အောင်မော်ဦး ● ငြိမ်းချမ်းချိန် တန်ပြီ

အောင်မော်ဦး ● ငြိမ်းချမ်းချိန် တန်ပြီ
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၇

“ဤခရီးနီးသလား
နှစ် (၆၀) လာရ၏
တိုင်းရင်းသား ဒုက္ခသည်များလည်းပါသည်
ငြိမ်းချမ်းရေး မလာသေး”

အကယ်၍ အနာဂတ် သင်ရိုးညွှန်းတမ်း၏ ဖတ်စာသစ်သာ ဤသို့ဖြစ်ခဲ့မည်ဆိုပါက ကျနော်တို့ ကြေကွဲမဆုံး ဖြစ်ရပေလိမ့် မည်။ အကယ်၍ ဤဖတ်စာသစ်အား ကျနော်တို့၏ ရင်သွေးငယ်လေးများ ရွတ်ဖတ် ကျက်မှတ်နေကြမည်ဆိုပါက ပို၍ပင် ယူကြုံးမရ ဖြစ်ရပေလိမ့်မည်။ အကယ်၍ ဤသင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေရစ်ခဲ့ကြသည့်သူများထဲ၌ ကျနော်တို့ကိုယ်တိုင် အပါအ၀င်ဖြစ်ခဲ့ကြမည်ဆိုပါက ကျနော်တို့ကိုယ် ကျနော်တို့ ခွင့်မလွှတ်နိုင် ဖြစ်ကြရပေလိမ့်မည်။

စစ်ကြီးပြီးရင်
မိုးလုံးမှိုင်းတွေ ဝေကြမယ်
လှလှပပ မွှေးမွှေးမြမြ။

စစ်ကြီးပြီးရင်
ချယ်ရီပန်းတွေ ပွင့်ကြမယ်
ဖွဖွလှလှ သင်းသင်းမြမြ။

“ပြောင်းလဲချိန်တန်ပြီ” ဟူသည့် လှုပ်ရှားမှုနှင့် တိုင်းပြည်တပြည် လွတ်မြောက်အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့ကြပါပြီ။ လွတ်လပ်ရေးအရ ပြည်တွင်းစစ်အစဟု ဆိုစမှတ်ပြုရမည့် ကျနော်တို့ တိုင်းပြည်အနေဖြင့်လွတ်မြောက်ခဲ့လေပြီဟုဆိုနိုင်ပါ သော်ငြား မငြိမ်းချမ်းသေးဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် “ငြိမ်းချမ်းချိန်တန်ပြီ” ဟူသည့်လှုပ်ရှားမှုနှင့် တိုင်းပြည်တပြည် ငြိမ်းချမ်ဖို့ လက်တွဲပြီး လုပ်ဆောင်လိုက်ကြဦးစို့လား သွေးချင်းတို့။

စစ်ကြီးပြီးရင်
ကိုယ့်အိမ်ကိုယ် ပြန်ကြရမှာပေါ့နော်တဲ့၊

စစ်ကြီးပြီးရင်
မြေပြန့်ကို သွားလည်နိုင်တော့မှာပေါ့နော်တဲ့၊

ကလေးရေ
အိပ်ရာဝင်ပုံပြင်တွေက
မင့် ရင်ကို နာကျင်စေသတဲ့လား။

တမြေတည်းနေ တရေတည်းသောက်ကြသူချင်း။ ဟိုးတောင်ပေါ်၌ လောင်မြိုက်နေသည့် စစ်မီးများ ငြိမ်းအေးစေရေးအတွက် တောင်ပေါ်ချည်းမရ၊ မြေပြန့်မှဝိုင်းကူကြရပေလိမ့်မည်။ ဟိုးတောင်ပေါ်၌ ဝေနေသည့် ယမ်းခိုးများလွင့်ပြယ်စေရေးအတွက် တောင်ပေါ်ချည်းမရ၊ မြေပြန့်မှ ဝိုင်းကူကြရပေလိမ့်မည်။ ဟိုးတောင်ပေါ်၌ တော်လဲတုန်ဟီးနေသည့် ပေါက်ကွဲသံများ တိတ်ဆိတ်၍အိုးစည်ဗုံဗောင်းသံများ သောသောညံစေရေးအတွက် တောင်ပေါ်ချည်းမရ၊မြေပြန့်မှ ဝိုင်းကူကြရပေလိမ့်မည်။

စစ်ကြီးပြီးရင်
အချစ်ကြီး ချစ်သူတွေ
ချစ်ပြီးရင်း ချစ်ကြမယ်
မျက်ရည်လည်ရွဲ နေ့ရက်တွေကို ထားခဲ့ကြ
ပူပင်ကြောင့်ကြ သောကတွေကို ထားခဲ့ကြ။

သွေးချင်းတို့
ခေါင်ရည်အိုးတွေ ဖောက်ကြ
ပဲပုပ်နံ့ မွှေးမွှေးနဲ့
မီးပုံတွေနံဘေး ငါတို့ တေးသီကြမယ်။

“ငြိမ်းချမ်းချိန်တန်ပြီ” ဟူသည့် လှုပ်ရှားမှုအား ငြိမ်းငြိမ်းချမ်းချမ်း နည်းလမ်းများဖြင့် အကောင်အထည်ဖော်ကြပါမည်။ လူ တိုင်းလူတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ အချိန်ကာလမရွေး ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သည့် နည်း လမ်းများဖြစ်ရန်လည်း အလေးထားပါမည်။ ထို့အတူ မည်သူ့ကိုမျှလည်း အနှောင့်အယှက်မပေးသကဲ့သို့၊ မည်သူ့အတွက်မျှ လည်း အန္တရာယ်မရှိစေမည့်နည်းလမ်းများဖြစ်ရန်လည်း အလေးထားပါမည်။ ထို့အတူ နိုင်ငံတနိုင်ငံ၏ဥပဒေအရသာမက အပြည်ပြည်ဆိုင်ရာဥပဒေအရပါ အကြုံးဝင်မှုရှိသည့်မူဘောင်များအတွင်းမှ လုပ်ဆောင်နိုင်သည့်နည်းလမ်းများ ဖြစ်ရန်လည်း အလေးထားပါမည်။ ထိုမျှမက လက်ရှိအခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် နည်းလမ်းများဖြစ်ရန်လည်း အလေး ထားပါမည်။

အဆင်ပြေလျှင် လက်ခုပ်ပင်တီးစရာမလို။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ကြမည်။ ဖယောင်းတိုင်များ၊ ဆီမီးခွက်များထွန်းညှိကြမည်။ စပါးနှံကိုက်ချီထားသည့် ငြိမ်းချမ်းရေးချိုးငှက်ပုံ အလံ လေးများ၊ စတစ်ကာလေးများ၊ ရင်ထိုးလေးများ၊ နဖူးစည်းလေးများ ဝတ်ဆင်ကြမည်၊ ကားများ၊ ယာဉ်ရထားများ၌ တပ် ဆင်ကြမည် စသည်ဖြင့်။

ဆိုကြပါစို့။ ကိုယ့်ထမင်းကိုယ်စား အမေစုသားများ၏ လွတ်မြောက်ရေးတင့်ကားများထက်၌ တလူလူလွင့်နေမည့် ငြိမ်းချမ်း ရေးချိုးငှက်ပုံအလံငယ်လေးများအား စိတ်ကူးဖြင့် မြင်ယောင်ကြည့်စေချင်သည်။ ဤမြင်ကွင်းသည် ရွေးကောက်ပွဲကာလ မြင်ကွင်းနှယ် ကြည်နူးမဆုံ ဖြစ်စေပေလိမ့်မည်။ သို့သော်ငြား ရွေးကောက်ပွဲကာလ၌ကဲ့သို့ ရဲရဲနီမနေတော့။ ဖွေးဖွေးလှုပ် သည့်ချိုးရုပ်ကလေးများအဖြစ် တိုင်းတခွင်အနှံ့ ၀ဲပျံနေခြင်းမျိုးပေပ။ အမြင်အေးသကဲ့သို့ ရင်လည်းအေးစေမည့် ငြိမ်းချမ်းရေး ချိုးငှက်များပေပ။

ဆိုကြပါစို့။ အိမ်တိုင်းအိမ်တိုင်း၏ အိမ်ရှေ့မျက်နှာစာ၌ “ငြိမ်းချမ်းချိန်တန်ပြီ” ဟူသည့်စာတန်းများကပ်၍ အလံငယ်လေးများထိုးစိုက်ထားခြင်းအားဖြင့်လည်း ငြိမ်းချမ်းရေးချစ်မြတ်နိုးသူတိုင်းအနေဖြင့် မိမိတို့၏ ဆန္ဒအားထုတ်ဖော်ပြသနိုင်ပေသည်။ ထို့နည်းတူပင် “ငြိမ်းချမ်းချိန်တန်ပြီ” ဟူသည့်ခေါင်းစဉ်ဖြင့် စုပေါင်းလက်မှတ်ထိုးကြသည့် လှုပ်ရှားမှုမျိုးအားလည်းတောင် ပေါ်မြေပြန့် နေရာအနှံ့ ပူးပေါင်းလုပ်ဆောင်နိုင်ကြပေသေးသည်။ ထို့နည်းတူ စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေသည့်လှုပ်ရှားမှုများအားလည်း အနုပညာရှင်များ၏ အကူအညီဖြင့် လုပ်ဆောင်နိုင်ပေသေးသည်။

သွေးချင်းတို့
လက် လက်ချင်းဆက်လို့
နှလုံးသား နှလုံးသားချင်းဆက်လို့
ဟုန်းဟုန်းတောက်နေတဲ့ တောင်တွေဆီ လက်ကမ်းကြပါစို့
ငြိမ်းချမ်းရေးပန်းတိုင်ဆီ တက်လှမ်းကြပါစို့။

“ငြိမ်းချမ်းချိန်တန်ပြီ”ဟူသည့် လှုပ်ရှားမှုအား
ငြိမ်းချမ်းရေးချစ်မြတ်နိုးသည့် လူမှုရေးအသင်းအဖွဲ့များနှင့်
ပရဟိတ္တအသင်းအဖွဲ့များ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် တောင်ပေါ်မြေပြန့်နေရာအနှံ့၌ လက်တွဲလုပ်ဆောင်နိုင်ကြလိမ့်မည်ဟု ယုံကြည်မိသည်။ ယုတ်စွအဆုံး ငြိမ်းချမ်းရေးချစ်မြတ်နို်းသူ မည်သူမဆိုငြိမ်းငြိမ်းချမ်းချမ်း နည်းလမ်းများဖြင့် လုပ်ဆောင် နိုင် ပေသည်။ ကျနော့်အနေဖြင့်ဆိုလျှင် “ငြိမ်းချမ်းချိန်တန်ပြီ” ဟူသည့်လှုပ်ရှားမှုအား ဗကသ၏ ပုခုံးပေါ်၌ တာဝန်တရပ်အဖြစ် ပင် တင်ထားချင်မိသည်။ ပြန်လည်ထူထောင်ရေးကာလ၌ ဗကသ၏အခန်းကဏ္ဍသည် ကျောင်းသားအရေးမျှသာမက ဤကဲ့သို့သော ကျယ်ပြန့်သည့် လူမှုလှုပ်ရှားမှုများအားဦးဆောင်ဦးရွက်ပြုခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ပင်ဖြစ် မည်ထင်သည်။

သို့သော်လည်း ခေတ်အဆက်ဆက် တိုက်ပွဲချည်းဝင်လာခဲ့ကြရသည့်သမိုင်းဖြစ်စဉ်အရ ဗကသဆိုလျှင် “ရရင်ရ၊ မရရင်ချ”ဟူ၍နားလည်ထားကြကုန်သည်အထိ ဖြစ်ခဲ့ရသည်။ ခေတ်၏တောင်းဆိုမှုအရ အလှည့်ကျလျှင်မနွှဲ့ ကြစတမ်းလှုပ်ရှား ခဲ့ကြရသည်ကိုး။ သို့သော် ယနေ့ကာလ၌မူ ဗကသအနေဖြင့် မိမိတို့ကိုယ်တိုင်လည်း လူငယ်မျိုးဆက်များဖြစ်သဖြင့် မိမိ တို့နှင့် သက်တူရွယ်တူ လူမျိုးစုံတိုင်းရင်းသား လူငယ်များအား “ငြိမ်းချမ်းချိန်တန်ပြီ” ဟူသည့် လှုပ်ရှားမှုအတွက် ဦးဆောင် စုစည်းစေချင်သည်။ ဗကသနှင့်လက်တွဲ၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။

ခေတ်အဆက်ဆက် ပြည်သူ့ရင်နှစ်များဖြစ်ကြသည့် ဗကသဦးဆောင်လျှင်မဖြစ်နိုင်ဘူးဟူသည် မရှိနိုင်။ ထို့အတူ ပြန်လည်ထူ ထောင်ရေးကာလ၌ ဗကသ၏အခန်းကဏ္ဍသည် ထောင်နှုတ်ခမ်းချည်း နမ်းနမ်းနေရသည့် တော်လှန်သောနိုင်ငံရေးလှုပ်ရှားမှုမျိုး မဟုတ်နိုင်တော့။ ရှေ့၌ မတူသည့်အလုပ်များ လုပ်ဆောင်ကြရပေလိမ့်မည်။ ထိုအထဲမှ ဖက်ဒရယ်ပြည်ထောင်စုအ ရေးသည် အရေးတကာ့အရေးအကြီးဆုံး အရေးပင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်“အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနှင့် ဗက သ၏ အခန်းကဏ္ဍ” ဟူသည်ကို အထူးပြုလေ့လာရန်လိုပေလိမ့်မည်။ ခေတ်အဆက်ဆက် မည်သည့်ဗကသမှ လုပ်ခွင့်မရခဲ့သည့်အလုပ်ကိုယနေ့ ဗကသတို့ အကောင်အထည်ဖော်ကြရပေတော့မည်။

ကျေးဇူးပြု၍ စကားလုံးတလုံး သုံးနှုန်းခွင့်ပြုစေလိုပါသည်။“အစိုးရမကောင်း ဗကသခေါင်း” ဟုခံယူ၍ ကျနော်တို့အရင်မျိုး ဆက်များနှင့် ကျနော်တို့မျိုးဆက်များ သမိုင်းပေးတာဝန်ကျေပွန်ခဲ့ကြပါသည်။ ယနေ့မျိုးဆက်သစ်လူငယ်များအနေဖြင့် လည်း နောင်တော့် နောင်တော်များနည်းတူ တာဝန်ကျေပွန်ကြလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ကျနော့်အထင်သမိုင်း သစ်သည် မျိုးဆက်သစ်တို့လက်၌ လင်းလင်းလက်၍ နေလိမ့်မည်လောမဆိုနိုင်။

အကောင်အထည်ဖော်ကြသည့် နည်းလမ်းများအရ အမျိုးမျိုးအဖုံဖုံ ကွဲလွဲမှုရှိနိုင်ကြသော်ငြား ငြိမ်းချမ်းရေးအတွက် တတ်နိုင် သည့်ဘက်မှ တခုခုလုပ်ကြဖို့လိုသည်ဟူသည့်အချက်ကိုမူ သူသူငါငါ အလိုတူကြလိမ့်မည်ဟု ယုံကြည်မိသည်။

အမိုးရေ
အမိုးပြောတဲ့ ကြယ်တလုံးနဲ့ ငှက်တကောင်ကြောင့် ဖိုးခွားတို့
တိုင်းပြည်ကြီး လွတ်မြောက်ရေးလမ်းပေါ် လျှောက်လှမ်းနိုင်ခဲ့ကြပါပြီ။

အမိုးရေ
စပါးနှံတခက်နဲ့ ချိုးငှက်လေးတကောင်ကြောင့်လည်း
ဖိုးခွားတို့တိုင်းပြည်ကြီး ငြိမ်းချမ်းရေးလမ်းပေါ် လျှောက်လှမ်းနိုင်ရပါလို၏။

အမိုးရေ
အမိုးရဲ့ပလိုင်းမှာ ကိုင်းအမှတ်နဲ့

ချိုးငှက်ငယ်လေး လာနားခဲ့ရင်
တေးသီလိုက သီပါစေလား။

အမိုးရေ
ငွေတောင်တန်းက အလွမ်းဇာတ်တွေ
တခန်းရပ်ပစ်စို့
ငြိမ်းချမ်းချိန်လည်း တန်ပြီလေ။

အမိုးရေ
မြေပြန့်မှသည် တောင်ပေါ်ဆီသို့
ကူညီပွေ့ဖက် လက်ချင်းယှက်လို့
ငြိမ်းချမ်းချိန်လည်း တန်ပြီလေ။

အောင်မော်ဦး
နိုဝင်ဘာ(၁၇)၊ ၂၀၁၅။