အေးကျော်ကျော် ● လျှပ်စစ်ပညာရှင် (သို့) ဆူးကြားမှ ဘူးခါး

 အေးကျော်ကျော် ● လျှပ်စစ်ပညာရှင် (သို့) ဆူးကြားမှ ဘူးခါး
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

လျှပ်စစ်ပညာရှင်တစ်ယောက်အနေနဲ့ တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် (၁) နိုင်ငံတော်အစိုးရ (၂) ပြည်သူလူထု (၃) လျှပ်စစ်ဓာတ်အားပေးနေသော အဖွဲ့အစည်းများ ၃ ဦး ၃ ဖလှယ်နှင့်ဆက်စပ် လုပ်ကိုင်ဆောင်ရွက်ရပါတယ်။

(၁) ပြည်သူလူထုအတွက် တိုင်းပြည်ကို ဦးဆောင်စီမံခန့်ခွဲနေရတဲ့ အစိုးရမင်းများကို လျှပ်စစ်နှင့်ပါတ်သက်ပြီး မှန်ကန်သော လမ်းစဉ်များ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် အတတ်ပညာအားဖြင့်၏လည်းကောင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရသော်လည်းကောင်း အကြံပေးတင်ပြရပါတယ်။

(၂) ပြည်သူတွေကိုလည်း လျှပ်စစ်မီးနှင့်ပတ်သက်၍ မှန်ကန်သောအသိ၊ ဗဟုသုတရအောင် ပညာပေးခြင်း စည်းရုံးခြင်းများ ဖျောင်းဖျပြောဆိုခြင်းများ ပြုလုပ်ဖို့ တာဝန်ရှိပါတယ်။

(၃) လျှပ်စစ်ဓာတ်အားပေးနေသော အဖွဲ့အစည်းများနှင့်လည်း ပြည်သူလူထု လျှပ်စစ်မီးကို စိတ်ချမ်းသာစွာအသုံးပြုပြီး လူမှုဘဝတွေ အဆင်ပြေစေဖို့၊ လျှပ်စစ်ဓာတ်အားဖြင့် တိုင်းပြည်ရဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စသည့်ရည်ရွယ်ချက် တွေအတွက် နိုင်ငံတော်အစိုးရ၏လျှပ်စစ်နှင့် စွမ်းအင်မူဝါဒနှင့်အညီ မှန်ကန်တဲ့စီမံကိန်းများအကောင်အထည်ဖေါ်ခြင်း၊ ထိမ်းသိမ်းခြင်း စသည်တို့အတွက် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရပါတယ်၊ ကူညီပေးရခြင်းများ၊ လိုအပ်သည်များကို ထောက်ပြဆွေးနွေးခြင်းများ ပြုလုပ်ရပါတယ်။ တဆက်တည်း အဖွဲ့အစည်း၏ ဝန်ထမ်းများနှင့် မိသားစုများ၏ လူနေမှုဘဝတွေ အဆင်ပြေဖို့ တင်ပြစရာရှိတာတွေ တင်ပြပေးဖို့လည်း တာဝန်ရှိပြန်ပါတယ်။

ဒီတာဝန်တွေကို ကျေပြွန်ဖို့ရာ ခက်ခဲလှပါတယ်။ သဘာဝကိုက တိုင်းပြည်ကို လျှပ်စစ်မီးပေးတယ်ဆိုတာ ငွေအား၊ လူအား၊ နည်းပညာအား မျိုးစုံသုံးပြီး အချိန်ယူကာ ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ မြန်မာပြည်လို နှစ်ပေါင်းများစွာ မှားယွင်းတဲ့ ဦးဆောင်မှုအောက်ရောက်ခဲ့တဲ့ တိုင်းပြည်တစ်ခုရဲ့ လျှပ်စစ်ဖြစ်တဲ့အတွက် ဆိုနိုင်ဖွယ်မရှိအောင် ခက်ခဲတဲ့အခြေ အနေတွေနဲ့ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရပါတယ်။ လျှပ်စစ်လုပ်ငန်းကြီးတစ်ခုလုံးဟာ တိုင်းပြည်၏အခြားသော နယ်ပယ်များနည်းတူ ဂျုံးဂျုံးကျခဲ့ရတာ အားလုံးအသိဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်စရာ၊ ငြင်းခုံစရာ တွေနဲ့ စိတ်ဓာတ်ကျစရာ အခင်းအကျင်းကြီး ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုရဲ့ အထင်မှားခြင်း၊ အမြင်မတူသူတွေရဲ့ရှေ့မှောက်မှာ နင်ပဲငဆ အဆိုခံရခြင်း၊ အစိုးရ လူကြီးများနှင့် လျှပ်စစ်ဓာတ်အားပေးတဲ့ဌာနမှ တာဝန်ရှိလူကြီးမင်းများ၏ အထင်အမြင်မှား အငြိုအငြင်ခံရနိုင်ခြင်း၊ စေတနာ က ဝေဒနာဖြစ်ရခြင်း၊ တစ်ဖက်အဖွဲ့ရဲ့ မှန်ကန်တဲ့ အခက်အခဲလိုအပ်ချက်ကို တင်ပြရမှာ တစ်ဖက်အဖွဲ့ရဲ့ ပြစ်တင်ခံရခြင်း၊ ဝိုင်းရန်လုပ်ခံရခြင်း စသည်ဖြင့် ကြုံနိုင်တဲ့ အတိုက်အခိုက်တွေကတော့ များလှပါတယ်။

တစ်ခါတစ်လေတော့လည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေချင်မိတယ်၊ ငါ့မှာတာဝန်ရှိတယ်၊ ငါလုပ်ပေးနိုင်သေးတဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ စီးပွားရေးအခြေအနေလေးတွေရှိတုန်း ရလဒ်တွေထွက်ထွက်မထွက်ထွက် လုပ် ပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ ဆူးကြားက ဘူးခါးသီးကိုအေးကျော် နှစ်သစ်မှာ အတွေးတွေပွားပေါ့ဗျာ . . . .

ဗူးခါးသီး ကိုအေးကျော်