စံလှကြီး ● စကားပြောလျှင် ဉာဏ်နှင့်ယှဉ် လိုရာပြီးမြောက် ခရီးရောက်

စံလှကြီး ● စကားပြောလျှင် ဉာဏ်နှင့်ယှဉ် လိုရာပြီးမြောက် ခရီးရောက်
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၇

ပြီးခဲ့သော တပတ်ခန့်က ဘာသာရေး စာအုပ်များကို ပြန်လည်မွှေနှောက်ရာမှ မိလိန္ဒပညာကျမ်းကို တွေ့မိသည်။ အရင်က ဖတ်ခဲ့ဖူးသော်လည်း မဖတ်တာကြာပြီ ဖြစ်သော စာအုပ်ကောင်းများကို ပြန်ဖတ်တိုင်း အတွေးသစ် အမြင်သစ်ရလေ့ရှိသည်။ မိလိန္ဒပညာကျမ်းသည် ထေရဝါဒဗုဒ္ဓဘာသာလောကတွင် အလွန်ထင်ရှားသောကျမ်းဖြစ်ပြီး အနောက်တိုင်း ပညာရှင်များ ကပင် ထိုကျမ်း၏ အရေးပါပုံကို အသိအမှတ်ပြုကြရသည်။ မိလိန္ဒမင်းကြီးက ဉာဏ်ကွန့်မြူး၍ ခက်ခက်ခဲခဲ မေးထားသော အမေးများကို အရှင် နာဂသေန မထေရ်က ဥပမာ ဥပမေယျ များစွာသုံးပြီး ရှင်းပြထားသော ကျမ်းလည်း ဖြစ်သည်။ အချို့ ဗုဒ္ဓဘာသာဝင်များပင် ဆုတောင်းရာဝယ် "ပညာကြွယ်ဝ မိလိန္ဒမင်း ဖြေခြင်းတွင်လည်း ရှင်နာဂသိန်" ဟူ၍ ဆုတောင်းကြ လေသည်။ မေးသည့်နေရာတွင် မိလိန္ဒမင်းကဲ့သို့ ပညာကြီးပြီးဖြေလျှင်လည်း ရှင်နာဂသိန်လို ပိုင်းခြား၍ ဖြေနိုင်သူ ဖြစ်ရပါ လို၏ ဟူလို။ ယင်းကျမ်းတွင် မင်းကြီးနှင့် မထေရ်တို့ အပြန်အလှန် အမေးအဖြေပြုကြသော စိတ်ဝင်စားဖွယ် စကားပြောခန်း တစ်ခုကို တွေ့ရသည်။

"အရှင်နာဂသေနဘုရား၊ ရဟန်းတို့ တခုသောလောကဓာတ်၌ ပူဇော်အထူးကို ခံယူတော်မူထိုက်ကုန်သော ဘုရားနှစ် ဆူတို့သည် မရှေးမနှောင်း တပြိုင်နက် ပွင့်နိုင်ကုန်သော အကြောင်းအခွင့်မရှိနိုင်ဟူ၍ ဘုရားရှင်ဟောကြားတော်မူခဲ့၏။

ဘုရား တဆူတည်းသာ ပွင့်တော်မူခြင်းဖြင့်ပင် လောကသည် တရားအရောင် တောက်ပြောင်ထွန်းလင်းပါသေး၏။ ဒုတိယ မြောက် ဘုရားတဆူသာ ထပ်၍ပွင့်တော်မူပါသော် ဤလောကသည် အတိုင်းထက်အလွန် တရားအရောင်တောက်ပြောင် ထွန်းလင်းပါလတ္တံ့။ ဤသို့ဖြစ်ပါလျက် အဘယ်ကြောင့် တပြိုင်နက် ဘုရားနှစ်ဆူ ပွင့်တော်မမူကြပါသနည်း။ တပည့်တော်အား ယုံမှားကင်းအောင် အကြောင်းပြ၍ ဖြေကြားတော်မူပါ ဘုရား"

"မင်းမြတ် တပြိုင်နက် ဘုရားနှစ်ဆူ ပွင့်တော်မမူကြခြင်း၏အကြောင်းတစ်ခုကို နာဦးလော့။ အကယ်၍ တစ်ပြိုင်နက် ဘုရား နှစ်ဆူတို့ ပွင့်တော်မူငြားအံ့။ သင်တို့၏ဘုရား၊ ငါတို့၏ဘုရားဟု အငြင်းအခုံဖြစ်ပွားကာ နှစ်သင်း နှစ်ဖွဲ့ ဖြစ်လာကုန်ရာ၏။ ဤကား ရှေးဦးစွာသောအကြောင်းတည်း"

မိလိန္ဒပဥှာကျမ်းမှ မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန တို့၏ အမေးအဖြေတစ်ခု ဖြစ်သည်။ မင်းကြီးက အရှင်နာဂသိန်ကို မေးသည်။ တစ်ပြိုင်နက် ဘုရားနှစ်ဆူပွင့်လျှင် အကျိုးရှိမည်ဖြစ်ပါလျက် အဘယ်ကြောင့် နှစ်ဆူ မပွင့်ပါသနည်းဟု မေးသည်။ အရှင်နာဂသိန်က တစ်ပြိုင်နက် ဘုရားနှစ်ဆူပွင့်လျှင် လူတို့သည် သူ့ဘုရား ကိုယ့်ဘုရား ခွဲခြားကာ အုပ်စုဖွဲ့ကြမည်။ ပြိုင် ဆိုင်ကြမည်။ သို့ဆိုလျှင် လူတွေ အကျိုးယုတ်လိမ့်မည်။ ငရဲကြီးလိမ့်မည်။ ထို့အတွက် ဘုရားရှင်တို့သည် နှစ်ဆူ တစ်ပြိုင်နက် ပွင့်ရိုးမရှိဟု ဖြေသည်။

ဤသည်မှာ လူတို့၏ ထူးဆန်းလှသော စိတ်သဘာဝ အမှန်ပင် ဖြစ်သည်။ တနည်း ဆိုရသော် လူဟူ၍ ဖြစ်လာကတည်းကပင် ရှိခဲ့မည် ဖြစ်သော သူများထက် သာလို ကျောလိုသောစိတ်၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်လိုသော စိတ်ကို ဖော်ပြခြင်း ဖြစ်သည်။ ပြိုင်စရာ မရှိလျှင် လူတို့သည် ဘုရားချင်းတောင် တန်ခိုးပြိုင်ကြမည် ဆိုသော သဘော ဖြစ်သည်။ အမှန်တော့ နှိုင်းယှဉ်စရာ မဟုတ်သည်ကို နှိုင်းယှဉ်ခြင်း ဖြစ်သည်။ ဘုရားဆိုတာ တန်ခိုးပြိုင်ဖို့ မဟုတ်၊ ဟောပြောသည့်အတိုင်း လိုက်နာ ကျင့်ကြံဖို့သာ ဖြစ်သည်။ သို့သော် လူတို့မည်သည် ဘုရားဟောသည့် အတိုင်း လိုက်နာရန်ထက် အချင်းချင်း ပြိုင်ဆိုင်လိုစိတ်က သာ၍ ကြီးမားပေသည်။ ယင်းသို့ ပြိုင်ဆိုင်လိုစိတ် ကြီးမားသူများကို ကိုယ့်ပတ်ဝန်းကျင်တွင်ပင် မကြာခဏ တွေ့ရသည်။

ကြံကြံဖန်ဖန် ဒီလောက် အထိ ပြိုင်တယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူးဟု တွေးကောင်း တွေးမည်။ သို့သော် လူတို့ကား ဂုဏ်တုဂုဏ်ပြိုင် လုပ်လိုသောစိတ် ရှိခြင်းမှာ အမှန် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသား အချို့တွင် ဂုဏ်တုဂုဏ်ပြိုင် လုပ်လိုသောစိတ်၊ သူတပါးထက် ကိုယ်က သာလို ကျောလိုသောစိတ်၊ တဖက်သားကို မခံချိ မခံသာ ဖြစ်အောင် ပြောလိုသော စိတ်တို့ ရှိကြကုန်၏။ မြန်မာပြည်၏ စည်းလုံးရေးအတွက် အထူး အန္တရာယ်ပေးမည့် စိတ်ပင်။

လွန်ခဲ့သော လ အနည်းငယ်ခန့်က ဆရာတော် ဦးဥတ္တမ၏ အထိမ်းအမှတ်ပွဲ ကျင်းပကြောင်း သတင်းကို တရားဝင် အွန်လိုင်း မီဒီယာများတွင် ဖတ်လိုက်ရသည်။ သွားရောက် ရှိခိုးကန်တော့သူများနှင့် စည်စည်ကားကားပါပဲ။ လုပ်လည်း လုပ်သင့်သောပွဲ ဖြစ်သည်။ ထိုသတင်း မီဒီယာများမှာ ပါလာတော့ သတင်း ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံသားများလည်း မှတ်ချက်များ ရေးကြသည်။ လူတဦးက မှတ်ချက်ရေးပုံမှာ ထူးခြားသည်။ သူက "ဆရာတော်က အရင်ဆုံး အင်္ဂလိပ် ဘုရင်ခံကို get out ပြောခဲ့တာ၊ နင်တို့ အောင်ဆန်းတောင် ဒီလို ပြောရဲသလား" ဟုရေးလေသည်။ ထိုသူ၏ စကားအသုံးအနှုန်းမှာ ရင့်သီးလှပြီး အုပ်စုဖွဲပြီး ပြိုင်ဆိုင်လိုစိတ်၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်လိုစိတ်၊ သူ့ခေါင်းဆောင် ကိုယ့်ခေါင်းဆောင် ခွဲခြားလိုစိတ်၊ သင်းခွဲလိုစိတ်များကို ထင်ထင်ရှားရှား ပြသည်။ ထိုသူ မည်သူ မည်ဝါ ဆိုသည်မှာ အရေးမကြီး သူ၏ သဘောထားမျိုး တခြား မြန်မာနိုင်ငံသားများတွင် မရှိရန်သာ အရေးကြီးသည်။ ယင်းကဲ့သို့ အဓိပ္ပါယ် သက်ရောက်သော မှတ်ချက်များကို ရေးထားကြသူများကို တစ်ဦးမက တွေ့လိုက်ရသည်။ ဆရာတော်ကြီး ကိုယ်တိုင် ပင်လျှင် သူ့ကို ဤသို့ နှိုင်းယှဉ်ခြင်းအား ကြိုက်မည် မထင်ပါ။

အမှန်မှာ ဆရာတော်ကြီးနှင့် ဗိုလ်ချုပ်ကို နှိုင်းယှဉ်ပြီး ပြိုင်ဆိုင် ပြောစရာ မရှိ။ ပုဂ္ဂိုလ် အနေအထားချင်းလည်း မတူ၊ ခေတ်ချင်းလည်းမတူသဖြင့် လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့ပုံခြင်းလည်း မတူပေ။ ဆရာတော်ကြီးကို လေးစားလျှင် သူဟောပြောသလို လိုက်နာရန်နှင့် သူ့စိတ်ဓာတ်၊ ပညာ၊ အကျင့်စာရိတ္တ စသည်တို့ကိုသာ အတုယူရန်ရှိသည်။ ဗိုလ်ချုပ်က အင်္ဂလိပ် ဘုရင်ခံကို ဂတ်အောက်စ် ဟု ပြောခဲ့ခြင်းတော့ မရှိ။ သို့သော် သူ့ကြောင့် အင်္ဂလိပ် ဘုရင်ခံ တကယ် ဂတ်အောက်စ် ဖြစ်သွားသည် ဆိုလျှင်ကား ငြင်းစရာ ရှိမည် မထင်။ တဖန် အချိန်ကာလချင်း ဘယ်သူစောသလဲ ဆိုတာ ပြိုင်လျှင်လည်း ဆရာတော်ကြီးထက် စောသော ဝန်းသိုစော်ဘွားကြီး၊ ဗိုလ်မင်းရောင်၊ စောလဖော် တို့ကို ဘယ်သွားထားရမလဲ ဆိုတာလို ဖြစ်နေဦးမည်။ သူတို့ချင်း ဘယ်သူသာသလဲ ဆိုတာ ပြိုင်စရာကို မလိုပါ။ လွတ်လပ်ရေး အတွက် သူတို့ နိုင်သလောက် ကျရာ နေရာမှ ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီးများကို ရိုသေလေးစားရန်နှင့် သူတို့စိတ်ဓာတ်များကို အတုယူရန်သာ လိုပေသည်။ သိပ်ပြိုင်လိုလျှင်လည်း မိမိကိုယ်တိုင်၏ အရည်အချင်း၊ စိတ်ဓာတ်၊ ပညာ စသည်တို့မှာ ထိုပုဂ္ဂိုလ်ကြီးများနှင့် တော်တော်ကွာနေသလား ဒါမှမဟုတ် မှီလုမှီခင်ပဲလား သို့တည်းမဟုတ် ဆီနဲ့ရေလို တခြားစီလား စသဖြင့် ပြိုင်ဆိုင်ရန် လိုသည်။ ဤသို့ ပြိုင်ဆိုင်လျှင်တော့ တိုင်းပြည်အတွက်ရော ကိုယ်တိုင်ပါ အကျိုးရှိနိုင်သည်ဟု ထင်ပါသည်။

သို့သော် အချို့ မြန်မာနိုင်ငံသားများသည် ထိုခေါင်းဆောင်ကြီးများကို အတုယူရန်ထက် သူ့လူမျိုး ကိုယ့်လူမျိုး ခွဲခြားကာ ပြိုင်ဆိုင်လိုစိတ်၊ တစ်ဦးနှင့် တစ်ဦး မခံချိ မခံသာ ဖြစ်အောင် ပြောလိုစိတ်တို့ ရှိကြသည်။

တခါတရံ ကိုယ့်နိုင်ငံသား အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ရတာ မကျေနပ်နိုင်သဖြင့် တိုင်းတပါးသားများကို သွားပြီး မခံချိ မခံသာဖြစ်အောင် ပြောတာ၊ ရန်စတာတောင် ရှိဖူးသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာလက်ရွေးစင် ဘောလုံး အသင်းက အရှေ့တောင်အာရှ အားကစားပွဲတွင် အိမ်ရှင်စင်ကာပူကို သူ့ကွင်းတွင် အနိုင်ရခဲ့သည်။ ကိုယ့်နိုင်ငံ ဘောလုံး အသင်းနိုင်လျှင် ဝမ်းသာတတ်တာတော့ တကမ္ဘာလုံး အတူတူချည်းပါပဲ။ သို့သော် ကိုယ့်လူတွေက ဤမျှနှင့်မရပ်။ စင်ကာပူ အသင်း၏ ဘောလုံးဝက်ဘ်ဆိုက်ဒ်သို့ သွားရောက်ပြီး မှတ်ချက်များရေးကြသည်။ မြန်မာလိုရေးတာမဟုတ်။ စင်ကာပူ နိုင်ငံ သားတွေ နားမလည်မှာစိုးလို့ ထင်ပါသည်။ အင်္ဂလိပ်လို မှတ်ချက်များရေးကြပြီး အိမ်ရှင် စင်ကာပူအသင်းကို ပုတ်ခတ်ထား သောမှတ်ချက်များသာ ဖြစ်သည်။ ဒီတော့ သူတို့ကလည်း ဘယ်နေပါ့မလဲ။ ပုရွက်ဆိတ်တောင် သူ့ထိလျှင် ပြန်ကိုက်သေး သည်ဆိုတော့ သူတို့ကလည်း တုန့်ပြန်သည်ပေါ့။ စင်ကာပူနိုင်ငံသာ တစ်ဦးက ပြန်ရေးရာမှာ သူ့အိမ်က မြန်မာအိမ်ဖော်လည်း မြန်မာအသင်းနိုင်လို့ အတော်ပျော်နေကြောင်း သို့သော် အခုတော့ သူ့အတွင်းခံ ဘောင်းဘီကို လျှော်နေရကြောင်း စသဖြင့် ပြန်ရေးသည်။ အတိအကျ မမှတ်မိတော့ပေမယ့် ဆိုလိုရင်းကတော့ အဲဒီအတိုင်းမလွဲပါ။ ထိုစာကို ဖတ်လိုက်ရသူ မြန်မာနိုင်ငံ သားများ အထူးနာကျည်းခဲ့ကြသည်ဟုလည်း ကြားသိရသည်။

ဤကိစ္စကို ကြည့်လျှင် ထို့သို့ နှိမ့်ချစွာရေးသော တိုင်းတပါးသားက မောက်မာတာမှန်သည်။ သို့သော် ကိုယ့်လူတွေက အ ရင်ပုတ်ခတ် တိုက်ခိုက်တာ အဓိကအချက်ဖြစ်သည်။ ဘောလုံးပွဲနိုင်လို့ ပျော်ချင်လျှင် ကိုယ့်မြန်မာစာနှင့် ကိုယ့်ဘာသာ ရေး လျှင် ဘယ်သူမှ လာတိုက်ခိုက်မှာမဟုတ်။ အခုတော့ ဘောလုံးပွဲနိုင်လို့ပျော်တာထက် ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ်၊ သူများ ကို မခံချိမခံသာဖြစ်အောင် ပြောချင်စိတ်က ပိုကဲနေသည်။

သတိထားစရာတစ်ခုကိုလည်း တွေ့မိသည်။ ကိုယ့်နိုင်ငံသားအချင်းချင်းသာ သူက ဘာလူမျိုး တောင်ပေါ် မြေပြန့် စသည် ဖြင့် ခွဲခြားနေသော်လည်း အခြားနိုင်ငံသားများကမူ အားလုံးကို မြန်မာတွေဟူသောအမြင်နှင့်သာ မြင်နေကြောင်း တွေ့ရ သည်။ ယင်း စင်ကာပူနိုင်ငံသားရေးသော အိမ်ဖော်မိန်းကလေးမှာ မြေပြန့်သူ သို့မဟုတ် တောင်ပေါ်သူလေး ဖြစ်ချင် ဖြစ် မည်။ သို့သော် သူတို့ အနေနှင့် ဒါတွေကို စိတ်ဝင်စားစရာမရှိ။ အားလုံးကို မြန်မာနိုင်ငံသားတွေဟုသာ မြင်လေသည်။

သိပ်မကြာသေးခင်ကပင် ရှေးဟောင်း စေတီတော်ကြီးတဆူကို သူတည်သည် ကိုယ်တည်သည်ဆိုပြီး အငြင်းပွားသူများ ကိုလည်း တွေ့ရသည်။ အမှန်တော့ မည်သူ အရင်တည်သည် ဖြစ်စေ မြတ်စွာဘုရားကို ရည်မှန်းပြီး ကုသိုလ်ပြုရန်သာ ဖြစ် သည်။ ခုတော့ ဒီလိုမဟုတ်။ တဦးက ဒါတို့တည်တဲ့ဘုရား မင်းတို့နဲ့ဘာမှမဆိုင်ဘူးဆိုတဲ့စကာမျိုးဖြင့် ရန်စသည်။ နောက် တဘက်ကလည်း အညံ့မခံ ဒါတို့တည်ထားတဲ့ဘုရား မယုံလျှင် မြေထဲက ကျောက်စာတွေတူးကြည့်မယ်ဆိုပြီး တုန့်ပြန်သည်။ နောက်ပိုင်းဆက်ဖြစ်တာတော့ အငြင်းပွားမှုနဲ့ အမုန်းတရားပေါ့ဟုသာ ဆိုရမည်။ ဘုရားချင်း တန်ခိုးပြိုင်တယ်ဆိုတာ တ ကယ်ပဲကိုးဟုသာ တွေးမိပါတော့သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံသားအချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ကာ အုပ်စုဖွဲ့ခြင်း၊ သူ့ခေါင်းဆောင် ကိုယ့်ခေါင်း ဆောင် ခွဲခြား၍ ပြိုင်ဆိုင်ခြင်း၊ တဦးနှင့် တဦး မခံချိ မခံသာဖြစ်အောင် ပြောဆိုခြင်းများကို ရှောင်ကြဉ်၍ အမိနိုင်ငံ အကျိုး အတွက် ဆောင်ရွက်နိုင်ကြပါစေဟု တစိတ်တဝမ်းတည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလျက်။ စကားပြောဆိုရာတွင် ပညာဉာဏ်အသိ သတိဖြင့် ချင့်ချိန်စဉ်းစားတွေးတောလျက် လိမ္မာယဉ်ကျေးစွာ ပြော ဆိုမှသာ ကောင်းကျိုး ရရှိနိုင်ပါကြောင်း။

(ဇန်နဝါရီ ၂၃ ရက်နေ့ ၂၀၁၇ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၆) အမှတ် (၄) တွင် ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)