ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ချိုချိုအေး ● မြို့ပတ်ရထားပေါ်ဝယ်

ချိုချိုအေး ● မြို့ပတ်ရထားပေါ်ဝယ်
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၇

ရန်ကုန်ရောက်တုန်းရောက်ခိုက် စပ်စုချင်လို့ မရည်ရွယ်ဘဲ ရုတ်တရက် ရထားစီးဖြစ်လိုက်တယ်။ ဝင်ချင်ဝင် ထွက်ချင်သလို ထွက်လို့ရတဲ့ အကာအရံမရှိတဲ့သူတာရုံမှာ ဒီအတိုင်း တက်စီးပြီး ဆင်းမှပိုက်ဆံပေးရမယ်မှတ်တာ၊ လက်မှတ်ရောင်းတာက ဟိုဘက်ခြမ်းတဲ့၊ ရထားလည်းလာနေပြီ။ နောက်ရထား ဘယ်တော့လဲဆိုတော့ နာရီဝက် ၄၅ မိနစ်လောက်တော့စောင့်ရမယ် ထင်တယ်တဲ့။

ဒုက္ခပဲ၊ ကံအားလျော်စွာ အဒေါ်ကြီးတယောက်က သူမစီးဖြစ်လို့ ပြန်ရောင်းတဲ့လက်မှတ်နဲ့ တက်စီးလိုက်တယ်။

Densha ga mairinasu. Kiiroi sen no utigawa ni osagari kudasai တို့ Doaga shimarimasu. Go chuui kudasai . တို့ ဘာတို့ ဗမာလို ရထားလာနေပါပြီ။ အန္တရာယ်ရှိလို့ အဝါရောင်လိုင်းအတွင်းသို့ ဆုတ်ပါ၊ တံခါးပိတ်ပါတော့မယ်။ သတိ ထားပါတို့ ဂျပန်တုန်းက ကြေညာသံတွေ နားထဲမှာ ကြားယောင်လာတယ်။

ဒါပေမယ့် ဘာသံမှမကြားသေးခင် ရထားကြီးထွက်တော့ အောက်ကဈေးသည်အဒေါ်ကြီးက တွန်းတင်ပေးလိုက်တော့ တံခါးမရှိတဲ့တွဲပေါ် ခြေကားယား လက်ကားယားနဲ့ ရထားပေါ်ပါသွားတော့တယ်။

ရထားပေါ်မှာတော့ ဈေးသည်မျိုးစုံ အထုတ်မျိုးစုံ၊ ကျောင်းသူကျောင်းသား လုပ်သားပြည်သူ၊ Tourist တွေပါ ခရီးသည်စုံ တဲ့အပြင် ငုံးဥပြုတ်တို့ ပြောင်းဖူးပြုတ်တို့ ဂျာနယ်တို့ရောင်းတဲ့ သူတို့တွေက တတွဲနဲ့ တတွဲ ကျော်လွှားကြ၊ ရောင်းကြ ချကြ၊ နဲ့စည်ကားနေပါတယ်။

ရထားတွဲထဲမှာ ရေးထားတဲ့ ဂျပန်လို ဦးစားပေးထိုင်ခုံတို့ တယ်လီဖုန်းများပိတ်ထားပါတို့ မီးသတ်ဘူးတို့ စာတွေကို တွေ့ ရလို့ ဂျပန်ကပေးထားတဲ့ရထားတွဲတွေမှန်း သိရပါတယ်။ ဂျပန်မှာတော့ ဟောင်းလွန်းလို့ သုံးမရတဲ့အစုတ်တွေကို ကိုယ့် တိုင်း ပြည်ကို လာပေးထားလို့ စိတ်ထဲကသိပ်မကြည်ချင်သလို ဖြစ်မိတယ်။

ဂျပန် JICA က ကပေးမယ်ဆိုလို့ စိတ်ထဲမှာ တိုကျိုက Yamanote လိုင်းလိုဖြစ်တော့မယ်အောက်မေ့တာ၊ ဒါပေမယ့် ဘေး ဘီကိုကြည့်လိုက်တော့ အမှိုက်ပုံဗရပွ၊ ရထားသံလမ်းပေါ်မှာ ပေါင်းပင်မြက်ပင်တွေက မြင်မကောင်း၊ ကွမ်းသွေးတွေ ကနေရာအနှံ့၊ ဇလီဖားတုန်းတွေ သံလမ်းတွေက ခနော်ခနဲ့၊ ရထားသံလမ်းထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ကား လမ်းဖြတ်ရထားတံခါးက နေရာတိုင်းမှာ ပြည့်စုံအောင်မရှိ။

ရထားဖြတ်သွားတိုင်း ကျွတ်ကျွတ်အိတ်တွေက လေမှာဝဲလို့ပျံနေတော့တယ်။ အမှိုက်ပုံဘူတာပေါင်းများစွာကို ဖြတ်ကျော်ပြီး သကာလ ရန်ကုန်ဘူတာကြီးလည်းရောက်ရော ပလက်ဖောင်းမရှိ။ ဟိုဘက် ဒီဘက် သံလမ်းနှစ်ခုကြားမှာ ရထားရပ်တော့ အားလုံးက ကျင်လည်စွာ ခုန်ချကြတယ်။

ကိုယ့်အလှည့်ကျ ခုန်မချရဲလို့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတော့ ဘယ်လိုဖြစ်နေတာလဲနဲ့ မေတ္တာပို့ကြလို့ အရဲစွန့်ပြီး ခုန်ချ လိုက်ရော ဖိနပ်ကကျွတ်ပြီး ဒလိမ့်ကောက်ကွေးကျလာလို့ အောက်ကလူတွေက ဆီးပြီးဖမ်းထားလိုက်လို့ ခြေကျိုး ဒူးပြဲမယ့် အဖြစ်က ချမ်းသာရရသွားတယ်။

ခုနက ငါတို့ကို ရထားတွဲအစုတ်တွေ ပေးရကောင်းလားလို့ထင်မိတာကိုသဘောပေါက်သွားတယ်။ ဗမာပြည်မှာ မြို့ပတ်ရထားတလိုင်းတောင်ကောင်းကောင်းမဖြစ်သေးပေမယ့် ဂျပန်မှာတော့ တိုကျိုမြို့တော်နဲ့ဝန်းကျင်မှာ ပုဂလိကပိုင်ရော နိုင်ငံ ပိုင်ရော မြေပေါ် မြေအောက် ခန့်မှန်းခြေလိုင်းပေါင်း ၅၀ နီးပါး (အသေးစိတ်ရေးပြီးသား ရုတ်တရက် ရှာမတွေလို့) ရှိပြီး ရ ထားလမ်းစံနစ် ထိန်းချုပ်တဲ့စနစ်တွေ ကျည်ဆန်ရထားတွေကအစ ထိပ်တန်းနည်းပညာ၊ အချိန်မှန်တာ သန့်ရှင်းတာ ရထားအတွင်း အမူအကျင့် လုံခြုံစိတ်ချရမှု ရထားလက်မှတ်ဝယ်တာမှာလည်း (လစီး-လက်မှတ်၊ ငွေသား၊ Credit ကြိုက် တဲ့နည်းနဲ့ ဝယ်နိုင်တာ၊ ကဒ်နဲ့ဝင်ပေါက်ကို ထိရုံနဲ့ တံခါးပွင့်တာ အဘက်ဘက်က တိုးတက်ပြီးဖြစ်နေပါပြီ။

ပြောချင်တာက သူများတိုင်းပြည်ကောင်းကြောင်း ကိုယ့်တိုင်းပြည်မကောင်းကြောင်း မဟုတ်ပါ။ သူများက အကူအညီပေး တာတွေဘယ်လောက်ဘဲရရ လက်ခံနိုင်ဖို့ ကိုယ့်ဘက်ကပြင်ဆင်စရာတွေ လိုက်နာစရာတွေ၊ ပြုပြင်စရာတွေ အများကြီး ရှိနေပါသေးတယ်။

ဂျပန်နိုင်ငံက အကူအညီတော့ စတင်ကူညီနေပါပြီ၊ ရထားစနစ်တခုပြောင်းပြီး နောက်ရေရှည်တည်တံ့ဖို့ ကိုယ့်တိုင်းပြည်မှာ အလေ့အကျင့်ကောင်းတွေလိုက်နာကျင့်သုံးဖို့ အစဉ်တီထွင်ကြံဆနေဖို့က အလွန်ပင် အရေးကြီးကြောင်းသတိထားမိလို့ ပါ။

ဒေါ်ချိုချိုအေးသည် Burmese Women's Union (ဂျပန်တာဝန်ခံ) International Center for Literacy and Culture ဂျပန်ပညာရေးအင်န်ဂျီအို အဖွဲ့ဝင်တဦးဖြစ်ပြီး ဆောင်းပါးများရေးသားနေသူတဦးဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းချမ်းအေး