ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - "မိချမ်းဝေရဲ့ ငန်းရိုင်းတို့ ပျံသန်းခြင်းခြေရာ" ကို ဖတ်ရှုခြင်း


မောင်စွမ်းရည် - "မိချမ်းဝေရဲ့ ငန်းရိုင်းတို့ ပျံသန်းခြင်းခြေရာ" ကို ဖတ်ရှုခြင်း

(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇

မိချမ်းဝေဟာ မြန်မာစာစာပေလောကအတွင်းကို "ပင်လယ်တံငါ"၊ "ကမာရင်ကွဲ"၊ "ဇီဝစိုးကျိန်စာ" ဆိုတဲ့ စာပေဝေါဟာရတွေ သယ်ဆောင် ကျွမ်းဝင်စေသူဖြစ်ပါတယ်။ တကယ်တော့ ရှေးက မြန်မာစာစာပေ ဆိုတာ ပုဂံ၊ အင်းဝ၊ မန္တလေး၊ ရွှေဘိုတစ်ဝိုက် အညာဒေသမှာပဲ ၀ဲထနေခဲ့တာ ဖြစ်ပါတယ်။ ခုတော့ မြစ်ဝကျွန်း ပေါ်ဒေသ၊ တနင်္သာရီဒေသ၊ ရခိုင်ဒေဒသ၊ တောင်တန်းဒေသစတဲ့ ပြည်ထောင်စုအရပ်ရပ်က စာပေတွေနဲ့ ကြွယ်ဝပြည့်တင်းလာခဲ့ပြီဖြစ်လို့ မြန်မာစာပေဆိုတာ ဧရာဝတီချင်းတွင်းဆုံရာ အညာဒေသ ကွက်ကွက်ကလေး ရဲ့ အသုံးမျှသာ မဟုတ်တော့ဘဲ ပြည်ထောင်စုစာပေအဖြစ်ကို တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ နာဂတောင်တန်း မောင်ကြည်ဇင်၊ မြစ်ဝကျွန်းပေါ် ကြယ်နီ-စသည်ဖြင့် ပြည်ထောင်စုစာပေကို ကြွယ်ဝစေသူတွေထဲမှာ မိချမ်းဝေဆိုတဲ့ မွန်သွေး စာပေရှင်တစ်ယောက် ပါဝင်လှုပ်ရှားလာနေတာ တွေ့ရလို့ ၀မ်း သာရပါတယ်။

ကျွန်တော်တို့ မန္တလေးမှာ ကလောင်သွေးလာခဲ့တဲ့ စာပေအုပ်စုဟာ ရန်ကုန်ဆိုတဲ့ စာပေဗဟိုစခန်းကို ၀င်လာပြီး ရပ်တည်နေချိန်မှာ တနင်္သာရီက ပင်လယ်စာပေရေးသားသူ မိချမ်းဝေလည်း ရန်ကုန်ကို တက်လာခဲ့ ပါတယ်။ တောင်သမန်းတောင်ပင်လယ်နဲ့၊ ဘင်္ဂလားကန်လောက်ကိုသာ ရေပြင်ကျယ်ကြီးတွေပါလားလို့ ရှုငေး စာဖွဲ့ခဲ့ကြတဲ့ စာပေလောကသားတွေဟာ ပင်လယ်ကို မြင်ဖူးကြတာ မကြာသေးပါ။ ပင်လယ်ဆိုရင် ငပလီကမ်း ခြေ၊ ငွေဆောင်ကမ်းခြေ၊ မောင်းမကန်ကမ်းခြေဆိုတဲ့ ကမ်းခြေတွေနဲ့ အုန်းပင်တွေလောက်ပဲ သိကြသေးတာပါ။ ကမ်းခြေက ခရုခွံကို ကျော်ပြီး ကမာရင်ကွဲတို့၊ ဇီဝဇိုးတို့ကို မသိကြသေးပါ။ ခုမှပဲ မိချမ်းဝေတို့ မိတ်ဆက်ပေးလို့ သိဖူးကြားဖူးစပဲ ရှိကြပါသေးတယ်။

ခုအခါ မိချမ်းဝေတို့က ရန်ကုန်စာပေလောကထဲမှာ အခြေချ သွားခဲ့ပါပြီ။ စာပေလှုပ်ရှားမှုတစ်ခုထဲမှာ ရှေ့ဆောင်ပါဝင်နေပါပြီ။

မိချမ်းဝေက တန်င်္သာရီက လာတာဆိုတော့ မန္တလေးနဲ့ဆိုရင် မြေဝေးရပ်ခြားပေါ့။ ဒါပေမဲ့ ကျောင်း ဆရာမဘ၀ကလာတယ်ဆိုတော့ ကျွန်တော်တို့လည်း ကျောင်းဆရာဘ၀က လာကြတာဖြစ်လို့ လာရာ "ဘ၀ချင်းဆွေမျိုး" စပ်လို့ ရနိုင်ပါတယ်။ မိချမ်းဝေရဲ့ စာအုပ်ကို မန္တလေးလူထုတိုက်က ထုတ်ဝေ အမျိုးသားစာပေ ဆုရလာပြန်တော့ ဒို့များနဲ့ စာပေဆွေမျိုးပါလား၊ စာပေမောင်နှမမဟုတ်တောင် စာပေ တူဝရီးတော့ဖြင့် ဆိုနိုင် ပြီပေါ့လေ။ ဒါ့ကြောင့် မိချမ်းဝေကို မျက်ခြေမပြတ်ခဲ့ပါဘူး။

 ဟော-ခုတော့ ကျန်ဖန်ပြီး ပြည်ပကို ကျောင်းဆရာ၊ ဆရာမ (လူထွက်) သုံးယောက်ဆုံပြီး ပြည်ပကျောင်းဆရာ လူထွက်တစ်ဦးနဲ့ တွေ့ဖို့ ကြမ္မာဖန်လာခဲ့လို့ ၀မ်းသာ ရပါတယ်။ မြေဖြူနဲ့ ဆရာလုပ်လို့ အားမရလို့ ကလောင်နု့ ဆရာလုပ်နေကြသူတွေချင်း တွေ့ကြရတော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရပါတယ်။ သူတို့ရေးတဲ့ စာအုပ်တွေ သယ်ယူလာကြတော့ ပိုပြီးတော့ ၀မ်းသာကြရပါ တယ်။

ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ခေတ်စမ်းခေတ်မှာ စာဆိုတစ်ဦးဟာ စာအုပ် ၂အုပ်-၃အုပ်ပဲ ထုတ် နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ခေတ်ကျတော့ ၄-၅-၆ အုပ်စီ ထုတ်နိုင်ကြလို့ အတော်တိုးတက်လာပြီလို့ အောက် မေ့တုန်း သူတို့က ၄-၅-၆ဆယ် စီထုတ်ပြီးကြပြီတဲ့။ ဗုဒ္ဓေါ။ ဒါတောင် စစ်အာဏာရှင်ခေတ်ကို ဖြတ်သန်းခဲ့ရလို့ ထုတ်ချင်တိုင်း မထုတ်နိုင်ခဲ့ကြရှာလို့ပေါ့နော်။ မုဒိတာ-သုခိတာပါ။

မိချမ်းဝေက သူဒီနှစ်ထုတ်တဲ့ စာအုပ်တစ်အုပ်ယူလာပြီး လက်ဆောင်ပေးပါတယ်။ "ငန်းရိုင်းတို့ ပျံသန်းခြင်းခြေရာ" တဲ့။ သြော်…ငန်းရိုင်းတွေပျံသန်းတာ ဘယ်မှာများခြေရာထင်ခဲ့ပါမလဲလို့" တွေးပြီး ဦးခေါင်းရှုပ်သွားခဲ့ပေမယ့် သူ့စာတွေဆက်ဖတ်လိုက်တော့ ရန်ကုန်ဘူတာကြီးအနိး "မီးရထားခုံးတံတားကြီးအောက်က လက်ဖက်ရည်ဆိုင်လေးမှာ ပျံသန်းကြပြီး သူတို့ခြေရာကိုတော့ စံတော်ချိန် နေ့စဉ်သတင်းစာမှာ အရိပ်ထင် လာတာက တွေ့လိုက်ရပါတယ်။ ကောင်းလေစွ။

ဗမာပြည်မှာ အဖွဲ့အစည်းနဲ့ စာပေလှုပ်ရှားခွင့်မရခဲ့တာ စစ်အာဏာရှင်ခေတ် တစ်လျှောက်လုံးပါ။ ကျွန် တော်တို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဟာ လူကြီးလူငယ်စာပေသမားတွေ စုစည်းပြီး စာပေ သုတေသနပြုကြ၊ စာတမ်းတွေရေးကြ၊ ဖတ်ကြ၊ ဟောကြပြောကြနဲ့ ၁၀နှစ်လောက် လှုပ်ရှားခဲ့ကြပါတယ်။ ခေတ်တာဝန်ကို ထမ်းဆောင်နိုင်သမျှ ထမ်းဆောင်ခဲ့ကြတယ်လို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက အဖွဲ့ အစည်းတွေ မဖွဲ့ရ၊ စာတမ်းဖတ်ပွဲတွေ မလုပ်ရ- တဲ့ ။ ပိတ်ဆို့တာခံခဲ့ရပါတယ်။

ဟော-ခု၊ မိချမ်းဝေတို့ခေတ်မှာ သူ့နည်းသူ့ဟန်နဲ့ အစုအဖွဲ့လုပ်ပြီး စာဖတ်ပွဲတွေ လုပ်လာကြပါတယ်။ ဒီစာအုပ်ထဲမှာကိုပဲ ၂၈ ကြိမ်ရှိပါပြီ။ ၀တ္ထုတို ရသစာတမ်းစသည်အချိန်တိုဖတ်လို့ ရတဲ့စာမျိုးကို ဖတ်ကြတာပါ။ စာပေကို "နား" နဲ့ပါ ခံစားကြတာပါ။ ပြီးတော့ ဝေဖန်ဆွေးနွေးနေကြပါတယ်။ ခေတ်ကပေးတဲ့ စာပေလှုပ်ရှားမှု ပုံစံသစ်ပါပဲ။ ရည်ရွယ်ချက်က စာပေကို လူထုကြားထဲ ပိုမိုရောက်ရှိအောင် ပို့ဆောင်ဖို့ပါတဲ့။ လူထုဆန်တဲ့ လှုပ်ရှားမှုပုံစံတစ်မျိုးအဖြစ်နဲ့ စိတ်ကူးရပြီး အကောင်အထည်ဖော်ကြသူတွေကို ချီးကျူးစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ..

ဒီလိုစာဖတ်ပွဲမျိုးတွေ များပြားကျယ်ပြန့်လာအောင် အရှိန်မြှင့်ပျံသန်းလို့ မရဘူးလား.. တောင်သမန်း အင်းစောင်းမျးား၊ မိတ္ထီလာ ကန်တော်အောက်မှာ တောင်တွင်းကြီးက ပေလေးပင်အရိပ်မှာ၊ ပျဉ်းမနားရေဆင်းက ကျွန်းပင်တွေအောက်မှာ…စာဖတ်ပွဲတွေ ပွားလို့ မရပေဘူးလား။ မျက်မမြင်ကျောင်းတို့၊ မိဘမဲ့ကျောင်းတို့၊ မန္တလေး မနော်ရာမလို (ခုတော့ နေရာပြောင်းသွားပြီ) နေရာမျိုးတွေမှာလည်း ရံဖန်ရံခါဆိုသလို ပြလုပ်သွားကြ ရင် ကောင်းမှာပါပဲ။

စာဖတ်ပွဲဆိုတာက ပုံနှိပ်ဖြန့်ချိထားတဲ့ ၀တ္ထုတို၊ ဆောင်းပါးတို စသည်တို့ကို ဖတ်တာဖြစ်လို့ ထပ်ပြီး ပုံနှိပ်စရာမလိုဘူးဆိုရပေမယ့် ဘယ်လိုလူတွေပါဝင်ပြီး၊ ဘယ်လိုစာတွေဖတ်လို့၊ ဘယ်လိုဆွေးနွေးကြတယ် ဆိုတာကိုတော့ အနည်းဆုံး မိချမ်းဝေ မှတ်တမ်းတင်သလောက် ရေးသား မှတ်တမ်းတင်မိရင်ကိုပဲ အလွန်ဝမ်းသာ ထိုက်လှပါပြီ။ အကျွေးအမွေးတို့၊ စာဖတ်ပွဲသုံးပစ္စည်းတို့ လှူဒါန်းပါဝင်ကြတာတွေလည်း ရှိလာတော့ အားရစရာ၊ အားကျစရာ ကောင်းလှပါတယ်။ မီးရထားခုံးတံတားအောက်မှာ ဆိုတဲ့နေရာအခင်းအကျင်းကလည်း (လူထု ဆန်လို့) စိတ်ဝင်စားစရာပါ။

နေရာအနှံ့အပြားမှာ ဒီလို စာဖတ်ပွဲတွေလုပ်၊ ဒီလိုမှတ်တမ်းတင်တာတွေ ပွားများတိုးချဲ့လုပ်ဆောင်သွား မယ်ဆိုရင် မူလရည်ရွယ်ချက်ဖြစ်တဲ့ လူထုကြားကို စာပေထိုးဖောက်ပြန့်နှံ့ရေး ပိုမိုထိရောက်သွားမယ်လို့ ထင်ပါတယ်။ ရည်ရွယ်ချက်ထိရောက်အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည်
၂၀၁၆ ဒီဇင်ဘာ ၁