နိုင်ဝင်းသီ ● ကြယ်များ

နိုင်ဝင်းသီ ● ကြယ်များ
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၇

ပိတ်ထားသော တံခါးရွက်ကို သူတွန်းဖွင့်လိုက်တော့ အေးစက်သောဆောင်းလေသည် အခန်းလေးထဲသို့ တိုးဝင်လာတော့ သည်။

လသာညဖြစ်သော်လည်း လရောင် ကိုတော့ သူ မမြင်ရပါ။ လရောင်အစား နှင်းရေစက်တွေကြားမှာ ငြိမ်သက်တောင့် တင်း နေသော ညကိုသာ သူ လှမ်းမြင်နေရသည်။ တိမ်တွေကတော့ ဟိုတစ်စ သည်တစ်စနှင့် အပြန့်ပြန့်အကျဲကျဲ။

မြောက်လေတစ်ချက် ဆောင့်အရုန်းမှာတော့ တိမ်တိုက်တွေ လွင့်ရှဲသွားရုံမက မြို့ပြအဆောက်အအုံတွေကြားမှာ ညပ်နေ သော လဝန်းသည်လည်း ဆောင်းညထဲသို့ လွတ်ထွက်လာခဲ့လေသည်။

ဝိုင်းစက်သော လဝန်းနှင့်အတူ ညထဲမှာ ဆူပွက်အုံခဲနေသော ကြယ်ပွင့်များကို လှမ်းမြင်လိုက်ချိန်မှာတော့ အရာရာကို သူ မေ့လျော့သွားခဲ့ပါသည်။

နှင်းစက်များဖြင့် အေးစက်စိုစွတ်နေသောညမျိုးမှာ ကြယ်ပွင့်တွေကို ဒီလောက်များများစားစားတွေ့ရဖို့ သူမျှော်လင့်မထားပါ။

ဝါ စိမ်း နီ ပြာ ကြယ်ပွင့်တွေ။ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် မျက်စိတစ်ဆုံးမြင်တွေ့နေရသော ကြယ်ပွင့်တွေ။

ညထဲမှာ မြုပ်ချည်ပေါ်ချည်ဖြစ်နေသော ကြယ်ပွင့်တွေကို ငေးကြည့်နေရင်းနှင့် အခုလိုညမျိုးမှာ လီဟန်နီတစ်ယောက် ဘာ များလုပ်နေလေမလဲဟု သူ တွေးမိပြန်သည်။

ကြယ်တွေကို အစွဲအလမ်းကြီးသော လီဟန်နီဟာ အခုလိုညမျိုးမှာ သူ့လိုပဲ ကြယ်ပွင့်တွေကို ငေးကြည့်နေလေမလား။ ဒါ ကတော့ သိပ်မသေချာလှပါ။

လီဟန်နီဟာ ခုတလော ဆိတ်သိုးတစ်ကောင်နှင့်တူသော လူတစ်ယောက်နှင့်တွဲနေကြောင်း သူလည်း သတိပြုမိသည်။ ထို လူနှင့်သာ သူမ ပါသွားပါက ကြယ်ပွင့်တွေကို မြင်တွေ့ရဖို့ သူမအတွက် အခွင့်အလမ်း အတော့်ကိုနည်းပါးသွားနိုင်ပါသည်။

"ကျွန်မက ကြယ်ပွင့်တွေကို သိပ်သဘောကျတာရှင့်။ ကြယ်ပွင့်တွေကို သဘောကျရုံတင်မကဘူး။ ကျွန်မကိုယ်တိုင်လည်းကြယ်ပွင့်တွေဆီကို သိပ်သွားချင်တာပဲ။ရှင်တော့ မသိဘူး။ ကျွန်မကတော့ ကြယ်တွေအများကြီးထွက်တဲ့ညမျိုးဆိုရင် တော် တော်နဲ့မအိပ်ဘဲ တစ်ညလုံးကြယ်တွေကို ထိုင်ကြည့်နေတာပဲ" ဟု တိုးတိတ်စွာ ပြောခဲ့စဉ်ကကြယ်ပွင့်တွေလို ဝင်းတောက်နေ သော သူမ၏ မျက်ညိုဝန်းတွေကိုကြည့်ပြီး ဒီလိပ်ပြာမလေးဟာ တော်တော်ကဗျာဆန်တဲ့ လိပ်ပြာမလေးပဲဟု သူ တွေးမိ လိုက်သေးသည်။

ကြယ်ပွင့်တွေကို ချစ်မက်သည့် လီဟန်နီကို ကဗျာဆန်သည့်နေရာ တစ်နေရာလေးပင်မရှိသော ထိုငနဲနှင့် အတူယှဉ်တွဲပြီးမြင် ခဲ့ရစဉ်က သူဘယ်လိုမှ မစဉ်းစားတတ်အောင်ဖြစ်ခဲ့ရသည်။

ကနဦးက ထိုလူ့ကိုလည်း ခါတိုင်းကပတ်သက်ခဲ့ဖူးသော ယောက်ျားတွေလိုပဲ လီဟန်နီ ဖြတ်သန်းကျော်လွှားသွားလိမ့်မည်ဟု သူ တွက်ဆထားခဲ့သည်။

လီဟန်နီဟာ သူမနှင့် ဆက်နွယ်ပတ်သက်ခဲ့ဖူးသော ယောက်ျားတိုင်းကို ပေါ့ပါးလွယ်ကူစွာနဲ့ပဲ ဖြတ်သန်းလာခဲ့တာ မဟုတ် လား။ သို့သော်လည်း ...

သို့သော်လည်း လက်တွေ့ဘဝမှာတော့ ထိုလူကပဲ တောက်တဲ့တစ်ကောင်လိုလိုက်ပြီး ကပ်နေလေသလား။

ဒါမှမဟုတ် လီဟန်နီကပဲ တောက်တဲ့မတစ်ကောင်လို ကပ်ထားလေသလားတော့မသိ။ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် သူတို့နှစ်ယောက်ကို အမြဲတမ်း တပူးပူးတတွဲတွဲနှင့် မြင်တွေ့နေရသည်။

ထိုလူ့ကားပေါ်မှာ လီဟန်နီ့ကို တွေ့လိုက်တိုင်းလည်း လန်းဆန်းပျော်ရွှင်နေပုံရသော လီဟန်နီ့ကို သူအမြဲတမ်းမြင် တွေ့ခဲ့ရ သည်။

ထိုတောက်တဲ့ဆီမှာ ကားသစ်သုံးလေးစီးရှိသလို မိန်းမတွေလည်း သုံးလေးယောက်ရှိထားမှန်း သူသိထားသော်လည်း တောက်တဲ့မကတော့ ထိုကိစ္စတွေကို စိတ်ဝင်စားပုံ သိပ်မရပါ။

အခုလိုညမျိုးမှာ လီဟန်နီဟာ ထိုလူနှင့်အတူ ကြယ်သစ်တစ်လုံးဆီကို ရွက်လွှင့်သွားပြီလား။ အဝီစိမှာ တောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ဆီကိုပဲ ဇောက်ထိုးကြီးဆင်းချသွားပြီလား။

ဒါမှမဟုတ်ရင် သူမကို အသားကုန်ဝိုင်းဆိတ်မည့် လင်းတတွေရန်က လွတ်အောင်ရှောင်ပြေးပြီး အေးမြတောက်ပသောကြယ်ပွင့်တစ်ပွင့်ပေါ်မှာ ခေတ္တခဏခိုနားနေလေမလား။ သူသိချင်နေမိပြန်သည်။

ကြယ်အစုတ်အပဲ့တစ်လုံးဆီ အနားပင်မကပ်နိုင်သော သူ့အပါးသို့ လီဟန်နီရောက်ရှိမလာနိုင်ခြင်းကတော့ သူတို့နှစ်ယောက် အကြားမှာ ဘယ်လိုမှ မှားယွင်းနိုင်စရာမရှိသော သေချာမှုတစ်ခုပင်ဖြစ်လေသည်။

တစ်ခါတစ်ခါတော့လည်း ဖိစီးမှုတွေပါးလျပြီး ကြည်လင်သောစိတ်အခံရှိသည့်ရက်မျိုးဆိုလျှင် လီဟန်နီ့လိုပဲ ကြယ်တွေကိုစွဲ လမ်းသော သူငယ်ချင်းတစ်ယောက်ဆီအာရုံက တိမ်းညွှတ်သွားပြန်သည်။

ဘဝတစ်လျှောက်လုံး အဆင်မပြေမှုများစွာဖြင့် လေးလံမွန်းကျပ်ခဲ့သော သူငယ်ချင်းသည် ရည်မှန်းချက်တော့ ကြီးမား သူဖြစ်လေသည်။

ကြယ်စုံညတစ်ညမှာ သူငယ်ချင်းနှင့်ဆုံတွေ့ခဲ့စဉ်က.....

"ဆင်းရဲမွဲတေမှုဟာ အမှောင်တစ်ခုပါပဲသူငယ်ချင်းရာ။ဘဝထဲမှာ ဘယ်နေရာမှ အဆင်မပြေပါဘူး။ နှစ်ပေါင်းများစွာ အ မှောင်ထဲမှာ ငါနေလာခဲ့တာပါ။ ကောင်းကောင်းသိတာပေါ့။ ဒါ့ကြောင့်မို့ ကြယ်ပွင့်တွေကို ကြည့်ပြီး ငါအမြဲတမ်း စိတ် ကူးယဉ်ခဲ့တယ်။ ပထမဦးဆုံး မလေးရှားကို ငါသွားမယ်။ မလေးကပြန်လာရင်ဂျပန်ကိုဆက်သွားမယ်။ ဂျပန်မှာ လေးငါးနှစ် လောက်လုပ်ပြီး ပြန်လာခဲ့ရင်တော့"

အမှောင်ထဲမှာ သူငယ်ချင်း၏ မျက်လုံးတွေကို သဲသဲကွဲကွဲ သူမမြင်ရသော်လည်း သူငယ်ချင်း၏စကားတွေက သူ့အတွက် ပဟေဠိသဖွယ် ဖြစ်မနေခဲ့ပါ။

နောက်တစ်နှစ်ခန့်ကြာသောအခါ သူငယ်ချင်းနှင့် သူ တွေ့ပြန်သည်။

"မလေးသွားဖို့ အရင်းအနှီးမရှိသေးဘူးကွ။ ရွှေတွင်းသွားပြီး တစ်နှစ်လောက်လုပ်လိုက်ဦးမယ်။ ရွှေတွင်းကပြန်လာမှ မလေး သွားဖို့လုပ်ရမယ်"

ထိုညတုန်းက အမှောင်ထုထဲသို့ သတ္ထုမြွေတစ်ကောင်လို တရွရွနှင့် ပွတ်သပ်တိုးဝင်သွားသော ရထားကြီးကိုကြည့်ပြီး ကံ ကောင်းပါစေသူငယ်ချင်းဟု ဘုရားသခင်ထံမှာ သူ ဆုတောင်းပေးလိုက်သေးသည်။
သူကသာ ကံကောင်းပါစေဟု ဆုတောင်းပေးလိုက်သော်လည်း သူငယ်ချင်းဟာ ကံမကောင်းရှာပါ။ ရွှေတွင်းသို့ ရောက်ရှိပြီး လေးလခန့်အကြာ၌ ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်ပြီး မိသားစုဆီ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုရက်တွေတုန်းက သိစိတ်ကင်းမဲ့စွာဖြင့် နောက်ဆုံးအချိန်များကို ခက်ခဲပင်ပန်းကြီးစွာ ဖြတ်သန်းနေရသော သူငယ်ချင်း ကိုကြည့်ပြီး အတော့်ကို သူ ချောက်ချားသွားခဲ့သည်။

ဘဝတစ်လျှောက်လုံး ကြယ်ပွင့်တွေကို မွတ်သိပ်လာခဲ့သော သူငယ်ချင်းအတွက်သပ်ရပ်လှပသည့် အဆုံးသတ်မဟုတ်မှန်း သူသိသော်လည်း သူ ဘာမှလုပ်မပေးနိုင်ခဲ့ပါ။

ထိုရက်တွေထဲမှာပဲ လူတစ်ယောက်ဟာ ကြယ်ပွင့်တွေကို ထိစမ်းပွတ်သပ်ဖို့ ခက်ခဲကြမ်းတမ်းလှသော်လည်း သေခြင်း တရားဆီကို သွားဖို့တော့ အခွင့်အလမ်းများစွာရှိကြောင်း သူ တွေ့ရှိသွားခဲ့ပါသည်။

ပြောကြစတမ်းဆိုလျှင် ကြယ်တွေကိုချစ်ခင်စုံမက်သော လီဟန်နီဟာလည်း သူမဘဝမှာ ကြယ်ပွင့်တစ်ပွင့်လို နိုးကြားလန်း ဆန်းစွာ ပွင့်ဖူးနေချင်သူဖြစ်လေသည်။

ဘယ်လိုတိမ်းညွှတ်မှုမျိုးလည်းတော့မသိ။ လီဟန်နီ သူ့ဆီကို ရောက်လာလေတိုင်းရောင်စုံကြယ်ပွင့်များအကြောင်းကိုအမြဲတစေပြောပြလေ့ရှိသည်။

တစ်ခါတစ်ခါမှာတော့ Beatles ၏ Yesterday သီချင်းကို မျက်လုံးလေးအသာအယာမှိတ်ပြီး တိုးတိုးဖွဖွလေး ဆိုညည်း တတ်သည်။ ခါတစ်ရံမှာတော့ ဘိုင်ရွန်၏ ကဗျာလေးတွေကို တမ်းတမ်းတတ ရွတ်နေပြန်လေသည်။

ဘာပဲပြောပြော သူကတော့ သူ့အာရုံကို တစ်ခါတစ်ခါလာရှတတ်သော လီဟန်နီ၏  Yesterday သီချင်းအပိုင်းအစများကို စွဲလမ်းလှပါသည်။

ရှန်ပူရနံ့မွှေးရီနေတတ်သော ဆံညိုနုနုမျှင်မျှင်တွေကို ကျောဘက်ဆီသို့ ဖွားကနဲလှန်တင်ပစ်တတ်သော သူမရဲ့ကိုယ် ခန္ဓာအနွဲ့အယိမ်းကို သတိရလိုက်တိုင်းလည်း သူ့ကိုယ်ထဲမှာ ပူနွေးသွားတတ်သည်။

သူမရဲ့ဘဝထဲကို ဆိတ်သိုးတစ်ကောင်နှင့် ခပ်ဆင်ဆင်တူသောလူ ရောက်ရှိလာချိန်မှာတော့ Yesterday သီချင်းနှင့်ဘိုင်ရွန်၏ ကဗျာလေးတွေကို လီဟန်နီ ကန်ထုတ်ပစ်လိုက်ပုံရသည်။

လီဟန်နီနှင့် တွေ့လိုက်လေတိုင်းYesterday သီချင်းညည်းသံသဲ့သဲ့နှင့် ဘိုင်ရွန်၏ ကဗျာရွတ်သံကို သူ မကြားရတော့ပါ။သူမရဲ့ သွေးကြောမြွှာတွေထဲမှာ စုန်ချည်ဆန်ချည် ကူးခတ်နေသော ကြယ်ပွင့်တွေ အကြောင်းကိုလည်း သူမ မပြောတော့ပါ။

တစ်ရက်မှာတော့ သူတစ်ကြိမ်တစ်ခါမှ မကြားဖူးသော ထူးထူးဆန်းဆန်း စကားတစ်ခွန်းကို လီဟန်နီပြောလာခဲ့သည်။

"ကျွန်မရဲ့စိတ်ထဲမှာ ကျွန်မဟာ တစ်ခုခုကို မွတ်မွတ်သိပ်သိပ်နဲ့ ရှာဖွေနေသလိုလိုအမြဲခံစားနေရတယ်။ အဲဒီကျွန်မ ရှာဖွေနေ တဲ့ တစ်ခုခုဟာ ဘာများဖြစ်မလဲမသိဘူး"

လီဟန်နီဟာ ဘဝထဲကထွက်ပြေးနေသည့် မိန်းမမျိုးတော့ မဟုတ်ပါ။ ကြယ်ပွင့်တွေကို စွဲလမ်းသော လီဟန်နီ့လိုမိန်းမမျိုးမှာ ဘဝနှင့်ပတ်သက်၍ မျှော်လင့်ချက်အသစ်၊စိတ်ကူးစိတ်သန်းအသစ်၊ အိပ်မက်သစ်တွေကင်းမဲ့နေမှာတော့ မဟုတ်ပါ။

သို့ငြား  သူနှင့်ဆက်နွယ်ခဲ့သည့် ကာလတစ်လျှောက်လုံးမှာ ထိုကဲ့သို့သော စကားမျိုးကို လီဟန်နီတစ်ခါမှ မပြောခဲ့ဖူးပါ။

ထိုစဉ်ကတည်းက လီဟန်နီရဲ့ မျက်လုံးတွေကိုကြည့်ပြီး တစ်နေရာရာမှာ တစ်စုံတစ်ခုခု လွဲမှားနေသလိုမျိုး သူခံစားခဲ့ရသည်။

သူနှင့် ခင်မင်ရင်းနှီးသော ဂျာနယ်လစ်တစ်ယောက်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြောခဲ့ဖူးပါသည်။

"ခင်ဗျားတိုနှစ်ယောက်က ဘာလဲဗျ။ ခင်ဗျားတို့နှစ်ယောက်ကိုကြည့်ပြီး ကျွန်တော်တော့ ဘာပြောရမှန်းတောင် မသိတော့ ဘူး"

ထိုလူကတော့ သူမှမဟုတ်။ တွေ့သမျှလူတိုင်းအပေါ် မယုံသလိုလို မသင်္ကာသလိုလို ဖြစ်နေတတ်သူဖြစ်သည်။

ဖိတ်စာကိုကြည့်ပြီး သတင်းရေးသည့်နေရာနှင့် နားစွန်နားဖျားကြားရုံနှင့် သတင်းရေးသည့်နေရာတွင် ထူးချွန်ပေါက်မြောက်သူဖြစ်သောကြောင့် ဂျာနယ်တိုက်တော်တော်များများက သူ့နာမည်ကြားရုံနှင့်တင် မျက်ခုံးလှုပ်ကြပါသည်။

တနင်္လာနံနှင့်စပြီး အင်္ဂါနံနှင့်ဆုံးသောမင်းသားလေးတစ်ယောက်ဟာ ဗုဒ္ဓဟူးနံနှင့်စပြီး ကြာသပတေးနံနှင့်ဆုံးသော မော်ဒယ် (လ်) လေးတစ်ယောက်နှင့် ဘာညာဘာညာဖြစ်နေပြီ ဆိုသောရေးဟန်ကတော့ သူ၏ ထင်ရှားသောရေးဟန်ပင်ဖြစ်လေ သည်။

ထိုသတင်းမျိုးကို တစ်ပတ်လျှင် လေးငါးရှစ်ပုဒ်ခန့် ပုံမှန်ထည့်ပေးနေသော ဂျာနယ်တစ်စောင်တွင် အမြဲရေးနေရသော ကြောင့်ဖြစ်လိမ့်မည်။ ထိုလူ၏ ရီဝေဝေညနေခင်းများဟာ အမြဲတမ်းလှပခဲ့ပါသည်။

သို့သော်လည်း ထိုလူ ပင်တိုင်ရေးနေသောဂျာနယ်တွင် သောကြာနံနှင့်စပြီး  စနေနံနှင့်ဆုံးသော အယ်ဒီတာတစ်ယောက် ရောက်ရှိလာချိန်မှာတော့ သူ၏စာမူတွေ တစ်ပုဒ်မှပါမလာတော့ပါ။

သည်လိုနှင့်ပဲ ညနေခင်းတိုင်း ဘီယာဆိုင်ထိုင်လေ့ရှိသည့်ထိုလူမှာ သူပင်တိုင်ရေးနေရသည့် ဂျာနယ်တွင် အယ်ဒီတာ အ ပြောင်းအလဲဖြစ်သွားပြီးနောက် ဘီယာဆိုင်မထိုင်နိုင်တော့ဘဲ ဘီအီးဆိုင်သို့ ပြောင်းရွှေ့သွားပါတော့သည်။

ထိုရက်တွေထဲမှာပဲကြယ်ပွင့်တွေကိုစွဲလမ်းတဲ့ လီဟန်နီဟာလည်း သူ၏ဘဝထဲက ပျောက်ကွယ်သွားပါတော့သည်။

သူမနှင့်နောက်ဆုံးတွေ့ခဲ့သည့် ညကတော့ သူမရဲ့ အသွင်သဏ္ဌာန်ဟာ အားပြည့်လန်းဆန်းသည့် ကြယ်ပွင့်တစ်ပွင့်လို ထူးထူးခြားခြားတောက်ပနေခဲ့သည်။

ထိုနေ့ညက လီဟန်နီ့ကို သူ စကားတစ်ခွန်းမှ မပြောဖြစ်သလို လီဟန်နီဟာလည်း သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့ပါ။

လီဟန်နီ့ကို ကြည့်ရသည်မှာ (ထိုလူနှင့်) ဘဝမှာ နေသားတကျဖြစ်သွားပုံရသည်။ ဒီလိုမှမဟုတ်ရင် နေသားတကျဖြစ်အောင် ကြိုးစားနေပုံရသည်။

ဘဝထဲမှာ တစ်စုံတစ်ခုခုကို ရှာဖွေနေခဲ့တဲ့ လီဟန်နီဟာ သူမ အမြဲတမ်း ပျက်ရယ်ပြုလေ့ရှိတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေ တွေ့ရှိသွားခဲ့ပြီလား။

ဒါမှမဟုတ် သူမရဲ့ဘဝထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့အခိုင်အမာပြောခဲ့ဖူးတဲ့ပျော်ရွှင်မှု ဆိုတာကို တွေ့ရှိသွားခဲ့ပြီလား။

ဒီလိုမှမဟုတ် ဘဝမှာ နေထိုင်ခြင်းအနုပညာတစ်ရပ်ကိုပဲ နာကျင်စွာနဲ့ ရှာဖွေတွေ့ရှိသွားခဲ့ပြီလား။

သူ မေးလိုက်ချင်သော်လည်း မမေးဖြစ်ပါ။

ထိုညက အမှောင်သက်ငြိမ်ပင်လယ်ထဲက ရောင်စုံကြယ်ပွင့်တွေဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ နာကျင်အော်ဟစ်လို့။

အဲဒီ ညကပါပဲ။ ကြယ်တွေဆီကိုပဲ သူရွက်လွှင့်သွားခဲ့တာလား။ ကြယ်ပွင့်တွေကပဲ သူ့ဆီကို တစ်ပွင့်ပြီးတစ်ပွင့် ခုန်ဆင်းလာခဲ့တာလားတော့ မသိ။ ကြယ်တွေကို အိပ်မက်ထဲအထိ ဆွဲချလာတော့ တဖျပ်ဖျပ်တောက်ပနေသောကြယ်ပွင့်တစ်ပွင့်က သူ့ကို လှောင်ပြုံး ပြုံးပြ နေခဲ့သည်။

သူ့ကို စိမ်းကားအေးစက်စွာ ကြည့်ပြီးလှောင်ပြုံး ပြုံးပြနေသော ကြယ်ကို အသေအချာကြည့်လိုက်သောအခါ ထိုကြယ်ပွင့်မှာ လီဟန်နီ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ။

(နိုင် ဝင်း သီ)