ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့အကြုံများ - အပိုင်း (၁)

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့အကြုံများ - အပိုင်း (၁)
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇

ကျနော်သည် ဘဝရပ်တည်ရေးအတွက် တဖက်တွင် အသက်မွေးဝမ်းကျောင်းအနေဖြင့် ကနေဒါနိုင်ငံတွင် တတ်မြောက်ထား သော Electronic Engineering Technician  ဘွဲ့ဖြင့်  ရပ်တည်ရှင်သန်လျက် ဘဝကို ရုန်းကန်နေသော်လည်း တခြားတဖက် ၌ ဘလော့များ၊ ကွန်ယက်များတည်ထောင်ကာ ကဗျာများ ဆောင်းပါးများရေးသားနေသည်မှာ အကြောင်းရှိပေသည်။ အ မှောင်ခေတ်ထဲတွင် ဖြတ်သန်းခဲ့စဉ်တုန်းက ခါးသီးသော အတွေ့အကြုံ အဖြစ်အပျက်များ နောင်လာနောက်သားများ မခံစား လို မဖြစ်ပျက်လိုသော စေတနာအရင်းခံလျက် လုပ်ဆောင်နေရခြင်း ဖြစ်ပါသည်။

ဆရာနန္ဒသိန်းဇံ၏ စာပေဟောပြောပွဲမှစကားကို ကိုးကားရလျှင် သင်္ကြန်မိုး ဇာတ်ကားတွင် နေအောင်ကို ခင်သန်းနုမှ ခိုးရာ လိုက်ပြေးဖို့ရာ စောင့်နေခဲ့သည်။ သို့သော် နေအောင်မှာ တပည့်မလေး၏အမေ ဆေးရုံတင်သည့် အရေးပေါ်ကိစ္စပေါ်လာရာ ခင်သန်းနုဖြင့် ချိန်းဆိုထားသည့်နေရာသို့ ရောက်မလာနိုင်ခဲ့ချေ။ ထို့ကြောင့် သင်္ကြန်မိုးဇာတ်ကားတွင် ခင်သန်းနုနှင့် နေ အောင်တို့ တသက်လုံး ဝေးခဲ့ကြသည့် ဇာတ်လမ်းဖြစ်ပေသည်။ ထိုအရာ၌ ဆရာနန္ဒသိန်းဇံမှ စာပေဟောပြောပွဲ၌ပြောကြား သည်မှာ ထိုအချိန်က ယခုလို ဆက်သွယ်ရေးကောင်းမွန်သော မိုဘိုင်းဖုန်းများမရှိလို့ဖြစ်ရတာဟု ပြောသည်ကို သဘော အကျကြီးကျမိသည်။ ခင်သန်းနုနှင့် နေအောင်တွင် ဖုန်းရှိပါက ဆေးရုံကိုရောက်နေတယ် ဘယ်အချိန်ထိစောင့်နေဟု နေ အောင်မှ ခင်သန်းနုကိုပြောလိုက်ပါက ယခုလို နာကျင်ကြေကွဲဖွယ် ဇာတ်လမ်းမျိုး ဖြစ်မလာနိုင်ဟု တင်ပြဆွေးနွေးသည်မှာ သဘာဝကျပါသည်။ ကျနော်တို့အနေဖြင့်လည်း ဆက်သွယ်ရေးနည်းပညာများကို တိုင်းပြည်နှင့် လူထုကောင်းကျိုးအတွက် လုပ်ဆောင်လျှင် အကျိုးရှိမည်ဟု ယုံကြည်ပါသည်။

(၁)
ရေပတ်ပတ်လည် ဝိုင်းနေသော ကျွန်း၏ တောင်ထိပ်တနေရာမှ အဝေးကိုမျှော်ကြည့်လိုက်လျှင် ကမ်းမမြင် လမ်းမမြင် ပင် လယ်ပြင်ကြီးကို နေရောင်ခြည်အောက်တွင် လွမ်းမောချင်စဖွယ် မြင်တွေ့နေရသည်။ ကျွန်းပေါ်မှ အရှေ့အနောက်တောင် မြောက် ဘယ်နေရာကို ကြည့်ကြည့် ဘာကို လွမ်းလို့ လွမ်းမှန်းမသိပေမဲ့ သေချာတာကတော့ အသည်းနှလုံး၌ အမေ့အိမ်နှင့် အမိမြေကို လွမ်းနေသည့် အချိန်ကများသည်။ ပျော်ပွဲစားထွက်လာသော သူဖြစ်လျှင်တော့ စိမ်းလန်းငြိမ်းချမ်းသော ပင်လယ်ပြင်နှင့် သဘာဝပတ်ဝန်းကျင်ကို ကြည့်ကာ ကြည်နူးကောင်း ကြည်နူးနေနိုင်ပေမည်။သို့သော် မိဘကို အသိမပေးပဲ သပိတ်စခန်းမှတဆင့် မြန်မာပြည်မှ ထွက်ခွာကာ တိုင်းပြည်နှင့်လူမျိုးကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး အတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ထိုင်းမြန်မာနယ်စပ်သို့ထွက်ခွာလာခဲ့သော ကျနော်သည် ပျော်ပွဲစားထွက်လာခြင်းမဟုတ်သဖြင့် ဖြစ်ချင်တာနှင့် ဖြစ်နေတာများ တခြားစီဖြစ်နေသောအခါ အရာရာကို အားမလိုအားမရဖြစ်နေရသလို မကျေမနပ်ဖြစ်မှုများလည်း ရင်ထဲပြည့်နှက်နေပေသည်။

လောက၌ အထင်နှင့် အမြင်သည် လကတွေ့ဘဝတွင် လွဲချော်တတ်ကြောင်း အဖြစ်အပျက်များက သက်သေပြနေပေသည်။ မြန်မာနိုင်ငံ၏ ကော့သောင်းမြို့နှင့် မနီးမဝေး နေရာ၌တည်ရှိသော ထိုင်းနိုင်ငံ၏ အပိုင်ဖြစ်သော ပင်လယ်ထဲရှိ တမိုင်ပတ် လည်မျှပင်မရှိသော ကျွန်း၌ မိသားစု တစ်စုနှင့် လူနေအိမ်ခြေ (၂) လုံးမျှသာရှိပြီး လူ (၁ဝ) ယောက်မျှသာရှိသည့် ကျွန်းသို့ ရောက်ရှိလာရမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် အဖြစ်က အိမ်မက်ထက်ပင်ထူးဆန်းပေသည်။ ဘဝဆိုတာ ပင်လယ်လို ရာသီဥတုနှင့် အပြိုင်အမျိုးမျိုးပြောင်းလဲတတ်ကြောင်း မိုးရေ ထဲတွင် မျက်ရည်ကျခဲ့သည့် နေ့ရက်များရှိခဲ့သလို နေရောင်ခြည်အောက်၌ ပြောစရာ စကားလုံးများ ပျောက်ဆုံးနေသည့်အဖြစ် အပျက်များရှိလျက် ငြိမ်သက်ပြီး အဝေးကိုမျှော်ကြည့်နေသည့် နေ့ရက်များလည်း ရှိခဲ့ပေသည်။

အိပ်မပျော်သော ညများကို ဖြတ်သန်းရင်း လေပြင်းတိုက်ခိုက်ခြင်းကို အဝေးမှ ပင်လယ်လှိုင်းသံများနှင့်အတူ ကြားနေရသည်။ အိမ်ထရံကြားမှ မိုးမှောင်ကျနေသော ကောင်းကင်ပြင်တွင် တချက်ချက် လျှပ်စီးလက်သံများကို မြင်နေရပြီး မိုးချုန်းသံများ ကိုလည်း ကျယ်ကျယ်လောင်လောင် ကြားနေရသည်။ အိမ်ခေါင်မိုးပေါ်သို့ကျရောက်လာသော မိုးရေစက်များသည် နှလုံး သားတံခါးကို ပြင်းပြင်းထန်ထန်ခေါက်နေပြီး စိတ်သည် အတိတ်ဆီသို့အပြေးအလွှား ပြန်လည်ရောက်ရှိသွားခဲ့ပေသည်။

(၂)
ယခုအကြောင်းအရာများသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများဖြစ်သော်လည်း အဖွဲ့စွဲ ပုဂ္ဂိုလ်စွဲ ဒေသစွဲ များကင်းစင်လျက် တချိန်ချိန်တွင် ရေးသားမည်ဟု ရည်ရွယ်ချက်ရှိသော်လည်း အဖွဲ့အစည်းများ၏ အကွဲအပြဲများ အ ကြောင်း၊ တော်လှန်ရေး နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများအကြောင်းရေးသားလျှင် စစ်အာဏာရှင်များ ကျေနပ် အားရစရာဖြစ်မည်ကို စိုးရိမ်လျက် အနည်းငယ်ပွင့်လင်းမြင်သာသောခေတ်တွင် ရေးသားရခြင်းမှာ နောင်လာနောက်သား နောင်မျိုးဆက်သစ်များအား ဘဝပေးသင်ခန်းစာများရယူနိုင်လျှင် ရေးသားရကျိုးနပ်ပါသည်။ ထို့အပြင် မြန်မာပြည် ဒီမိုက ရေစီရေးအတွက် ဘဝများ အသက်များ ပေးဆပ်စတေးခဲ့ကြသော သူများ၊ ခေတ်ပြောင်းတော်လှန်ရေးတွင် ပါဝင်ခဲ့သူများ အချင်းချင်း အပြန်အလှန်လေးစားတန်ဖိုးထားရန် လိုအပ်ကြောင်း တင်ပြရခြင်းလည်းဖြစ်ပါသည်။ မင်းဘာလဲ ငါဘာလဲ ဆိုကာ ညီညွတ်ရေး ပြိုကွဲနေမည့်အစား တောတွင်း ထောင်တွင်း ပြည်တွင်းပြည်ပနေရာတကာတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး မြန်မာ့ဒီမိုကရေစီအရေး ပြည်သူ့အစိုးရပေါ်ထွန်းရေးအတွက် ဘဝများ အသက်များပေးကာ စွမ်းဆောင် ခဲ့သူ များအတွက် တချိန်ချိန်တွင် အစိုးရမှဦးဆောင်ကာ ဒီမိုကရေစီကျောက်တိုင်ဖြင့် ဂုဏ်ပြုစေချင်ပါသည်။

ကျနော်သည်ပင် ဒီမိုကရေစီတိုက်ပွဲ၌ အသက်မသေပဲကျန်ရစ်ခဲ့ကာ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့သူများအတွက် ရည်ရွယ် ကာ မြန်မာ့ဒီမိုကရေစီအရေးနှင့်အတူ ဖြတ်သန်းခဲ့မှုကို အတွေ့အကြုံအရ တနိုင်တပိုင် တင်ပြရခြင်းဖြစ်ပါသည်။

အမှန်တကယ်တွင်မူ ကျနော်တို့မျိုးဆက်သည် ဖိနှိပ်ဖောက်ပြန်သော အာဏာရှင်စနစ်အောက်တွင် မျက်စိပိတ် နားပိတ် မွေးဖွားကြီးပြင်းခဲ့သူများဖြစ်ရာ၊ ခေါင်းဆောင်မှု နောက်လိုက်မှု လုပ်ရပ်များအပါအဝင် လူထုကို စည်းရုံးရေးနည်းပညာများ လည်း အားနည်းကောင်း အားနည်းနေခဲ့သည်မှာ ပိတ်ဆို့အထီးကျန်သော ခေတ်အခြေနေအရ သဘာဝကျပါသည်။

(၃)
ကျနော်သည် ၁၉၈၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် အစိုးရမှ တိုင်းပြည်၏ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ် ငွေ စက္ကူများကို တရားမဝင်ကြောင်း ကြေညာသော ငွေစက္ကူအရေးအခင်းဖြစ်ချိန်တွင် ပုသိမ်ဒီဂရီကောလိပ်တွင် သတ္တဗေဒ နောက်ဆုံးနှစ်ကို သင်ကြားနေချိန်ဖြစ်ပြီး အစိုးရကို မကျေနပ်ကြောင်း စာရွက်စာတမ်းများ ဖြန့်ဝေကာ အစိုးရဆန့်ကျင်ရေးကို လုပ်ဆောင်ခဲ့သည်။ ထိုအချိန်ကမူ အစိုးရမှ အရာရာကိုပိတ်ပင်ထားပေရာ အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်မှုကြီး သည်ပင် ဧရာမ စွန့်စားလုပ်ကိုင်မှုကြီးဖြစ်ပေသည်။ အခန့်မသင့်၍ အစိုးရမှ ဖမ်းမိသွားပါက ထောင်နှစ်ရှည်ကျသွားခဲ့မှုများ ရှိနေသော ကာလဆိုးကြီးလည်း ဖြစ်ပေသည်။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ဒုလက်ထောက် တိုင်းမှူးဖြစ်သော အဖေမ သိရှိစေရန် ခိုးကြောင်ခိုးဝှက် လုပ်ဆောင်ခဲ့ရချိန်လည်း ဖြစ်ပေသည်။

ကျနော်တို့အိမ်သည် ထိုအချိန်က ပုသိမ်မြို့မရမ်းချိုရပ်၌ ဧရာဝတီတိုင်း လဝက တိုင်းရုံး အနီးဝန်းကျင်တွင်ရှိသဖြင့် ဒုလက် ထောက်တိုင်းမှူးဖြစ်သော အဖေ၏သူငယ်ချင်း လဝကမှ မြို့နယ်မှူးများသည် လဝက တိုင်းအစည်းအဝေးသို့လာလျှင် တချို့က အိမ်မှာ တည်းခိုကြသည်။ ထို့နောက် တခါတရံတွင် ပါတီကောင်စီဥက္ကဌများ ဖောက်ပြန်ခြစားသည့် မဆလ စနစ် ကို မကြိုက်နှစ်သက်ကြောင်း ဝေဖန်မှုများ အဆိုပါ လဝကအရာရှိများထံမှ ကြားသိနေခဲ့ရသည်။ သို့သော် အဆိုပါအရာရှိ များသည် အစိုးရကို မကျေနပ်သော်လည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသဖြင့် အစိုးရလုပ်ငန်းအား မဖြစ်မနေ အောင့်အီးလုပ်ကိုင်နေခဲ့ကြဟန်တူပါသည်။

ထို့ကြောင့် ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရင်ကြား စေ့ရေးမူဖြင့် လုပ်ဆောင်ကာ စစ်ခေါင်းဆောင်များအား စည်းရုံးလုပ်ဆောင်နေမှုသည် အောင်မြင်နိုင်ချေရှိသည်ဟု ထင်မြင် နိုင်သော်လည်း ရိုးသားကြိုးစားသော အစိုးရဝန်ထမ်းများရှိသလို ဖောက်ပြန်သော လူတန်းစားလည်း ရှိနေဆဲ ဖြစ်သော ကြောင့် အလွယ်တကူဖြင့် အောင်မြင်ရန် ခက်ခဲပေလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ လူကို တိုက်နေခြင်းမဟုတ်ပဲ မူကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေပေရာ ၂ဝဝ၈ ဖွဲ့စည်းပုံမူဝါဒကို ပြုပြင်ရန် အထူးလိုအပ်နေသကဲ့သို့နှစ်ပေါင်းများစွာ ဖောက် ပြန်သောစနစ်တွင် လူကော မူကော ပျက်နေပါက ပြင်ရအလွန်ခက်နေသည့် စိန်ခေါ်မှုကို ပြည်သူ့အစိုးရမှ ရင်ဆိုင်နေရ ချိန်ဖြစ်ပါသည်။

(၄)
၁၉၈၈ မတ်လ အရေးအခင်း၌ သူငယ်ချင်းများအပါအဝင် ကျောင်းသားများ ဖမ်းဆီးထောင်ကျချိန်တွင် ကျောင်းသားများလွတ်မြောက်ရေးအတွက် ကျနော်သည် လျှို့ဝှက် စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ပေသည်။ ထို့နောက် ဘွဲ့ရ ကျောင်းပြီးစ ကျနော်သည် ၁၉၈၈ ဇွန်လတွင်ပုသိမ် မြို့ပေါ်၌ ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် တွဲဖက် အထက်တန်းပြ ဆရာအဖြစ် ချောင်းသာပင်လယ်ကမ်းခြေအနီး သဇင်ကျေးရွာသို့သူငယ်ချင်း ရဲဌေး၊ ကျော်ကျော်ဝင်းတို့နှင့်အတူ တိမ်းရှောင် ခဲ့ရပေသည်။

၁၉၈၈ အရေးအခင်းကာလ ပုသိမ်မြို့ပေါ်တွင် စစ်တပ်မှ ပစ်ခတ်မှုများရှိရာ အလောင်းများ ငဝန်မြစ်ထဲတွင် မျောပါခဲ့သည်။ ပုသိမ်တမြို့လုံး ကျီးလန့်စာ စားသလို တိတ်ဆိတ် ငြိမ်သက်နေပေမဲ့ ထိုအချိန်က ရဲဌေး၏ညီဖြစ်သော ရဲလှ၏ စက်လှေ တစင်းဖြင့် ကူညီမောင်းနှင်မှုကြောင့် ပုသိမ်မြို့၏ ငဝန်မြစ်၌ တကမ်းဝင် တကမ်းတက်လျက် ပုသိမ်တဖက်ကမ်းရှိ ဈေးထဲတွင် ရဲဌေးနှင့်အတူ ပျောက်ကြားတရားပွဲများလုပ်ကာ အစိုးရ ဆန့်ကျင်ရေးတရားပွဲများဟောပြောခဲ့သည်။ ထိုသို့ဟောပြောခဲ့စဉ် တုန်းက စစ်တပ်မှပစ်ခတ်ကာ လိုက်လံဖမ်းဆီးနေသဖြင့် အဖမ်းခံရ သေရမည်ကို လုံးဝအကြောက်အလန့်မရှိခဲ့ပေမဲ့ ယခုပြန် တွေးကြည့်မှ အတွေးထဲ ရုပ်ရှင်လို အတိတ်၏ အနှေးပြကွက်များက ပြန်လည်သက်ဝင်လှုပ်ရှားကာ အိပ်မက်လို ခြောက် လှန့်နေသည်။ ရဲလှလည်း ကွယ်လွန်ခဲ့ပြီဖြစ်ရာ ရဲလှလို မြန်မာပြည်ဒီမိုကရေစီရေးအတွက် တဖက်တလှမ်းမှ လုပ်ဆောင်ခဲ့ သော အညတရသူရဲကောင်းများ မြန်မာပြည်အနှံ့အပြားရှိမည်မှာ အသေအချာဖြစ်ပေသည်။

ပုသိမ်မြို့ရှိ ထောက်လှမ်းရေး အပါအဝင် စစ်တပ်မှ လိုက်လံဖမ်းဆီးသဖြင့် ဘုန်းကြီးကျောင်းမှာ ပုန်းရှောင်နေရချိန်ဖြစ်သလို ပြောက်ကြားတရားပွဲများကို သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ပေသည်။ မိမိကိုယ်ကို မိမိလည်း သေလူအဖြစ်သတ်မှတ်ကာ ကျောင်းထိုင် ဘုန်းကြီးမှ သရဏဂုံတင်ပေးခဲ့ပြီး လက်မောင်းမှာ စီးရန် သင်္ကန်းစလည်း ဖြတ်စီးပေးခဲ့ပေသည်။ ပုသိမ်မြို့ပေါ်၌ တရားပွဲများလိုက်လံဟောကြားပြီး ထောက်လှမ်းရေးမှ လိုက်လံရှာဖွေနေသဖြင့် တည၌ ဇော်ကြီး (သစ်ကောင်းအိမ်) ၏ အိမ်တွင် ပုန်းရှောင် အိပ်ရသည့်နေ့ကို အမှတ်ရနေသေးသည်။

ထို့နောက် လူထု၏ ဒီမိုကရေစီ ၈၈၈၈ အရေးတော်ပုံကြီးကြောင့် နေဝင်း၊ စိန်လွင်၊ ဒေါက်တာမောင်မောင် သမ္မတ ၃ ယောက် ပြုတ်ကျချိန်တွင် တရားဝင်သပိတ်စခန်းကို ပုသိမ်မြို့ရှိ ခါတော်မီ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး အလျဉ်းသင့်သလို ပုသိမ်မြို့ပေါ်တွင် ဒီမိုကရေစီတရားပွဲများ ဟောပြောခဲ့သည်။ ထိုအချိန်က တရားပွဲများတွင် ကဗျာဆရာ ကိုအောင်ပွင့်၊ ကို အောင်စောဦးတို့ကို သတိရနေပေသေးသည်။ ကိုအောင်ပွင့်သည် ကျနော်တို့ကဗျာဆရာတသိုက်အတွက် ပြင်ပတွင် မရနိုင် သည့် ကတ်စရို ချေဂွေဗားရားအပါအဝင် တော်လှန်ရေး နိုင်ငံရေးစာအုပ်များကို ငှားရမ်းဖတ်ရှုစေခဲ့သူဖြစ်ပေသည်။

ကျနော်တို့သည် ချောင်းသာမှတဆင့် ပုသိမ်သို့တက်လာပြီး ၈၈၈၈ အရေးတော်ပုံကြီးတွင် တက်ကြွစွာ လုပ်ဆောင်နေ ကြောင်းသိရသဖြင့် မြို့ပေါ်တွင် စစ်တပ်မှ ပစ်ခတ်ရာတွင် ကျနော် သေသွားပြီလား အဖမ်းခံရပြီလား မသိသဖြင့် အမေသည် ထောင်များ ဆေးရုံများ ရင်ကွဲရုံများသို့ လိုက်လံကြည့်ရှုခဲ့ကြောင်းပြောပါသည်။

ထို့နောက် ဘယ်က ဘယ်သို့သတင်းအစအနရသွားသည်မသိ။ ပုသိမ်တဖက်ကမ်းပုန်းရှောင်နေရာသို့ အမေသည် ရောက် လာကာ ကျနော့ကို အိမ်သို့ပြန်ခေါ်လေတော့သည်။ အဖေသည် ကျနော့်ကို နိုင်ငံရေးအား ဘယ်လောက်နားလည်လို့ ယခုလိုလုပ်နေရသလဲမေးကာ အိမ်တွင် သော့ခတ်ထားကာ အရိပ်တကြည့်ကြည့် စောင့်ကြည့်ခဲ့ပေသည်။ သို့သော် မိဘများ အလစ်တွင် အိမ်သော့ကိုဖွင့်ကာ တောခိုရန် ဆုံးဖြတ်လျက် အိမ်မှ ထွက်ခွာခဲ့ပေသည်။ ထိုအချိန်ကတော့ အတွေ့အကြုံမရှိ သဖြင့် တောခိုပြီး လက်နက်ရလျှင် ပြန်လာမည်ဟု သုံးသပ်ကာ သုံး လေးလမျှကြာမည်ဟုထင်ကာ အဖေ အမေအလစ်တွင် အိမ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပေသည်။သို့သော် လကတွေ့တွင်မူ မြန်မာပြည်မှ ၁၉၈၈ ခုနှစ်၌ တောခိုသွားခဲ့ရာ အဖေ ဆုံးသော ၂ဝ၁၃ တွင် ပထမဆုံးအကြိမ် မြန်မာပြည်သို့ပြန်လည်ရောက်ရှိခဲ့ရာ ၂၅ နှစ်ကြာမှ အမေ့အိမ်သို့ပြန်လည်ရောက်ရှိ ခဲ့ခြင်း ဖြစ်ပေသည်။ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ထောင်ထဲ တောထဲ နေရာတကာတွင် သေဆုံးကာ အမေ့အိမ်ပြန် မရောက်သူများ ဘယ်လောက်ရှိမည်နည်းဟုတွေးတောကာ ဒီမိုကရေစီသူရဲကောင်းများအတွက် ဝမ်းနည်းကြေကွဲနေမှုလည်း တခါတရံ ကျနော့်စိတ်ကို နှိပ်စက်နေပေသည်။ ထိုဒီမိုကရေစီသူရဲကောင်းများ၏အမည်ကို ဒီမိုကရေစီကျောက်တိုင်တွင် မှတ်တမ်း မတင်သင့်ဘူးလား။

(၅)
ထိုအချိန်က တိုင်းပြည်၏ နိုင်ငံရေးအခြေအနေသည် မုန်တိုင်းမလာခင် လေငြိမ်သလို ငြိမ်သက် နေသဖြင့် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမျှမသိပေ။ ကျနော်တို့အုပ်စုသည် လက်နက်မဲ့ အနုနည်းဖြင့် ဆန္ဒပြသူ ရဟန်းရှင်လူ ကျောင်း သားပြည်သူများအား စစ်တပ်မှ ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရန် ဆုံးဖြတ်ခဲ့ပေသည်။ သို့သော် တောခိုချိန်တွင် မည်သူက လက်နက်တပ်ဆင်ပေးမည် သင်တန်းပေးမည်ကို သေသေချာချာမသိပေမဲ့ ထိုင်းမြန်မာနယ်စပ်ရောက်လျှင် လက်နက်ရမည် သင်တန်းတက်ရမည်ဟု တက်ကြွ ယုံကြည်နေ ခဲ့ကြသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမြက်ခင်းပြင်၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဖွဲ့စည်းရေးအတွက် ကျောင်းသားများ လှုပ်ရှားနေကြသည်။

(၈၈၈၈) အရေးတော်ပုံကြီးကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုတ်ကျပြီး စစ်တပ်မှ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်အာဏာမသိမ်းမီစပ်ကြား အချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ၊ ဘွဲ့ရကျောင်းသားများ သမဂ္ဂ စသည်ဖြင့် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အသီးသီးရှိနေသည်ကို တွေ့ခဲ့ရပေသည်။

ကျနော်တို့ကတော့ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ပြီးဖြစ်၍ ကိုထွန်းဝင်း (စက်မှုတက္ကလိုလ်) ၏ဦးဆောင်မှုဖြင့် ရန်ကုန်တက္ကသိုလ်တွင် ၁၄၁ အုပ်စုအပါအဝင် တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံရန် ထိုနေ့က တ က္ကသိုလ်ကျောင်းဝန်းအတွင်းသို့ ရဲဌေး (လုအိမ်) ၊ ချိုတူး (ဆောင်းယွန်းလ)  တို့နှင့်အတူ ပုသိမ်မြို့မှ ရောက်ရှိခဲ့ပေသည်။ ထို့ နောက် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ လျှို့ဝှက်တိုင်ပင်ထားသည့်အတိုင်း မော်လမြိုင်မြို့တွင် တွေ့ဆုံရန် ကိုယ့်အစီအစဉ်ဖြင့် ကိုယ်လာကြရန်ဆုံးဖြတ်ခဲ့ကြပေသည်။ထို့နောက် ရန်ကုန်မြို့မှ ကားဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ကျိုက် သုတ် သပိတ်စခန်းသို့ရောက်ရှိခဲ့ပြီး မှတ်မိသလောက် ကိုဝင်းကျော့မှူး၊ ဦးပဉ္ဇင်း စိန်လွင်တို့အတူတူ တောခိုရန် မော်လမြိုင် ဆိပ်ကမ်းရှိ သင်္ဘောပေါ်သို့နေမဝင်ခင် လူစုခွဲကာ တက်ရောက်ခဲ့ကြသည်။ သဘောင်္ဖြင့် ထွက်ခွာချိန်တွင် သဘောင်္ပေါ်သို့ ပုသိမ်မြို့တွင် နေထိုင်ခဲ့ဘူးသည့် အဆိုတော်ထူးအိမ်သင်မှ ပုသိမ်သံယောဇဉ်ဖြင့် သဘောင်္ပေါ်သို့လာရောက်နှုတ်ဆက်ခဲ့ ပေသည်။ အထက်ပါသဘောင်္ကြီးသည် ၈၈၈၈ အရေးအခင်းကာလတွင် အစိုးရထံမှ မော်လမြိုင် သပိတ်ခေါင်းဆောင်များ အပါအဝင် ပြည်သူလူထုက သိမ်းပိုက်ထားသော သဘောင်္ကြီးဖြစ်ကြောင်းလည်း သိရပေသည်။

အထက်ပါသဘောင်္ဖြင့် ကျိုက္ခမီကမ်းခြေသို့ရောက်ရှိလာရာ ကမ်းခြေလမ်းတလျောက်တွင် ပန်းစည်းများဖြင့် ကြိုဆိုနေသော မြို့ခံများကို တွေ့ရပေသည်။ပြည်သူလူထု အမြင်တွင်မူ သပိတ်စခန်းများသည် လူထုလက်ထဲကျရောက်နေသဖြင့် လူထုက အောင်ပွဲခံပြီး ဒီမိုကရေစီရနေပြီဟု ထင်မြင်ကောင်းထင်မြင် နေပေလိမ့်မည်။

ကျနော်တို့ကျောင်းသားလူငယ်များ ကျိုက္ခမီသို့ရောက်ရှိနေကြောင်း စစ်တပ်မှ သိရှိသဖြင့် အချိန်မရွေးလာရောက်ဖမ်းဆီးနိုင်ရာ အဖမ်းမခံပဲ ကွန်မင်ဒို တပ်သားလို အသေခံပြန်လည်တိုက်ခိုက်မည်ဟု ဆိုကာ ဓားမြှောင်များဖြင့် ကိုမောင်မောင်သိန်း ၊ ကိုညွှန့်အောင်၊ ကိုအံ့ကြွယ်၊ ကိုရွှေစင်ထွန်း၊ ကိုစိုးလွင်တို့အပါအဝင် ကျနော်တို့ ၁ဝ၇ ယောက်သော တောခိုရန်သွားမည့် ကျောင်းသားလူငယ်တစု လေ့ကျင်ခဲ့မှုကိုလည်း မြင်ယောင်နေမိသည်။

ကျနော်တို့ ၁၄၁ အုပ်စုအပါအဝင် တောခိုသည့် ၁ဝ၇ ယောက်အုပ်စုတွင် ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ ညောင်တုန်း၊ ကျောက်ပန်တောင်း၊ ပျဉ်းမနား၊ သိမ်ဇရပ်၊ ကျိုက္ခမီ စသော မြို့ပေါင်းစုံမှ ကျောင်းသားများ ပါဝင်ခဲ့ပေသည်။ ထိုအချိန်က စိတ်ထဲတွင် တွေးတောကာ ထင်မြင်ယူဆမိတာက ရဲဘော်သုံးကျိပ်တောင် လူအယောက် ၃ဝ ဖြင့် တိုင်းပြည်ကို ကယ်တင် နိုင်ခဲ့လျှင် အခုလို အယောက် ၁ဝ၇ ယောက်ဖြင့် မြန်မာပြည်အား အမှန်တကယ် ကယ်တင်နိုင်မည်ဟု ယုံကြည်နေချိန်လည်း ဖြစ်ပေသည်။

ထို့ကြောင့် တခါမှ ပင်လယ်ကို ဖြတ်သန်းကာ သဘောင်္မစီးဘူးသော ကျနော်သည် လှိုင်းမူးနေသော်လည်း အများနည်းတူ သီချင်းတပုဒ်ကို သံပြိုင် သီဆိုခဲ့ကြပေသည်။ ကျနော်တို့သီဆိုခဲ့သော သီချင်းမှာ အဆိုပါ တောခိုသည့် ခရီးကို ဦးဆောင်သော မောင်မောင်သိန်းကို ရည်စူးကာ တို့မြန်မာပြည်ဝယ် မိဘတိုင်းကကွယ် မောင်မောင်သိန်းလို သူရဲကောင်းတွေ မွေးကြရမယ် ဆိုတဲ့ သီချင်းတပုဒ်ပါ။ တက်ကြွနေသော ကျောင်းသားလူငယ်များ၏ သီချင်းသံသည် ပင်လယ်လှိုင်းကြားတွင် တရွေ့ရွေ့ သွားနေသော သဘောင်္ပေါ်တွင် နေရောင်ခြည်နှင့်အတူ လွင့်ပျံနေခဲ့ပေသည်။ တခါတရံတွင် ပင်လယ်ရေပြာပြာတွင် ပင် လယ်ငါးကြီးများ ပေါ်လာလိုက် ပျောက်သွားလိုက် မြင်နေရပေရာ ကျနော်သည် နောင်တွင် ကဗျာတပုဒ်ရေးဖြစ်သည်မှာ...

အမှန်တရားက
ပင်လယ်ငါးတွေလို
ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့..။

ထို့နောက် ကျနော်တို့ကို သယ်ဆောင်လာသော သဘောင်္သည် ဘယ်နှစ်ရက်လောက် ပင်လယ်ပြင်ကို ဖြတ်သန်း ခုတ်မောင်း ခဲ့သည်ကို မမှတ်မိပေမဲ့ တညနေတွင် ပင်လယ်ကမ်းခြေရှိ ရွာတရွာသို့ရောက်ရှိခဲ့ပေသည်။

တရွာလုံး မြေပြင်နှင့်မထိပဲ သစ်လုံးကြီးများ၊ ဝါးတန်းများဖြင့် လမ်းများ၊ အိမ်များ တည်ဆောက်ထားပုံက ကဗျာဆန်သည်။ မြိတ်မြို့နယ်တွင် တည်ရှိသော ကြပ်ချောင်းရွာဟု သိရပြီး သဘာဝအခြေအနေအရ လှိုင်းဒဏ် လေဒဏ်ကို ခံနိုင်ရန် ယခုလို မြေပြင်အထက် ၁ဝ ပေလောက်တွင် လမ်းများ အိမ်များတည်ဆောက်ထားမှုက အလွန်ထူးဆန်းနေပေသည်။ ကျနော်တို့ လူအုပ်ကများသဖြင့် ကျေးရွာရှိ လူကြီးများအစီအစဉ်ဖြင့် နေထိုင်စားသောက်ရေးအစီအစဉ်ကို အချိန်အတန်ကြာယူပြီး လုပ်ဆောင်ခဲ့ကြရသည်။ ကျနော့စိတ်ထဲ အမှတ်တရရှိနေသေးသည်မှာ ကြပ်ချောင်းရွာ ဒီမိုကရေစီတရားပွဲတွင် ကျနော် သည် တရားဟောခဲ့ပြီး တိုင်းပြည်ဟာ ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံကြီးဖြစ်နေကြောင်း အဝတ်တွေပါ ဖာဝတ်နေရကြောင်းပြောရာ တံငါသည် အများစုနေထိုင်သော ဆင်းရဲသော ကျေးရွာဖြစ်သည့်အလျောက် အဝတ်တွေ ဖာချုပ်ကာဝတ်နေရသော သူတို့ ဘဝနှင့်တထပ်တည်းကျနေသဖြင့် လက်ခုပ်သံတဖြောင်းဖြောင်းကို တီးကာ အားပေးသည့်အဖြစ်ကား ယနေ့တိုင်ကြား ယောင်နေမိသည်။ ထို့နောက် ကျနော်တို့လမ်းတွင် အရေးကြုံလျှင်အသုံးပြုရန် ကျေးရွာမှ သေနတ်များပေးလိုက်သည်ကို လည်း အမှတ်ရနေခဲ့မိသည်။

(၆)
ကျနော်တို့ ၁ဝ၇ ယောက်အုပ်စုသည် အထက်ပါ ကြပ်ချောင်းရွာမှတဆင့် ကော့သောင်းသို့သွားရာတွင် မော်လမြိုင်မှ ယူ ဆောင်လာသော သင်္ဘောကြီးဖြင့် မဟုတ်တော့ပဲ စက်လှေအသေးစားတစင်းသို့ ပြောင်းစီးခဲ့ကြရသည်။ စက်လှေလိုလို သဗ္မာန်လိုလိုလှေမျိုးသည် ကော့သောင်းတို့ ရနောင်းတို့တွင် အသုံးအပြုများသော စက်လှေမျိုးဖြစ်ပေသည်။ စက်လှေသေး သေးပေါ်တွင် စက်လှေဝမ်းဗိုက်အတွင်းသို့ အုပ်စုလိုက်စုထိုင်ကာ အပေါ့အပါးသွားရန် တဦးချင်းအား ပလပ်စတစ်အိပ် တ အိပ်စီပေးထားခဲ့သည်။ ညအမှောင်ထဲတွင် စက်လှေမှ စက်သံ ပင်လယ် ရေလှိုင်းသံမှလွဲပြီး အသက်ရှုသံပင် မကြားရလောက် အောင် အတွေးကိုယ်စီဖြင့် အားလုံးငြိမ်သက်နေကြသည်။ မဆီမဆိုင် သတိရလိုက်သည်မှာ ဆရာမောင်သော်က၏ ဝတ္တု တွင် ပင်လယ်ထဲသဘောင်္ပျက်ကာ မျောပါခဲ့သော ပင်လယ်ဟာ ဒီပင်လယ်ပါလားဟု အတွေးရောက်နေခဲ့သည်။

ထိုအချိန်က လရောင်အောက်တွင် မောင်းနှင်သော စက်လှေသမား၏ကျွမ်းကျင်မှုကြောင့်သာ လှိုင်းထန်သော ပင်လယ်ပြင် တွင် မတိမ်းမှောက်ခဲ့သလို ကျောက်ဆောင်များနှင့် မတိုက်မိခဲ့ခြင်း ဖြစ်ပေသည်။ ထိုအချိန်က တိမ်းမှောက်သွားခဲ့သော် ယခုအဖြစ်အပျက်ကို မည်သူမျှ သိရှိလိုက်မည်မဟုတ်သလို ကျနော်တို့ကလည်း မျက်ကန်းတစ္ဆေမကြောက် စက်လှေသေး သေးဖြင့် အပြောကျယ်သော ပင်လယ်ထဲ စီးနှင်းလိုက်ပါခဲ့ကြသည်။ ယခုအချိန်တွင် ယင်းစက်လှေကို စီးလျှင် ရွှေပိသာ ချိန်လောက်ပေးမည်ဆိုလျှင်ပင် စီးရဲမည်မထင်တော့ပါ။

ဒီလိုဖြင့် ပင်လယ်ပြင်ကို စက်လှေသေးသေးဖြင့် တည နှစ်ညလောက် ဖြတ်သန်းခဲ့ပြီးနောက် ကော့သောင်းမြို့သို့နေ့လည် ဝန်းကျင်တွင် ဆိုက်ရောက်ပါသည်။ မြို့ခံများ၏အစီအစဉ်ဖြင့် ကျနော်တို့အားလုံး စာသင်ကျောင်းတခုတွင် တညတာတည်းခို ခွင့်ရခဲ့ပေသည်။ နောက်နေ့တွင် ကော့သောင်းမြို့တွင် ဒီမိုကရေစီတရားပွဲကျင်းပပြုလုပ်ဖို့စီစဉ်ထားကြောင်းနှင့် ဖြစ်နိုင်လျှင် တရားဟောဖို့ ကျနော့်ကို လျာထားကြောင်းပြောပါသည်။ ကျနော်မှလည်း ညနေတွင် ကျင်းပပြုလုပ်မည့် တရားပွဲအကြောင်း ကို စဉ်းစားနေချိန် အခြေအနေက တမျိုးတဖုံ ပြောင်းလဲခဲ့ပေသည်။

၁၉၈၈ စက်တင်ဘာလ ၁၈ရက်နေ့တွင် ကော့သောင်းမြို့ခံများ၏အဆိုအရ စစ်တပ်မှ အာဏာသိမ်းလိုက်သဖြင့် ကျနော်တို့ အနေဖြင့် ၄ ယောက် ၅ ယောက် အုပ်စုခွဲကာ ကော့သောင်းမြို့ကမ်းစပ်ရှိ မြို့ခံများစီစဉ်ထားသည့် စက်လှေပေါ်သို တက် ရောက်ရန် အလျင်အမြန်ပြေးလွှား လှုပ်ရှားရပါတော့သည်။ ထိုအခါ စစ်တပ်မှ ရိပ်စားမိမည့်အရေးကို စိုးရိမ်ကာ အဝတ် တထည် ကိုယ်တခုဖြင့် စက်လှေရှိရာ ကော့သောင်းဆိပ်ကမ်းသို့မြို့ခံ၏ဦးဆောင်မှုဖြင့် ရောက်ရှိခဲ့ပေသည်။ ထို့နောက် စက်လှေသည် ထိုင်းနှင့် မြန်မာနိုင်ငံ့ကြားရှိ ကျွန်းတခုဆီဆိုက်ရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသော အမှောင်ည၌ အစာငတ်ယုံမက တညလုံး ငုတ်တုတ်ထိုင်ကာ တကိုယ်လုံး မိုးစိုရွှဲလျက် တော်လှန်ရေးခရီးကြမ်းက ယခုမှ စတင်ပြီဖြစ် ကြောင်း စိတ်ထဲ၌ မှတ်ချက်ချနေမိသည်။ ကျနော်တို့ ၁ဝ၇ ယောက်အုပ်စုသည် အုပ်စုကွဲသွားကြလျက် မည်သည့်စက်လှေ တွင် မည်သူတွေပါသွားမှန်းမသိတော့ပေ။ နောက်တနေ့နံနက် မိုးစင်စင်လင်းချိန်တွင် ကျနော်တို့စက်လှေသည် ထိုင်းနိုင်ငံ ရနောင်းကမ်းခြေသို့ဆိုက်ရောက်ပေရာ ထိုင်းရဲများ ထိုင်းလဝကများမှ စစ်ဆေးမေးမြန်းမှုများရှိနေသဖြင့် ကမ်းမကပ်နိုင်ပဲ ရေလည်တွင် နာ၇ီအတန်ကြာ နေခဲ့ရပေသည်။ ညက တကိုယ်လုံး မိုးရေစိုရွှဲကာ လဲစရာအဝတ်လည်းမပါသဖြင့် လူတကိုယ် လုံး နာကျင်ကိုက်ခဲကာ ဆာလောင်နေခြင်းအဖြစ်အပျက်အဖြစ် ထိုင်းနိုင်ငံက မြန်မာကျောင်းသား ၁ဝ၇ ယောက်ကို ခရီးဦး ကြိုခဲ့ပေသည်။

(၇)
ထိုင်းသတင်းစာများတွင် ခေါင်းစည်းမဲကြီးများဖြင့်လည်းကောင်း တိဗွီသတင်းများတွင် လည်းကောင်း မြန်မာပြည်၌ စစ်တပ်မှ အာဏာသိမ်းသဖြင့် မြန်မာကျောင်းသားများ ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာမှုသတင်းက ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ရေပမ်းစားနေပေသည်။ထို့နောက် ရနောင်းမြို့ရှိ ထိုင်းမြန်မာလူမျိုး ဦးချိုချိုင်း၏ ဂိုထောင်တွင် ကြက်သွန်အိတ် ငရုတ် သီးအိတ်များပေါ် တညတာ အိပ်စက်အနားယူခွင့်ရခဲ့ပေသည်။ ဦးချိုချိုင်းအနေဖြင့် မြန်မာ့သွင်းကုန် ထုတ်ကုန်ပစ္စည်းများ ကြောင့် ကြီးပွားချမ်းသာလာရသည်ဟုဆိုကာ ကျနော်တို့အားလုံး စားသောက်ရေးကို တာဝန်ယူခဲ့ပေသည်။ ထိုအချိန်တွင် ထိုင်းအာဏာပိုင်များ၏အစီအစဉ်ဖြင့် ထိုင်းစစ်တပ်၏ စောင့်ရှောက်မှုအောက်၌ ရနောင်းမြို့မှ ၈ ကီလိုမီတာမျှဝေးသည့် ဟက်ဆွန်ပန်ဒေသသို့ ကျနော်တို့မြန်မာကျောင်းသား ၁ဝ၇ ယောက်ရောက်ရှိကာ သံဆူးကြိုးခတ်ထားသည့် ကျောင်းအတွင်း တွင် နေထိုင်ခဲ့ကြရပေသည်။

ထိုအချိန်အခါက မြန်မာကျောင်းသားများသည် လက်နက်ကိုင်တော်လှန်ရေးအတွက် ထိုင်းနိုင်ငံသို့တောလမ်း ရေလမ်းနည်း လမ်းပေါင်းစုံဖြင့် ရောက်ရှိနေကြချိန်လည်းဖြစ်ပေသည်။ ဟက်ဆွန်ပန်ကမ့်ထဲတွင် နေထိုင်စဉ် ဦးချိုချိုင်းမှ စားသောက်ဖွယ်ရာ များ နေ့စဉ်ယူဆောင်ကာ ကျနော်တို့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ပေသည်။သို့သော် တနေ့တွင် ထိုင်းစစ်တပ်မှ စစ်သားက ရွာထဲရှိ ခွေး (၂) ကောင်ကို သေနတ်နှင့် ပစ်ပြီး မြန်မာကျောင်းသားများအား အတူတူချက်ကျွေးခဲ့ပေသည်။ ကျနော်တို့မှ လည်း ထိုင်းအစိုးရ၏ ထိမ်းသိမ်းစောင့်ရှောက်မှုအောက်၌နေထိုင်စဉ် ထိုင်းပြည်သူလူထုကို စည်းရုံးသည့်အနေဖြင့် သွေးလှူ ပွဲကို ဟတ်ဆွန်ပန်ကမ့်ထဲတွင် လုပ်ဆောင်ခဲ့ပေသည်။

ကျနော်တို့၁ဝ၇ယောက်တွင် ပဝင်ခဲ့သူများမှာ မှတ်မိသလောက် ကို အံ့တင် ၊ ကိုတင်ဝင်း (ကျောက်ပန်းတောင်း) ကျော်သက် ဘသိန်းနိုင် (ညောင်တုန်း)၊ ဖေသက်၊ စံမြင့်၊ သိန်းဇော် (ကျိုက္ခမီ)၊ သောင်းဝင်း၊ နေလင်းရှိန်၊ လတ်ကို၊ ထွန်းမြင့်ကျော်၊ တင်ခက်၊ တရုတ်ကြီး၊ လေးမြင့်၊ ကာလု စသည့်အမည်များကို မှတ်မိနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ ကျနော်တို့ထွက်လာသော ရည်ရွယ်ချက်နှင့် လကတွေ့ဖြစ်ပျက်နေမှုများက တနေ့တခြားကွာဟလာ ပေရာ ကျနော်တို့အချင်းချင်းကြား နားလည်မှုလွဲသူ၊ စိတ်ဓာတ်ကျသူ၊ ခေါင်းဆောင်မှုကို မယုံကြည်သူများ များပြားလာခဲ့ ပေသည်။ ကျနော် ယနေ့ပြန်လည်သုံးသပ်မိသည်မှာ ခေါင်းဆောင်မှု နောက်လိုက်မှုပညာများကိုမသိပဲ အမှောင်ခေတ်ကို ဖြတ်သန်းလာခဲ့မှုကြောင့် ကျနော်တို့အားလုံး၌ အားနည်းချက်များရှိခဲ့ပေသည်။

ကျနော်အပါအဝင် ရဲဌေး ချိုတူး သောင်းထွဋ်ဦး (စီဗစ်) ကိုအောင် (လအောင်ကြီး) နှင့် မြန်မာကျောင်းသား ၉ ယောက်အား မောင်မောင်သိန်းဦးဆောင်သောအုပ်စုက တိုင်ဝမ်တွင် စစ်သင်တန်းတက်ရမည်ဟုဆိုကာ ကော့သောင်းကမ်းသို့ပိုဆောင်ခဲ့ပေသည်။ မောင်မောင်သိန်းကိုယ်တိုင် လက်နက်ရရှိရေး ၁ဝ၇ ယောက် အနာဂတ်ရေးကို လုပ်ဆောင်နေမှုဖြင့် သူကိုယ်တိုင် ခေါင်းမီးတောက်နေချိန်ဖြစ်မည်ဟု ယခုအချိန်တွင် ပြန်လည်နားလည်ခံစားမိပါသည်။ ကျနော်သည် ထိုအချိန်က မည်သို့မှ မထင်မှတ်ထားသည့် အဖြစ်နှင့်ကြုံတွေ့သဖြင့် ရေးထားသမျှကဗျာများကို ရနောင်းမှ ကော့သောင်းကမ်းမရောက်ခင် ပင် လယ်ထဲမျောခဲ့ရသည့်အဖြစ်က ရင်နာခဲ့ရပေသည်။ ကော့သောင်းတွင် ဆိဗစ်၏သူငယ်ချင်းမှ ချက်ချင်းစီစဉ်ပြီး ကော့သောင်း မှ ရနောင်းသို့ပြန်ပို့ခဲ့မှုကြောင့်သာ ထိုအချိန်က မြန်မာထောင်တွင် နှစ်ရှည်ကျမှုက လွတ်မြောက်ခဲ့ရပေသည်။

ကျနော်တို့၁ဝ၇ယောက် ဟန်ဆွန်ပန်ကမ့်တွင်နေထိုင်ကြစဉ် တယောက်အကြောင်း တယောက် ရဲဘော်ရဲဖက် စိတ်ဓာတ်ဖြင့် ရင်ဖွင့်ပြောကြားခဲ့ပေသည်။

တောခိုရာ၌ ကျနော်တို့ပုသိမ်မှ အတူလိုက်ပါလာခဲ့သူ ကိုထွန်းဝင်းသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်နောက်ဆုံးနှစ်တွင် ပညာသင်ကြားနေသော ကျောင်းသားတဦးဖြစ်ပေသည်။ ၈ နှစ်လောက် ကျောင်းတက်ခဲ့သော် လည်း ဘွဲ့မရသေးပေမဲ့ အလွန်ရိုးသားသောမိဘနှစ်ပါးကို အင်ဂျင်နီယာဖြစ်နေပြီဟုဆိုကာ လစဉ် ပုံမှန်ငွေများ ပို့နေခဲ့ပေ သည်။ အမှန်တကယ်တွင်မူ ကိုထွန်းဝင်းသည် ကျောင်းသားများ၏ထုံးစံအတိုင်း အပျော်အပါးကြိုက်ကာ ကျောင်းအဆောင် တွင် ဖဲဝိုင်းထောင်ထားလျက် မြို့ထဲမှသူဌေးများ ဖဲလာရိုက်လျှင် အကောက်ကောက်လျက် ငွေကြေးပြည့်စုံနေသည်ဟု ဆိုရ ပေမည်။ ထိုငွေဖြင့် တဖက်တွင် မိဘများကို အင်ဂျင်နီယာဖြစ်၍ ငွေပို့နေကြောင်းပြောကာ မိဘကို ထောက်ပံ့နေသူ လည်းဖြစ်သည်။

ထိုအချိန်တွင် ၁၉၈၈ မတ်လတွင် ဘုန်းမော်အရေးအခင်းဖြစ်ပွားပြီး ပုသိမ်မြို့မှ စက်မှုတက္ကသိုလ်ကျောင်းသား စိုးနိုင်လည်း သေဆုံးခဲ့ရာ အစိုးရမှာတာဝန်ရှိကြောင်း အဖြစ်အပျက်အမှန်ကို ဖော်ထုတ်ပေးဖို့ စတိတ်မင့်များထုတ်ဝေရာ ငွေကြေးမှအစ ကိုထွန်းဝင်းမှ တက်ကြွစွာပါဝင်ခဲ့ရာ မတ်လ ၁၉၈၈ တွင် ဖမ်းဆီးခံခဲ့ရပေသည်။ ကိုထွန်းဝင်းသည် အင်းစိန်ထောင်၌ ဖမ်း ဆီးထိမ်းသိမ်းခံရစဉ်အတွင်း ထောက်လှမ်းရေးမှစစ်ဆေးရာ သူ့အဆောင်ဖဲဝိုင်းတွင် တနေကုန်ဖဲရိုက်နေသော ဆေးမင် ကြောင်ထိုးထားသူများမှာ ထောက်လှမ်းရေးများဖြစ်ကြောင်း အံ့သြစွာ တွေ့ရှိရကြောင်းပြောပေသည်။ သူ့အဆိုအရ ဟေ့ ကောင်ထွန်းဝင်း မင်းဘာမှညာမနေနဲ့ ငါတို့အားလုံးသိထားကြောင်းပြောကာ သူ့ကို ထောက်လှမ်းရေးမှ ရိုက်နှက်စစ်ဆေး သည်ဟု ဆိုပါသည်။

ကိုထွန်းဝင်းခေါ် အရပ်ပုပြတ်ပြတ် မျက်နှာဝိုင်းဝိုင်းနှင့် သူ့ကို အောင်ဖေကြီးဟု ချစ်စနိုးခေါ်ခဲ့ကြသည်။အောင်ဖေကြီးသည် လက်နက်မရသဖြင့် လက်နက်ကိုင်တော်လှန်ရေးအတွက် စိတ်ဓာတ်ကျကာ ထိုင်းမြန်မာနယ်စပ်မှ မြန်မာပြည်သို့ပြန်လည် ဝင်ရောက်ခဲ့ပေသည်။ ထောက်လှမ်းရေးမှ မြန်မာပြည်အရောက်တွင် ကိုထွန်းဝင်းကို စစ်ဆေးရာတွင် ဘာကြောင့်တောခို သလဲဟုမေးမြန်ရာ ဗိုလ်ချုပ်အောင်ဆန်းကိုအားကျလို့ပါဟု ရဲရဲဝံ့ဝံ့ဖြေကြားခဲ့သူလည်း ဖြစ်သည်။ ကိုထွန်းဝင်းသည် ကျောင်းသားများ ထောင်နှစ်ရှည်ကျခံနေရစဉ်တွင် အမြဲတမ်း တို့ကျောင်းသားတွေကို မဖမ်းနဲ့ဟု အော်ဟစ်နေတတ်ပြီး စိတ် ဝေဒနာအနည်းငယ်ရကာ ယခုအချိန်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ပေသည်။

တောခိုရာ၌ ကျနော်တို့ပုသိမ်မှ အတူလိုက်ပါလာခဲ့သူ ရဲဌေး (လူအိမ်) သည် ပုသိမ်ဒီဂရီကောလိပ်တွင် ကဗျာရေးဖော်ရေးဖက် ဖြစ်ယုံမက တွဲဖက် အထက်တန်းပြဆရာလုပ်စဉ်ကလည်း အတူတူဖြစ်ပေသည်။ ထို့ကြောင့် သူ့အကြောင်းကို သိနေယုံမက ပြန်ပြောလျှင် ကြားရသူအဖို့ မယုံကြည်လောက်နိုင်ပေ၊ မြန်မာစာ နောက်ဆုံးနှစ်တွင် ပညာသင်ကြားနေသည့် ရဲဌေး၏ ကောင်မလေးသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ချိန်များနေပြီး အတန်းမတက်ဖြစ်သည်က များနေပေသည်။ တနေ့တွင် သူ၏ ခေါ်ဆောင်သွားမှုဖြင့် ပုသိမ်ဆေးရုံသို့အတူရောက်ရှိသွားပြီး ဆေးရုံတက်နေသည့် ရဲဌေး၏ ကောင်မလေးကို သိခွင့်ရခဲ့သည်။ ထို့နောက် ရဲဌေးသည် ကျောင်းမတက်နိုင်သည့် ကောင်မလေးအတွက်ရည်ရွယ်ကာ စာများ အမြဲတမ်းကူး ပေးနေပြီး ကိုယ်ရံ့တော်တပ်မှူးလေးလို အလွန်အလုပ်များနေချိန်လည်း ဖြစ်ပေသည်။ ကျနော်တို့က မင်း ဒီလောက်တောင် ဖွန်ကြောင်ရသလားမေးလျှင် ကောင်မလေးက မျက်စိသိပ်မကောင်းလို့ စာကူးပေးရတာဖြစ်ကြောင်း ချစ်သူလိုလို ဘာလိုလို ကောင်မလေးဖက်က ရှေ့နေလိုက်တတ်ပေသည်။ ဒီလိုဖြင့် စာမေးပွဲဖြေဆိုမည့်ရက်လည်း နီးလာပေရာ ရဲဌေးသည် သူ့ ကောင်မလေးအတွက် ကူးရေးထားသော ဗလာစာအုပ်ကို လှလှပပ ကဗျာဆန်ဆန် အဖုံးလေးဖြင့် သူ့ကောင်မလေး အဆောင်သို့သွားပို့ခဲ့ပေသည်။ သို့သော် မိန်းကလေးအဆောင်မှ လက်ခံရယူသူက မည်သို့အတွေးရောက်သွားသည်မသိ အဆောင်တွင်းရှိ ဘုန်းကြီးကျောင်းသို့ပေးပို့မည့် ငွေပဒေသာပင်ကြီး၌ အဆိုပါစာအုပ်ကို ချိတ်လိုက်ပေသည်။ ထို့နောက် ရဲဌေးသည် သူ့ကောင်မလေးနှင့်တွေ့ဆုံပြီး စာကူးပေးသည့် စာအုပ်ရသလားမေးရာ မရကြောင်းပြောသဖြင့် နောက်ဆုံး စာအုပ်ကို ဘုန်းကြီးကျောင်းသို့ငွေပဒေသာပင်နှင့်အတူ ပို့လိုက်ကြောင်းသိရသဖြင့် ကျောင်းထိုင်ဘုန်းကြီးကိုလျှောက်ထားကာ စာအုပ်ကိုသွားပြန်ယူရသည့်အဖြစ်က ကဗျာဆန်ပေသည်။ ထို့ပြင် မြန်မာကျောင်းသားများကို ထိုင်းအစိုးရမှ မြန်မာစစ် အစိုးရလက်ထဲ လွှဲပြောင်းပေးအပ်ရာတွင် ကော့သောင်းအချုပ်ခန်းထဲသို့ ရဲဌေးအပါအဝင် မြန်မာကျောင်းသားအများအပြား ဘန်ကောက်မှတဆင့် ဖမ်းဆီးလွှဲပြောင်းခြင်းခံခဲ့ရပေသည်။ သို့သော် ရဲဌေးသည် သူတယောက်သာ မြန်မာကျောင်းသား ဖြစ်ကြောင်းပြောဆို ပြီးစစ်ထောက်လှမ်းရေး၏ဖမ်းဆီးမှုကို သူတယောက်လည်း ထောင်နှစ်ရှည် ကျခံခဲ့ပေသည်။ ထို့ကြောင့် ကိုမိုးဇော်အောင်အပါအဝင် ထိုဖမ်းဆီးမှုတွင် ပါဝင်ခဲ့သူများက မြန်မာပြည်ရောက်လျှင် ရဲဌေးကို သွားရောက်တွေ့ ဆုံခဲ့ကြ ပေသည်။

ကျနော်သည် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ပြန်ရောက်ပြီးနောက် ဒညတအဖွဲ့၏ ချုံဖွန်ကမ့်သို့တောခိုရန်ရောက်ရှိခဲ့သလို ရဲဌေး ချိုတူး ဆီဗစ်တို့သည် ဘုရားသုံးဆူရှိ ABSDF နှင့် ဒညတတို့သို့လက်နက်ကိုင်တော်လှန်ရေးအတွက် ရောက်ရှိသွားခဲ့ရပေသည်။

(၈)
သို့သော် ကျနော် ရနောင်းမြို့တွင် တော်လှန်ရေး နိုင်ငံရေးလုပ်သော မြန်မာကျောင်းသားအုပ်စုများနှင့်နေထိုင်စဉ် မထင် မှတ်သော အဖြစ်အပျက်ဆိုးနှင့်လည်း ကြုံတွေ့ခဲ့ရပေသည်။ ရနောင်းမြို့တွင် တောခိုရန်သွားသူ မြန်မာကျောင်းသားများ၊ ငှက်ဖျးရောဂါကြောင့် တောတွင်းမှ ပြန်လာသူများ အခြေချနေထိုင်နေခဲ့ကြသည်။ထိုအချိန်က ရနောင်းမြို့ပေါ်တွင် အောင် ဇော် (ဧရာဝတီ) ၊ ကိုမောင် မောင် (FTUB) ကိုညီညီတင် (ရနောင်း သီဟ)တို့နေထိုင်သော အထက်အိမ် ကိုလေး (လေတပ်) ၊မင်္ဂလာ (ဇော်နေယျ)၊ ဝေမိုး၊ ထွန်းထွန်း (တင်ထွဋ်) တို့နေထိုင်သော အောက်အိမ်အဖြစ် မြန်မာကျောင်းသားများ တရားမဝင် လှုပ်ရှားနေထိုင်ကြသည်။ မြန်မာပြည်မှ အလုပ်လာလုပ်ကိုင်သူများ စီးပွားလာရှာသူများဖြင့် ငါးကြင်းဆီဖြင့် ငါးကြင်းကြော် နေသော ရနောင်းမြို့ဟု ထိုအချိန်က ကင်မွန်းတပ်ထားပေသည်။အဘယ်ကြောင့်ဆိုသော် ထိုင်းရဲများမှ မကောင်းသော အမျိုးသမီးရုံများကိုဖွင့်လှစ်ကာ စီးပွားရှာလျက် မြန်မာပြည်မှ ရနောင်းတွင် အလုပ်လုပ်သည့် ရေလုပ်သားများသည် ထိုပြည့် တန်ဆာရုံများတွင် ပျော်ပါးကြသည်။ အဆိုပါ ငါးဖမ်းအလုပ်ဖြင့် အလုပ်လုပ်သော မြန်မာရေလုပ်သားများသည် တလ နှစ်လခန့်ပင်လယ်ပြင်သို့ထွက်သွားကြပြီး ပင်လယ်ပြင်မှ ပြန်ရောက်လျှင် ထိုရုံများတွင် ပျော်ပါးကြသည်။ တနေ့တွင် မော်လမြိုင် ဖက်မှ ရနောင်းသို့လာရောက်ပြီး ငါးပုဇွန်ရောင်းသော ငါးဖမ်းလှေတွင် လုပ်ကိုင်သော သူငယ်ချင်းမှ အကူအညီတောင်းလာခဲ့ပေသည်။သူပြောသည်မှာ မြန်မာကျောင်းသူတဦး မကောင်းသသော ပြည့်တန်ဆာရုံ၌ ရောင်းစားခံထားရကြောင်းနှင့် ကျနော်တို့မြန်မာကျောင်းသားများ အကူအညီကို လိုအပ်ကြောင်းတောင်းဆိုလာခဲ့ပေသည်။ ကျနော်တို့သည်လည်း ထိုအ ချိန်က ၂၃ နှစ်ကျော် တော်လှန်ရေးသမားများပီပီ မြန်မာပြည်ကြီး ကယ်တင်မည့်သူက မြန်မာကျောင်းသူတဦးမှ မကယ်တင်ကောင်းဘူလားဟု မိမိကိုယ်ကို မိမိ မေးခွန်းထုတ်ခဲ့ပေသည်။ ထို့နောက် သူရဲကောင်းဆန်ဆန် သွားရောက်ကယ် တင်ရာ သူငယ်ချင်းတယောက်မှာ ထိုင်းပြည်တန်ဆာရုံပိုင်ရှင် ထိုင်းရဲ၏ လူယုံမြန်မာလူမျိုး၏ ရိုက်နှက်ဖမ်းဆီးခြင်းခံရကာ ဂုံနီအိတ်တွင်ထည့်ကာ အပြတ်ရှင်းမည့် အနေအထေားသို့ရောက်ရှိနေပေသည်။ ထိုအခါ ကျနော်သည် ရင်းနှီးသော ဘန် ကောက်ပို့စ်သတင်းစာ၏ ထိုင်းသတင်းထောက်ကိုဆက်သွယ်ပြီး အဖြစ်အပျက်ကိုပြောပြကာ ထိုင်းရဲ ထိုင်းသတင်းထောက်တို့ အကူအညီဖြင့် အသတ်ခံရကာနီး သူငယ်ချင်းနှင့် မြန်မာကျောင်းသူကိုပါ ကယ်တင်နိုင်ခဲ့ပေသည်။

သိုသော် ထိုင်းရဲနှင့် မာဖီးယားလို လူဆိုးဂိုဏ်းမှ လိုက်လံသတ်ဖြတ်မည့်အကြောင်း သတင်းကြားသဖြင့် စစ်အာဏာရှင်စနစ်ရှိ နေသေးသဖြင့် မြန်မာပြည်သို့ပြန်ရန်မဖြစ်နိုင်သောကျနော်သည် အထက်တွင်ဖော်ပြသည့် ကျွန်းပေါ်သို့သဘောင်္များတည် ဆောက်မှုဖြင့် ချမ်းသာနေသည့် ကိုတားခေါ် မြန်မာထိုင်းသူဌေး၏အကူအညီဖြင့် ကျွန်းပေါ်ရှိ သူ့ခြံထဲရောက်ရှိခဲ့ပေသည်။

နောင်တွင် မြန်မာကျောင်းသားများသည် ထိုင်း NGO လုပ်ငန်းများနှင့်ပေါင်းကာ မြန်မာအမျိုးသမီးများ ကယ်ဆယ်ရေးများ လုပ်ကိုင်လျက် မြန်မာအမျိုးသမီးများအား ကျန်မာရေး အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်ခဲ့မှုများ ရှိခဲ့ပေသည်။

ဆိုလိုသည်မှာ တိုင်းပြည်၏ ရေရှည်ပြည်တွင်းစစ်၏ ဘေးထွက်ဆိုးကျိုးများကြောင့် တခြားအိမ်နီးချင်းနိုင်ငံများတွင် မြန်မာ လူမျိုးအများ အပြား လူမှုဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရရာ အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များမှ လျစ်လျူမရှုထားသင့်ပေ။

တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့အကြုံများ အပိုင်း (၂) တွင် ရနောင်းတောတွင်း ဘန်ကောက် ထိုင်းမြန်မာ ကျောင်း သားစခန်း အတွေ့အကြုံများ ဆက်လက်ဖော်ပြပါမည်။

အောင်ခိုင်မြင့်
ဇန်နဝါရီ ၃၊ ၂၀၁၇