အေးမင်းစော - ရွေးကောက်ပွဲပြီးတဲ့အခါ

Art Canyon

အေးမင်းစော - ရွေးကောက်ပွဲပြီးတဲ့အခါ 
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၇

ရွေးကောက်ပွဲပြီးတဲ့အခါ
နွေဦးရာသီကိုရောက်တယ်
မက်မွန်ပွင့်တွေလည်း စပွင့်တယ်
အိမ်ရှေ့လမ်းပေါ်မှာ နေရောင်ခြည်ဟာ
အိမ်ပြင်ကိုပြေးထွက်လာတဲ့
ကလေးငယ်တယောက်လိုခုန်ပေါက်လို့
ငါတို့ဟာ အိမ်စာတပုဒ်ပြီးသွားသလို
စိတ်လက်ပေါ့ပါးလို့
ရပ်ကွက်ပန်းခြံထဲမှာ ခြေညောင်းလက်ဆန့်
လည်ပင်းမှာ ကြိုးကိုယ်စီနဲ့အိမ်မွေးခွေးတွေဟာ
ပြေးလွှားရင်း လေထဲက လိပ်ပြာတွေကိုဖမ်းလို့

ရွေးကောက်ပွဲပြီးသွားတဲ့အခါ
လမ်းထောင့်အမှိုက်ပုံဟာ
ခွေးဝဲစားတွေကြွက်တွေနဲ့
အရင်လိုပဲ အမှိုက်ကားတွေပုံမှန်မလာတော့ဘူး
အရက်ဆိုင်ထဲမှာ ခေါင်းငိုက်စိုက်ကျနေတဲ့
အရက်သမားတသိုက်က
အားတိုင်း နိုင်ငံတော်ကို ထထဆဲကြတယ်
ရွေးကောက်ပွဲပြီးတဲ့
နေ့နေ့ညညအူသံတွေ ပိုကြားလာရတယ်
ရွေးကောက်ပွဲပြီးတော့
သူရဲကောင်းတွေပျောက်သွားတယ်
သူရဲကောင်းတွေ ထပ်ပေါ်လာတယ်

ရွေးကောက်ပွဲပြီးတဲ့အခါ
မြို့ထဲကလမ်းတွေပေါ်
ပြည့်တန်ဆာတွေပြန်ရောက်လာတယ်
မာဖီးယားတွေနဲ့လောင်းကစားသမားတွေ
နေရာပြန်ယူတယ်

ရွေးကောက်ပွဲပြီးတော့ ငါ့အဘိုးက
သူ့အင်္ကျီရင်ဘတ်ပေါ်က စစ်ပြန်ဆုတံဆိပ်တွေပြန်သိမ်းရင်းနဲ့
“ငါလည်း သေချင်ပါပြီကွာ” လို့ ညည်းတယ်
အဲဒီ့အချိန်မှာပဲ
စီးပွားရေးသမားတွေရဲ့ကားတန်းရှည်ကြီးက
အစိုးရရုံးထဲအရှိန်နဲ့မောင်းဝင်သွားတာ ငါမြင်လိုက်တယ်

ရွေးကောက်ပွဲပြီးတော့
ငါတို့ဟာ ဝတ်ခဲ့တဲ့အင်္ကျီတွေကိုပြန်ခေါက်သိမ်း
လေထဲမြှောက်တင်ထားတဲ့လက်တွေပြန်သိမ်း
အော်ဟစ်ရလို့ကွဲရှနေတဲ့ လည်ချောင်းတွေကို
ယမကာခပ်ပြင်းပြင်းနဲ့ကုစားလို့

ရွေးကောက်ပွဲပြီးတဲ့အခါ
ဒဏ်ရာရသူရ သေသူကြေသူနဲ့
အိမ်နောက်ဖက်ကတောင်တန်းကြီးတွေကတော့
အရင်အတိုင်းပြာမှိုင်းနေဆဲ

ရွေးကောက်ပွဲပြီးတဲ့အခါ
ငါတို့ဟာ တံစဉ်တွေ ဓားတွေကိုပြန်သွေးကြတယ်
ပေါက်ပြားတွေကိုပြန်သပြီး အရိုးသစ်တပ်တယ်
တောစီးဖိနပ်ကိုဖာပြီး ယာထဲကိုပြန်ဆင်းတယ်
ကြက်သွေးရောင်မြေသားအောက်မှာ
ငါတို့စိုက်ပျိုးထားတဲ့အာလူးတွေက
ကြီးချင်တိုင်းကြီးလို့
ဖရုံသီးတွေဟာ နေလောင်အက်ကွဲလို့
အိမ်မွေးခွေးတွေကတော့
ပြေးလွှားဆော့ကစားရင်း
လိပ်ပြာတွေကိုဖမ်းမြဲဖမ်းလျက်
လေညင်းနဲ့နေရောင်ဟာလည်း
ငါတို့နဲ့ငယ်မွေးခြံပေါက်လို အရင်အတိုင်း
အချိန်အားရင် ငါတို့ဟာ ပေါက်ပြဲနေတဲ့
အဝတ်အစားတွေကို
လာမယ့်ဆောင်းရာသီအတွက်ဖာထေးတယ်
တောထဲက ထင်းတွေစုတယ်
အသားတွေကိုအခြောက်လှမ်းတယ်

ဒီလိုနဲ့ ရွေးကောက်ပွဲပြီးတဲ့အခါ
အိမ်ရှေ့မြက်ခင်းဟာ
မီးလောင်ပြင်တခုလို
ပြန်လည်ခြောက်သွေ့ညိုမွဲလို့
ဟိုအဝေးကတောင်ကြောပေါ်မှာ
ထုံးစံအတိုင်း တောမီးတွေလောင်လို့
ညနေဆို
အနောက်တောင်တန်းတွေက နေ့တွေကို
အလျင်အမြန်ဆွဲချခေါ်ဆောင်သွားတော့မယ်

ရွေးကောက်ပွဲပြီးတဲ့အခါ

သြော် ရွေးကောက်ပွဲပြီးတဲ့အခါ…။ ။

8 Sept 2016 (Thur)
22း26 pm