ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းငယ် ● မီးပြတိုက်

လင်းငယ် ● မီးပြတိုက်
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇

သင်္ဘောက တရွေ့ရွေ့ ခရီးနှင်လာသည်။ မကြာသောခရီးကို မမြန်သောနှုန်းဖြင့် နှင်နေခြင်း ဖြစ်သည်။ မှားလို့ မှားလို့။ သင်္ဘောမဟုတ် စက်လှေအကြီးစားသာဖြစ်သည်။ အညာသား ကိုယ့်အတွက် မရင်းနှီးသော အသုံးနှုန်းများသာ။ စက်လှေ။ သင်္ဘော။ ပဲ့ထောင်။ မော်တော်။ အမြန်ယာဉ်တဲ့။ သူ့ခရီးနဲ့သူ့ယာဉ် ဆင်ခြင် ရွေးချယ်ကြရသတဲ့။ ခရီးအဝေး မြစ်အကျယ် ပင်လယ်လှိုင်း တိုင်းတိုင်းဆဆနဲ့ ဘယ်ခရီးဆိုရင် ဘယ်ယာဉ်နဲ့ နှင်ရမည်ဖြစ်ကြောင်း သီအိုရီ ညက်ညက်ကြေ စက်လှေ သမားကို အားကိုးရသတဲ့။ ကိုယ့်အတွက်တော့ အရွယ်အစား ကြီးတယ် ငယ်တယ်ကလွဲရင် ဘာမျှမသိ။ အခုလည်း ဒေသခံ မိတ်ဆွေကြီးတစ်ယောက်က စီစဉ်ပေးလို့ လုပ်ဖော်ကိုင်ဖက်များ ရုံးပိတ်ရက်မှာ စုပေါင်းခရီးထွက်လာကြခြင်း ဖြစ်သည်။ နီးနီးလေးနှင့် ဝေးနေသလိုဖြစ်သော မီပြတိုက်ရှိရာကို မိတ်ဆွေတစ်သင်း အပျော်ခရီးထွက်လာကြခြင်းပင်ဖြစ်သည်။ တ ကယ်ဆို ဒီခရီးက စစ်တွေဆိပ်ကမ်းကနေ လေးဆယ့်ငါးမိနစ်နီးပါးသာ သွားရသည်။ စက်လှေအကြီးနှင့် မီးပြတိုက် တည်ရှိ ရာ ကျွန်းအနီးသို့ ကပ်လို့ရသမျှ ကပ်ကာ ကျောက်ချရသည်။ ထိုကတဆင့် လှေအသေးလေးနှင့် ကူးရသည်။ လှိုင်းဆုံလေဆုံ ရှိရာအရပ်၊ ကျောက်ဆောင်များ ပေါများရာ အရပ်ဖြစ်သည့်အတွက် စက်လှေပေါ်မှနေ ကျွန်းပေါ်ကပ်ရသည့် ခရီးတိုလေးက တော်တော်ကို ရင်ခုန်ဖို့ ကောင်းသည်။ ဝတ်ထားသည့် အသက်ကယ်အိင်္ကျီကို တင်းတင်းစေ့ရင်း လက်ထဲက ကင်မရာလေး ရေထဲ ပြုတ်ကျမသွားဖို့ ဘုရားတကာ ကမ်းတက်ရသည်။ သမ္ဗာန်ကလေးက လူးကာလွန့်ကာပြင် သဲသောင်ပြင်ပေါ် ထိုး ဆိုက်လိုက်သည်နှင့် အပြေးဆင်းကာ ကျွန်းပေါ်တက်လိုက်သည်။

ကမ်းပေါ်ရောက်၍ မီးပြတိုက်ကို အနီးကပ်မြင်ရသောအခါ အလာခရီး စက်လှေခေါင်မိုးပေါ်မှာ လောလောလတ်လတ် ဖတ် ခဲ့ရသည့် ကျော်စွာထက်ရဲ့ မီးပြတိုက် ဝတ္ထုတိုလေးကို ပြန်စဉ်းစား မိနေသည်။ ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်က အလုပ် အထွေအထူး မရှိလို့ မီးပြတိုက်စောင့် တာဝန်ကို ၆ လ ယူလိုက်မိသည်။ ကျွန်းသေးသေးလေးပေါ်မှာ ရိက္ခာ ခြောက် လစာနဲ့ လူသုံးယောက်ကို ချထားခဲ့သည်။ နောက်ခြောက်လကြာမှ လူပြန်လာလဲမည်။ မလာခင်ကတော့ ထင်ခဲ့သည်။ ခြောက်လဆိုတာ ခဏလေးပါ။ တကယ့်တကယ့် ဆိုးဝါးတဲ့ ရာသီဥတု၊ မုန်တိုင်း၊ လေဒဏ်၊ ဘယ်မှ သွားစရာမရှိ၊ ထပ်တ လဲလဲ နေ့စဉ်ဘဝကို ရင်ဆိုင်ရသောအခါ ခြောက်လကြီးက တော်တော်ကြီးကို ပြင်းထန်သော ကြာမြင့်သော သတ္တိအားအင် မွေးကာ ဖြတ်သန်းရသောကာလကြီး ဖြစ်နေတော့သည်။ မုန်းတိုင်းကြားမှာ မီးပြတိုက် အပေါ်ဆုံးထပ်မှာ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် အားပေးကာ အကြောက်ကို မကြောက်ယောင်ဆောင်ကာ ခြောက်လပြည့်မည့် ရက်ကိုသာ လက်ချိုးရေ နေကြတော့သည်။

ကိုယ်ရောက်နေရာ ကျွန်းလေးကို ကြည့်လိုက်သည်။ ဟိုခပ်ဝေးဝေးမှာ မြို့ကို မြင်နေရလို့သာ အထီးကျန်မှု သက်သာသလို။ တကယ်သာ တစ်ယောက်တည်း ခြောက်လလောက် နေနိုင်မလား တွေးကြည့်တော့ မဖြစ်နိုင်လောက်။ ခြောက်လမပြောနှင့် တစ်ယောက်တည်းဆိုရင် တစ်နေကုန်တောင် နေကြည့်ဖို့က စဉ်းစားရမည့်ကိစ္စ။ ကြည့်လေ ကမ်းပေါ်ရောက်ရင် တောင်ကမူ လေးလို ဖြစ်နေသည့် ကုန်းမြင့်တစ်ခုပေါ် တက်ရသည်။ အဲ့နောက် မီးပြတိုက်ရှိရာ ကျောက်ဆောင်အကြီးကြီးပေါ်သို့ တစ် ဆင့် ထပ်တက်ရသည်။ မီးပြတိုက်အခြေကို ရောက်လျှင် ကျွန်းရဲ့ အမြင့်ဆုံးသောနေရာကို ရောက်ပြီ။ အခုခေတ် ဆူနာ မီတွေ ဘာတွေလာရင် လွတ်နိုင်ပါ့မလားမသိ။ မဆီမဆိုင် တွေးပူမိနေသေးသည်။

မီပြတိုက်အထဲကို ဝင်ကြည့်လိုက်တော့ ဟာလာဟင်းလင်း။ ဇရာမရဏ လွန်ဆန်၍မရသည့်ဟန်။ အပေါ်ကို အဆင့်ဆင့် တက်သည့် လှေကားအရာများ အဖြစ် သံဘောင်ဆွေးများကိုတော့ မြင်ရသေးသည်။ အဝင်ဝက ၁၈၄၄ ဆိုသည့် ကဗျည်းကို ကြည့်ခြင်းအားဖြင့် (အမှန်ဆိုရင်ပေါ့လေ) ၂၀၁၆ ခုဆိုရင် နှစ်ပေါင်း ၁၇၀ တောင် ကျော်သွားခဲ့ပြီပေါ့။ မီးပြတိုက် အတက် လမ်းက ကျောက်ပြားပေါ်မှာလည်း မာတင်ဆိုသည့် ကုမ္ပဏီက ဆောက်လုပ်ထားသည့် အမှတ်အသားများကို တွေ့ရသည်။ သြော် တော်တော့်ကို ကြာခဲပြီပဲ။ ဘေးနားက ဒေသခံအစ်ကိုကတော့ ရှင်းပြနေသည်။ အင်္ဂလိပ်တွေ မြန်မာပြည်ကို ပထမ ဆုံးစစ်ဆင်နွှဲပြီး ရခိုင်ကို သိမ်းပိုက်ခဲ့သည်။ အဲ့သည်နောက် မြို့တော်ကို ပင်လယ်ဝရှိရာ စစ်တွေကို ပြောင်းခဲ့သည်။ ရန်သူ တွေ ကပ်လာရင်လည်း အတွင်းကျတဲ့ မြောက်ဦးမြို့တော်ထက် အရင်သိနိုင်ပြီး တိုက်နိုင်သည့်နေရာ။ ပြင်ပကမ္ဘာကြီးနဲ့ (အဲ့သည်ခေတ်က ရေကြောင်းအဓိက ဖြစ်လေတော့) ပိုမိုလွယ်ကူ ဆက်သွယ်နိုင်ရာနေရာကို ရွေးချယ်ခဲ့သည်။ သဘောင်္တွေ အဝင်အထွက် အဆင်ပြေစေရန် ကျောက်ဆောင်များသည့် ကျွန်းငယ်လေးပေါ်မှာ မီးပြတိုက်ကို ဆောက်ခဲ့သည်။ တပ်စုတစ်စိတ်ကို တပ်စွဲကာ စောင့်ကြပ်စေခဲ့သည်။ ဘယ်အချိန်ထိ နောက်ဆုံး အသုံးပြုခဲ့သလဲတော့မသိရ။ တန်းလျား အဖြစ် အသုံးပြုခဲ့ဟန်ရှိသည့် အဆောက်အဦး အဟောင်းတစ်ခုရဲ့ အကြွင်းအကျန်များကိုလည်း မြင်ရသေးသည်။ မီးပြတိုက် အဟောင်းကြီးကို တဆွေးဆွေးကြည့်ရင်း နယ်ချဲ့မျက်နှာဖြူလို့ ကျွန်တော်တို့ အလွယ်သမုတ်ကြသည့် နေမဝင်အင်ပါယာ အရှင်တို့ရဲ့ စေ့စေ့စပ်စပ် ကြိုတွေးကာ စီစဉ်တတ်သည့် ပညာမီးပြတိုက်ကြီးကို တရေးရေး မြင်ယောင်လေးစားမိရသည်။

မီးပြတိုက်ဘေးနားမှာ ထိုက်ရင် မီးပြတိုက်တွေအကြောင်း စဉ်းစားကြည့်နေမိသည်။ ကိုယ့်မှတ်ဥာဏ်အသိမှာ မီးပြတိုက်ဆို သည့် အမည်နာမ များများစားစားမရှိ။ တစ်ယောက်က အသံရွှင်ရွှင်နဲ့ ပုံပြင်တစ်ပုဒ်ပြောပြသည်။ တစ်ခါက ပင်လယ်ထဲမှာ စစ်သဘောင်္တစ်စီး မောင်းလာသည်။ သဘောင်္က ရှေ့မှာတွေ့သည့် အလင်းရောင်တစ်ခုကို မြင်တော့ လှမ်းသတိပေးသည်။ ဟေ့ ရှေ့ကသဘောင်္ အခုချက်ခြင်း လမ်းကြောင်းပြောင်းပါ။ လမ်းကြောင်းမပြောင်းရင် အခုချက်ခြင်း ပစ်ခတ်နှစ်မြုတ် ပစ် မယ်။ ရှေ့က အလင်းရောင် ရှိရာဘက်က ပြန်ပြောလာသည်။ ဟေ့ ငါက လမ်းကြောင်းပြောင်းစရာမလိုဘူး။ မင်းတို့သာ လမ်းကြောင်းပြောင်းရမှာ။ စစ်သင်္ဘောဘက်က ဒေါသထွက်သွားကာ ပြန်အော်သတဲ့။ ငါတို့လို စစ်သင်္ဘောကြီးကို လမ်း ကြောင်းပြောင်းခိုင်းရအောင် မင်းကဘာကောင်လဲကွ။ အလင်းရောင်က ပြန်ဖြေတယ်။ ငါက မီးပြတိုက်ကွတဲ့။

သူ့ဇာတ်လမ်းကို ကြားမိတော့ ရယ်မိတယ်။ မှတ်ပလားကွလို့လည်း ပါးစပ်က မှတ်ချက်ချလိုက်မိတယ်။ စစ်ဆိုတဲ့ အရာရယ် အင်အားကြီးတယ်ဆိုတဲ့အရာရယ် ပေါင်းမိရင် ပိုပြီးအင်အားကြီးကာ ထောင်လွှားတတ်ကြသည်။ အင်အားတွေကို သုံးကာ အနိုင်ကျင့်ချင်တတ်ကြသည်။ အဲ့သည်လို ထောင်လွှားမှုတွေက အရာတိုင်းကို အောင်နိုင်လွှမ်းမိုးလို့ မရဘူးဗျလို့လည်း သူ့ ပုံပြင် အဘိဓမ္မာထုတ်လိုက်မိသေးသည်ပါ့။ တကယ်တော့ မီးပြတိုက်ဆိုတာ လမ်းပြသူသာ ဖြစ်သည်။ သင်္ဘေားအတွက် ရေ လမ်းကြောင်းနဲ့ ကျောက်ဆောင်တွေကို ပြပေးနေခြင်းသာ ဖြစ်သည်။

ကိုယ့်ငယ်ဘဝမှာ စစ်သင်္ဘောကြီးလို လုပ်ခဲ့ဖူးတဲ့ အပြုအမှုတွေ အများကြီး ပြန်တွေ့ရပြန်တော့ ကိုယ့်သာသာ ကျိတ်ပြုံးရ သည်။ အဖေက ဒီဟာ မလုပ်နဲ့ ဆိုတာက သေသေချာချာ လုပ်ကြည့်သည်။  အမေက ဒီဘက်သွားပါလားဆိုရင် ဟိုဘက်က အမေမသိအောင် ခိုးသွားကြည့်ဖူးသည်။ ကျောက်ဆောင်နဲ့တွေ့ ရေထဲပြုတ်ကျမှ မှားလိုက်မိခြင်း တွေးမိတာ ခဏခဏ။ ကျောင်းသားဘဝရောက်ပြန်တော့ ဆရာဆိုသည့် မြင့်မြတ်သော မီးပြတိုက်ပေါင်း များစွာ၏ အလင်းရောင်အောင်ဝယ် ကြီးထွားရှင်သန်ခွင့်၊ လမ်းကြောင်းမှန်သွားခွင့်တွေ တသီကြီးရခဲ့သည်။ သို့သော် လွယ်လွယ်နဲ့ မြင်နိုင်ခဲ့သည်တော့ မဟုတ်။ အန္ဓပီပီ မီးပြတိုက်တို့ အလင်းကို ကိုယ့်ဆီ ရန်ရှာမယ့် ရန်သူ့သင်္ဘောလို ထင်မှတ်မှားခဲ့တာတွေ ခဏခဏ။  ဘဝမှာ မီးပြတိုက်ကြီးတွေလို ထင်ထင်ရှားရှား အလင်းပြခဲ့ပါရဲ့နဲ့ တိုးတိုက်မိခဲ့ခြင်း။ အမှန်တော့ ကိုယ်က သင်္ဘောကြီးနှယပြုမှု အထင်ရောက်ခဲ့သော လှေငယ်လေးတစ်စင်းသာ။

ကိုယ့်ဘဝလှေငယ်လေးကို လမ်းပြခဲ့သည့် မီးပြတိုက်တွေသာ မရှိခဲ့ရင်လို့ တွေးကြည့်မိတော့ မီးပြတိုက်တွေရဲ့ ဂုဏ်ကျေးဇူး များကို အထူးအောက်မေ့မိလေ၏။ အခုလို ဘဝပင်လယ်ပြင်ကြီးထဲ ကမ်းမမြင် လမ်းမမြင် လှော်ခတ်နေရသည့် အချိန်ဆိုရင် တော့ မီးပြတိုက်တို့ရဲ့ အလင်းရောင်ကို အထူးတောင့်တမိတတ်သည်။ အဝေးက မီးပြတိုက်တို့ကို စိတ်ရည်မှန်းလျက် ကိုယ်ရောက်နေရာ မီးပြတိုက် ညိုညိုမှိုင်းမှိုင်းကြီးကို ဦးညွှတ်လိုက်မိသည်။ သုံးကြိမ်ပြည့် ဦးတိုက်ပြီးသည့်နောက်မှ အမှောင် လမ်းမှ အလင်းလမ်းပြခဲ့သော၊ သံသရာပင်လယ်ကြောကြီးမှ လွတ်လမ်းပြခဲ့သော၊ သုံးလောကကို လမ်းညွှန်ပြနေသည့် မီးပြတိုက် အလင်းရှင်ကို သတိရမိကာ ထပ်မံ ဦးညွှတ်လိုက်မိပြန်သည်။ ဘေးနားကကြည့်နေသော မိတ်ဆွေကတော့ ပြုံး စေ့စေ့ကြည့်လို့။ ကိုယ်မှာတော့ ကိုယ်ပီတိနဲ့ကိုယ် ပြည့်လို့။ မီးပြတိုက်ကြီးကလည်း တမူထူးခြား လင်းလို့။

စာပြီး။
၂၂ ရက် ဒီဇင်ဘာ ၂၀၁၆။
ညပိုင်း ၁၀ နာရီ။