မောင်မောင်စိုး ● ငြိမ်းချမ်းရေးနှင့် ဆက်စပ်သတင်းများ (၂၀၁၇ ခုနှစ် ဇန္နဝါရီလ)

မောင်မောင်စိုး ● ငြိမ်းချမ်းရေးနှင့် ဆက်စပ်သတင်းများ (၂၀၁၇ ခုနှစ် ဇန္နဝါရီလ)
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၇

၁။ ၂၀၁၇ ဇန္နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် KNU ဌာနချုပ် လော်ခီးလာတွင် NCA လက်မှတ်ထိုးသော အဖွဲ့ ၈ ဖွဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ ကာချုပ်နှင့်လည်းကောင်း၊ ငြိမ်းချ မ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ တွေ့ဆုံရန်တောင်းဆိုခဲ့သည်။ တပ်မတော်မှအကြောင်းမပြန်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံရန်အကြောင်းပြန်ကြားခဲ့ပြီး ဇန္နဝါရီ ၂၀ ရက်နောက်ပိုင်း တွေ့ဆုံနိုင်လိမ့်မည်ဟု ဆိုပါသည်။

တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးမည်ဟုဆိုထားသော်လည်း မြဝတီတွင် အဖမ်းခံထားရသည့် NCA လက် မှတ်ထိုးထားသည့် ALP ဒုဥက္ကဌနှင့် ၃ ဦးကိစ္စနှင့် ဗန်းမော်စိန်လုံတွင် အဖမ်းခံထားရသည့် ABSDF ဗဟိုကော်မတီ ကိုမင်း ဌေးတို့၏ကိစ္စများ ပါဝင်ဘွယ်ရှိသည်ဟု ခန့်မှန်းကြပါသည်။ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ကိုယ်စား စောမူတူး စေးဖေါ (KNU)၊ ဦးခိုင်စိုးနိုင်အောင် (ALP)၊ ရဲဘော်သံခဲ (ABSDF)၊ ဦးခွန်ဆိုင်း (RCSS)၊ ခွန်ဥက္ကာ (PNLO) တို့ ၅ ဦးအား ရွေးချယ်ထားသည်ဟု ဆိုပါသည်။

၂။ ၂၀၁၇ ဇန္နဝါရီ ၁၁ ရက်နေ့တွင် KNU တပ်ဖွဲ့များနှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ် ပွားခဲ့ပါသည်။ နယ်မြေပြသနာကြောင့် ဘုရားသုံးဆူဒေသတွင် ၁၉၈၈ ခုနှစ်က KNU နှင့် မွန်ပြည်သစ်ပါတီတို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင်တကြိမ် ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင်တကြိမ် ၂၀၁၇ ဇန္နဝါရီလတွင် ၂ ကြိမ် စုစုပေါင်း ၄ ကြိမ်ဖြစ်ပွါးခဲ့ပြီး နှစ်ဖက်တွေ့ဆုံဖြေရှင်းမည်ဟု ခေါင်းဆောင်များက ဆိုပါသည်။

၃။ ၂၀၁၇ ဇန္နဝါရီ ၁၂ ရက်နေ့က ရလခစစ်ဌာချုပ် ခိုလန်တွင် RCSS နှင့် ပြည်နယ်အဆင့် JMC (S) ဆွေးနွေးပွဲ ကျင်းပပြီး နယ်မြေသတ်မှတ်ရေးညှိနှိုင်းရာ ပြေလည်မှုမရဟု ဆိုပါသည်။ RCSS နှင့် ကနဦးသဘောတူခဲ့သည့် ကျိုင်းတုံသဘောတူ ညီ ချက်အရ RCSS ဌာနချုပ်နယ်မြေအား ဟိုမိန်း၊ မိုင်းတော့၊ မိုင်းထားဒေသတို့ကို သတ်မှတ်ထားသည်ဆိုသည်နှင့် ပတ်သက်၍ ညှိနှိုင်းမရသဖြင့် ပြည်ထောင်စု JMC တွင် ထပ်မံဆွေးနွေးရမည်ဟု ဆိုပါသည်။

၎။ ၂၀၁၇ ခုနှစ် ဇန္နဝါရီ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဦးအောင်ကြည်ခေါင်းဆောင်သော ငြိမ်းချမ်းကော်မရှင် အကြံ ပေးအဖွဲ့ဝင်များနှင့် ဆရာခူဦးရယ်ခေါင်းဆောင်သော DPN အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာတစုံတရာသဘောတူညီမှု မရရှိဟုဆိုပါသည်။ နောက်တကြိမ် ဇန္နဝါရီလအတွင်း၌ ထပ်မံဆွေးနွေးရန်စီစဉ်ထားရှိသည်ဟု ဆိုသည်။ သို့သော် လက်ရှိ အချိန်တွင် DPN ခေါင်းဆောင်ပိုင်းတွင် ပါဝင်သော KIA အား မတရားသင်းသတ်မှတ်အရေးယူမှုများရှိနေရာ DPN အနေနှင့် ပြည်တွင်းသို့ လာရောက်ဆွေးနွေးရန်အခက်အခဲရှိနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဆင့်များ များနေသည်ဟု ဝေဖန်မှု များတွေ့ရပါသည်။

၅။ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမှ ကက်သလစ်ခရစ်ယန် ဆရာတော်ကြီး လေးဦးတို့ တွေ့ဆုံ၍ ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်ဘေးဒုက္ခသည်အရေးဆွေးနွေးခဲ့ကြသည်ဟုဆိုပါသည်။ ၂၀၁၆ နိုဝင်ဘာ ၂၀ မှ စခဲ့သည့် မြောက်ပိုင်းစစ်ပွဲအတွင်း မုန်းကိုးဒေသမှ ကက်သလစ်ဘုရားကျောင်းတခု ပျက်စီးဆုံးရှုံးခဲ့ပါသည်။

၆။ ၂၀၁၇ ဇန္နဝါရီလ ၁၇ ရက်နေ့တွင် HRW လူ့အခွင့်အရေးအဖွဲ့ကြီးမှ ၂၀၁၆ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပျောက်ဆုံး သွားသော မုန်းကိုးဒေသမှ သင်းအုပ်ဆရာ ၂ ဦးဖြစ်သော ဆရာလန်ဂျော်ဂမ်ဆိုင်းနှင့် ဆရာဒွန်ဒေါ့နောင်လတ်တို့ကိစ္စအား စုံစမ်းဖေါ်ထုတ်ပေးရန် တောင်းဆိုလိုက်ပါသည်။ အဆိုပါ သင်းအုပ်ဆရာနှစ်ဦး ၂၀၁၆ ဒီဇင်ဘာလအတွင်း မုန်းကိုးဒေသသို့ သတင်းလာယူသည့် သတင်းဌာနများကို ကူညီခဲ့သူများဖြစ်သည်ဟု ဆိုပါသည်။

၂၀၁၇ ဇန္နဝါရီ ၁၉ ရက်နေ့တွင် အဆိုပါသူနှစ်ဦးသည် အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်ကူညီကြောင်းတွေ့ရှိ ရသဖြင့် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့သို့ လွှဲအပ်ပေးမည်ဖြစ်ကြောင်း အဖမ်းခံရပြီး တလနီးပါး ခန့်အကြာတွင် ထုတ်ပြန်ကြေညာပါသည်။

ဤသို့ဖမ်းဆီးထားခြင်းသည် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၇၆ နှင့်အညီဖြစ်သည်ဟု ထုတ်ပြန်ကြေညာပါသည်။ ၂၀၀၈ အ ခြေခံဥပဒေ ပုဒ်မ ၃၇၆ ပြဌာန်းချက်မှာ "နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ (သို့မဟုတ်) တည်ဆဲဥပဒေ တရပ် ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ချုပ်မိန့်မရရှိဘဲ မည်သူကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင် ခြင်း မပြုရ" ဟူ၍ ဖြစ်ပါသည်။

၇။ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၇ ရက်နေ့တွင် တရုတ်ပြည် အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်သည် ဝ နယ် ပန် ဆန်းသို့လာရောက်ပြီး UWSA ခေါင်းဆောင် ဦးပေါက်ယိုချမ်းနှင့်ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ထိုပြင် ယခုလပိုင်း UWSA ခေါင်းဆောင်များ ပြန်လည်ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟူသည့် သတင်းထွက်ပေါ်နေသည်။ လက်ရှိတာဝန်ယူနေသည့် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲမကြီးမားနိုင်သကဲ့သို့ ပေါ်လစီအပြောင်းအလဲဖြစ်ရန် ခဲယင်းပါသည်။ အသက်အရွယ်ကြီးရင့်သူခေါင်းဆောင်အချို့နေရာတွင်တော့ လူသစ်များ အစားထိုးဝင်ရောက်လာနိုင်ပါ သည်။

၈။ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများစတင်ခဲ့သည်။ ဖွင့်ပွဲအခန်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ KNU ဥက္ကဌ စောမူ တူး စေးဖောနှင့် ရတခ စစ်တိုင်းမှူးတို့တက်ရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲကို ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ပါသည်။ အမျိုးသားအဆင့်ဆွေးနွေးပွဲအား တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ဇန္နဝါရီ၂၃/၂၄/၂၅ ရက်များတွင်လည်း ဆွေးနွေးသွားမည်ဟု ဆိုပါသည်။ ကရင်ပြည်နယ်ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အဓိကဆွေးနွေးသွားပြီး အခြားဒေသရှိ ကရင်လူမျိုးအရေးအတွက် အမျိုးသားပြည်နယ်တောင်းဆိုသွားမည်ဟု KNU တာဝန်ရှိသူတဦးကဆိုပါသည်။

အဆိုပါဆွေးနွေးပွဲ အဖွင့်တွင် KNU ဥက္ကဌ စောမူတူးစေးဖောကပြောကြားရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် ငြိမ်းချမ်းရေးနှင့် ရှင်သန်ရေးအတွက်အရေးကြီးကြောင်း NCA လက်မှတ်ထိုးရေးတွင် မပါဝင်သေးသည့် အဖွဲ့များပါဝင်လာရေး အတွက် အစိုးရနှင့်တပ်မတော်ဘက်မှသဘောထားကြီးပြီး မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့မှုအချို့ ပြုလုပ်ခြင်း အင်အားသုံးတိုက် ခိုက်မှုများရပ်တန့်ထားခြင်းပြုလုပ်ရန် ကရင်အမျိုးသားများကိုယ်စားတောင်းဆိုပါသည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

၉။ ၂၀၁၇ ဇန္နဝါရီ ၁၀ ရက်နေ့တွင် ရလခတိုင်းမှူးက SSPP ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ မိုင်းရှုးမြောက်ဖက် ၁၀ မိုင် အကွာရှိ လွယ်နိုင်းတောင်မှ လွယ်ချိုတောင်သို့လည်းကောင်း၊ ၎င်းလွယ်ချိုတောင်မှ သံလွင်မြစ် တာဝန်းနောင်ကူးတို့သို့လည်းကောင်း လမ်းဖောက်လုပ်မည်ဖြစ်၍ ဗျူဟာတခု စေလွှတ်မည်ဟု ဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်တွင် မိုင်းရှူးမြို့နယ် ပန်ဇွဲကျေးရွာအုပ်စု နမ့်နက် SSPP တပ်စခန်းအား နေ့လည် ၁၂ နာရီ နောက်ဆုံးထားဖယ်ခိုင်းခဲ့သည်ဟု သျှမ်းသံတော်ဆင့်သတင်းတွင် ဖေါ်ပြပါသည်။ မိုင်းရှူးနယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများ တိုးများလာနေပြီး SSPP တပ်ဖွဲ့စခန်းများသို့ အတင်းတိုးဝင်လာပါက တိုက်ပွဲဖြစ်ပွားဖွယ်ရှိသည့် အလား အလာရှိသည်ဟု ဆိုပါသည်။ SSPP အနေနှင့် နေပြည်တော်သို့ သွားရောက်ဆွေးနွေးသော်လည်း အဆင်မပြေခဲ့ဟုဆိုပါသည်။ သို့ဖြစ်ရာ ထို SSPP ဒေသတွင် တိုက်ပွဲများဖြစ်ပွားဖွယ်ရာရှိနေသည့်ပြင် မိုင်းရှူး၊ ကျေးသီး မြို့နယ် နှစ်ခုအတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအားလည်း ထိခိုက်ဘွယ်ရှိသည်ဟု ဆိုကြပါသည်။ ထိုမြို့နယ်နှစ်ခုသည် ၂၀၁၅ ရွေးကောက်ပွဲကာလ ကလည်း စစ်ပွဲကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါ။ အကဲခတ်များ၏အဆိုအရထိုမြို့ နယ်နှစ်ခုတွင် SNLD အား ကောင်းသည်ဟု ဆိုပါသည်။

၁၀။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ် ဂိဒွန်၊ လိုင်ဖေါင်နှင့် KIA တပ်ရင်း ၃ စခန်းများအား ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီး ၂၀၁၇ ဇန္နဝါရီလအတွင်း ဗန်းမော်ဒေသတွင်းရှိ KIA တပ်ရင်း ၁၂ စခန်းအား ထိုးစစ်ဆင်ခဲ့ပြီး ဇန္နဝါရီ ၁၃ ရက် နေ့က သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုပါသည်။ အဆိုပါစစ်ဆင်ရေးများအတွင်း လေကြောင်းတိုက်ခိုက်မှု ရာနှင့်ချီ၍ ပြုလုပ်ခဲ့သည် ဟု စစ်ရေးအကဲခတ်များကဆိုပါသည်။ ထိုဒေသ၌ စစ်ဘေးဒုက္ခသည်များ အကူအညီကင်းမဲ့နေသည်ဟု ဆိုပါသည်။

ရှမ်းပြည်မြောက်ပိုင်းတွင်းလည်း စစ်ပွဲများမရပ်တန့်နိုင်သေးသည့်ပြင် အရပ်သားများသေဆုံးခြင်း စစ်ဘေးဒုက္ခသည်များ မန္တလေးထိ ပြေးရှောင်နေရသည်ဟု သတင်းများက ဆိုပါသည်။ ထိုသို့သောအခြေအနေတွင် ရှမ်းပြည်အလယ်ပိုင်းတွင် စစ် ရေးတင်းမာမှုများတွေ့မြင်နေရပါသည်။

၁၁။ ၂၀၁၇ ဇန္နဝါရီလ ၁၈ နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ကုလသမဂ္ဂ၌ မြန်မာ့နိုင်ငံရေးဆိုင်ရာ လူအခွင့်အရေးအစီရင်ခံ စာတင်သွင်းသူ မစ္စယန်ဟီးလီတို့ တွေ့ဆုံခဲ့ကြပါသည်။ ယန်ဟီလီ၏ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စိတ် ကျေနပ်မှု ရရှိခဲ့ပြီး ကချင်ပြည်နယ်ခရီးစဉ်အတွင်း စိတ်ကျေနပ်မှု မရရှိခဲ့ဟု ဆိုပါသည်။

၁၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးပို့ချမှုသင်တန်းကို နေပြည်တော် NRPC ၌ ၂၀၁၇ ဇန္နဝါရီ ၁၉ မှ ၂၁ ရက်ထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ထိုသင်တန်းသို့ ကနဦးရှေ့ပြေး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည့်ဒေသမှ ကြီးကြပ်ရေးကော်မတီဝင်များ အမျိုးသားအဆင့်နိုင်ငံရေးဆွေးပွဲကျင်းပရန် အသင့်မဖြစ်သေးသည့် ပြည်နယ်များမှ ကြီးကြပ် ရေးကော်မတီဝင်လျာထားသူများ ၂၁ ရာစုပင်လုံညီလာခံတက်ရောက်မည့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။

ဆွေးနွေးပွဲတွင် NCA လုပ်ငန်းစဉ်အဆင့်ဆင့် JMC လုပ်ငန်းစဉ်နိုင်ငံရေးမူဘောင်နှင့် ဖက်ဒရယ်မူများကို ဆွေးနွေးပို့ချသည်ဟု ဆိုပါသည်။

၁၃။ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် လွို င်လင်ခရိုင် မိုင်းပွန်မြို့နယ်အတွင်း၌ NCA လက်မှတ်ထိုးထားသည့် RCSS တပ်ဖွဲ့တခုနှင့် တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ၂၀၁၆ အောက်တိုဘာလအတွင်းကလည်း မိုင်းကိုင်မြို့ နယ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA ထိုးပြီးနောက်ပိုင်းတွင် RCSS နှင့် တပ်မတော်တို့ အနည်းဆုံးတိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။

ယခုပစ်ခတ်တိုက်ခိုက်မှု သည် ယုံကြည်မှုကိုပျက်ပြားစေကြောင်း မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် တပ်မတော်၏ အခန်းကဏ္ဍ ကိုမြှင့်တင်လိုမှုကြောင့် တိုက်ပွဲဆင်နွှဲရခြင်းဖြစ်နိုင်ကြောင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပါက ယုံကြည်မှုပျက်ပြားပြီး ငြိမ်းချမ်းရေးကိုထိခိုက်နိုင်သည်ဟု RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလှပြောဆိုခဲ့ပြီး ရလခ စစ်ဌာနချုပ်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဉ်ီးကမူ တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်စဉ် ထိပ်တိုက်ရင်ဆိုင်တွေ့သည့် တိုက်ပွဲသာဖြစ်သည်ဟုဆိုကြောင်း သျှမ်းသံတော်ဆင့်တွင် ဖေါ်ပြထားပါသည်။

၁၄။ ၂၀၁၆ ဒီဇင်ဘာလအတွင် မြောက်ပိုင်း ၃ ဖွဲ့ဖြစ်သော MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့တွေ့ဆုံဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်းဖြစ်ပေါ်လာခြင်းမရှိသည့်ပြင် ၂၀၁၇ ဇန္နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးမည့်သတင်း ပေါ်ထွက် ခြင်း မရှိပါ။

၁၅။ ၆ လတကြိမ်ကျင်းပမည်ဟု ကြေညာထားသော ၂၁ ရာစုပင်လုံညီလာခံဒုတိယအကြိမ်ကျင်းပမည့်ရက်အား ယနေ့ထိ ကြေညာခြင်း မရှိသေးပါ။

၁၆။ ယခုလအတွင်း သတင်းမီဒီယာများတွင် ဖေါ်ပြခဲ့သော KNU ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် အင်တာ ဗျူးသည်လည်းကောင်း၊  KIO မှ ဗိုလ်ချုပ်ဆွန်လွတ်ဂွမ်မော်နှင့် အင်တာဗျူးသည်လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်နေသူများ စိတ်ဝင်စားသည်ကို တွေ့ရပါသည်။

၁၇။ ၂၀၁၆ ဒီဇင်ဘာနှင့် ၂၀၁၇ ဇန္နဝါရီလများအတွင်း စစ်ထောက်ခံပွဲများအား ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ မိတ္ထီလာ မန္တ လေးမြို့များတွင် ပြုလုပ်ခဲ့သည်။

၂၀၁၇ ဖေဖဝါရီ ၄ ရက်နေ့တွင် လူငယ်ကွန်ယက်များမှဦးစီး၍ ငြိမ်းချမ်းရေးဆန္ဒပြပွဲများကို တပြည်လုံးအနှံ့တွင် ပြု လုပ်သွား မည်ဟုကြေညာထားပြီး အောက်ပါတောင်းဆိုချက် ၄ ချက်ကို တောင်းဆိုသွားမည်ဟု ဆိုပါသည်။ ၎င်းတောင်းဆိုချက်များမှာ ....

- ပြည်တွင်းစစ်များရပ်တန့်ရန်
- စစ်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ခွင့်ပေးရန်
- စစ်အသုံးစားရိတ်များ လျှော့ချရန်
- တပ်မတော်မှ အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာရန်တို့ ဖြစ်ပါသည်။

၂၀၁၇ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းတွင် လူငယ်များက စစ်ဘေးသင့်တိုင်းရင်းသားပြည်သူများအခြေအနေကို တင်ပြခဲ့ကြသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်များအား ငြိမ်းချမ်းရေးစကား ကျယ်ကျယ်ပြောကြရန် တိုက်တွန်းခဲ့ပါသည်။

၁၈။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တောင်တက်ခရီးနှင့် တူပုံရသည်။ တောင်တက်ခရီးဆိုသည်နှင့် အတက်ခရီးသက်သက် မဟုတ်ပေ။ အဆင်းလည်းရှိသည်။ တချို့နေရာများတွင် ခပ်စောက်စောက်လေး ပြန်ဆင်းရသည်လည်း ရှိပေသည်။

● နောက်ဆက်တွဲ
၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် တရုတ်ပြည် ယူနန်ပြည်နယ် ခွင်းမင်မြို့၌ တရုတ်အထူးသံတမန် မစ္စတာဆွန် ကော့ရှန်နှင့် MNDAA/TNLA/AA ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရပါသည်။

မောင်မောင်စိုး (Mg Mg Soe)