ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တင်မိုး၊ အမာနှင့် ဘကြီးမိုး


တင်မိုး၊ အမာနှင့် ဘကြီးမိုး 
(ကုမုဒြာဂျာနယ်၊ မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၇
 
ဇန်နဝါရီ ၂ ရက်နေ့ တော်ဝင်နှင်းဆီ မှာ သူငယ်ချင်းတင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပြုလုပ်ပါတယ်။ ၁ ရက်နေ့တုန်းက စာရေးဆရာသမဂ္ဂက နာယကကြီးများ ကန်တော့ပွဲဆိုပြီး ရွာမက စာကြည့်တိုက်မှာပြုလုပ်လို့ သွားရသေးတယ်။

သမဂ္ဂနာယကက သုံးယောက်ပဲ ကျန် တော့တာကိုး။ ကိုအံ့မောင်ရယ်၊ ဒေါ်ခင်ဆွေဦးရယ်၊ ဘကြီးမိုးရယ် သုံးယောက် အနက် ကိုအံ့မောင်က ဇနီးသည် နေ မကောင်းလို့ မတက်နိုင်လို့ မေဦးနဲ့ဘကြီး မိုးပဲ ကန်တော့ခံရပါတယ်။ သမဂ္ဂက ပထမ ဆုံး ကန်တော့ပွဲတုန်းက ဦးဝင်းတင်လည်း ပါသေးတယ်။ တစ်နှစ်က အင်းစိန် ဘုန်း တော်ကြီးကျောင်းမှာ ပြုလုပ်တဲ့ ကန်တော့ပွဲမှာတော့ မောင်လင်းယုန်၊ ဇော်ဇော် အောင်၊ခင်ဆွေဦးနဲ့ ဘကြီးမိုးတို့ ကန်တော့ ခံခဲ့ကြပါတယ်။ သည်နှစ်တော့ ရှမ်း (မောင်လင်းယုန်) နဲ့ ဇော်ဇော်အောင် မရှိကြတော့ပါဘူး။ ကိုအံ့မောင်လည်း မတက်နိုင်တော့ မေဦးနဲ့ဘကြီးမိုးပဲ ကန်တော့ခံကြရပါတယ်။

သည်နေ့ ၂ ရက်နေ့မှာတော့ တင်မိုးရဲ့ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် တော်ဝင်နှင်းဆီမှာ လုပ်ပါတယ်။ လူတွေက စည်သလားလို့ မမေးပါနဲ့။

တင်မိုးမှာ သမီးလေးယောက် ရှိတယ်။ မိုးစံတစ်ယောက်ပဲ မြန်မာပြည်မှာ ရှိတာလေ။ ချိုသင်းက အမေရိကားမှာ၊ မိုးနှင်းနဲ့ မိုး အေးက ဘယ်လ်ဂျီယံမှာ။ တင်မိုး ကွယ်လွန်တော့ အမေရိကားမှာ ကွယ်လွန်တာ။ သူ့ ၁၀ နှစ် ပြည့်အခမ်းအနားအတွက် တင်မိုးရဲ့ အရိုးပြာကို အမေရိကားမှာ နေတဲ့ ချိုသင်းက ပြန်သယ်လာပြီး သူ့အမေရဲ့ ဂူနံဘေးမှာ ဂူသွင်းသင်္ဂြိုဟ်ပါတယ်။

ရေဝေးကိုတော့ ဘကြီးမိုး မလိုက်နိုင်ပါ။ ဒါပေမဲ့ ကလေးတွေကို မောင်သိန်းနိုင်က ညစာကျွေးလို့ မောင်သိန်းနိုင်အိမ်ကို သမီး အေးသီတာနဲ့ သွားရပါတယ်။ သမီးတွေအားလုံးက ဂျမ်းတို့လို မြင့်မြင့်စန်းတို့ လို ဝဖြိုးနေကြပါတယ်။

မောင်သိန်းနိုင်အိမ်မှာ ကလေးတွေနဲ့ တွေ့ပြီးပါပြီ။ ဒါပေမဲ့ ၂ ရက်နေ့မှာလုပ်တဲ့ ၁၀ နှစ်ပြည့်အခမ်းအနားလည်း တက်ချင်သေးတော့ တက်ရပါတယ်။ တော်ဝင်နှင်းဆီကုန်းပေါ်တက်၊ တော်ဝင် နှင်းဆီ ကိုရောက်တော့ အခမ်းအနားက အပေါ်မှာ။ ချက်ချင်းမတက်နိုင်သေးတော့ အောက်မှာ ထိုင်နားရသေး။ ပြီးမှ အပေါ် တက် လူအုပ်ကြားထဲကဖြတ်၊ ရှေ့ဆုံးက ခုံကို အရောက်ပို့တာနဲ့ လိုက်ရပါတယ်။

ဂျမ်း ၁၀ နှစ်ပြည့်မှာ ပထမဆုံး စကား ပြောသူက ဂျမ်းရဲ့ အချစ်ဆုံးသူငယ်ချင်း မောင်သိန်းနိုင်ပါပဲ။ မောင်သိန်းနိုင်နဲ့ မောင် ဘဂျမ်းတို့ဟာ ထူးထူးခြားခြား မြန်မာစာ ဂုဏ်ထူးရပြီး မန္တလေးတက္ကသိုလ် ရောက် လာကြတဲ့ ကန်မြဲဇဂျမ်းက ဘဂျမ်း၊ မုံရွာဘက်က သိန်းနိုင်တို့ တောသားနှစ်ယောက် မန္တလေးတက္ကသိုလ်ရောက်လာကြတာပါ။ အဲသည်စရောက်ကတည်းက စာပေချစ် ကြသူများ ဖြစ်လေတော့ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းမှာ သူတို့နှစ်ယောက် အတူလုပ်ကြပါတယ်။ တင်မိုးရဲ့ဖလ်မီးအိမ် ကဗျာစာအုပ်ဟာ မန်းတက္ကသိုလ်ကလောင် ရှင်အသင်းက ပထမဆုံးထုတ်ဝေတဲ့ စာ အုပ်ပါပဲ။

တင်မိုးနဲ့သိန်းနိုင်ဟာ ကျောင်းမှာ အ တူတူ၊ ကျောင်းဆရာလုပ်တော့အတူတူ၊ သူနဲ့တင်မိုးတို့ရဲ့ မမေ့နိုင်စရာ အမှတ်တရတွေ ပြောသွားပါတယ်။

ဒုတိယပြောရသူကတော့ မောင်မိုးသူ ခေါ် ဘကြီးမိုးပါပဲ။ ဘကြီးမိုးက မန်းတက္က သိုလ်ကို ၁၉၅၆ ရောက်တာဖြစ်လေတော့ ဂျမ်းနဲ့ နိုင်တို့ထက်တစ်နှစ်စောပါတယ်။ ထူးထူးခြားခြား မြန်မာစာဂုဏ်ထူးရလာ သူနှစ်ဦးကို ကြိုဆိုပြီး ကလောင်ရှင် အသင်းမှာ ပါဝင်လှုပ်ရှားစေပါတယ်။

ဘကြီးမိုးဟာ တက္ကသိုလ်မှာရှိစဉ်ကပဲ အိမ်ထောင်ကျသူမို့ ဘကြီးမိုးရဲ့ဇနီး အမာ ဟာ ကျောင်းသား ခေါင်းဆောင် မောင်သာနိုး၊ ကဗျာဆရာ ကြီး တင်မိုးတို့ကို သူငယ် ချင်းလို ပေါင်းပါ တယ်။ ဂျမ်းတို့ နိုးတို့က လည်း အမာကို သူငယ်ချင်းလိုပဲ ဆက်ဆံ ပါတယ်။ ဂျမ်းကွယ်လွန်တာ ၁၀ နှစ်ပြည့်ချိန်မှာပဲ ဘကြီး မိုးရဲ့ဇနီး အမာကွယ်လွန်တာ ၁၇ နှစ်ရှိပါ ပြီ။ ဂျမ်းထက် ခုနစ်နှစ် စောပြီး ကွယ်လွန်ပါတယ်။

အဲသည်တော့ ဂျမ်းတို့ နိုးတို့ သူငယ် ချင်းလို ပေါင်းခဲ့တဲ့ အမာနဲ့ ဂျမ်းတို့ နိုးတို့ အကြောင်းပြောဖို့ သတိရပါတယ်။

အဲသည်တုန်းက ဘကြီးမိုးရဲ့ဇနီးအမာ ဟာ ဗိုလ်ချုပ်ဈေးသစ်မှာ သင်္ဘောသား ပစ္စည်းတွေ ရောင်းပါတယ်။ သင်္ဘောသားတွေက မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်းက သင်္ဘောသားတွေပါ။ အဲသည်သင်္ဘော သားတွေ ဂျပန်ကို သွားရင် အပြန် သူတို့ သယ်လာတဲ့ ဝယ်လာတဲ့ ကုန်တွေကို အမာက ဆိုင်တင်ရောင်းတာပါ။ ဆိုင်နာမည်က “ပန်းသီး”တဲ့။ အဲသည်အချိန်တုန်းကတော့ နိုင်ငံခြားက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေဟာ ပြည်တွင်းကို တရားဝင်တင်သွင်းခွင့် မရှိပါဘူး။ သင်္ဘောသားတွေပါလာတဲ့ နိုင်ငံခြားပစ္စည်းများကို ဝယ်ပြီး ရောင်းရတာ ဖြစ်ပါတယ်။

သည်တစ်ခေါက် အမာရဲ့ သင်္ဘောသားတွေက ဂျပန်သွားတော့ ဂျပန်အမှိုက် ပုံထဲက one ten ရုပ်မြင်သံကြားနှစ်လုံး ပါလာပါတယ်။ ၃၀ဝ၀ နဲ့ ရောင်းပေးဖို့ အမာ့ကို အပ်တာပါ။ ရုပ်မြင်သံကြားတွေက ဂျပန်အိမ်သုံးတွေ ဖြစ်လို့ ကောင်းပါ တယ်။ ပုံကတော့ ရိုးနေပြီဖြစ်လို့ အမှိုက်ပုံ ထဲ ပစ်တာပေါ့။ အဲသည်နှစ်လုံး အမာရ တော့ အမာက သူချစ်တဲ့ နိုးနဲ့ ဂျမ်းတို့ တစ်ယောက် တစ်လုံး ဝယ်ခိုင်းပါတယ်။ ဂျမ်းနဲ့ နိုးလည်း အမာ့ကို ချစ်ရကြောက်ရတော့ ဝယ်ရရှာတာပေါ့။ တယ်လီဗေးရှင်းတွေက အရောင် လည်း စုံပါတယ်။ ပုံမလာ ပေမဲ့ ကောင်းတုန်း ပါပဲ။ ဒါကို မနေနိုင်တဲ့ ဂျမ်းကရွာက သူ့ အမျိုးတွေကို လှမ်းပြော ပါတယ်။ ငါ့မှာ တီဗီရှိနေပြီပေါ့။ သည်တော့ ရွာကလူတွေက တီဘီရှိမှာပေါ့၊ သည် လောက် ဆေးလိပ်သောက်တာကိုးလို့ ပြောပါတော့တယ်။ ဒါပါပဲ။

ဂျမ်းက အိမ်ကိုလာတုန်းလည်း အမြဲ ကုလားထိုင်မှာထိုင်ရင်းလည်း အိပ်တာပဲ။ ဂျမ်းအိပ်တာက နာမည်ကြီးလေ။ တစ်နှစ်တော့ အမာက သူ့သားညီညီ ဘွဲ့ယူလို့ ဘွဲ့နှင်းသဘင်ကို တက်ပါတယ်။ နောက်ကို လှည့်ကြည့်တော့ ဂျမ်းသမီးနှစ်ယောက် ထင်ရဲ့လို့ အောက် မေ့သတဲ့။ ခဏအကြာ နောက်တစ်ခါလှည့်ကြည့်တော့ သမီးနှစ် ယောက်က အိပ်နေတာတွေ့ရတော့မှ ဂျမ်းသမီးတွေမှန်း သေချာသွားသတဲ့။

ဘကြီးမိုး ပြောအပြီး စွယ်စုံပုဂ္ဂိုလ် ကျော် ဒါရိုက်တာ ပန်းချီဆရာဝင်းဖေ ပြောပါတယ်။ ဝင်းဖေနဲ့ ဂျမ်းတို့ဟာ အမေ ရိကားမှာ အတူရှိနေကြပြီး ဂျမ်းဆုံးတော့ ဝင်းဖေရှိပါတယ်။ ဝင်းဖေက သူနဲ့ဂျမ်းတို့ ရဲ့ လွမ်းစရာတွေ အများကြီး ပြောပါတယ်။

ဝင်းဖေက ပြောပြီး ပြန်သွားတာတွေ့တော့ ဘကြီးမိုးလည်း အရမ်းပင်ပန်းနေ ပြီမို့ ထပြန်ပါတယ်။ ဒါတောင် လမ်းမှာ ဆီးပြီး ရုပ်မြင်အဖွဲ့တစ်ဖွဲ့က အင်တာဗျူးနေလို့ ပြောခဲ့ရသေး။

တင်မိုး၊ အမာနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး