ဝင်းအောင်ကြီး ● ကျနော့နာမည် တန်ချင်လျောင်း

Photo - Nyein Chan Aye

ဝင်းအောင်ကြီး ● ကျနော့နာမည် တန်ချင်လျောင်း 
(ကျနော်တွေးမိသလို ရေးပါမည် (၂၀၉)) 
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇

၁၉၅၆ ခု၊ ကျနော်တို့ အမရဆောင်တွင် အတူနေကြစဉ် မြိတ်မှရာဘာသူဌေး တရုတ်သွေးပါသူကိုမြင့်ဝေက ကြည့်မြင်တိုင် ၀ှာကျုံးကျောင်းတွင် အခမဲ့စာသွားသင်ပေး၏။ နိုင်ငံရေးစာအုပ်များ ၀ယ်ဖတ်နိုင်ရေး အချိန်ပိုင်း အလုပ်သွင်းပေး၍ တနာရီ အင်္ဂလိပ်စာပြ တလ ၁၀၀ိ/- ရနှင့် ကျနော်အဆင်ပြေလာသည်။ 

ဆရာတွေနှင့်ခင် ရင်းနှီးသော အတန်းသားများအနက် တန်ချင်လျောင်း သည်ကြိုးစား စာတော်၍ချစ်သည်။ တကျောင်းလုံးသိ ကျေနပ်ကြ၏။ တရုတ်နှစ်သစ်ကူးနေ့ဆို လက်ဆောင်တွေရ၊ စားသောက်ကြနှင့် ပျော်လိုက်ရတာ။ ၁၉၆၆ ခု၊ Radio Moscow ကနေ တရုတ်ပြည်ဘက် လှမ်းကြည်ညိုနေခိုက် တန်ချင်လျောင်းတို့ မော်စီတုံးတံဆိပ်တပ်လို့ အရေးအခင်းဖြစ်၍ စိုးရိမ်စိတ်မကောင်းဖြစ်ရသည်။ 

သတင်းထောက်ဈာန်ရနှင့် အတူနေကြစဉ် အိမ်နီးချင်းတရုတ်ကလေးအား မိုန့်ဝယ်ကျွေးပြီး ဦးဝင်းအောင် ၀မ်စွေ့ဟု ခပ်တိုးတိုးအော်ခိုင်း နှစ်ယောက်သား ပျော်ခဲ့ဖူး၏။ အလုပ်ကန်ထရိုက်ကုန်၍ မြန်မာပြည်သို့ ဂျပန်ဘက်ကလှည့်အပြန် ဟောင်ကောင်ဝင်၏။ ဦးလေးဝမ်းကွဲနှင့် ရင်းနှီးသော နယ်လ်ဆင် လူး အမည်ရှိ မြန်မာပြည်ကထွက်လာ ချမ်းသာနေသည့် သစ်ကုန်သည်ကြီးက ဟိုတယ်တွင်ထားပေးပြီး၊ လည်ပတ်စားသောက် ၀ယ်ချမ်းဖို့တွဲပေးထားသူ သူ့မန်နေဂျာနှင့် ခင်မင်သွားပြန်သည်။

 မော်စကိုမြို့မှာတုန်းက ဖဲရှုံးသော ပညာသင်တယောက် ဇွတ်ရောင်း၍ ၀ယ်လိုက်ရသော ကျောက်စိမ်းလက်စွပ် ခဏငှါးသွားပြီး ထိုညဖဲဝိုင်းတွင်နိုင်ခဲ့၍ ကျေးဇူးတင်ဝမ်းသာနေသည်။ အန်ကယ် နယ်လ်ဆင် က တရုတ် မက်သဒစ် မို့၊ တရုတ်ကွန်မြူနစ်ကို မကြိုက်သည်ကတော့ အသေအချာပါ။

 ကျနော်လက်ထပ်လျှင် သတို့သမီးအား တရုတ်ပိုး မလိုင်နှစ်ရောင်ဖျော့ ၀တ်စေဖို့ ၀ယ်ရပေမည်။ တရုတ်ပြည်သို့ သွားဝယ်ချင်သည်အထိ ကွန်မြူနစ်စိတ်ဝင်နေသည်ကို အန်ကယ်ကရိပ်မိနေ၏။ အခက်ကြုံနေစဉ် ကျောက်စိမ်းလက်စွပ်တံခိုးနှင့် ဖဲနိုင်ပွဲဆက်နေသူကိုသာ အပူကပ်ကာ သွားဝယ်တော့ ရောင်းသူအားလုံး၏ ရင်ပတ်၌ မော်စီတုံးရုပ်ရွှေရောင်လေးတွေ ထိုးထားကြ၍ ၀မ်းသာခဲ့ရ၏။ အန်ကယ်ကြီး ဘယ်လိုသိသွားမှန်း မသိ ဟောင်ကောင် ကွန်မြူနစ်ဖြစ်သွားမည် ထင်သလားဟု ရယ်မောကာမေး၍ မလွှဲမသွေ သေချာပေါက်ပေါ့၊ ပြုံးနေပြီး ညဘက်ရန်ကုန်ပြန်ရမည့်နေ့လည်စာကျွေးရန် ဟောင်ကောင် တရုတ်ကုန်သည်ကြီးများအသင်းတိုက် Hong Kong Cinese Chamber of Commerce သို့ခေါ်သွားရာ ၀မ်းသာဂုဏ်ယူလိုက်ပုံ မပြောမပြနိုင်ပါ။

 ဧည့်သည်တိုင်း တရုတ်နာမည်ပေးရမယ်၊ မော်စီတုံးလို့တော့မလုပ်နဲ့တဲ့၊ ကျနော်ခေါင်းညိတ်ပြီး တန်ချင်လျောင်း ဟုရေးလိုက်ရာ အံ့သြသွား၍ ရှင်းပြရသည်။ အပြန်လေယာဉ်ကွင်း၌ မင်းရဲ့တရုတ်နာမည် မမေ့နဲ့သိမ်းထား တနေ့နေ့ တနေရာရာမှာ အသုံးဝင်လိမ့်မယ်ဟု ဆုံးမစကားဆို၏။ အိမ်စောင့် အစိုးရတက်ချိန် မြန်မာပြည်က ထွက်ခဲ့သူကြီး ဟောင်ကောင် တရုတ်လက်ပြန်မရောက်မီ သြစထြေးလျ ပြောင်းသွားပြန်၏။ 

ရန်ကုန်မြို့က တရုတ်နှစ်သစ်ကူး ဓာတ်ပုံများကြည့်ရင်း--အမေရိကန်သမတ Trump ကတရုတ်ဆန့်ကျင်သူ၊တန်ချင်လျောင်း နာမည်နဲ့ မြန်မာပြည်သွားပြီး ၀င်ရောရသော် ကိုယ့်လို ၀မ်စွေ့တောင်မတတ်၊ တရုတ်နာမည် မရှိသူတွေထက် ပိုအလုပ်ဖြစ်မှာ သေချာပေါက်ဟု တွေးမိကြောင်းပါ။ 

ဝင်းအောင်ကြီး (မောင်အောင်မွန်) 
၂၀၁၇ ခု၊ ဇန်န၀ါရီလ ၂၈ ရက် (တရုတ်နှစ်သစ်ကူး)နေ့။