စိုးလင်း - " ရွာပုန်းကလေးတွေရဲ့ အနာဂတ်အိပ်မက်များဆီသို့ "


စိုးလင်း - " ရွာပုန်းကလေးတွေရဲ့ အနာဂတ်အိပ်မက်များဆီသို့ "
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၇

ဒီရက်တွေအတွင်း ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းစီရော ကော်မတီတွေအနေနဲ့ပါ ဆွေးနွေးသံများ ခပ်စိပ်စိပ်ကြားနေရပါတယ်။ ငြိမ်းချမ်းရေးအသံကြားရင် ကျနော်ပြေးပြေးမြင်မိတာက မငြိမ်းချမ်းနိုင်တဲ့တိုင်းရင်းသားဒေသအသီးသီးက ရွာပုန်းကလေးတွေပါပဲ။

ကျနော်က ABSDF ( ကျောင်းသားတပ်မတော် )မှာ ကာလတခုကြာ လက်နက်ကိုင်တော်လှန်ခဲ့သူတယောက်ပါ။ အဲဒီကာလအတွင်း တိုင်းရင်းသားဒေသအသီးသီးရဲ့ နယ်မြေတော်တော်များများကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အိမ်ခြေကောင်းဖွံ့ဖြိုးတဲ့ရွာကြီးတွေ အသင့်တင့်ရွာငယ်တွေ နောက် ကျနော်မေ့မရတဲ့ ရွာပုန်းလေးတွေ။

ရွာပုန်းလေးတွေဟာ အထူးသဖြင့် အဲဒီအချိန်က စစ်ပူဒေသတော်တော်များများမှာ ရှိနေတတ်ပါတယ်။
မြင့်မားတဲ့တောင်တန်းတွေကြားက တောထူထူနက်နက်ဟာ ရွာပုန်းကလေးတွေရဲ့ ဘူမိနက်သန်နေရာမှန်ပါ။ လေကွယ်လုံခြုံတိတ်ဆိတ်တဲ့ သျှိုမြှောင်တွေက ရွာပုန်းလေးတွေအနှစ်သက်ဆုံးဖြစ်တယ်။
ရွာပုန်းတွေမှာ နေအိမ်က လွန်လှရှိ လေးငါးခုပဲ။

သူတို့တွေမှာ ကိုယ်ပိုင်ယာဉ်မရှိ။လျှပ်စစ်မီးမလို။ တောကောင်ရတဲ့နေ့ ထမင်းဝိုင်းစို။ ကလေးတွေအတွက် ကျောင်းမရှိ။ကစားကွင်းမလို။ ဖျားနာရင် မိရိုးဖလာကုသဖြတ်သန်း။ အချိန်မတန်ပဲ ကြွေရတဲ့ပန်းတွေလည်း ရှိပ။

အိမ်လယ်မီးဖိုမှာ စုဝေးထိုင်။ အိမ်ဦးစီးအမျိုးသားက အသက်နဲ့မမျှ ရင့်ရော်မျက်နှာနဲ့ ပြုံးပြုံးပြ။ မည်းညစ်ညစ်ဆံစုတ်ဖွားလေးတွေက ကျနော်တို့ကိုစူးစမ်းကြည့်ကြ။ စားစရာမုန့်လေးများပေးလိုက်ရင် ပျော်လို့။ စကားမပေါက်ပေမယ့် ကျောင်းသားမှန်းသိတော့ ခင်ကြတယ်။

အဲဒီအချိန် မီးဖိုပေါ်တည်ထားတဲ့ ဟင်းရည်အိုးပွက်လာလို့ အိမ်ဦးစီးက မီးဖိုအထက်တည့်တည့်ကျပ်ခိုးစင်မှာ
ချိတ်ထားတဲ့နှီးချောင်းလေးကိုဖြုတ် မြေအိုးလေးထဲထည့်။ ခဏနှစ်ထားပြီး နှီးချောင်းလေးကိုမူလနေရာပြန်ထားတယ်။ ကျနော်စိတ်ဝင်စားလို့သေချာကြည့်တော့ နှီးချောင်းထိပ်မှာ ဝက်ခေါက်ခြောက်ဖတ်လေးထင်ရဲ့။
ဆီမရှိတဲ့ ရွာပုန်းလေးရဲ့ တောင်ယာဗူးရွက်  သုံးလေးဖတ်နဲ့ ညစာဟင်းရည်ပေါ့။

ဖြစ်မယ်ဆို တနိုင်ငံလုံးအမြန်ဆုံးငြိမ်းချမ်းစေချင်ပါပြီ။ စစ်ဖြစ်ပြီဆိုကတည်းက အရင်ဆုံးဒုက္ခတွေ့ရတာ စစ်ဖြစ်တဲ့နေရာက ဒေသခံပြည်သူတွေပါပဲ။ သုတို့ဘဝများက သနားစရာကောင်းပါတယ်။

နောက် နှစ်ဖက်စလုံးက စစ်တိုက်နေရတဲ့ရဲဘော်တွေ။ အားလုံးက တိုင်းရင်းသားညီအကိုတွေဖြစ်တယ်။
ကိုလိုနီဖြစ်တော့လည်းအတူ။ နယ်ချဲ့ကိုတော်လှန်ကြတော့လည်းအတူ။ အချင်းချင်းတိုက်နေရတာ ရင်နာစရာကောင်းပါတယ်။

စစ်ပွဲဖြစ်တော့ တိုင်းပြည်ဘဏ္ဌာနစ်နာပါတယ်။ စစ်ဖြစ်ရာဒေသကပြည်သူတွေရဲ့ ပညာရေး  ကျန်းမာရေး စားဝတ်နေရေး အစစချွတ်ခြုံကျပါတယ်။ လမ်းပန်းဆက်သွယ်ရေးပြတ်ပြီး အခြားဆက်နွယ်ရာ တော်တော်များများပါ ထိခိုက်ပါတယ်။ စစ်ပွဲတွေရပ်သင့်ပါပြီ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲအများစုဟာ နိုင်ငံရေးပြဿနာကိုအခြေခံပြီး ဖြစ်ခဲ့တယ်လို့ စာတွေမှာလည်းဖတ်ရ။သမိုင်းဖြတ်သန်းဖူးတဲ့ လူကြီးသူမများပြောတာလည်း ကြားခဲ့ရပါတယ်။

ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းခြင်းကသာ အမှန်ဆုံး အကောင်းဆုံးလို့ ယုံကြည်ပါတယ်။

အားလုံးလက်တွဲဖြေရှင်းနိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။

" ပန်းတိုင်းပွင့်ပါစေ။အနာဂတ်များ လှပါစေ။ "

photo - Moe Kyaw Thein