကားတခုထက်မက တတ်စေရန်အတွက် ဦးစားပေးပံ့ပိုးခဲ့ကြသည်။

သူတို့အထဲတွင် ကိုမိုးသီးက အတက်ကြွဆုံးဟုပြောရမည်။ ကလေးပြုစုပျိုးထောင်ရေးနှင့်ပတ်သက်သည့်စာများအား ဖတ်ရှု ၍ မျှဝေသည်။ အမှန်တကယ်က ဆရာလုပ်သည်ဟုပြောလျှင် ပိုမှန်မည်။ မီးဖွားသည့်အကြောင်းကို မီးနေသည်ပါးစပ်ဟောင်းလောင်းဖြစ်အောင် ပြောနိုင်သည်။ ကလေးရိုက်လျှင် လုံးလုံးမကြိုက်၊ အားမနာတမ်းပြောသည်။

မိဘထက် တလကြီးသည့်သားသမီးများဖြစ်စေချင်သည့်ဆန္ဒအား သူတို့၌တွေ့ရသည်။ ကျနော်တို့ မျိုးဆက်ထက်သာသည့် မျိုးဆက်များဖြစ်စေချင်သည့်ဆန္ဒအား သူတို့၌တွေ့ရသည်။ သူတို့ဆန္ဒများ ပြည့်ဝသည်ဟု ဆိုရမည်။ သူတို့ပျိုးထောင်ပေး ခဲ့သည့် သူတို့ရင်သွေးများ လူလားမြောက်၍ တက္ကသိုလ်ကျောင်းသူကျောင်းသားများ ဖြစ်ကုန်ကြပြီ။ အလှူအတန်းများ၊ ပွဲလမ်းသဘင်များ၌ ကလေးတော်တော်များများနှင့် စကားပြောကြည့်သည်။ အများစုမှာ မိဘနှင့် အပြန်အလှန်နားလည်မှု ရှိကြသည့် သားသမီးများဖြစ်ကြသည်ကို ဝမ်းသာဖွယ်ရာ တွေ့ရှိရသည်။

ဟိုတလောက အောင်ကျော်နှင့် စကားပြောရသည်။ “သင်္ချာကို ကျနော်နားလည်သလို သူများ နားလည်အောင် ရှင်းပြ တတ်တယ် ဦးအောင်” ဟု ပြောသည်။ “သမီးရေးတဲ့အက်ဆေးလေးတွေကို အတန်းထဲမှာ ကိုးကားကြတယ်အဖေ”ဟု နောင်းမေက ပြောသည်။

ဟိုတလောက Marine ယူနီဖောင်းနှင့် နောင်ရိုးနိုင်ကို တွေ့လိုက်ရသည်။ မျက်လုံးများ အရောင်လက်လာသည်။ သွေးခုန် နှုန်းမြန်လာသည်။ ငယ်စိတ်က “မြင်ပြင်းကပ်သူများ” အား ချဉ်ခြင်းတပ်လာသည်။ ဒင်းတို့နဲ့ ဓားဓားချင်း လှံလှံချင်းတင်မကဘူး သားသားချင်း သမီးသမီးချင်းတောင် ယှဉ်လိုက်ချင်သေးတယ်ဟူ၍ပင် ကြုံးဝါးမိမတတ်။ မတတ်နိုင်။ တိုက်ဆိုင်လျှင် စိတ်က ထထ လာတတ်သည်။
သို့သော် သူတို့ခေတ်၌ စစ်ပွဲများ မရှိစေချင်တော့။ ကျနော်တို့လက်ထက်၌ပင် စစ်ပွဲများအား အဆုံးသတ်စေချင်သည်။ သို့မှ သာ တိုင်းပြည်ထူထောင်ရေးအား စတင်နိုင်မည်ဖြစ်သည်။ သို့မှသာ သူတို့တတ်သည့် ပညာဖြင့် တတပ်တအား ပါဝင်နိုင်ကြ မည်ဖြစ်သည်။ သို့မှသာ သူတို့အနာဂတ်ကို သူတို့ဘာသာ ပုံဖော်နိုင်ကြမည် ဖြစ်သည်။ လူကြီးများက အတိတ်ကိုရိတ် သိမ်းပေးပါမှ လူငယ်များအဖို့အနာဂတ်ကို စိုက်ပျိုးနိုင်ကြ ပေလိမ့်မည်။

ယုံကြည်တယ် xxx ကလေးရေ xxx အမျှော်လင့်ဆုံးပဲလေ xxx မျိုးဆက်သစ် သီချင်းလေးကို xxx သီဆိုမယ် တသက်လုံးပဲ။

ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
၎၊ ဇန်နဝါရီ၊ ၂၀၁၇။