ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မောင်မိုးသူ



ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မောင်မိုးသူ

(သံတော်ဆင့်ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၇

မြန်မာ့တပ်မတော်မှ အမြဲကိုးကားလေ့ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဟု ပါရှိပါတယ်၊ ထိုနည်းတူ လက်နက်ကိုင်လူမျိုးစုများ ကလည်း တောင်းဆိုနေကြ သည်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ပါတယ်၊ စကားလုံးအရ ထပ်တူညီမျှ တူပါသော် လည်း နှစ်ဦးနှစ်ဖက် သုံးဦးသုံးဖက် လေးဦးလေးဖက် ၁၃၅ဦး ၁၃၅ဖက် အဓိပ္ပါယ်ဖော်ဆောင်ရာဖော်ညွှန်း ရာတွင် ကွဲပြားနေကြခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံသည် လူမျိုးစုပေါင်း စာရင်းအရ ၁၃၅ မျိုး ရှိသည်ဟု ဆိုရာ ၁၃၅မျိုးသောလူမျိုးစုများအသီးသီးက သူတို့၏လိုအပ်ချက်လိုလားချက် သူတို့တည်ဆောက်လိုကြသော ဖက်ဒရယ်ပြည်ထောင်စုဖြစ် ပေါ်ရေးကို တောင်းဆိုတင်ပြကြမည်သာဖြစ်ပါတယ်။

 မကြာသေးမီက ကရင်ပြည် နယ်တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့ အစည်းများ အားလုံးစုပေါင်းထားသည့်ကိုယ်စားလှယ်များက ကရင်ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေး ပညာရေး ကျန်းမာရေး လူမှုရေး ဒေသဖွံ့ဖြိုးရေး အရပ်ရပ်တို့ကို ကိုယ်တိုင်ကိုယ်ပိုင်စီမံခန့်ခွဲရရေး၊ သယံဇာတများ ထုတ်ယူသုံး စွဲခွင့်ရှိခြင်း အစရှိသည် အစရှိသည်လိုအပ်ချက်များကို လူမျိုးစုအလိုက် ပြည်နယ်အလိုက် ဖေဖော်ဝါရီတွင်ကျင်း ပမည့် ၂၁ရာစုပင်လုံညီလာခံတွင် တင်ပြကြမည်ဟု သတင်းဖတ်ရှုရပါသည်၊ ထိုနည်းတူ တနင်္သာရီတိုင်းတွင် လည်း လူမျိုးစုလက်နက်ကိုင်များ နိုင်ငံရေးပါတီများ လူမှုအဖွဲ့အစည်းများ အားလုံးစုပေါင်း၍ တနင်္သာရီတိုင်း၏ လိုအပ်ချက်များကို တင်ပြကြမည်ဖြစ်ပါသည်၊ ထိုနည်းတူ ရှမ်းပြည်နယ်တွင်လည်း အဖွဲ့အစည်းပေါင်းစုံစုစည်း၍ လိုအပ်ချက်များတင်ပြကြအုံးမည်ဖြစ်ပါသည်။ ဤသို့ လူမျိုးစုအလိုက် တိုင်းနှင့်ပြည်နယ်အလိုက် လိုအပ်ချက်များတင်ပြကြရာဆိုသည်မှာ ၂၁ရာစုပင်လုံညီလာခံ၏ ပထမအကြိမ်အစည်းအဝေးပွဲမှ ပေါက်ဖွားလာသောအကြံပြုချက် မူဘောင်များဖြစ်ပါတယ်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကပင် အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုရန် အစိုးရ၏ ၅နှစ်သက်တမ်းကုန်ဆုံးခါနီး အချိန်တွင်ကပ်ပြီး လုပ်ဆောင်ခဲ့ရာ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးသည့်အဖွဲ့ ၈ ဖွဲ့ရှိပြီး ကျန်အဖွဲ့များ လက်မှတ်ရေးထိုးခြင်းမရှိကြရာ သမ္မတဦးသိန်းစိန်အစိုးရ ပြီးဆုံးသွားသည့်နောက် နောက်တက်လာသည့် NLD အစိုးရလက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ပခုံးပြောင်းတာဝန်ကျရောက်ခဲ့ပါသည်၊ ထိုတာဝန်ကို ထမ်းဆောင်ရေးအဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့သည် ၂၁ရာစုပင်လုံညီလာခံကို ခေါ်ဆိုပြီး လက်မှတ်ရေးထိုးပြီးသား အဖွဲ့များအပြင် လက်မှတ်မရေးထိုးရသေးသည်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးကြရန် ဆွေးနွေးမှုများပြုလုပ်နေ သည့်သတင်းများ ကြားသိရပါသည်။

 ယခုရက်ပိုင်းတွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ ၈ဖွဲ့မှ တာဝန်ခံခေါင်းဆောင် များသည် နိုင်ငံတော်အတိုင် ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း ကာကွယရေးဦးစီးချုပ်နှင့် လည်းကောင်း သီးခြားစီ တွေ့ဆုံရေး ငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့မြင်ရပါသည်။ လက်မှတ်မရေးထိုးရသေးသည်အဖွဲ့များကလည်း သူတို့အား လေ့လာသူအဖြစ်သာ တက်ရောက်ရမည်ဆိုပါက မတက်ရောက်နိုင်ကြောင်း ကြေညာချက်ထုတ် ပြန်ထားပါသည်။ တချိန်ထဲတွင် နောက်ဆုံးတိုက်ပွဲများဖြစ်ပွားလျက်ရှိတဲ့ ရှမ်းမြောက်မှာ မဟာမိတ် ၄ဖွဲ့ တို့နှင့် ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းနေကြသည့် သတင်းလည်းကြားသိရသည်၊ ၃ဖွဲ့ကမူ ကာကွယရေးဦးစီးချုပ် မင်းအောင်လှိုင်၏ သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း ကြေညာချက်တစ်ခု ကိုတွေ့ရှိရသည်၊ ရှမ်းမြောက်အဖွဲ့ များနှင့် ညှိနှိုင်းဆွေး နွေးရာတွင် ဝ ကိုယ်စားလှယ်များ နှင့် တရုတ် အာဏာပိုင်အဖွဲ့အစည်းများ သက်သေအဖြစ် ပါဝင်ကြရန်လိုအပ် ကြောင်း တင်ပြထားသည်ကိုလည်း တွေ့မြင်ရပါသည်။

မည်ကဲ့သို့ပင်ဖြစ်စေ ၂၁ရာစုပင်လုံညီလာခံ၏ ဒုတိယအစည်းအဝေးသို့ ဖေဖော်ဝါရီလတွင် ပြုလုပ်ကျင်းပမည်ဖြစ်ရာ လက်မှတ်ရေးထိုးကြသူရော လက်မှတ်မထိုးရသေးသူများပါ ပါဝင်ညှိနှိုင်း အကောင်အထည်ဖော်ကြမှသာ အပစ်အခတ်ရပ်စဲ ပြည်တွင်းငြိမ်းချမ်းရေးရရှိမည်ဖြစ်ပါတယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိပါမှ တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကြီးမားမည်ဖြစ်ပါတယ်၊

မြန်မာ့တပ်မတော်နှင့် လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများကြား တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ရှောင်ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေရသည့်အဖြစ်သို့ ရောက်ရှိနေပါတယ်၊ တချို့နေရာများတွင် တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းလည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ မြေဇာပင်အများစုမှာ စစ်ပြေးဒုက္ခသည်များအဖြစ် နိုင်ငံရပ်ခြားများတွင်လည်းကောင်း ပြည်မမှမြို့ကြီးများတွင်လည်းကောင်း ဘာသာရေးဆိုင်ရာဘုန်း တော်ကြီးကျောင်းများ ဘုရားရှိခိုးကျောင်းများတွင် စစ်ပြေးစခန်းများဖွင့်လှစ်ပြီး နေကြသည်ကိုတွေ့မြင် ရပါသည်။ အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲသည့်လမ်းစဉ်ကိုသာ ကိုင်စွဲကြမည်ဆိုပါက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲပင်ဖြစ်ပါသည်။

 ဖြစ်သင့်ဖြစ်ထိုက်သည့်သဘောထားမှာ စစ်ရေးအရဖြေရှင်းသည့်နည်းမ ဟုတ်ပဲ နိုင်ငံရေးအရ စားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်း ဖြေရှင်းရမည်ဖြစ်ပါတယ်။ ထိုသို့ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်း ဖြေရှင်းမှသာလျှင် လိုအပ်သော လိုချင်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ကြမည်ဖြစ် ပါတယ်၊ လူမျိုးစုအားလုံး မိမိတို့လူမျိုးစု အလိုက် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နိုင်ကြမည်ဖြစ်ပါတယ်၊

အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဖော်ဆောင်ကြရမည့်တာဝန်မှာ အစိုးရ၊ တပ်မတော်၊ လူမျိုးစုလက်နက်ကိုင်များ အားလုံး တွေ့ဆုံညှိနှိုင်းဖြေရှင်းကြမှသာ ငြိမ်းချမ်းရေးရရှိနိုင် မည် ဖြစ်ပါတယ်၊

ဆွေးနွေးပွဲမစမီကပင် ဒီအချက်များ ပါဝင်ပါက မဆွေးနိုင်ကြောင်း အကန့်အသတ်များနှင့် ပြောဆိုနေကြခြင်းမှာ ငြိမ်းချမ်းရေးနှင့် ဝေးသည်ထက်ဝေးမည်သာဖြစ်ပါတယ်၊ မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း စာရင်းအရ ၁၃၅ မျိုးရှိသည်ဟုဆိုထားရာ အသံအားဖြင့်လည်း ၁၃၅သံ လိုအပ်ချက်များ ထွက်ပေါ်လာမည်ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များအားလုံး လူမျိုးစုများအားလုံး၏ လိုအပ်ချက်များ လိုလားချက်များကို ဖြည့်ဆည်း ကြမှသာလျှင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါတယ်၊ ဤကဲ့သို့ အပစ်ခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကို အားလုံးကြိုးပမ်းဆောင်ရွက်နေစဉ်တွင် မလိုလားအပ်သော ရန်လိုစကားများဖြင့် ပြောဆိုနေကြခြင်း အခွင့်အရေးအမျိုးမျိုး တောင်းဆိုနေကြခြင်းသည် ငြိမ်းချမ်းရေး လမ်းကြောင်းနှင့် ဝေးကွာမည့် သဘောလက္ခဏာများဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးကိုတည်ဆောက် ကြရာတွင် စစ်ရေးအမြင်ဖြင့် မကြည့်ရှုကြပဲ တိုင်းပြည်၏ ငြိမ်းချမ်းရေးကို ရရှိစေရန် ညှိနှိုင်းဖြေရှင်းကြ သည့် နည်းလမ်းဖြင့်သာ လုပ်ဆောင်ကြမှသာလျှင် ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိခြင်းမှ သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပါတယ်၊