ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● ချောင်းရိုးထဲမှာ ဘာနဲ့လှော်

 မင်းကိုနိုင် ● ချောင်းရိုးထဲမှာ ဘာနဲ့လှော်
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂ဝ၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဥရောပတိုက်က ဗင်းနစ်မြို့လေးနဲ့တူလိုက်တာဟု ဧည့်သည်များက ချီးမွမ်းကြသည်ကို ရှက်ကိုးရှက်ကန်း ခံယူသော ရွာက လေး မြန်မာပြည်ထဲမှာတော့ တံတားအများဆုံးရွာဘဲထင်တယ် ဟုခရီးသွားတွေက တအံ့တသြ မှတ်ချက်ပေးသည်ကို ပြုံး စစသာတုံ့ပြန်သည့် ရွာကလေး။

ကမာစဲဆိုသည့် ရွာအမည်က မွန်ဘာသာဖြင့် ကမာဆိုတာ ရေကန်၊ ကမာရွတ်ဆိုတာ ရတနာကန်ဟု အဓိပ္ပါယ်ရသည်။ စဲ ဆိုတာက အသံထွက်နှင့်နီးစပ်ရာရေးထားတာဆိုတော့ ဘာပြောရမှန်းမသိသေး။ နောက်မေးကြည့်မှ တံငါပိုက်ကွန်တွေ ရေးဆေးလှန်းသည့် ကန်တဲ့။ ဆိုလိုတာက တံငါလုပ်ငန်းဖြင့် တည်ခဲ့သည့်ရွာပေါ့။

သည်ရွာက အင်းသူကြီးတစ်ဦး၏သားကို ရန်ကုန်နည်းပညာတက္ကသိုလ်ပို့ရာမှ ကျောင်းမပြီးခင် ပိုက်ဆံကုန်သွား၍ သွပ်မိုး တွေခွာရောင်းပြီး ကျောင်းဆက်ထားခဲ့ရသည်တဲ့။ အဲ့ဒီရွာသားဘွဲ့ရသော် တစ်ခါက တံငါရွာဖြစ်ခဲ့သည့်နိုင်ငံကိုသွားပြီးအ လုပ် လုပ်ရသည်ဆိုပဲ။ စင်ကာပူဆိုတာလည်း တစ်ခါက တံငါရွာသာသာဘဝမှစခဲ့သည်ကိုး။ ထိုဘွဲ့ရလူငယ် ပိုက်ဆံစုဆောင်း မိပြီး သူ့ဇာတိ တံငါရွာလေးကိုပြန်လာ၊ ဖွံ့ဖြိုးအောင်လုပ်နေချိန် ကျွန်တော်က ရောက်သွားသည်။ တံငါရွာတွေလုံးလည် လိုက်နေသောဇာတ်လမ်းထဲ ကျွန်တော်က ဧည့်သည်အဖြစ် သိခွင့်ရတာတွေ ပြောချင်လာသည်။

ဤကမာစဲ ရွာတစ်လျှောက် ချောင်းရိုးဆန်ဆန် သွယ်တန်းဖောက်ထားသည့်အပေါ် ခွဆောက်ထားသည့် တံတားပေါင်းများစွာကတစ်မျိုးလှနေသည်။ ခြံတွေခတ်ထားသည့်အလျောက် လျှောက်စရာလမ်းမရှိသည့်အခါ ရွာထဲရှိ မျက်နှာချင်းဆိုင်အိမ် တွေကူးရန် တံတားတွေတန်းစီထိုးထားသမျှ မြင်ကွင်းက တစ်မျိုးဆန်းနေတော့သည်။ သည်ချောင်းရိုးဖြစ်ပေါ်လာပုံမှာ လည်း အမှတ်တရတွေ အများသား။

အင်္ဂလိပ်အစိုးရလက်ထက်က ဒီရေအတက်အကျ ကြမ်းလှသည့် စစ်တောင်းမြစ်ရေကို ပဲခူးမြစ်၊ ရန်ကုန်မြစ်တို့ဘက် လွှဲပို့ ရာမှ ဤတူးမြောင်းက ချောင်းရိုးသဏ္ဍာန် ဖြစ်လာခဲ့သည်။ အကွေ့အကောက်တွေများလှသော တူးမြောင်းကိုကြည့်ကာ အ ရေးပိုင်က မကျေနပ်၊ တာဝန်ယူဖောက်ထားသည့် ဆည်မြောင်းအရာရှိ (ထိုခေတ်ကအခေါ်ဆည်မြောင်းဗိုလ်) ကို ဆူကြိမ်း သည်တဲ့။

ဆောက်တော့ ရေစီးကြမ်းလှသဖြင့် ကမ်းပြိုရွာပြုတ်မှာစိုး၍ တမင်ရည်ရွယ်ချက်ရှိရှိ၊ရေစီးနှေးသွားအောင် ကွေ့ကာဝိုက်ကာ ဖောက်ခဲ့သည်။ ပညာရှင်၏ အလုပ်သဘောကို အုပ်ချုပ်ရေးသမားကနားမလည်ဘဲ တစ်ခါတည်း ဖြောင့်ဖြောင့်မဖောက်ရ ကောင်းလားဟု အပြစ်တင် မာန်မဲသည်ကို မခံစားနိုင်၍ ထိုပညာရှင်က သူ့ကိုယ်သူ သေကြောင်းကြံခဲ့သည်ဟုလည်း ပါးစပ် ရာဇဝင်ဆန်ဆန် ယနေ့ထိ ပြောနေကြသေးသည်။
+++++

ကျွန်တော်ရောက်သွားချိန်တွင် ထိုရွာကလေးမှ ကလေးသူငယ်ကျောင်းသားများ၏ စာပေ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆု ပေးပွဲမှကြိုနှင့်သည်။ အိမ်ခြေ ၁ဝဝ ကျော်ရှိသည့် ရွာမှ ဘုန်းကြီးကျောင်း ၉ ကျောင်းရှိသည်ဆိုတော့ သူတို့၏ဘာသာရေး အပေါ်သဒ္ဓါတရားကို ခန့်မှန်းနိုင်သည်။ မိုးတွင်းဆိုလျှင် ချောင်းရိုးတစ်လျှောက် လှေနှင့်ဆွမ်းခံကြွသည်ကို လောင်းလှူကြ သည့် ဆွမ်းလောင်းအဖွဲ့တွေက သုံးဖွဲ့ရှိသည်။

ကျွန်တော် သည်ရွာကလေးအပေါ် စိတ်မညွတ်ဆုံးဖြစ်မိသည်က ပညာရေးအပေါ် ဒီရွာသားတွေ၏ သဘောထားနှင့် အကျင့် အကြံတွေဘဲ ဖြစ်သည်။ ဒီရွာမှာ အလယ်တန်းကျောင်းသာရှိခဲ့စဉ်က အဌမတန်းအစိုးရစစ်စာမေးပွဲကို ကျောင်းလုံးကျွတ် အောင်မြင်အောင်ဖြေဆိုကြခြင်းဖြင့် သူတို့ "ဇ" ကို ပြခဲ့သည်။ သို့နှင့် အထက်တန်းကျောင်းဖြစ်လာတော့ ပဲခူးတိုင်းတစ်တိုင်းလုံး အောင်ချက်အကောင်းဆုံးစံချိန်ကို တင်ခဲ့ပြန်သည်။ ပဲခူးတိုင်းဆိုတာ ပညာရေးတွင် အောင်လံထူခဲ့သည့်တိုင်း၊ မြန်မာ တစ်ပြည်လုံးမှာ ပဲခူးအ.ထ.က (၃) က အမျိုးသားကျောင်းက ပထမ အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ဖူးသည်။

ထိုရွာကလေးမှ အထက်တန်းပြနေသူဆရာမတစ်ဦးမှ ရန်ကုန်သို့ပြောင်းရွှေ့ခွင့်ရသော်လည်း မသွားခဲ့။ ရွာကျောင်းမှာဘဲ ဆက်နေပြီးတာဝန်ကို အကောင်းဆုံးဖြစ်အောင် ထမ်းနေသည်။ သူကိုယ်တိုင်က သည်ကမာစဲရွာသူမို့ သူ့ဒေသပညာရေး ကို ကိုယ်တိုင်ထမ်းချင်သေးသည်တဲ့။ အနီးအပါးရွာတွေမှလည်း လာအပ်သောကျောင်းသားတွေပါရှိသည်မို့ ဆယ်တန်း ကျောင်းသား ၁၃၇ ယောက်ကို ဆရာ၊ ဆရာမ ၇ ဦးဖြင့် မနိုင့်တနိုင်ထမ်း သင်နေကြဆဲ။ ညဘက်တွေမှာပါ အချိန်ပိုထပ်သင်ပေး ရသည့်အတွက် ဘာအချိန်ပိုကြေးမှပေးစရာမလို၊ တတ်နိုင်သောမိဘများက မုန့်ပဲသရေစာလာပို့သည်ကိုတော့ လက်ခံ သည်။ သည်လိုနှင့် သည်ရွာကလေးမှာ ကျောင်းပညာရေးကို စွမ်းသမျှ ထမ်းနေကြဆဲ။

ကျောင်းပညာရေးနှင့် လမ်းဆုံးသလားဆိုတော့ မဆုံးသေးပါ။ ကျောင်းစာတွင် ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ပြင်ပစာပေ ဖတ်ရှု လေ့လာခြင်းကိုလည်း အားပေးရုံမက စာပေဟောပြောပွဲတွေကိုလည်းဖြစ်အောင် ကျင်းပပေးသေးသည်။ ကလေးတွေ ကိုယ်တိုင်ဖန်တီးသည့် စာကဗျာပြိုင်ပွဲ ဆုပေးပွဲကိုကြည့်တော့ ဆုရကျောင်းသားများသာမက ပြိုင်ပွဲဝင်သူတိုင်းကို အသိအ မှတ်ပြုဆုချီးမြှင့်တာမျိုး၊ စိတ်ဓာတ်ရေးအရ အားပေးတာကို သူတို့ မမေ့မလျော့လုပ်ပေးနေတာ တွေ့ရသည်။ ခေတ်အ ဆက်ဆက်က ဒီရွာ ဒီကျောင်းမှာ စာပြခဲ့သည့် ဆရာ၊ ဆရာမဟောင်းများကိုလည်း ပင့်ဖိတ်ပြီး မျိုးဆက်မပြတ်အောင် ပြုစု ပျိုးထောင်နေသည့် လက်ဆင့်ကမ်းစနစ်ကို အသက်သွင်းပြနေကြပါသည်။

ဒီရွာကလေးရှိ ကျောင်းမှာတက်ခဲ့ပြီး ယနေ့ အထိုက်အလျောက် ဘဝအောင်မြင်မှုတွေရနေသည့် ကျောင်းသားဟောင်းတွေ အမှတ်တရစကား ပြောတာကိုလည်း သတိထားမိသည်။ သူတို့ငယ်စဉ်က ဆရာတွေ အမြော်အမြင်ကြီးခဲ့ပုံ၊ ဝီရိယစိုက်ခဲ့ပုံ၊ ကျောင်းစာတစ်ခုတည်းမဟုတ်ဘဲ အနုပညာစွမ်းရည်၊ အတွေးအခေါ်အားတွေပါ ကောင်းအောင်လေ့ကျင့်ပေးခဲ့ပုံတွေကို လွမ်းဆွတ်စွာပြောနေကြသည်။

ဘယ်ဆရာက ကျောင်းစာအပြင် စာပေအနုပညာကို ချစ်တတ်အောင်ကိုယ်တိုင် သရုပ်ဆောင်၊ ဇာတ်တိုက်ပြ၊ လေ့ကျင့်ပေး ခဲ့တာ၊ ဘယ်ဆရာက ကဗျာစပ်နည်း၊ စာဖွဲ့နည်းရေးတတ်အောင်၊ တွေးခေါ်မြော်မြင်နည်းကို အချိန်ယူသင်ပေးခဲ့တာ၊ ဘယ် သီချင်း ဘယ်ကဗျာ၊ ဘယ်ပုံပြင်၊ ဘယ်ပြဇာတ်ကို စွဲလမ်းမြတ်နိုးသွားအောင် ရွတ်ပြ၊ ဆိုပြ ကိုယ်တိုင် ညွန်ကြားပြခဲ့တာဟု ပရိသတ်ကို ပြန်ပြောပြနေခိုက် ထိုသူရည်ညွန်းသည့် ကျောင်းဆရာအိုကြီးမှာ ကျွန်တော့်နံဘေးထိုင်နေရင်းက သူ့တပည့် ဟောင်း လူသူတစ်လုံးဖြစ်နေပုံ၊ ငယ်ဘဝအမှတ်တရနှင့် ဆရာတွေ၏ မေတ္တာ၊ အားထုတ်မှုတွေကို တသသပြောပြနေ သည်ကိုနားထောင်ရင်း ပီတိမျက်ရည်ဥနေသည်ကို ကျွန်တော်သတိထားမိခဲ့ပါသည်။

ဒီရွာကလေးမှာက တောင်ယာလုပ်သူတွေ အများသား၊ လယ်ထွန်စက်ဖြင့်အချိန်မီထွန်မှ တစ်ရာသီစာစိုက်ရန် အလျင်မီမှာ။ ဒါပေမယ့်ထွန်စက်မရှိသူများအတွက် နှစ်စဉ်အခက်ကြုံသည်။ ဒါကို ရွာသားချင်းတတ်နိုင်သူများက ထွန်စက်ဝယ် ထွန်ယက် ပေးသည်။ ပိုက်ဆံပေးဖို့ မတွေးနဲ့၊ မပူနဲ့၊ ပြေလည်မှပေး၊ ပဲပေါ်ချိန်မှပေး ပြေလည်ရင် ဆပ်စသဖြင့် အချင်းချင်း စောင့် ရှောက်ကြစမြဲ။

ဟိုးအညာဘက်က မြို့တွေမှာ ဆောင်းခိုငှက်တွေ ရွှေ့ပြောင်းမှုကြောင့် H5N1 ရောဂါဖြစ်။ ကြက်ဘဲတွေ အစုအပြုံလိုက် အနာကျပျက်စီးသည်တွင် ဒီရွာသားတွေက ထိုမွေးမြူရေးဈေးကွက်ကို သူတို့ဒေသသို့ ပြောင်းရွှေ့ရင်းနှီးမြုပ်နှံစေရန် ဆွဲ ဆောင်နိုင်ခဲ့သည်။ ဒါက သူတို့၏ဖွင့်ထားသော နားမျက်စိ၊ ဖွင့်ထားသော စိတ်တံခါးများ၏ အားသာချက်ပဲဟု ကျွန်တော်မြင် ပါသည်။

ယခုထိုနယ်တစ်ဝိုက် အောင်မြင်နေသည့် ကြက်ဘဲမွေးမြူရေးမှ ထွက်သည့်ဘဲဥများ၊ ဒေသထွက် ငါ့ရံ့ခြောက်များဖြင့် စာ ပေဟောပြောပွဲလာသူ စာရေးဆရာတွေကို မေတ္တာတုံ့ပြန်တာကြည့်ရင်း သူတို့ရွာကလေးအကြောင်း ကျွန်တော် တွေးမိတွေး ရာများဖြစ်ပါသည်။
+++++

ထိုကျေးရွာ၏ညအထိ ကျွန်တော် ခံစားကြည့်နေသည်။ ကျောင်းသားတွေ ကျောင်းစာအပြင် စာစုံအောင် လေ့လာဆွေး နွေး နေသည့်ခြံဝင်းပေါ်ကြယ်တွေက စုံလှပါဘိ။ ဒီနယ်ကနောက်ထပ် နိုင်ငံ့ကောင်းကင်၌ လင်းပလာမည့် ကြယ်ကလေးတွေကို ကျွန်တော် မှန်းဆမျှော်ကြည့်နေမိသည်။

ကျွန်တော်တို့ အလယ်တန်း ကျောင်းသားဘဝ ပင်ရင်းမြန်မာစာသင်ရိုး၌ “ဆားဒယ်” ဟု အမည်ရ ဆောင်းပါးရေးသူ ဆရာ တက္ကသိုလ်ဝင်းမွန်မှာ ဤရွာသားဖြစ်ကြောင်း သိလိုက်ရသေအခါ ဆောင်းညချမ်းမှာ ကျွန်တော့်အား ပီတိအနွေးထည် ခြုံပေးလိုက်သလို ခံစားရသည်။

ဆရာ တက္ကသိုလ်ဝင်းမွန်၏ “ဆားဒယ်” ဆိုသည့် စကားပြေမှာ သင်ဖူးသူတွေမှတ်မိကြမည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ပဲခူးတွင် ရေကြီးသည့်အခါလမ်းပေါ် လှေတွေ လှော်ကြရသည်။ လူကြီးတွေက ဘောက်တူ၊ သမ္ဗာန်စသည့် လှေကြီးတွေဖြင့် လိုရာသွားကြသည်။ ရောက်အောင် လှော်နိုင်ကြသည်။ ကလေးတွေကတော့ ဆားချက်သည့်ဒယ် (လေးထောင့်စပ်စပ်ကြီး များ) ပေါ်တက်ထိုင်ကြရင်း လက်နှင့်ကျုံးလှော်ရသည်တဲ့။

ဆားဒယ်ဆိုသည်ကတော့ တစ်ချိန်က “ပဲခူးဆား” ဟု နာမည်ကြီးခဲ့သည့်ဒေသမှာ အိမ်တိုင်းလိုလို ရှိနေတတ်သည့် အရာ။ သွပ်သံတို့ဖြင့် လေးထောင့်စပ်စပ်ပြုလုပ်ထားသည့် ဒယ်အိုးကြီး။ ထိုအထဲ ကလေးတွေကဝင်ထိုင်ပြီး လှော်ကြည့်ကြရာ လိုရာ တော်ရုံနှင့် မရောက်နိုင်။ ဦးမရှိ၊ ပဲ့မရှိမို့ တဝဲလည်လည် ဖြစ်နေရကြောင်း ရေးထားသည်။

လောက၌ မပြည့်စုံသည့်ဘဝ ရုန်းကန်ကြရတိုင်း ဆားဒယ်ပေါ်တက်လှော်ရသလိုခံစားရကြောင်း တက္ကသိုလ်ဝင်းမွန်က ရေးပြခဲ့သည်။

ထိုရွာသား ထိုစာရေးဆရာ၏စာကို သတိရရင်း ကမာစဲရွာလယ် ချောင်းရိုးရေပြည့်ချိန်ကို ကျွန်တော်မြင်ယောင်ကြည့်နေမိ ပါသည်။ ဘယ်လိုရေယာဉ်မျိုးတွေနှင့် ကမာစဲရွာသူ ရွာသားများ ရှေ့ခရီးကိုလှော်ကြပါမည်လဲ။

သေချာတာကတော့ သူတို့ ကျောင်းစာသာမက ဉာဏ်ပညာတန်ဖိုးကို ကောင်းစွာသိကြတာ ကျွန်တော်မြင်တွေ့ခဲ့ပြီ။ ဉာဏ် ပညာသမားတွေ၏ရေယာဉ်ကို စောင့်ကြည့်ရန်သာရှိတော့သည်ဟု ဆိုချင်ပါသည်။

မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ် အတွဲ (၃)၊ အမှတ် (၁၂ဝ) ]