ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - စာအုပ်



မောင်စွမ်းရည် - စာအုပ်
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇


စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့စကားကိုအဆွေစာဖတ်သူ ကြားဖူးပါစ။ ကမ္ဘာတခွင်မှာ စာအုပ်နှစ် ဆိုပြီးအထိမ်း အမှတ်ပွဲတခုလုပ်ခဲ့ဖူးတယ်။ ဗမာပြည်မှာလဲ လုပ်တယ်။ ကျွန်တော်က အသက်ကြီးလာတော့နှစ်တွေသိပ်မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကျော်လောက်ကလို့ထင်တာပါပဲ။ ထားပါတော့။ စာအုပ်ကိုအလေးအမြတ်ပြုပြီး စာအုပ်နှစ် ဆိုတာကို ပြုလုပ်ယူခဲ့ကြဖူးတယ်ဆိုတာလေးကို သိစေချင်တာပါပဲ။

စာအုပ်ဆိုတာ ဗမာလူမျိုးတွေရဲ့အိမ်မှာ- အိမ်တိုင်းရှိလိမ့်မယ်လို့မျှော်လင့်လို့တော့မရပါဘူး။ သာမန်စာအုပ်အုပ်ရဲ့ ဈေးနှုန်းဟာ မပြောပလောက်ပါဘူး။ ကွမ်းယာတယာဖိုး၊ လက်ဖက်ရည်ကော်ဖီတခွက်ဖိုးလောက်နဲ့ ၀ယ်လို့ရတဲ့ စာအုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်ကလေးတအုပ်ကိုပဲ စာမဖတ်တတ်လို့ မ၀ယ်သူလဲရှိတယ်။။ စာဖတ်တတ်ပေမယ့် စာအုပ်ဖိုးမတတ်နိုင်လို့ မ၀ယ်သူလဲရှိပါတယ်။ စာအုပ်ဖိုးလဲတတ်နိုင်ပါရဲ့၊ စာလဲဖတ်တတ်ပါရဲ့။ ဒါပေမယ့် စာမဖတ်အား မဖတ်ချင်လှို့ မ၀ယ်သူလဲရှိလေရဲ့။

တကယ်တွေးကြည့်ရင် စာအုပ်ဆိုတာ လူ့သမိုင်းမှာ ပေါ်ထွက်လာတာအလွန်အံ့သြစရာကောင်းပါတယ်။ လူသားရဲ့ အစွမ်း၊ လူသားရဲ့အရည်အချင်းဟာလဲ အလွန်အံ့သြစရာကောင်းပါတယ်။ စာအုပ်တအုပ်မှာ (၁)စာတွေရယ်၊ (၂)စက္ကူရယ် (၃)ပုံနှိပ် အတတ်ပညာရယ်- အဓိက လူ့အစွမ်းသုံးရပ် ပါရှိနေပါတယ်။

စာအရေးအသားတီထွင်အောင်မြင်ခြင်းဟာ လူသမိုင်းမှာ အလွန်ကြီးကျယ်တဲ့အောင်မြင်မှုပါ။ အခုအခါ တွေးကြည့် ရတော့ကာမှ မဆန်းသလိုပဲပေါ့။ စာ ဆိုတာ စကား ကိုအက္ခရာသင်္ကေတနဲ့ ပြောင်းလဲမှတ်သားတဲ့ ကိစ္စပါ။ စကားဆိုတာလဲ လူသားရဲ့ကြီးကျယ်တဲ့ တီထွင်မှုတခုပါပဲ။ စကားပြောတတ်တဲ့အတွက် လူသားဟာအများကြီးတိုးတက်လာခဲ့တယ်။ တဦးနဲ့ တစ်ဦးဆက်သွယ်ရေးတိုးတက်လာခဲ့တယ်။ တိရစ္ဆာန်တွေမှာ ဆက်သွယ်ရေးစကားရှိပေမဲ့ အလွန်နည်းတယ်။ လူတွေက အတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို အသံနဲ့ဖော်ထုတ်နိုင်တယ်။ အဲဒါ စကားပေါ့။ စကားက အသံပဲ။ အဲဒီအသံကို အက္ခရာ သင်္ကေတနဲ့ မှတ်သားတာကို စာ လို့ခေါ်တာပဲ။ စာကိုပေရွက်၊ ထန်းရွက်၊ ကျူရွက်၊ ငါးပြား၊ သစ်ပြား၊ ရွှံ့ပြား၊ ကျောက်ပြား၊ စက္ကူစတဲ့အပေါ်မှာ ရေးမှတ်နိုင်တယ်။ ရေးမှတ်ထားတဲ့စာကို ကမ္ဘာတည်သရွေ့တည်တဲ့နေတယ် ထိန်းသိမ်းနိုင်တယ်။ ဗမာပြည်ကနံကလျား၊ ကမ္ဘာအနှံ့အပြား ဘယ်လောက်ဝေးဝေး စာကိုယ်ကပို့လို့ရတယ် ကားနဲ့၊ သင်္ဘောနဲ့၊ လေယာဉ်ပျံနဲ့ အပြင်- အင်တာနက် အီးမေလ်နဲ့လဲ ပို့လို့ရတယ်။

စာကိုရွှံ့ပြား၊ ကျောက်ပြား၊ ပေရွက်ထန်းရွက်ပေါ်ရေးတဲ့အခါ ရေးစရာစာရွက်က ရှားပါးတယ်။ စက္ကူကိုတရုတ်လူမျိုး တွေကတီထွင်လိုက်တော့ ရေးစရာစာရွက်ပေါပေါများများရလာတယ်။ စာတမျိုးကို စာရွက်သိန်းသန်းပွားအောင်လုပ်ဖို့ ပုံနှိပ် စက်လည်းတရုတ်ကတီထွင်တယ်ပြောပေမဲ့ တကယ့်ခေတ်မီပုံနှိပ်စက်ကို လူဇင်ဘတ်ကတီထွင်တယ်။ ၁၄ရာစု အလယ် လောက်က ဂျာမန်မှာ ပုံနှိပ်စာလုံးနဲ့ ပုံနှိပ်စက်ကို တီထွင်လိုက်တဲ့အတွက် လူသားသမိုင်းဟာ အကြီးအကျယ်ပြောင်းလဲလို့ တက်သွားခဲ့ရတယ်။ ဒါကြောင့် စာအုပ်တအုပ်မှာ စာ၊ စက္ကူ၊ ပုံနှိပ်စက် ဆိုတဲ့လူသားတို့ရဲ့ မဟာတီထွင်မှုကြီးသုံးခုပါနေတယ် လို့ ဆိုလိုပါတယ်။ ဒါကြောင့် စာအုပ်ဟာ အလေးစားဖွယ်ဖြစ်ပါတယ်။

ဗမာလူမျိုးကတော့ စာတလုံးဘုရားတဆူလို့ အယူရှိတယ်။ ဗျည်း၃၃လုံး ဘုရားရှိခိုးစာကို ကျွန်တော်တို့ငယ်စဉ်က ရွတ်ဆိုခဲ့ကြရတယ်။ ကကြီးဟူသည်ကားဏ္ဍောညပုက္ကားသည်….ကစတင်ပါတယ်။ ဒါ့ကြောင့် စာအုပ်ကို မြေပေါ်မချရဘူး။ ဘုရားစာအုပ်၊ တရားစာအုပ်ဆိုရင် ဘုရားစင်ပေါ်မှာ တင်ထားလေ့ရှိပါတယ်။ ဒီဓလေ့ဟာ တောရွာမှာတော့ ခုထက်တိုင် အောင်ရှိပါသေးတယ်။ မြို့ပြမှာတော့မရှိတော့သလောက်ပါပဲ။ အမေရိကားရောက်တော့ စာအုပ်တွေလွှင့်ပစ်ထားတာ လမ်းဘေးအမှိုက်ပုံမှာ မကြာခဏတွေ့ရတတ်ပါတယ်။ ဗမာလူမျိုးက ဗမာစာအုပ်မဟုတ်ရင် ခြေနဲ့နင်းဖို့ဝန်မလေးပါ။ ဗမာစာကို အိမ်သာထဲ ယူမသွားပေမဲ့ အင်္ဂလိပ်စာရွက်နဲ့ ကလေးမစင်ကို ထုပ်ပြီးပစ်ဖို့ ၀န်မလေးပါ။ အံ့စရာပါပဲ။

ဒီတိုင်းပြည်မှာ ဗမာလူမျိုးတွေရောက်နေကြတာအများကြီး။ ဒီမှာပဲ ကျောင်းနေ၊ စာသင်၊ ဘွဲ့ရသူတွေလည်း အများ ကြီး။ စာဖတ်သူတော့ အလွန့်အလွန်နည်းပါတယ်။ ကျွန်တော်က ဖတ်မလား လို့ စာအုပ်တွေထုတ်ပေးတာတောင် မအားလို့ တဲ့။ ကျွန်တော်တို့ကတော့ အားလို့ ယားလို့ဖတ်ရတဲ့သဘောပေါ့။ အလွန်ရှားပါးတဲ့ ဗမာသတင်းစာလေးကို လက်ထဲထိုးထည့် ပေးတာတောင် ချထားခဲ့ပါတယ်။

ကျွန်တော်ကတော့ လွန်သလားမသိပါ။ အမှိုက်ပုံကို လိုက်ရှာပြီး နှိုက်ပါတယ်။ တခါတော့ ဗမာလူမျိုးနှစ်ယောက်ခုလို ပြောနေတာကို မတော်တဆကြားခဲ့ရလို့ ဇနီးအရှက်တော်ပွား၊ အမျက်တော်ထားခဲ့ဖူးပါတယ်။ ဒီမှာ ဆရာဦးစွမ်းရည် ဆိုတာ ရောက်နေတယ်ဆို၊ ဟုတ်တယ်။ ဟို-အဖိုးကြီးဟာ ဦးစွမ်းရည်ပဲ၊ သြော်….။ အမှိုက်ပုံနှိုက်နှိုက်နေတဲ့ အဖိုးကြီးဟာ ဦးစွမ်းရည် ကိုး တဲ့။

ဟုတ်ကဲ့။ နယူးယောက်မှာ အမှိုက်ပုံနှိုက်နေတဲ့ ဗမာအဖိုးကြီးကို တွေ့ရင်နှုတ်ဆက်ပါနော်။ အမှိုက်ပုံနှိုက်နေတဲ့ အဖိုးကြီးကို နှုတ်ဆက်ရမှာရှက်ရင်လဲ အဝေးကြီးကရှောင်သွားပေတော့။ ကျွန်တော် မောင်စွမ်းရည်ပါ။ အသက် ၈၀။ စာဖတ် ၀ါ- ၇၅၊ ၀ါ- ၆၂။

မောင်စွမ်းရည်
၂၀၊ အောက်တိုဘာ ၁၂