ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဗိုလ်မှူးချုပ်ဟောင်း ကျေ်ဇော ● ၁၉၉၆ ခုနှစ်က ပါတီဗဟိုသို့ ပေးပို့ခဲ့သည့်စာတမ်း

 ဗိုလ်မှူးချုပ်ဟောင်း ကျေ်ဇော ● ၁၉၉၆ ခုနှစ်က ပါတီဗဟို သို့ ပေးပို့ခဲ့သည့်စာတမ်း
နဝတ စစ်အုပ်စုနှင့် စစ်တပ်အကြောင်းအကျဉ်းအခြေခံ (မူကြမ်း)  ၁၇ - ၈ - ၁၉၉၆
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇


အပိုင်း (၁)
၁။ ၁၉၉၀ ကျော်ကာလ မြန်မာတပ်ဟာ ပြည်တွင်းသူပုန်နဲ့ တိုက်ခိုက်ရေးများ လျော့နည်းလာပြီး အဓိက ကေအင်ယူတဦးသာ ကျန်သည်။ အားလုံးလိုလို စေ့စပ် အပစ်အခတ်ရပ်ရေးလမ်းပေါ် ရောက်လာသည်။

၂။ တပ်အကြောင်းမစမီ မူရင်းအစိုးရ၏ ယေဘုယျပြောင်းလဲလာပုံ သဘောထားကိုစဉ်းစားလျှင် ၁၉၈၈ ဃ္စB ပြိုကွဲသွားခြင်း အတွက် နဝတ စစ်အုပ်စု သဘောထားပြောင်းလဲသွားပုံမှာ သူတို့အတွက် နိုင်ငံရေးအရလည်းကောင်း၊ စစ်ရေးအရလည်း ကောင်း နှစ် ၄၅ - ၅၀ ခန့်ကတည်းက စိုးရိမ်အကြောင့်ကြရဆုံးသော ရန်ဘက်ကြီး ပြိုကွဲသွားသဖြင့် သူတို့စိတ်အနေအထား အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

၃။ နိုင်ငံရေးအရ အခြားဘယ်ပါတီမှ မမှုတော့ပေ။ ခြောက်၊ ချော့၊ ဖိနှိပ်၊ ချော့၊ ဖြိုခွဲတို့ဖြင့် အချိန်တိုအတွင်း ဘယ်ပါတီကိုမဆို ဖြိုနိုင်သည်ဟု တွက်သည်။ ထို့ကြောင့် မာနဝင်လာ၊ တင်းမာလာသည်။ ဘယ်သူမှမှုစရာမလိုဟု တွက်လာသည်။

၎။ နောက် စစ်ရေးအရ ခိုင်မာတောင့်တင်းပြီး စစ်လက်နက်ပစ္စည်း အတော်ပြည့်စုံပြီး စစ်ပရိယာယ်အတတ်ပညာ အတော် ထက်မြက်၊ နောက်ခံမဟာပိတ်အင်အားရှိသော CPB ၏ ပြည်သူ့တပ်မတော် ပြိုကွဲပြီဖြစ်၍ သူတို့တပ်များ လွတ်မြောက်သွားပြီး တခြားဘယ်သူပုန်တပ်မဆို သိပ်မမှုတော့ပေ။

၅။ ၁၉၈၉ CPB ပြိုကွဲရခြင်းအပေါ် သူတို့သင်ခန်းစာ နှစ်ခုရယူသည်။ ပထမက သူပုန်အဖွဲ့များအပေါ် စစ်ရေးသက်သက် တ နည်းတည်းဖြင့် ဖြိုခွဲရေးထက် သူပုန်တပ်အတွင်း ပြိုကွဲရေးအတွက် ဖြိုခွဲရေးလုပ်ငန်းဟာ အလွန်အထူး အကျိုးရှိနိုင်သည်ဟု သိနားလည်ပြီး CPB အတွင်း ဖြိုခွဲသလို အခြားအဖွဲ့အစည်းများအတွင်းဖြိုခွဲရာ တချို့အတော်အောင်မြင်နေသည်။ ဥပမ္ဒာု္က ထဲတွင် ဗုဒြွဘာသာကရင်တပ် (DKBA) ဆိုပြီးခွဲထောင်ရန် အားထုတ်ခဲ့ကြရာ အတော်အောင်မြင်ခဲ့သည်။ အလားတူ စေ့စပ်ရယူထားသော အဖွဲ့တွေအတွင်းလည်း ဖြိုခွဲနေ၍ အားလုံးသတိထား နေလာရသည်။ မြေပေါ်နိုင်ငံရေးပါတီတွေအတွင်း လည်း ထိုသဘောထားဆောင်ရွက်သည်။ ဒုတိယသင်ခန်းစာ - သူပုန်ခေါင်းဆောင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေကို စီးပွားရေးလုပ်ခွင့်ပေးခြင်းနှင့် လက်ကမ်းပေးပြီး သူတို့၏လက်နက်ကိုင်တပ်များက ခွေထားနိုင်ခဲ့သည်။ ယင်းကိစ္စမှာ အဆုံး အထိအောင်မြင်ရေးအတွက် အချို့တပ်ဖွဲ့များ ခက်ခဲနေသေးသည်။ ဥပမာ ဝ တပ်ဖွဲ့။ နိုင်ငံရေး - စစ်ရေးအရ CPB ပြိုကွဲရခြင်း ကြောင့် သူတို့အခြေခံစိတ်ဓာတ်ကို အကြီးအကျယ်ပြောင်းလဲစေသည်။ မာနကြီးသွားပြီး အတွေ့ အကြုံလည်း ကြွယ်ဝလာ သည်။ စစ်တပ်အနေနှင့် ပြည်တွင်းစစ်မှ စစ်အတွေ့အကြုံများရှိခဲ့သည်။

၆။ CPB ပြိုကွဲရခြင်းကြောင့် မာနကြီးမှုကို ထပ်တိုးစေသည်မှာ အထက်ပါနိုင်ငံရေး၊ စစ်ရေးအကြောင်းများအပြင် စီးပွားရေးအ ကြောင်း အချက်များ တိုးတက်လာသဖြင့် မာနကြီးမှုထပ်တိုးစေသည်။

(က) အဓိကတချက်
ပြည်တွင်းစပါးပိုထွက်ပြီး နိုင်ငံခြားသို့ ဆန်များတင်ပို့နိုင်အောင် လယ်ယာစိုက်ပျိုးရေးတွင် ဆည်မြောင်းတာတမံအကြီး၊ အ လတ်၊ အသေးအခိုင်အမာနှင့် ယာယီတို့ပါ မျိုးစုံလုပ်ပြီး တနှစ်လျှင် ၂ သီးမှ ၃ သီးထိပင် စိုက်ပျိုးနိုင်သဖြင့် စပါးများစွာထွက်ပြီး နိုင်ငံခြား ဆန်တင်ပို့ နိုင်ပြီး တန်ချိန် တသန်းထိတင်ပို့နိုင်ပြီး နိုင်ငံခြားငွေအတော်တိုးတက် ရရှိလာသည်။ လယ်သမားအချို့ အတော်အတန်ချောင်ချိလာသည်။ သို့သော် လူဦးရေအများစုမှာ လွန်စွာဆင်းရဲကျပ်တည်းလှသည်။

(ခ) စီးပွားရေးအရ အခြားအဓိကအကြောင်းတခုမှာ -
မုတ္တမကွေ့မှ သဘာဝဓာတ်ငွေ့များကို ထိုင်းသို့ပိုက်လိုင်းသွယ်ပြီး ရောင်းချရေး နှစ် (၃၀) စာချုပ် ထိုင်းနှင့် ၁၉၉၅ က ချုပ်ထား ပြီး ဖြစ်သည်။ ယင်းမှ တနှစ်ဒေါ်လာသန်း (၄၀ဝ) မျှ ဝင်မည်ဖြစ်ရာ နဝတစစ်အစိုးရ စစ်ဘတ်ဂျက်အတွက် များစွာဖူလုံစိတ် ချရပြီးဖြစ်သည်။ ယင်းသည်စီးပွားရေးအရ စပါးကိစ္စနှင့်ပါ မာနကြီးစရာဖြစ်ခဲ့သည်။

၇။ သံတမန်ရေးအရလည်း အမေရိကန်နှင့် အနောက်နိုင်ငံအများစုနှင့် အဆက်အသွယ်မကောင်းလှသော်လည်း အိမ်နီးချင်း တရုတ်ပြည်၏ ထောက်ခံမှုရသဖြင့် သံတမန်ရေးသာမက စီးပွားရေးနှင့် နိုင်ငံရေးပါ အကျိုးအမြတ်ရခဲ့သည်။ အဓိကလူသုံး ကုန်ပစ္စည်းအပြင် စက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်း ပစ္စည်းများရရှိသည်။ ငွေကြေးအကူများလည်း ရရှိသည်။ ထို့အပြင် အနောက်တိုင်းမှ နိုင်ငံရေး၊ စစ်ရေးခြိမ်းခြောက်မှုကိုလည်း အကာအကွယ်ရနိုင်ပေသည်။ တရုတ်အကူတွင် သူတို့အတွက် အဓိကအကျဆုံးအကူတခုမှာ စစ်လက်နက်ပစ္စည်းဝယ်ယူရရှိခြင်း ဖြစ်သည်။ ပို၍စိတ်ချရအောင် သူ့တပ်တချို့ကို တရုတ် လက်နက်များနှင့် တပ်ဆင်၍ပင်နေသည်။ တရုတ်မှလက်နယ်ငယ်စက်ရုံများ၊ ခဲယမ်း စက်ရုံများလည်း တည်ဆောက်နေသည်။

တရုတ်အနေဖြင့် နဝတ နှင့် ဆက်ဆံရခြင်းသည်-
(က) မြန်မာ့ဈေးကွက်တခုရရှိခြင်း။

(ခ) ထို့ထက် အနောက်နယ်ချဲ့၏ တရုတ်အပေါ်ထိုးစစ် နိုင်ငံရေးတိုက်ပွဲတွင် မိမိမဟာမိတ်တဦး တိုးခြင်းဖြင့် ကုလသမဂ္ဂနှင့် သံတမန် ရေးရာများတွင် မဲတမဲရနိုင်။

(ဂ) ထို့ပြင် မြန်မာနဝတအပေါ် အနောက်ကလွှမ်းပါက တရုတ်ဝိုင်းရေး၊ ထိန်းချုပ်ရေး မဟာဗျူဟာ အားတအားဖြစ်လာပြီး အနည်းဆုံးအနေဖြင့် နယ်နိမိတ်ဆက်နေသော လူနည်းစုများကို မြှောက်ပေးပြီး နယ်စပ်မတည်မငြိမ်ဖြစ်အောင် လုပ်ခြင်းဖြင့် တရုတ်ဆန့်ကျင်ရေး ထိန်းချုပ်ရေးကို အတော်လုပ်နိုင်သည့် အကွက်တကွက်ကို တားဆီးရန်။

၈။ နောက်သံတမန်အကူတခုမှာ နဝတသည် အေစီယံနိုင်ငံများနှင့် ဆက်သွယ်ထားနိုင်ခြင်းဖြစ်သည်။ အဓိကမိမိသယံဇာ တတွေပေးပြီး လူသုံးကုန်များ နည်းပညာများရစေပြီး အနောက်နိုင်ငံတွေနဲ့ တဖက်လှည့် အဆက်အသွယ်တမျိုး ဆက် နိုင်သည်။

အေစီယံနှင့် နဝတ ဆက်ဆံရခြင်းမှာ-
(က) ဈေးကွက်နှင့်
(ခ) သယံဇာတများရခြင်း
(ဂ) သူတို့လည်းအလားတူ လူ့အခွင့်အရေးပြဿနာများ ရှိနေကြ၍ သက်သာခြင်း။
(ဃ) နောင်တရုတ်နှင့် နဝတ သိပ်ပေါင်းမိသွားမှာ စိုးရိမ်ခြင်း၊ အနောက်နိုင်ငံတွေက သူတို့ကသာ နဝတအပေါ် တင်းမာနေ သော်လည်း တဖက်ကလည်း နဝတအနေနှင့် တရုတ်ဘက်သိပ်ပါသွားမှာစိုးရ၍ အေစီယံ-နဝတနှင့် ဆက်ဆံနေတာကို သိပ် ပြတ်ပြတ်မတားမြစ်ချေ။

၉။ ယခုနှစ်များတွင်း မြန်မာတပ် မဟာဗျူဟာ -
(က) ယခု ကျန်သူပုန်များနှင့် စေ့စပ်ရာတွင် အပစ်အခတ်ရပ်ရေးသာမက လက်နက်ချရေးပါ အပြတ်တောင်းဆိုလာ။ သူတို့ တွင် တပ်အင်အားလည်းများစွာ ပိုလျှံနေပြီး လက်နက်ကြီးများအားလည်း များစွာဝယ်ယူထားနိုင်၍ ဒါကိုပြပြီးခြိမ်းခြောက်။

(ခ) သူတို့ဟာ အနောက်နိုင်ငံများ အမေရိကန် ခြိမ်းခြောက်မှုနှင့် နယ်စပ်စစ်ပွဲခြိမ်းခြောက်မှုတို့အတွက် ပြင်ဆင်နိုင်ရန် ၁၉၄၉ အတွေ့အကြုံ အရ လက်နက်ပစ္စည်းဝယ်မရဖြစ်ရခြင်း၊ တရုတ်မှ ခဲယမ်းလက်နက်များ အများအပြားဝယ်ယူသည်။ ယခင်က အနောက်နှင့်သင့်မြတ်စဉ်က နယ်ချဲ့ကျူးကျော်ရန်အတွက် လက်နက်ကြီးများ များစွာဝယ်ဖို့မလိုရာမှ ယခုပြင်ဆင် ရပြီဖြစ်၍ ခဲယမ်းလက်နက်ကြီးတွေ ဝယ်ယူရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေအတွက် ဖိအားတွေကို တွန်းလှန်ခုခံရန် ပြင်ဆင်ရခြင်း ဖြစ်ပုံရသည်။ နယ်ချဲ့ရန်က တိုက်ရိုက်သို့မဟုတ် နယ်စပ်သူ့ဘက်တော် သားများက နှောက်ယှက်ခြိမ်းခြောက်မှုများကိုပါ ရင်ဆိုင်ရန် ဖြစ်ပုံရ။

(ဂ) မြန်မာတပ်ကိုယ်တိုင်က လူထုအုံကြွမှုကို ရှောင်ရှားရန် နယ်စပ်စစ်ပွဲဖြစ်ရေးနှင့် မြန်မာလူထုထောက်ခံမှုရအောင် လုပ် ရေးတို့လည်း ဖြစ်နိုင်။ ထို့ကြောင့် လက်နက်ကြီးများဝယ်။

(ဃ) နောက်တကြောင်းမှာ စစ်တပ်လွှမ်းမိုးနေဖို့၊ စစ်လုပ်ငန်းရှိနေဖို့ နယ်စပ်မငြိမ်ရေးလည်း အကြောင်းပြရန် နယ်စပ်တိုက် ပွဲငယ်တွေ ထိုးဆွနိုင်။

၁၀။ နောက် နဝတ မဟာဗျူဟာတခုတွင် စစ်တပ်များ တဖက်က တိုင်းပြည်ငြိမ်းချမ်းရေးဘက် ဦးတည်နေစဉ် စစ်အင်အား ၁၉၈၈ - ၈ လေးလုံးကာလက ၂သိန်းခန့်၊ ၁၉၉၃ - ၃သိန်းကျော် ယခု ၅ သိန်းကျော်ထိ ရည်ရွယ်ပြီး တိုးချဲ့နေသည်။ ဘာ ကြောင့်လဲ။
(က) အထက်ပါ နံပါတ် ၉ ပါအကြောင်းများကြောင့် ရင်ဆိုင်ရန်အတွက်လည်း ဖြစ်သည်။

(ခ) နေရာတကာ ထºကလာနိုင်သည့် လူထုအုံကြွမှုကို အမြန်နိုင်နိုင်နင်းနင်း ဖိနှိပ်လိုက်နိုင်ရန်လည်းဖြစ်သည်။ မြို့တိုင်း လောက်တွင် တပ်စွဲနိုင်အောင် တပ်တွေကို တိုးချဲ့တာဖြစ်နိုင်။
(ဂ) တိုင်းပြည်တွင် အလုပ်လက်မဲ့ဦးရေသိပ်များနေရာ ဒါကို တစိတ်တပိုင်းဖြေရှင်းတဲ့အနေနှင့် သိမ်းသွင်းရန် ထုတ်လုပ်ရေး လုပ်ငန်းတွေ မရှိတဲ့အခါ အရွယ်ကောင်းလူငယ်တချို့ကို သိမ်းသွင်းယူခြင်းဖြစ်နိုင်။
(ဃ) အချုပ်အဖြစ်-
    ၁။ နယ်ချဲ့အန္တရာယ်၊ နယ်စပ်အန္တရာယ် - စစ်များကာကွယ်ရေး။
    ၂။ လူထုအုံကြွမှုအန္တရာယ် ကာကွယ်ရေး။
    ၃။ အလုပ်လက်မဲ့ပြဿနာဖြေရှင်းရေး။
    ၄။ သူပုန်များ လက်နက်ချရေးတို့အတွက် တပ်တိုးချဲ့ခြင်းနှင့် ခေတ်မီလက်နက်တပ်ဆင်ခြင်းများ လုပ်လာခြင်းဖြစ် သည်။

အပိုင်း (၂)
မြန်မာ့တပ်မတော်၏ ထူးခြားချက်

၁။ သမိုင်းအရ သာမန်ကြေးစားတပ်သက်သက် မဟုတ်ခဲ့။ တိုင်းပြည်၏ နယ်ချဲ့နှင့် ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲ့တို့မှ ပေါက်ဖွားလာတဲ့ မျိုးချစ်ပြည်ချစ်စစ်တပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်ကို လက်နက်ကိုင် တိုက်ရန် ၁၉၄၁ ရဲဘော်သုံးကျိပ် ဂျပန်တွင် စစ်ပညာသင်ခဲ့။

၂။ ၂၆-၁၂-၁၉၄၁ တွင် ထိုင်း ဘန်ကောက်တွင် ဘီ-အိုင်-အေ ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ဖွဲ့စည်းပြီး မြန်မာပြည်တွင်း သို့ ဂျပန်စစ်တပ်နှင့်အတူဝင်ပြီး အင်္ဂလိပ်ကိုတိုက်ဖို့ လုပ်ခဲ့။ ၁၉၄၁ ဇူလိုင် ၂၇ ရက်အင်္ဂလိပ် မြန်မာပြည်မှဆုတ်ခွာပြီးနောက်တွင် ဘီ-အိုင်-အေ တပ် လူသုံးသောင်းကျော် ဖြစ်လာရာက ဂျပန်က ပြန်လည်ဖွဲ့စည်းရန် အကြောင်းပြပြီး ခြေလျင်တပ်ရင်း ၃ ရင်းထိ ၃ ထောင်ကျော်ထိ လျှော့ချပြီး ဘီ - ဒီ - အေ ဗမာ့ကာကွယ်ရေးတပ်မတော် တပ်သစ်ဖွဲ့ပြီးနောက် ခြေလျင်တပ်ရင်း ၇ ရင်းနှင့် အခြားထောက်ပံ့တပ်များပါ တဖြညူ်းဖြည်းထပ်ဖွဲ့။

၃။ ၂၇ - ၃ - ၁၉၄၅ ဂျပန်ဖက်ဆစ်တော်လှန်ရေး စတင်ပြီး ဂျပန်ကိုမောင်းထုတ်ရာတွင် မဟာမိတ်အင်္ဂလိပ်တို့နှင့်ပေါင်းပြီး ထိရောက်စွာ ပါဝင်ခဲ့။ ဂျပန် ၂ သောင်းလောက် သုတ်သင်နိုင်ခဲ့ပြီး။

၎။ ၁၉၄၅ စက်တင်ဘာလောက်ကစပြီး အင်္ဂလိပ်တို့က အဓိကခြေလျင်တပ်ရင်း ၃ ရင်းကိုမူတည်ပြီး Burma Army သစ် စတင်ဖွဲ့စည်းခဲ့။ ထိုစဉ်က ဖဆပလ နှင့် CBP တို့က ဗမာ့လွတ်လပ်ရေးကို ငြိမ်းချမ်းစွာ ရယူနိုင်မည်ထင်ပြီး ဗြိတိသျှတပ်တွင်း သိမ်းသွင်းခြင်းကို ကန္ဒီစာချုပ်ဖြင့် လက်ခံလိုက်သည်။ အင်္ဂလိပ်တို့သည် ဗမာ့လွတ်လပ်ရေး၏ အမာခံအသဲနှလုံးကို အရင်ဖြို ခွဲရန် ကြိုးစားတာဖြစ်။

၅။ အထက်ပါတို့အရ အစဉ်အလာအရ ဗမာပြည်သူနှင့်အတူ နယ်ချဲ့ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲမှ ပေါက် ဖွားလာသော စစ်တပ်ဖြစ်သည်။ ယင်းကမှ ကြေးစားတပ်အဖြစ် ပြောင်းလာကြသည်။

၆။ ကြေးစားတပ်ဖြစ်လာပုံ
(က) ပထမဆုံးက ဗမာပြည်ဆိုရှယ်လစ်ပါတီမှ ဆိုရှယ်လစ်များက ဗမာပြည်ကွန်မြူနစ်ပါတီကို တောတွင်းမောင်းထုတ်သဖြင့် တပ်တွင်းရှိ ကွန်မြူနစ်တချို့ တောခိုရခြင်းနှင့် အချို့ ဖမ်းဆီးဖယ်ရှားခြင်းခံရခြင်းတို့ ဖြစ်ပျက်ခဲ့။ တပ်တွင်း မူလအသံဖြစ်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကွန်မြူနစ်များ မဲ့သွားခြင်းဖြစ်။

(ခ) ဒုတိယမှာ တတပ်လုံးကြေးစားအဖြစ်နှင့် လက်ရှိလူထုဆန့်ကျင်ရေးတပ်အဖြစ် ရောက်လာစေမယ့် အသွင်ပြောင်းရန် ဗမာ့ပြည်တွင်းစစ်ပွဲကြီး အဓိကနယ်ချဲ့နှင့် ပြည်တွင်းဆိုရှယ်လစ်တို့ဖန်တီးသော စစ်တွင်းသွင်းလိုက်ခြင်းဖြစ်သည်။ ယခု ခေတ် ရုရှားတွင် ယဲ့လ်ဆင်က တပ်နီကို တော်လှန်တပ်စိတ်လျော့နည်းသွားအောင် ချက်ညာပြည်တွင်းစစ်ဖြင့် ဆိုင်ပေး သကဲ့သို့ နှစ် ၄၅ နှစ်ကျော်ကြာ ပြည်တွင်းစစ်တွင် နည်းနည်းမှ မအားမလပ်အသွင်းခံရခြင်းက သာမန်ကြေးစားတပ် အဖြစ် သာမက ပြည်သူကို ထောင်ချီပြီး ရက်ရက်စက်စက်သတ်ဖြတ်နိုင်တဲ့ ပြည်သူ့ဆန့်ကျင်ရေး လူသတ်စစ်ပွဲကို လုပ်ရဲတဲ့အထိ ဖြစ်လာစေသည်။ လူတန်းစား ဖိနှိပ်ရေးကိရိယာကြီးဖြစ်လာစေသည်။ ပြည်တွင်းစစ်တွင် ဆိုရှယ်လစ်ကြေးစားတပ်မှူးကြီး ငယ်တို့၏ဦးဆောင်မှုဖြင့် ကျေးလက်များတွင် ရွာသားတွေရွာတွေကို ရက်ရက်စက်စက် ဖျက်ဆီးသတ်ဖြတ်ရေးတွေ လုပ်စေ ခြင်းဖြင့် နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်တပ်အဖြစ်မှ လျှောကျစေခဲ့သည်။ ပြည်သူနှင့် ကွန်မြူနစ်ဆန့်ကျင် သတ်ဖြတ်ရေး လက်နက်ကိုင်တပ်ကြီး ဖြစ်လာခဲ့သည်။

၇။ ထို့ကြောင့် စစ်အုပ်စုက စစ်တပ်ကို အပြင်သဏ္ဌာန်အားဖြင့် ယခင်နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲဝင် ဖက်ဆစ် တော်လှန်ရေးနှင့် တရုတ်ဖြူကျူးကျော်မှု တိုက်ပွဲများဖြတ်သန်းလာသည့် အစဉ်အလာတွေကို ထိန်းသိမ်းသွတ်သွင်းပြီး ပြည်သူတွင်းလည်း ဝါဒဖြန့်ပေးပြီး တကယ့်အတွင်းသဏ္ဌာန်က ပြည်သူဆန့်ကျင်ဖိနှိပ်ရေး ကိရိယာအဖြစ် အသုံးတော်ခံစေ ခဲ့သည်။ စစ်အုပ်စုက သူ့စစ်တပ်၏ စိတ်ဓာတ်ကို နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲဝင် အစဉ်အလာစိတ်ဓာတ်သွင်း ထားသည်။ ယင်းစိတ်ဓာတ်ဟာ တပ်ရဲ့စည်းကမ်းကောင်းရေးနှင့် တည်ငြိမ်စည်းလုံးရေးကို အဓိကအခြေခံ အကျိုးပြုချက် ကြီးဖြစ်သည်။ မဆလခေတ်နှင့် နောက်ဆုံး ရှစ်လေးလုံးကိစ္စကြောင့် ပြည်သူက ပြတ်သားစွာ ဆန့်ကျင်ခြင်းခံရပြီး နောက် တချီအုံကြွမှု ထပ်ဖြစ်ရင် တပ်ပါပြိုအက်လာမှာ စိုးရသည်။

၈။ စစ်တပ်တွင်း ပုဂ္ဂလိကစီးပွားရေးကို အဓိကဗိုလ်နေဝင်းတဦးတည်းသာ ထင်သလိုချယ်လှယ်ကိုင်စွဲနိုင်ပြီး ထိပ်တန်းဆိုရှယ် လစ်အကြီးအကဲတချို့သာ စားသောက်နိုင်ခဲ့ပြီး ဗိုလ်နေဝင်းက တင်းကျပ်စွာကိုင်တွယ်လို့ စီးပွားရေးသောင်းကျန်းမှု အလွန် နည်းခဲ့။ သို့သော် ယခု ၁၉၈၈ နောက် နဝတခေတ်တွင် တပ်မှူးတချို့ကို ဆွဲဆောင်နိုင်ရန် စားသောက်ခွင့်တွေ ပေးခဲ့သဖြင့် ၁၉၉၀ နောက်ပိုင်းခေတ်တွင် စစ်တပ်တွင်း အတော်များများ ကြီး၊ လတ်၊ ငယ် အထူးသဖြင့် စစ်တပ်တွင်းအကြီးပိုင်းတွေရဲ့ စားသောက်မှုကြီးတွေ အလွန်များပြားလာ။ ယင်းသည် စစ်တပ်တွင်းယိုယွင်းမှု အတော်ဖြစ်စေတာတွေ့ရ။ စောစောပိုင်းက မိမိရာထူးတိုးတက်ရေးအတွက်သာ အဓိကဖြစ်။ စီးပွားရေး မရှိသလောက်ဖြစ်။

၉။ ၁၉၉၀ ထိ တပ်တွင် စားသောက်ခွင့်မပေးဘဲ ရာထူးတွေသာ ရေစီးသလိုတိုးပေးပြီး ခန့်ထားရသည်။ နောက်ထူးခြားချက်မှာ ခွာရာတိုင်းမှာစိုးလို့ ခေါင်ဆောင်မှု စုစည်းလာမှာစိုးလို့ ရာထူးတွေသာတိုးပေးပြီး တနေရာမှာ ကြာကြာမထား၊ ရာထူးမြင့် လာရင် ဘေးဖယ်၊ အခြားနေရာတွေပေးလိုက်။ ထို့ကြောင့် စစ်တပ်မှာ အတွေ့အကြုံအရ တပ်မှူးကောင်းတွေသာရှိပြီး စစ် ခေါင်းဆောင်ကောင်း မပေါ်ပေါက်အောင် လုပ်ထားသည်။ ထို့ကြောင့် တပ်စည်းလုံးရေးလည်း ထိခိုက်ပြီး စစ်တပ်ခေတ် မီကြံ့ခိုင်ရေး၊ စည်းကမ်းတို့ကိုပါ ထိခိုက်စေပြီး ကြေးစားစိတ်ကို ပိုတိုးစေသည်။

၁၀။ နောက်စစ်တပ်ထူးခြားချက်တွင် မြန်မာစစ်ဗိုလ်များမှာ အခြားအာရှနိုင်ငံ အရင်းရှင်တပ်တွေနှင့်မတူတာက မြေရှင်၊ အ ရင်းရှင် အရာရှိကြီး သားသမီးများ အလွန်နည်းပါးစွာသာရှိပြီး မရှိသလောက်ဖြစ်။ မြေရှင်ကြီးများ မရှိသလောက်ဖြစ်ခဲ့။ အရင်းရှင်ကြီးများလည်း တရားဝင် နည်းပါးလှသည်။ ထို့ကြောင့် စစ်ဗိုလ်များမှာ သာမန်ဓနရှင်ပေါက်စ အလတ်နှင့် အငယ် စားများမှ အခြေခံပညာ အသင့်အတင့်ရှိသူတွေ အဓိကဖြစ်သည်။ ထို့ကြောင့် သာမန်မရနိုင်သည့် ရာထူးစည်းစိမ်ဖြစ်၍ အလွန်ကျေနပ်နေပြီး ပိုပြီးအဆင်းရဲခံနိုင် ပိုစွန့်လွှတ်နိုင်မှု လည်းရှိ၊ ရဲရင့်မှုလည်းရှိ၊ အောက်ခြေတပ်သားများနှင့်လည်း ပိုနီး စပ်မှုရှိသည်။ ထို့ကြောင့် ခဲရာခဲဆစ် ပြောက်ကျားများကို လိုက်တိုက်ရာတွင် ပိုဆင်းရဲဒုက္ခခံနိုင်၍ ပိုပြီးထိရောက်လှသည်။ ၎င်းလူတန်းစားမှာ တော်လှန်ရေးက အလွန်အပေါ်စီးရနေလျှင် ပြောင်းလဲနိုင်သော်လည်း ပြောင်းလဲရန် အလားအလာ အား နည်းသည့်ကာလတွင် များစွာအသုံးဝင်ပေသည်။ ထို့ကြောင့် ထိုစစ်တပ်၏ အဓိကထူးခြားချက်တခုမှာ လူတန်းစားအရ စစ်ဗိုလ်များဟာ မြေရှင်အရင်းရှင်အရာရှိကြီး သားသမီးမရှိသလောက် အလွန်နည်းပြီး ဓနရှင်ပေါက်စ အလတ်စားများ၏ သားသမီးများက လွှမ်းခြုံထားသဖြင့် တိုက်ခိုက်ရေးအရည်အချင်းကောင်းမွန်သည်။ မိမိလူတန်းစားထက် မြင့်တဲ့ရာထူး စည်းစိမ်မက်လုံးများကြောင့် ကြိုးစားအားထုတ်ကြသည်။ ထို့ကြောင့် တပ်တည်ငြိမ်စည်းလုံးမှုကိုလည်း ဖြစ်စေသည်။ ယင်းကဲ့သို့ လူတန်းစားအရ ဖြစ်နေခြင်းသည် အဓိကထူးခြားချက်ကြီးတခု ဖြစ်နေပြီး စစ်တပ်၏ကောင်းမွန်သော အခြေခံကြီး တရပ်လည်း ဖြစ်နေသည်။ သို့သော်လည်း ယခု ရှစ်လေးလုံးကာလလွန်ပြီးနောက်တွင် စစ်တပ်တွင်း စစ်အရာရှိကြီးများ၏ သားများနှင့် အချို့စစ်အုပ်စုနှင့် အလွန်နီးစပ်သူများ၏သားများ တပ်တွင်းအရာရှိများ ဖြစ်လာပြီး ၎င်းတို့ကို အရေးပါသော နောက်မျိုးဆက်သစ် အမာခံအဖြစ် မွေးမြူပြီး တပ်တွင်းအရေးပါသော အချက်အချာနေရာအချို့ကို ပေးထားလာသည်။ ၎င်း တို့၏သမီးအချို့လည်း သူတို့၏မျိုးဆက်သစ်ဖြစ်နိုင်သော ဓနရှင်ပေါက်စတပ်မှူးတချို့နှင့် ပေးစားလက်ထပ်ပေးပြီး သိမ်း သွင်းမှုလည်း တွေ့ရသည်။  ၎င်းတို့သည် စစ်တပ်အရာရှိကြီးများ၏ သားသမီးများလည်းဖြစ်သည်။ တချိန်တည်း အချို့မှာ စီးပွားရေးအရ ပွထားသောမိဘများ၊ အရင်းရှင်ကြီးများ၏ သားသမီးများလည်းဖြစ်နေသည်။ ၎င်းတို့စစ်တပ်တွင်း ရှိလာ ပြီဖြစ်သော်လည်း အဓိကလွှမ်းမိုးမှုမှာ ဓနရှင်ပေါက်စ သားသမီးများဖြစ်သည်။

၁၁။ ၎င်းစစ်တပ်သည် စည်းကမ်းအတော်ကောင်းသောတပ်ဖြစ်သည်။ ယင်းသည်-

(က) နယ်ချဲ့ဆန့်ကျင်ရေးလွတ်လပ်ရေး အစဉ်အလာစိတ်၊ တော်လှန်ရေးအစဉ်အလာစိတ်ကို သွင်းထားနိုင်ခြင်း အဓိက တခုဖြစ်သည်။

(ခ) ဗိုလ်နေဝင်းခေတ်တလျှောက်လုံး တပ်တွင်းပုဂ္ဂိုလ်အရ စီးပွားရေးသောင်းကျန်းမှုမရှိအောင် ထိန်းထားနိုင်၊ ယခုအထိ အောက်ခြေ အလယ်အလတ်အဆင့်တို့တွင် ထိန်းထားနိုင်ခြင်း။

(ဂ) နောက်အဓိကတခုမှာ အရာရှိအများစုမှာ ဓနရှင်ပေါက်စလူတန်းစား အလတ်နှင့်အနိမ့် ဦးစီးတဲ့တပ်ဖြစ်နေခြင်း နံပါတ် ၁၀ တွင် ဖော်ပြပြီးဖြစ်။

(ဃ) နောက်အရေးကြီးအကြောင်းတခုမှာ - ဗြိတိသျှတို့ထံမှရသည့် အမွေကောင်းဟုဆိုရမည့် စစ်တပ်တွင်းစည်းကမ်း ဥပဒေများ အပြည့် အစုံရရှိထားခြင်းဖြစ်သည်။ ဗြိတိသျှတို့မှာ ကိုလိုနီဓနသဟာရစစ်တပ်များပါ ကိုင်တွယ်ဆက်ဆံလာရသော ရှည်လျားကျယ်ပြန့်သည့် အတွေ့အကြုံများပေါ် အခြေခံပြီး တပ်အုပ်ချုပ်ရေး စည်းကမ်းဥပဒေများ အနှံ့အပြားကျယ်ပြန့်စွာ အသေးအမွှားကစပြီး တီထွင်တည်ဆောက်ထားရာ မြန်မာတပ်လည်း  ထိုအမွေကိုရခဲ့သဖြင့် စည်းကမ်းများကို ယခင်တော် လှန်ရေးအစဉ်အလာ စိတ်ဓာတ်ဖြင့် ထိန်းသိမ်းနိုင်ရုံမက ဗြိတိသျှတို့၏ ကျယ်ပြန့်ပြည့်စုံသော ကြေးစားတပ်စည်းကမ်းဥပဒေ များပါ အခြေခံပြီးကိုင်တွယ်နိုင်သဖြင့် စစ်တပ်စည်းကမ်းကောင်းရေး ဒေါက်တိုင်ကြီးတခု ဖြစ်လာတော့သည်။

(င) ဗိုလ်နေဝင်းမှာ သူသာလျှင် ယိုယွင်းပျက်စီးသော်လည်း စစ်တပ်ကိုကိုင်တွယ်ရာတွင် တတ်နိုင်သလောက် စည်းကမ်း အတိုင်း ထိန်းသိမ်းခဲ့သည်။ တဖက်က သူလူမွေးပြီး မျက်နှာသာပေးမှုတွေရှိပြီး မလိုသူတွေကို ဖြုတ် - ထုတ် တွေ ရှိသော် လည်း တဖက်ကစည်းကမ်းကို ထိန်းသည်။ စည်းကမ်းသေဝပ်ရေးကို ဂရုပြု၏။ နောက်တချို့လူကြီးများ အမှားကျူးလွန်မှု များရှိရာ ထိုသူတွေထဲမှ တချို့ကိုအရေးမယူခြင်း၊ ထုတ်ပစ်ခြင်းမပြုဘဲ ထိုအရာများကိုပြ ခြိမ်းခြောက်ပြီး သူကြိုက်သလို ဆက်ပြီး ကာလတချို့အထိ ငြိမ်ဝပ်စွာကိုင်တွယ်သွားသည်လည်း ရှိသည်။

(စ) တပ်တွင်းတွင် အောက်ခြေအကြပ်တပ်သားများက အထက်အရာရှိကြီးများ ဖြစ်နိုင်သော ရာထူးတိုးတက်ရေးမက်လုံးတွေ ပေးထား ဖန်တီးထားခြင်းဖြင့် မိမိကြီးပွားလိုသော စိတ်မက်လုံးကို ပေးထားနိုင်ခြင်း၊ အထက်ပါအကြောင်းများကြောင့် စစ် တပ်သည် စည်းကမ်း အတော်အသင့် တည်ငြိမ်ကောင်းမွန်သောတပ် ဖြစ်နေခြင်း။

၁၂။ နဝတ စစ်တပ်သည် နှိုင်းယှဉ်ချက်အရ တိုက်ပွဲများတွင် အတော်အတန်အထိအခိုက် အကျအဆုံးခံနိုင်သော စစ်တပ်ဖြစ် နေပေသည်။ ဒီစစ်တပ်သည် စောစောပိုင်း ၁၉၄၉ - ၆၀ ခန့်က တိုက်ပွဲများတွင် တိုက်ပွဲဝင်သူ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းလောက် ထိခိုက်ကျဆုံးသွားလျှင် တိုက်စိတ် ခိုက်စိတ် စိတ်ဓာတ် ဒူးထိလောက်အောင် ကျဆင်းတတ်ပြီး ထိုတပ် ပြန်နာလန်ထူအောင် နှစ်အချို့ အခြားသက်သာသော တာဝန်တွေပေးပြီး ကြိုးစားခဲ့ရသော်လည်း ၁၉၆၀ ကျော် အထူးသဖြင့် ၁၉၇၀ ကျော်နှစ်များတွင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ကျဆုံးထိခိုက်သည့်တိုင် တပ်အတော်များများမှာ တိုက်စိတ်ခိုက် စိတ်မကျတတ်သေးဘဲ ဆက်ပြီးတာဝန်ယူနိုင်သည်အထိ အကျအဆုံးခံနိုင်လာသည်။ ယင်းမှာ အဓိကအားဖြင့် အတွေ့အကြုံ ရင့်ကျက်လာခြင်းနှင့် အထက် နံပါတ် ၁၀ တွင်ဖော်ပြထားသည့်အတိုင်း စည်းကမ်းနှင့် မက်လုံးများကြောင့်လည်း ဖြစ်ဟန် ရှိသည်။

၁၃။ နဝတစစ်တပ်သည် တလျှောက်လုံး နိုင်ငံခြားနယ်ချဲ့ရန်ကာကွယ်ရေးအတွက် မရည်ရွယ်ဘဲ ပြည်တွင်းစစ်သာ ဦးတည် ထားသဖြင့် နိုင်ငံခြားနှင့်ယှဉ်နိုင်ရန် ခေတ်မီလက်နက်ပစ္စည်းများ မတပ်ဆင်၊ သံချပ်ကာ အမြောက်တပ်၊ ဒုံးပျံတပ်၊ အင်ဂျင်နီ ယာတပ်၊ လေတပ်၊ ရေတပ်တို့ကို ကျကျနနမတပ်ဆင်၊ ခြေလျင်တပ်သာ အဓိကတပ်ဆင်ထားသည်။ တည်ဆောက်ထား သည်။ အကြောင်းမှာ-
(က) နယ်ချဲ့နိုင်ငံအများနှင့် စေ့စပ်လိုက်လျောထားပြီး

(ခ) အဓိကမှာ မိမိအာဏာတည်မြဲရေးအတွက် ပြည်တွင်းစစ်မှာသာ ကွန်မြူနစ်တို့နှင့် လုံးပန်းတိုက်ခိုက်နေသည်။

(ဂ) ပြည်သူလူထုနယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် နယ်ချဲ့အကူမယူလိုခြင်း၊ နောက်ကြားနေရေး ဘက်မလိုက်ရေး မျက်နှာဖုံး တပ်ထားရခြင်း နောက်နယ်ချဲ့လည်းကြောက်ရ ဆိုရှယ်လစ်နိုင်ငံများရဲ့အကူလည်း မယူရဲ။

(ဃ) မိမိအောက်လူများက ပြန်၍လုပ်ကြံလျှင် လွယ်ကူမှာလည်း စိုးရသေးဟန်ရှိ။

(င) နောက် ကိုယ်ပိုင်ငွေကြေးဘတ်ဂျက်လည်း မတတ်နိုင်၍ မိမိအာဏာတည်မြဲရေးအတွက် လက်ရှိပြည်တွင်းစစ်ကိုသာ ဖိရမှာမို့ ယင်းအတွက်ပိုပြီး လိုအပ်သည့် ခြေလျင်တပ်သာ အဓိကထားပြီး ဖွဲ့ခဲ့ရသည်။ ထိုသို့တပ်ဖွဲ့ရာတွင် စောစောပိုင်းက ခြေလျင်တပ်များပင် များများမဖွဲ့နိုင်ကြ။ နောက်ကွန်မြူနစ်ဘက် ယိမ်းယိုင်စိတ်ကိုဆွဲဆောင်နိုင်ရန် တဖက်ကဖိနှိပ်ရုံမက တဖက်ကလည်း တိုင်းပြည်စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ဘက်တွေမှာ တိုးတက်တည်ဆောက်ရေးအတွက်ရော ဒါတွေကိုဝါဒဖြန့်ရေးအတွက်ရော ငွေအားသုံးရ၍ စစ်ဘတ်ဂျက်ကို သာမန်ထက် ၃၀ ရာခိုင်နှုန်းထက်ပို၍ အလွန်အကျွံ မသုံးရဲပေ။ သို့သော် ရှစ်လေးလုံးပြီးနောက် နယ်ချဲ့တို့ဖြင့်စေ့စပ်လိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အာဏာခွဲဝေ ရေးထိ မစွန့်လို၍ နယ်ချဲ့နှောက်ယှက်မှုကို ရင်ဆိုင်နိုင်ရန် စစ်တပ်ကို မတတ်သာဘဲ မလုပ်ချင်လှသော တရုတ်နှင့်ဆက်ဆံပြီး လက်နက်ကြီးများနှင့် အတော်ခေတ်မီအောင် ဈေးပေါပေါဖြင့် ဝယ်ယူတပ်ဆင်လာသည်။ မိမိတဦးတည်း အာဏာရှင်ဖြစ် လာ၍  ငွေကြေးအရလည်း ပြည်သူကိုထောက်ထားစရာမလို၊ လက်နက်ကြီးတပ်များ ရေတပ်၊ လေတပ်များပါ မြှင့်တင်လာ သည်။ တဖက်ကလည်း ပြည်သူများ၏ အုံကြွမှုကို အမြန်ချိုးနှိမ်နိုင်အောင် ခြေလျင်တပ်တွေလည်း တိုးချဲ့ရသည်။

ထို့ကြောင့် နဝတ တပ်ဟာ ရှစ်လေးလုံးကာလက ကြည်း-ရေ-လေ အမြဲတမ်းတပ် တသိန်းကိုးသောင်း နှစ်သိန်းနီးပါးရှိရာက ယခု ၁၉၉၅ - ၉၆ တွင် နှစ်ဆလောက် လေးသိန်းကျော်ထိ တိုးချဲ့ခဲ့။ ငါးသိန်းထိလည်း တိုးချဲ့မည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၁၉၈၈ လောက်အထိ လုံးဝခေတ်မမီ၊ ခြေလျင်တပ်အဓိကမှ ယခု ၁၉၉၅ - ၉၆ တွင် အသင့်အတင့် ခေတ်မီလာ သည်။ ခေတ်မီစစ်ပညာကိုလည်း တရုတ်များထံက အထက်တန်းစစ်ရာထူးကြီး သင်တန်းများတက်စေပြီး အတော်အတန် ခေတ်မီရေးကို ဦးတည်လာသည်။

သို့ရာတွင် နဝတတပ်၏စိတ်ဓာတ်မှာ ယခင် ရှစ်လေးလုံးမတိုင်မီကလောက် စိတ်ဓာတ်မကောင်းတော့ပေ။ အဓိကအကြောင်း က ပြည်သူတို့၏ စစ်တပ်အပေါ် မုန်းတီးရွံရှာမှုအတွက် စိတ်ထိခိုက်မှု၊ နောက် ၁၉၈၉ CPB ပြိုပြီးနောက် အစိုးရက အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေး ရှေးရှုလာသည်။ နောက်ကမ္ဘာနှင့်ချီသော ငြိမ်းချမ်းရေးစိတ်ဓာတ် ရိုက်ခတ်မှုလည်း ရှိလာနေ၍ ငြိမ်းချမ်းရေးစိတ်လွှမ်းလာပြီး တိုက်စိတ်ခိုက်စိတ် လျော့နည်းလာကြဟန်လည်းရှိသည်။ သို့သော်လည်း စစ်တပ် ဟာ ခေတ်မီတပ်ကြီး မဖြစ်သေး။ ခေတ်မီစစ်ပညာများ မတတ်မြောက်သေး။ ခေတ်မီစစ်ပွဲအတွေ့အကြုံ မရှိသေးပေ။ နောက် ဗိုလ်နေဝင်း သေခါနီးလာလေ တပ်တွင်းဂိုဏ်းဂန အုပ်စုအာဏာ၊ စီးပွားရေး၊ နိုင်ငံရေး ကွဲပြဲရေးများ ခေါင်းပြူလာ။ အဓိက တပ်တွင်း စီးပွားရေးသမားအချို့၏ အနောက်ဘက်ယိမ်းမှုနှင့် အာဏာဆက်ထိန်းထားလိုသူတို့က တရုတ်နှင့်တွဲလိုမှုဟာ ဂိုဏ်းသဘောအစြုပနေပြီဟု ထင်ရသည်။

၁၄။ နဝတ၏ ထူးခြားမှုတရပ်မှာ ယခုထိ ယင်းတပ်တွင် နယ်ချဲ့နိုင်ငံများ၏ ဂိုဏ်းအဖွဲ့များမရှိသေးဟု ယူဆရခြင်းဖြစ်သည်။ ထိုကိစ္စ ဗိုလ်နေဝင်းက တဦးတည်းသာ နယ်ချဲ့နိုင်ငံများနှင့်ဆက်ဆံရေးကို လက်ဝါးကြီးအုပ်ထာပြီး ထိုသို့ဂိုဏ်းဖွဲ့လိုသူတို့ကို ဗိုလ်နေဝင်းက ကာကွယ် နှိမ်နင်းနိုင်ခဲ့သည်။ ဗိုလ်နေဝင်းသည် ပထမ ၁၉၇၀ ကျော်အထိ ဗြိတိသျှတို့၏ လက်ကိုင်တုတ်၊ ဗြိတိသျှဘက်သားဖြစ်ခဲ့ပြီး နောက်အတွေ့ အကြုံအရ ဂျာမဏီ၊ ဂျပန်၊ တရုတ်တို့နှင့်ပါ ဆက်ဆံလာခဲ့သည်။ အမေရိကန် နှင့်လည်း ပဋိပက္ခမကြီးအောင် ထိန်းထားခဲ့။ တဦးတည်း၏ တပည့်အဖြစ်မခံ။ ဖိလစ်ပိုင် မားကို့စ် ဟာ အမေရိကန်တဦးတည်း၏ တပည့်ဖြစ်ခဲ့ပြီး အမေရိကန်က လူပြောင်းလိုတဲ့အခါ ထွက်ပေးရသည်။ ဗိုလ်နေဝင်းက တပည့်ပြောင်းမခံ။ ဆရာသာပြောင်း ဆက်ဆံသည်။ သူ၏ထူးချွန်မှုဖြစ်သည်။ တရုတ်နှင့်ဆက်ဆံရေးကိုလည်း အလွန်သည်းခံစောင့်ဆိုင်းပြီး ရေရှည်ဆက်ဆံရေး မပျက်အောင် ကြိုးစားခဲ့သည်။

ဗိုလ်မှူးချုပ်မောင်မောင်တို့ဂိုဏ်းကို တပ်ကထုတ်ပယ်ရခြင်း၏ အဓိကအကြောင်းမှာ ၎င်းဗိုလ်မောင်မောင်သည် အမေရိ ကန်နှင့် ပေါင်းပြီး ဗိုလ်နေဝင်းနှင့်တကွ အစိုးရကိုပါ စစ်အာဏာသိမ်းဖို့ ကြိုးစားကြံစည်နေမှု ပေါက်ကြားသိရှိလာရ၍ ထုတ် ပယ်ခြင်းဖြစ်သည်။ ဗိုလ်အောင်ကြီးကို တပ်မှထုတ်ရခြင်းအကြောင်းမှာလည်း တခြားအကြောင်းတွေရှိ။ ၁၉၆၀ ရွေးကောက် ပွဲတွင် ဆိုရှယ်လစ်ပါတီပြုတ်သွားပြီးသော်လည်း ဗိုလ်အောင်ကြီးမှာ တပ်တွင် ဗိုလ်နေဝင်းအပေါ်လည်းကောင်း၊ တခြားလူ တွေအပေါ်တွင်လည်းကောင်း ဆက်ဆံရေးမပြောင်းဘဲ ယခင်ဆိုရှယ်လစ်ပါတီအစိုးရ၏ ကိုယ်စားလှယ်လို ဆက်လက်ဗိုလ် ကျဆက်ဆံခြင်း၊ ဦးနုက ဗိုလ်နေဝင်းကို ပုန်ကန်တိုက်ခိုက်ရန် နိုင်ငံခြားထွက်ခြင်းကို သိလျက်နှင့် သတင်းမပို့ခြင်း စသည်တို့။ နောက်တကြောင်းမှာ ဂျပန်နှင့်ရင်းနှီးလွန်းခြင်းတို့ကြောင့် ဖြုတ်ထုတ်ရခြင်း ဖြစ်သည်။ အချုပ်အားဖြင့် ဗိုလ်နေဝင်းဟာ စစ် တပ်တွင်းက အခြားနိုင်ငံတွေနှင့် ဂိုဏ်းဖွဲ့ခြင်းကို သူကိုယ်တိုင်မှတပါး အခြားမရှိအောင် ထိန်းသိမ်းခဲ့သည်။ အမေရိကန်သည် တပ်တွင်းဂိုဏ်းဖွဲ့နိုင်ရေးအတွက် အလွန်ကြိုးစားမည်ထင်ရသည်။ ၁၉၉၀ နောက်ပိုင်း ပိုကြိုးစားမည် ထင်ရသည်။ ဘယ်မျှခရီး ပေါက်သည် မသိရပေ။ သိပ်ပေါက်မည်တော့ မထင်။ အကြောင်းတရပ်မှာ တိုင်းပြည်၏ နယ်ချဲ့ဆန့်ကျင်ရေးဂယက် စိတ် ဓာတ်မှာ တပ်ကိုရိုက်ခတ်၊ နဂိုမူလကအစဉ်အလာအရ တပ်မှာလည်း ဒီစိတ်ဓာတ်သွင်းထား။ အမေရိကန်ကလည်း ကမ္ဘာ ကပါ ဆန့်ကျင်ခံနေရ၍ အမေရိကန်အနေနှင့် ဂိုဏ်းဖွဲ့ရေး သိပ်မလွယ်ပေ။ ထို့ကြောင့် နဝတစစ်တပ်တွင် နယ်ချဲ့ဂိုဏ်း ဖွဲ့ထားနိုင်မှု မရှိသေးဟု ယူဆရသည်။ သို့သော် တပ်တွင်းတွင် ထိပ်သီးတချို့ ငွေကြေးစားခွင့်ရပြီး ယခင်နှင့်မတူ အတော်ကြီး ချမ်းသာလာသူတချို့ ရှိလာသည်။ ဂိုဏ်းအဖွဲ့များ ဖြစ်လာနိုင်သည်။ ထိုဂိုဏ်းများ မိမိတို့အခြေအနေရပ်တည်ရေးအတွက် အမေရိကန်နှင့် ဂိုဏ်းဖွဲ့ခြေများ ဖြစ်လာနိုင်သည်။ တရုတ်နှင့်ပေါင်းပြီး မိမိအာဏာဆက်ကိုင်ထားလိုသူ ဗိုလ်နေဝင်းဂိုဏ်းနှင့် တပ်တွင်းဂိုဏ်းတိုက်ပွဲ ရှိလာနိုင်သည့် အလားအလာလည်း ရှိသည်။

၁၅။ ဗိုလ်နေဝင်းသည် တပ်တွင်းနယ်ချဲ့ဂိုဏ်း မဖွဲ့နိုင်အောင် အစဉ်ထိန်းသိမ်းထားသလို တပ်တွင်း၌ ၎င်းကိုဆန့်ကျင်သည့် ဂိုဏ်းမပေါ်အောင် အမြဲသတိနှင့် ထိန်းသိမ်းခဲ့သည်။ ထိုအလားအလာ ဂိုဏ်းအစအနများကို တဖြည်းဖြည်းနည်းပေါင်းစုံဖြင့် နှိမ်နင်းပစ်သည်။

၁၆။ ဗိုလ်နေဝင်းက စစ်တပ်ကို သူ့သြဇာကိုင် သူပိုင်စစ်တပ်ဖြစ်အောင် ကြိုးစားပုံ။

(က) ပထမအဆင့်။ ဗမာပြည်တွင်လွတ်လပ်ရေးရပြီးနောက် ဆိုရှယ်လစ်ပါတီအဖြစ်ခံယူပြီး ဆိုရှယ်လစ်များဖြင့် နယ်ချဲ့ဖက် ဆစ် တော်လှန်ရေးအစဉ်အလာရှိသော စစ်တပ်ကို အတွင်းသဏ္ဌာန်အားဖြင့် ကြေးစားတပ်ဖြစ်အောင် ပူးပေါင်းလုပ်ကြံခဲ့ ကြသည်။

(ခ) တပ်မှူးကြီးငယ်ထဲမှ ကွန်မြူနစ်စိတ်ရှိသူ၊ မျိုးချစ်စိတ်ပြင်းထန်သူများကို တဖြည်းဖြည်းအကြောင်းရှာပြီး ထုတ်ပယ် ပစ် ခြင်း။

(ဂ) ကွန်မြူနစ်စိတ်လည်း သိပ်မရှိ၊ ဆိုရှယ်လစ်ပါတီဝင်အဖြစ်လည်း မလုပ်သေးသူ၊ လုပ်သော်လည်း သိပ်ထင်ထင်ရှားရှား မလုပ်သူ၊ အဓိက မျိုးချစ်စိတ် အသင့်အတင့်ရှိသူတို့ကို ဗိုလ်နေဝင်းက ရာထူးဌာန န္တရတွေပေးပြီး နိုင်ငံရေးအရလည်း ဆိုရှယ်လစ်ပါတီ တည်မြဲကိုဆန့်ကျင်ပြီး တိုင်းပြည်ကို တကယ့်ဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ထောင်မည့်ဟန် စည်းရုံးပြီး သူ့ ဘက်သားများအဖြစ် မွေးမြူနေရာပေး ထိန်းသိမ်းလိုက်ခြင်း။

(ဃ) စတုတ္ထမှာ အကြီးဆုံးဖြစ်သည်။ ၎င်းမှာ တပ်တွင်း၌ လူဟောင်းအများစုအထက်၊ အလတ်သည် ဗိုလ်နေဝင်းအကြောင်း သိကြတာ များသည်။ သူသည် တကယ့်မျိုးချစ်ပြည်ချစ်စိတ်ရှိသူ မဟုတ်။ အခွင့်အရေးသမားကြီး ဖြစ်သည်ဆိုသည်ကို လည်းကောင်း၊ စစ်နှင့်ပတ်သက်၍လည်း ရာထူးကြီးများသာယူထားသော်လည်း ဘာမျှတတ်မြောက်ခြင်းမရှိ၊ ထက်ထက် မြက်မြက်မရှိ၊ ကြိုးစားအားထုတ်မှုလည်းမရှိ ဆိုသည်ကိုလည်းကောင်း၊ စစ်တပ်အတွက်လည်းကောင်း၊ နိုင်ငံအတွက်လည်း ကောင်း ကောင်းအောင်လုပ်လိုစိတ်လည်းမရှိ လုပ်နိုင်သော အရည်အချင်းလည်းမရှိ ဆိုသည်ကိုလည်းကောင်း၊ အဆိုးဆုံးမှာ အပျော်အပါးလိုက်၍ အကျင့်စာရိတ္တပျက်ပြားသူသာ ဖြစ်ကြောင်းကိုလည်းကောင်း သိထားကြပါသည်။

စစ်တပ်နှင့် တိုင်းပြည်ကောင်းရေးအတွက် ဘာမျှော်လင့်ချက်မှမရှိသူဟု သတ်မှတ်ကြပြီး သူ၏အကျင့်စာရိတ္တ မထိန်းသိမ်း နိုင်မှုအပေါ်မှာလည်း အထင်အမြင်သေးကြပါသည်။ တကယ်တော့ သူတို့သည် ဗိုလ်နေဝင်းအပေါ် အဆိုးမြင်တခုတည်းသာ ကြည့်မြင် ကြသည်။ ဗိုလ်နေဝင်းသည် မိမိကိုယ်ကျိုးအတွက်ဆိုလျှင် ဘယ်ကိစ္စကိုမဆို ဘယ်သူ့ကိုမဆို မထောက်မထား ရက်ရက်စက်စက်လုပ်ရဲသူ၊ လုပ်နိုင်သူ ဖြစ်ကြောင်းကို မမြင်ကြ။ အမှန်က ဗိုလ်နေဝင်းသည် အခြေအနေအခွင့်ကောင်းတွေကို ကြည့်မြင်တတ်ပြီး ရသည့်အခွင့်အရေးတွေကို တလှမ်းခြင်းပြောင်းလဲ ရယူခဲ့ခြင်းဖြစ်သည်။

ပထမ - သခင်ဗစိန်ဂိုဏ်းမှနေ၍ ဗိုလ်ချုပ်အောင်ဆန်းကို အလွန်လေးစားဟန်ပြ၍ ရဲဘော်သုံးကျိပ်တွင်း နေရာရအောင် ယူခဲ့သည်။

ဒုတိယ - ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဖဆပလ ဆိုရှယ်လစ်ပါတီ အာဏာရလာသောအခါ ဆိုရှယ်လစ်ခေါင်းဆောင်အဖြစ် ခံယူခဲ့သည်။ ဆိုရှယ်လစ်ပါတီကလည်း စစ်တပ်ကို သူလွှမ်းမိုးနိုင်အောင် ကြိုးပမ်းပေးခဲ့သည်။

တတိယ - လူထုက ဆိုရှယ်လစ်ပါတီ တည်မြဲကိုစွန့်လွှတ်လိုက်သောအခါ ၁၉၆၀ ရွေးကောက်ပွဲ၊ ဆိုရှယ်လစ်မဟုတ်ခဲ့သ လို၊ ဆိုရှယ်လစ်များနှင့်ခွာလိုက်ပြီး တပ်တွင်းက ဆိုရှယ်လစ်တပ်မှူးကြီးများ ထုတ်ပစ်ခြင်း၊ တပ်တွင်းက ကြားလူတချို့ကို ကိုင်ကာ စစ်တပ်ကိုထိန်းခဲ့သည်။ နောက်ဆုံး စစ်တပ်အပေါ် လုံးဝအာဏာသြဇာလွှမ်းလာအောင်လုပ်ပုံမှာ သူ့အပေါ်အ ကောင်းမမြင်၊ အထင်မကြီးသည့် တပ်မှူးဟောင်းများကို နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖယ်ရှားပြီး အရပ်ဘက်ရာထူးကြီးများ အထူးသဖြင့် သံတမန်ပေးပြောင်း။ သူ့အကြောင်း သိပ်မသိသော တပ်မှူးငယ်များ လူငယ်မျိုးဆက်သစ်များကို ရေစီးသလို ရာထူးတွေတိုးပေးပြီး မွေးမြူခဲ့သည်။ ထိုလူငယ်မျိုးဆက်မှာ တော်လှန်ရေးများကိုလည်း မဖြတ်သန်းဖူး၊ ဗိုလ်နေဝင်းနှင့်လည်း အဆင့်အလွန်ကွာခြား၊ ရာထူးကြီးများကလည်း မတန်တဆတွေရထား စတဲ့အချက်များ ကြောင့် အလွန်ကျေနပ်နှစ်သိမ့်ကြပြီး ဗိုလ်နေဝင်းအနေနှင့် ထိုဒုတိယမျိုးဆက် တပ်မှူးများမှတဆင့် တပ်ကိုကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သည်။ သူ့အတွက် အလွန်အကျိုးများစေခဲ့သည်။

ထို့ကြောင့် စစ်တပ်တွင် ဗိုလ်နေဝင်း သြဇာအာဏာပိုင်ဖြစ်လာရခြင်းမှာ အချုပ်အားဖြင့်-

(၁)    ပထမ တပ်ကို ရဲဘော်သုံးကျိပ်အစဉ်အလာကိုခံယူပြီး ထိန်းထားနိုင်ခြင်း။
(၂)    ဖဆပလ ဆိုရှယ်လစ်ပါတီနှင့်ပေါင်းပြီး ပြည်တွင်းစစ်အတွင်းနှစ်ကာ ကြေးစားတပ်အဖြစ်ပြောင်း။
(၃)    ကွန်မြူနစ်နှင့် မျိုးချစ်ပြည်ချစ်တပ်မှူးများကို ထုတ်ပယ်ပစ်ခြင်း။
(၄)    တပ်မှူးဟောင်းများကို တပ်ပြင်ထုတ်ပြီး မျိုးဆက်သစ်လူငယ်တပ်မှူးများနှင့် အစားထိုးခြင်း။
ရာထူးကြီးများဖန်တီးပေးပြီး ကိုင်တွယ်အုပ်ချုပ်နိုင်ခဲ့သည်။ ဗိုလ်နေဝင်းကွယ်လွန်ပြီးတိုင် ဆက်သွားနိုင်ဖို့ ကြိုးစားပြင်ဆင် ထားသော်လည်း ဗိုလ်နေဝင်းမရှိတော့လျှင် စည်းလုံးမှုလျော့ရဲလာနိုင်။

၁၇။ နဝတ စစ်တပ်၏ အရည်အချင်းစွမ်းရည်နှင့်ပတ်သက်၍ နောက်ထူးခြားမှုမှာ ၎င်းတပ်သည် ပြည်တွင်းစစ် နှစ်လေးဆယ် ကျော်မျှ တိုက်ခိုက်လာခဲ့ရသခြင့် တိုက်ခိုက်ရေးအတွေ့အကြုံ အတော်ကြွယ်ဝလာခဲ့သည်။ သို့ရာတွင် ထိုအတွေ့အကြုံ များထဲမှ အာနည်းချက်ကြီး ၂ ခုရှိသည်။

(က) ပထမမှာ အတွေ့အကြုံရင့်လာသော တပ်မှူးများ နာမည်နည်းနည်းထွက်လာသည်နှင့် ခြေရာတိုင်းပြီး ဂိုဏ်းအုပ်စုဖွဲ့လာ မှာစိုး၍ ကြာကြာမထားဘဲ လူဟောင်းကို မြှင့်တင်သည့်နည်းဖြင့် ဘေးဖယ်ထုတ်ကာ လူသစ်များနှင့် ဆက်ခါဆက်ခါ လဲပေး သွားသဖြင့် မဟာဗျူဟာအမြင် ရင့်သန်သောတပ်မှူးကြီး စစ်ခေါင်းဆောင်အဖြစ်မျိုး သိပ်မရောက်နိုင်၍ တပ်မှူးများအတွင်း တိုက်ခိုက်ရေးကောင်းမွန်သော တပ်မှူးများစွာရှိသော်လည်း မဟာဗျူဟာအမြင်ကျယ်သူ စစ်ခေါင်းဆောင်များ ချို့တဲ့နေပေ သည်။ ထို့ကြောင့် တခွင်တပြင်လုံး အမြင်ကျယ်ကျယ်နှင့်ကြည့်မြင်ပြီး မဟာဗျူဟာ ချမှတ်နိုင်သည့်လူမျိုး မရှိသလောက်နည်း ပါးနေသည်။

(ခ) ဒုတိယအားနည်းချက်မှာ ရှည်လျားသောပြည်တွင်းစစ်တိုက်ပွဲများတွင် စစ်တပ်မှာ ခြေလျင်တပ်ကိုသာ အဓိကမဏ္ဍိုင်ထား ပြီး တိုက်ခိုက်ခဲ့ရသည်။ အမြောက်တပ်၊ သံချပ်ကာယန္တယားတပ်များ၊ လေတပ်၊ ရေတပ်တို့ဖြင့် ထိရောက်ပူးပေါင်းတိုက်ခိုက်ခြင်းများ မရှိသလောက်ဖြစ်ခဲ့ရာ အားနည်းချက် ၂ ခုထပ်တွေ့ရပြန်သည်။

ပထမ - တပ်မှူးများအနေနှင့် ထောက်ပံ့ကူညီရေး စစ်လက်ရုံးတပ်အသီးသီး အများအပြားကိုပူးတွဲပြီး ဟန်ချက်ညီ ကိုင်တွယ် အုပ်ချုပ်ပြီး တိုက်ခိုက်ခြင်းအတတ် မတတ်မြောက်ကြခြင်းနှင့်

ဒုတိယ - ထိုသို့ ခေတ်မီလက်နက်ကြီးများနှင့် လေတပ်၊ ရေတပ်တို့ကို ယခုမှ စတင်ဖွဲ့စည်းလာရာ ခေတ်မီတိုက်ပွဲကြီးများ နိုင်ငံခြားတပ်များနှင့် ရင်ဆိုင်ရန် များစွာအားနည်းနေပေသည်။ နောက်တကြောင်းမှာလည်း ထိုလက်နက်ကြီးများနှင့် ခဲယမ်း များထုတ်နိုင်သော ဘတ်ဂျက်အရ ကန့်သတ်မှုလည်း ရှိမည်ဖြစ်ရာ ထိုခေတ်မီနိုင်ငံခြားနှင့်ဖြစ်မည့်စစ်ပွဲမျိုး ရေရှည် တိုက်နိုင်ဖို့လည်း မလွယ်ပေ။ ထို့ကြောင့် နိုင်ငံခြားစစ်ပွဲတိုက်ခိုက်ရေးအတွက် ခေတ်မီစစ်ပွဲကိုယ်တွယ်နိုင်သည့် အရည်အ ချင်းအရ အားနည်းခြင်းနှင့် ထိုရုပ်ပစ္စည်းများ ကြာကြာအသုံြးုပနိုင်ဖို မလုံမလောက်ဖြစ်ခြင်းတို့ကြောင့် ၎င်းတို့အနေနှင့် ခေတ်မီစစ်ပွဲဆင်နွှဲရန် များစွာအားနည်းချို့တဲ့နေသည်။ သို့ရာတွင် ၎င်းတို့၏အရေးသာချက်မှာ စစ်အတွေ့အကြုံ အတော်ရင့် ကျက်ထားသဖြင့်  အတော်အတန်ခေတ်မီသော်လည်း စစ်အတွေ့အကြုံအားနည်းတဲ့ နိုင်ငံခြားတပ်များကိုမူ အတော်အတန်ရင်ဆိုင်နိုင်လိမ့်မည်ဟု ယူဆရသည်။ ခံစစ်အဓိကဖြင့် ရင်ဆိုင်နိုင်မည်ဖြစ်သည်။ နောက်တချက်မှာ နဝတတပ်တွင် နယ်ချဲ့ ဆန့်ကျင်ရေးကို အစဉ်အလာသဏ္ဌာန်အဖြစ် ထိန်းသိမ်းလာခဲ့ခြင်း၊ ပြည်သူတို့တွင် နယ်ချဲ့ဆန့်ကျင်ရေးစိတ် ရှိနေခြင်းတို့ ကြောင့် နယ်ချဲ့ဆန့်ကျင်တိုက်ခိုက်ရေးတွင် အတော်အတန် စိတ်ဓာတ်ခိုင်မာစွာ တုံ့ပြန်နိုင်စရာလည်း ရှိသည်။

အပိုင်း (၃)
ထို့ကြောင့် လက်ရှိစစ်တပ်၏ မဟာဗျူဟာ အတွေးအခေါ်သည် ခံစစ်လော၊ ထိုးစစ်လော ဆိုရာတွင် အထက်ပါအကြောင်းတို့ ကြောင့် ယေဘုယျအားဖြင့် ပြည်တွင်းစစ်တွင် အဘက်ဘက်က အပေါ်စီးရနေသဖြင့် ထိုးစစ်မဟာဗျူဟာဖြစ်ပြီး ပြည်ပနှင့် ပတ်သက်၍မူ အဓိကအားဖြင့် ခံစစ်မဟာဗျူဟာကျင့်သုံးမည်ဖြစ်သည်။ တတ်နိုင်လျှင် လုံးဝစစ်ကြီးမဖြစ်နိုင်အောင် နိုင်ငံ ရေးနည်းစသဖြင့် ရှောင်တိမ်းနိုင်အောင် ကြိုးစားမည် ဖြစ်သည်။ သို့ရာတွင်-

(က) ပြည်တွင်းပြည်သူအုံºကမှုကို လမ်းလွှဲရန်အတွက်လည်းကောင်း

(ခ) မိမိတို့စစ်တပ်ကြီး တည်ရှိနေမှုသည် လိုအပ်ကြောင်းနှင့် မိမိတို့စစ်တပ်အရာရာလွှမ်းမိုးနိုင်ရေးတို့အတွက် အကြောင်းပြ ချက်ရရေးအတွက်လည်းကောင်း

(ဂ) ပြည်သူတို့၏ စစ်တပ်ကိုမုန်းတီးနေမှုမှ ထိတ်လန့်ချောက်ချားပြီး အားကိုးအားထားမှီတွယ်လိုစိတ် ရှိလာအောင်အတွက် လည်းကောင်း အတော်အတန်ခေတ်မီသော်လည်း စစ်အတွေ့အကြုံနည်းပြီး သိပ်သိပ်သည်းသည်းမရှိသော အိမ်နီးချင်းနိုင်ငံ တို့ဖြင့် ယာယီနယ်စပ် စစ်ပွဲငယ်မျိုးများ ဖြစ်လာရန် ဖန်တီးလုပ်ဆောင်နိုင်သည်။

အပိုင်း (၄)
ယခုနှစ်အနည်းငယ်အတွင်း မြန်မာ့တပ်စီစဉ်နေရာချထားပုံမှာ - အဓိကအားဖြင့် အစိုးရသည် အတိုက်အခံအဲန်အယ်လ်ဒီ နိုင်ငံရေးပါတီကို ဖြိုဖျက်ရေးအပေါ် အားထုတ်ကြိုးစားနေစဉ်နှင့် ပြည်သူလူထုအုံကြွလာမှာကို စိုးရိမ်နေရသောကာလ ဖြစ်သည်။ ထိုကာလတွင် စစ်တပ်ကို ပြည်သူလူထုကို ခြိမ်းခြောက်ဖိနှိပ်ထားနိုင်ရန်နှင့် ပြည်တွင်းပြည်သူလူထုကိုသာ ရင် ဆိုင်ရန် အဓိကထား။ မြန်မာပြည်တွင်း နယ်ပယ်များတွင် ပြည်တွင်းစစ်အေးချမ်းနေသော်လည်း တပ်ရင်းအခြေခံစခန်းများ တည်ထောင်ချထားသည်။ နောက်ဘက်က အဓိကတပ်များကို ဆူပူလှုပ်ရှားနိုင်သော လူမျိုးစုလက်နက်ကိုင် အင်အားစုများကို ထိန်းချုပ်ဖိနှိပ်နိုင်ရန် နယ်စပ်ဒေသများတွင် ချထားသည်။ အဓိကအားဖြင့် လူမျိုးစုများသော ရှမ်းပြည်နယ်ဒေသနှင့် ထိုင်း နယ်စပ်ဘက်၊ ရခိုင်ဒေသဘက်တို့တွင် အာရုံစိုက်ထားပြီး အခြားအပစ်ရပ် စေ့စပ်ငြိမ်းချမ်းရေး ယူထားသော လူမျိုးစုအဖွဲ့များ အထူးသဖြင့် ကေအင်ယူ၊ ကေအိုင်အို၊ ကရင်နီ၊ ဝ၊ ကိုးကန့်၊ ရခိုင်ဒေသများနှင့် ဆက်စပ်သော ဒေသများတို့တွင် တပ်များ အားလုံး စူးစိုက်ထားသည်။ ထိုင်းနယ်စပ်နှင့် ရခိုင်ဒေသတို့တွင် နောင်နယ်စပ်စစ်ပွဲများ ဖန်တီးနိုင်သည်လည်းရှိသည်။

အပိုင်း (၅)
တိုင်းပြည်ကာကွယ်ရေးနှင့် စစ်တပ်အပေါ် မြန်မာအစိုးရကျင့်သုံးသော မူဝါဒနှင့်ပတ်သက်၍စဉ်းစားလျှင် ဤနေရာတွင် စစ် တပ်နှင့် အစိုးရခွဲမရ ကွာခြားခြင်းမရှိ တသားတည်းဖြစ်နေသော စစ်အစိုးရဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးမှာ ပထမပိုင်း က သိပ်မစဉ်းစား ပြည်တွင်းမိမိအာဏာ ထူထောင်မြဲမြံရေးအတွက်သာ အဓိကကွန်မြူနစ်ပါတီကို တိုက်ခိုက်ရေးနှင့် ပြည် တွင်းစစ်ကိုသာ ဇောင်းပေးထားသည်။ ယခု ရှစ်လေးလုံးနောက် အမေရိကန် စသည်တို့အန္တရာယ်ကြောင့် ပြည်ပရန်ကာ ကွယ်ရေးအတွက် စစ်တပ်ကို သာမန်ခြေလျင် တပ်အဓိကမှ စစ်လက်ရုံးတပ်များ တပ်ဆင်ပြီး အတော်အတန်ခေတ်မီအောင် ဖွဲ့စည်းလာသည်။ ယင်းအတွက် ပြင်ဆင်လာသည်။

ပြည်ပနယ်ချဲ့လုပ်နိုင်ချက်မှာ -
(က) ပထမလူမျိုးစုတချို့ကို သတ်သတ်ကိုင်တွယ် အားပေးထိန်းသိမ်းထားခြင်းနှင့် ဒုတိယ - ပြည်တွင်းနိုင်ငံရေးပါတီများ တွင်းသို့ ထိုးဖောက် ဝင်ရောက် စည်းရုံးကိုင်တွယ်ခြင်းများလုပ်ပြီး ပြည်သူ့နယ်ချဲ့ဆန့်ကျင်ရေးစိတ် လျော့နည်းအောင်ကြိုး စားမည် ဖြစ်သည်။

(ခ) မြန်မာအိမ်နီးချင်းနိုင်ငံများမှ နယ်ချဲ့သြဇာကြီးမားသော နိုင်ငံများနှင့် နယ်စပ်စစ်ပွဲဖြစ်ရန် ဖန်တီးနိုင်သည်။ မြန်မာအဖို့ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် ပဋိပက္ခဖြစ်ရန် ဖန်တီးပေးနိုင်သည်။

(ဂ) နောက်ဆုံး နယ်ချဲ့ကိုယ်တိုင် ပါဝင်စွက်ဖက်လုပ်ကြံမှုတွေ လုပ်ကောင်းလုပ်နိုင်သည်။

ထို့ကြောင့် ထိုနယ်စပ်စစ်ပွဲများနှင့် နယ်ချဲ့ကျူးကျော်မှုကို ကာကွယ်ရန် အတွေးအခေါ်အရ သိမြင်ပြင်ဆင်မည်ဟု ယူဆရ သည်။

ဤသည်တို့မှာ လက်ရှိမြန်မာစစ်တပ်အပေါ် အမြင်အချို့ဖြစ်သည်။

(ပြီး)
မှတ်ချက်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလထုတ် ပြည်သူ့အာဏာ အမှတ် (၄၀) မှ ဖြစ်ပါသည်။

ပုံစာ - ၁၉၅၅ ခုနှစ်-ရန်ကြီးအောင်စစ်ဆင်ရေးအတွင်းက