ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများ - အပိုင်း (၂)

 အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများ - အပိုင်း (၂)
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇


(၁)
မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ဒီမိုကရေစီစနစ် ဖြစ်ပေါ်ထွန်းကားရေးအတွက် ပြည်တွင်းနှင့် ပြည်ပ ရောက်ရှိရာနေရာတိုင်း၌ မြန်မာကျောင်းသားများအပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် နည်းလမ်းပေါင်း စုံဖြင့် ဒီမိုကရေစီတိုက်ပွဲဝင်ရာတွင် ယခုလို နှစ်သစ်ကူးအခါသမယရောက်တိုင်း တောတွင်း ထောင်တွင်း၌ မပျော်ရွှင်နိုင်ခဲ့ သော်လည်း စိတ်ဓာတ်မကျပဲ  ဖြတ်သန်းခဲ့သော  မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေး နိုင်ငံရေး သူငယ်ချင်း ရဲဖော်ရဲဖက် လုပ်ဖော်ကိုင်ဖက်များနှင့်တောတွင်း၊ ထောင်တွင်းအတွေ့အကြုံများကို အမှတ်ရနေမိသည်။

ယခုလို တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများရေးသားရခြင်းမှာ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်အား ပုံဖော်တည်ဆောက်ရန်ရည်ရွယ်ပါသည်။ ကမ္ဘာကြီးသည် ပြောင်းလဲတိုးတက်နေပေရာ အတိတ်နွံထဲတွင် နစ်မြုပ်နေမည် ဆိုပါက နောက်ကျကျန်ရစ်ခဲ့မည်မှာ မလွဲမသွေဖြစ်ပါသည်။ လက်ရှိပစ္စုပ္ပန်ကို ဓမ္မဒိဌာန်ကျကျ သိမြင်ပြီး အနာဂတ်အားရင်ဆိုင် ဖို့ရန်ကြိုးစားအားထုတ်နေစဉ်တွင် စိတ်နှင့်ကိုယ်သည်မကပ်ပဲ အတိတ်ဆီ တခါတရံ ခရီးနှင်လျက်ရှိပေသည်။

(၂)
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Special Detention Center (SDC) နိုင်ငံရေးအကျဉ်းထောင်ထဲတွင် ရဲရင့်နှင့် ရဲသီဟတို့၏ စကား ပြောသံများကို ခပ်သဲ့သဲ့ ပြန်လည်ကြားယောင်နေမိသည်။

လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော သူတို့နှစ်ယောက်သည် ဆုံးဖြတ်ထားသည့်အတိုင်ပြုလုပ်မည်ဟု တယောက် မျက်လုံး တယောက်ကြည့်ကာ ပြိုင်တူထရပ်လိုက်ကြသည်။ ထို့နောက် သူတို့ ၂ ယောက်မှ ပြောဆိုသည်မှာ ကျနော် တို့လေ ယာဉ်ကို ထခုအချိန်ကစပြီး ပြန်ပေးဆွဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ တချိန်ထဲမှာပဲ ကြောက်လန့်နေသော ခရီး သည်များကို အကြောက်ပြေလို ပြေငြား ပြောဖြစ်ခဲ့သည်မှာ ကျနော်တို့ဟာ မြန်မာကျောင်းသားတွေဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်မည်မဟုတ်ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီအရေးကို ကမ္ဘာက သိအောင်ယခုလို လုပ်ရကြောင်း ပြောဆိုရှင်းပြခဲ့ပေသည်။

သူတို့ ၂ ယောက်လုံး၏ ရင်ခုန်နှုန်းသည်မြန်နေပြီး ဘယ်အရာကို စလုပ်ရမည်ကို တိုင်ပင်ထားသည့်အတိုင်း ချိန်ကိုင်လုပ်ရ သည်မှာ ထင်သလောက်မလွယ်ကူပေ။ လေယာဉ်နောက်ပိုင်းမှ ထိုင်ပြီး လိုက်ပါစီးနင်းလာသော ခရီးသည် စစ်ယူနီဖောင်း ဝတ်ထားသည့် လူကိုလည်း တစုံတခု ထလုပ်လေမလားဟု သတိထားစောင့်ကြည့်နေခဲ့သည်။ ပါးစပ်မှလည်း မိမိတို့ပြောဆို သည့်အတိုင်း မလိုက်နာပါက လေယာဉ်ကို ဖောက်ခွဲပစ်မည်ဟုလည်း ပြောဆိုနေခဲ့ရပေသည်။

ပြည်သူ့ဘဝ စစ်ဖိနပ်အောက်က လွတ်မြောက်ရေးအတွက် အသက်စွန်စားလုပ်ဆောင်ခဲ့သော ၁၉၈၉ ခုနှစ် အောက်တိုဘာ လတွင် ဖြစ်ပွားခဲ့သော မြန်မာကျောင်းသား ၂ ဦးဖြစ်သည့် ရဲရင့် ၊ ရဲသီဟတို့၏ လေယာဉ်ပြန်ပေးဆွဲမှုက ကမ္ဘာကျော်ခဲ့ပေသည်။

အထက်ပါ အချက်အလက်များသည် သူတို့ကိုယ်တိုင်ခံစား ရင်ဖွင့်ချက်များဖြစ်ပေသည်။ သို့သော် အောက်ပါ သတင်းအချက် အလက်များသည် လေယာဉ်ပြန်ပေးဆွဲသည့်အကြောင်းကို သတင်းစာများတွင် ဖော်ပြချက်ဖြစ်ပေသည်။

၁၉၈၉ ခုနှစ် အောက်တိုဘာလ ပထမပတ်တွင် မြန်မာ့လေကြောင်းပိုင် ဖော်ကာ (Fokker 28 ) သည် ခရီးသည် ၈၃ ယောက် ကိုတင်ဆောင်ကာ မြိတ်မြို့မှ ရန်ကုန်သို့ ဝေဟင်ပေါ်ဝယ် ပျံသန်းလျက်ရှိခဲ့သည်။ များမကြာမီ ရဲရင့်နှင့် ရဲသီဟခေါ် အသက် ၂ဝ ကျော် လူငယ် ၂ ဦးမှ မိမိတို့သည် မြန်မာကျောင်းသားများဖြစ်ပြီး လေယာဉ်ကို ပြန်ပေးဆွဲလိုက်ပြီ ဖြစ်ကြောင်းကြေညာ ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အရှေ့တောင်ဖက် ၈ဝ ကီလိုမီတာအကွာအဝေး၌ရှိသော ထိုင်းစစ် စခန်း ရှိရာ U-Tapao တွင်ဆင်းသက်ခွင့်တောင်းကာ ခရီးသည် ၈၃ ယောက်မှ ၃၃ ယောက်ကိုလွှတ်ပေးလျက် ကြေညာချက်တ စောင် ထုတ်ပြန်ခဲ့ပေသည်။

ရဲရင့်နှင့်ရဲသီဟတို့မှထုတ်ပြန်သော အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံ၌ ဖမ်းဆီးထိမ်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်း သားများအား မြန်မာစစ်စစ်အစိုးရမှ လွှတ်ပေးရန်၊ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကို မြန်မာစစ်အစိုးရမှ ကျင်း ပပြုလုပ်ရန်၊ ၁၃ လကြာပြီဖြစ်သော မာရှယ်လောစစ်ဥပဒေကိုရုပ်သိမ်းကာ စစ်တပ်မှ စစ်တမ်းလျားသို့ပြန်ရန် တောင်းဆိုခဲ့ကြ ပေသည်။ အဆိုပါတောင်းဆိုချက်များ မလိုက်လျောပါက လေယာဉ်ကို ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာကျောင်းသား ၂ ဦးသည် ၁ဝ နာရီနီးပါးမျှ ထိုင်းအာဏာပိုင်များနှင့် အကြေအလည်ဆွေးနွေးးပြီးသည့် အခါ နားလည်မှုတစုံတရာရရှိကာ လေယာဉ်ပြန်ပေးဆွဲမှုကို အဆုံးသတ်ခဲ့ပေသည်။ ထိုအချိန်က ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ် Thienchai Sirisamphan မှ လေယာဉ်ပြန်ပေးဆွဲခဲ့သော မြန်မာကျောင်းသား ၂ ဦးကို ထိုင်းနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်ပေးမည် မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပေသည်။

အောက်ပါလင့်များသည် ထိုအချိန်က ဖော်ပြသော သတင်းများဖြစ်ပါသည်။
http://www.upi.com/Archives/1989/10/09/Thailand-to-try-Burmese-students-for-hijacking/7220623908800/

http://www.nytimes.com/1989/10/07/world/two-burmese-hijack-plane-then-surrender.html

(၃)
ခေတ်မီ တိုးတက်ပြောင်းလဲနေသော ဘန်ကောက်မြို့ကြီးသည် မည်သို့ပင် မိုးမျှော်တိုက်ကြီးများရှိစေကာမူ စိတ်၏  ပျော်ရွှင် မှုကို မပေးနိုင်ပေ။ စစ်အာဏာရှင်စနစ်အောက်ရှိ ယိုင်နဲ့နဲ့တဲများနှင့် တိုက်စုတ် တိုက်ပျက် တိုက်ပုများ ပြည့်နှက်နေသော အမိမြေ မြန်မာပြည်ကိုသာ စိတ်မချမ်းမသာ သတိရနေမိသည်။ ထို့ကြောင့် ယခုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Special Detention Center (SDC) နိုင်ငံရေးအကျဉ်းထောင်တွင် ၁၉၉၁ ခုနှစ် နှစ်လယ်မှ ၁၉၉၂ ခုနှစ် နှစ်သစ်ကူးအချိန်ထိ မတရားထိမ်းသိမ်းဖမ်းဆီးအကျဉ်းကျခံနေရစဉ် မပျော်ရွှင်ပဲ စိတ်ထွက်ပေါက်ရလိုရငြား ကျနော်သည် တောင်စဉ်းစား မြောက်စဉ်း စားလုပ်နေခြင်း ဖြစ်ခဲ့သည်။

တချိန်ထဲမှာပင် မြန်မာပြည်တွင် စစ်အစိုးရသည် ၁၉၉ဝ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ပြည်သူ့ကိုယ်စားလှယ်များအား အာဏာမလွှဲပြောင်းယုံမက လူထု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချခဲ့ပြီး ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တက်ကြွစွာပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေး၌ တက်ကြွစွာ ပါဝင်သော ရဟန်းရှင်လူ  ပြည်သူလူထုကိုလည်း ထောင်နှစ်ရှည်ချမှတ်ခြင်း ခံနေရချိန်လည်း ဖြစ်ခဲ့ပေသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော  မြန်မာကျောင်းသားများအပါအဝင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသောအဖွဲ့ များသည် ကမ္ဘာ့ ကုလသမဂ္ဂ၊ နိုင်ငံတကာ သံရုံးများ၊ NGO များ၊ ထိုင်းကျောင်းသားများ၊ ထိုင်းနိုင်ငံရေးပါတီများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံလျက် ဘန်ကောက်သည် မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးပါလျက်ရှိရာ ထိုင်းအစိုးရမှ မြန်မာစစ်အစိုးရနှင့် ပူး ပေါင်းကာ မြန်မာ့ဒီမိုကရေစီအရေးအား စနစ်တကျ ဖြိုခွင်းနေချိန်လည်း ဖြစ်ပုံရပါသည်။ထိုအချိန်က မြန်မာကျောင်းသားများ နှင့် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများသည် ဘန်ကောက် ချူလာလောင်ကွန်တက္ကသိုလ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်များအပါအဝင် ထိုင်းကျောင်းသားများ၊ ထိုင်းနိုင်ငံရေး အတိုက်အခံပါတီများ၊ ထိုင်းနိုင်ငံရေးတက်ကြွသူများနှင့် ပူးတွဲလျက် PP21 People's Forum ပြည်သူ့ညီလာခံကိုကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးအား ကမ္ဘာသိအောင် ပြုလုပ်ခဲ့ကြပေ သည်။

မြန်မာစစ်အာဏာရှင်များနှင့် ထိုင်းအာဏာပိုင်များမှလည်း စီးပွားရေး၊ နိုင်ငံရေးအကျိုးအမြတ်ကိုကြည့်ကာ ထိုင်းနိုင်ငံတွင် ကုလသမဂ္ဂလက်အောက်တွင် ခိုလှုံနေခဲ့သော မြန်မာကျောင်းသားများကို နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိမ်နှင်းနေခဲ့ပေသည်။ မြန် မာကျောင်းသားများသည် လှေခွက်ကြီးကျန် အလံမလှဲ စိတ်ဓာတ်ဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို တောတွင်း၌ လက်နက်ကိုင်တော်လှန်ရေးလုပ်ကိုင်နေသလို ထိုင်းနိုင်ငံ ဘန်ကောက်တွင် နည်းမျိုးစုံဖြင့် တက်ကြွစွာ နိုင်ငံရေးလှုပ်ရှားနေချိန်လည်း ဖြစ်ခဲ့ပေသည်။

ဘန်ကောက်မြို့ရှိ ဟောင်းနွမ်းခြင်းကိုဖက်တွယ်ထားသည့် ရဲသင်တန်းကျောင်းအဆောက်အဦးကြီးသည် Special Detention Center (SDC) နိုင်ငံရေးအကျဉ်းထောင်ကြီးဖြစ်လျက် ကျနော်အပါအဝင် မြန်မာကျောင်းသား (၁ဝဝ) နီးပါးသည် မတရား ဖမ်းဆီးအကျဉ်းကျခံနေခဲ့ရသည်။  ထိုင်းအစိုးရမှ ရဲဌေး (လူအိမ်) အပါအဝင် မြန်မာကျောင်းသားများကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလက်ထဲလွှဲပြောင်းမှုကြောင့် ကျနော်တို့ မြန်မာကျောင်းသားကျောင်းသူ (၃) ယောက်သည် ဘန်ကောက်မြို့ ၏ IDC (Immigration Detention Center) ရှေ့တွင် ဆန္ဒပြရာ IDC အကျဉ်းထောင်၊ ပုံစံထောင်၊ လယောင်ဘန်ကောက် ထောင်ကြီး စသော ထောင် ၃ ထောင်ပြောင်းရွှေ့ ပြီး နောက်ဆုံး လွှတ်ရက်မသိပဲ

(SDC) နိုင်ငံရေးအကျဉ်းထောင်ကြီးတွင် ဖမ်းဆီးခံနေရခြင်း ဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ကျနော်သည် လေယာဉ်ပြန်ပေးဆွဲခဲ့သော ဒီမိုကရေစီသူရဲကောင်းများနှင့်ဆုံတွေ့ရန်အကြောင်းက ဖန်လာခဲ့ပေ သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းထောင်သည် ထိုင်းနိုင်ငံ နိုင်ငံရေးအရေးအခင်းဖြစ်ပွားစဉ်က ထိုင်းကျောင်းသားများအပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးထိမ်းသိမ်းခဲ့သော ထောင်ဖြစ်ခဲ့ပါသည်။ ထိုင်းစစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် အချုပ်ခန်းထဲတွင် ထိုင်းကျောင်းသားများ သေဆုံးခဲ့ကြောင်းလည်း သိရှိခဲ့ရပေသည်။

ကျနော် အမှတ်ရသမျှ SDC နိုင်ငံရေးအကျဉ်းထောင်သည် သုံးထပ်အဆောက်အဦးဖြစ်ပြီး ဒုတိယထပ်ရှိ အချုပ်ခန်းတခုစီ သည် ခန့်မှန်းချေ အလျား ပေ ၆ဝ အနံ ပေ ၃ဝ ရှိသော အခန်း (၃) ခန်းသည် မြန်မာကျောင်းသားများကို ချုပ်နှောင်ဖမ်းဆီး ထားပြီး အလျား ပေ ၂ဝ ၊ အနံ ပေ ၁ဝ ရှိသော အခန်းကျဉ်းလေးသည် ကျနော်တို့ (၃၈) ယောက်နှင့်အတူ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသော ဖိုးသက် (ဖိုးဇီဝ)၊ အဖွားကြီး (နာမည်ရင်းမေ့)၊ မမြင့်မြင့်စန်း ကျောင်းသူ ၃ ယောက်တို့အား ချုပ်နှောင်ထား ခဲ့ပေသည်။ ကျနော်တို့အခန်း၏ အပေါ်ထပ်တွင်မူ မြန်မာ့ဒီမိုကရေစီအရေးကို ကမ္ဘာကသိရှိစေရန်ရည်ရွယ်ချက်ဖြင့် လေ ယာဉ်ပြန်ပေးဆွဲခဲ့သော ရဲရင့် (ကိုသန်းစိုး)၊ ရဲသီဟ (ကိုစန်းနိုင်) တို့ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပေသည်။

SDC တွင်ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသော မြန်မာကျောင်းသား ၃၈ ယောက်ကို မှတ်မိသလောက်ဖြော်ပရသော် -မြန်မာသံရုံးကို ဝင်ရောက် စီးနင်းခဲ့သော ကိုကျော်နီ (ဂျော်နီ)၊ ကိုအောင် (စောဘွဲ့ မှူး၏တပည့် လအောင်ကြီး)၊ ကိုစိုးလွင်၊ ကိုငြိမ်းချမ်း၊ ကိုလှမော်၊ ကိုနီထွန်း၊ ကိုစိုးစိုး၊ ကိုမိုးမြင့်၊ ကိုညီညီအောင်၊ ကိုဆန်းတင့်ကျော်၊ ကိုတင်မြင့်၊ ကိုမောင်မောင်လေး၊ ကိုပြည် လင်းထူး၊ ကိုလင်းအောင် (ဧရာ)၊ ကိုဘသာ၊ ကိုနေစိုး၊ ကိုငွေစိုး (ကွယ်လွန်)၊ ကိုဝင်းမြင့် (ကွယ်လွန်)၊ ကရင်ကြီး ( ငြိမ်းငြိမ်း )၊ ကိုမျိုးအောင်၊ ကိုကျော်ကျော်၊ ကိုဇော်ကြီး၊ ကိုမင်းနိုင်အောင်၊ ကိုလတ်၊ ကိုကျော်နိုင်၊ ကိုဇော်နေယျ (မင်္ဂလာ)၊ ဇော် ဇော်လေး (ကွယ်လွန်)၊ ကိုဗလိုင်၊ ကိုရွှေလ၊ ကိုသက်နိုင်တို့ကို အမှတ်ရနေသေးသည်။

မူလပထမတွင် အဆိုပါ နိုင်ငံရေးအကျဉ်းထောင်တွင် ဖမ်းဆီးခံမြန်မာကျောင်းသားများအနေဖြင့် ရဲရင့် ၊ ရဲသီဟတို့နှစ်ယောက် သာရှိသော်လည်း ထောင်သို့ ကျနော်တို့ မြန်မာကျောင်းသားကျောင်းသူ ၃၈ ယောက်ရောက်လာသောအခါ အင်အားတောင့် တင်းသွားခဲ့ပေသည်။ ထို့နောက် IDC (Immigration Dention Center) မှ လွှဲပြောင်းရောက်ရှိလာသည့် မြန်မာကျောင်း သားများနှင့် တရုတ်သံရုံးရှေ့ တွင် ဆန္ဒပြမှုဖြင့် ရောက်ရှိလာသည့် ကိုမောင်မောင်သန်း၊ ကိုဇော်မင်း၊ ကိုဖိုးချွန် (ကွယ်လွန်) ၊ ကိုထွန်းရှိန်၊ ကိုသိန်းထွန်း၊ ကိုပါပ၊ ကိုအီးကုန်း (နာမည်ရင်း မေ့နေ)၊ ကိုရောင်နီဦး၊ ကိုမင်းစိန်၊ ကိုသက်ဦး၊ ကိုချင်း စသော မြန်မာကျောင်းသားများ ထောင်သို့ထပ်မံရောက်ရှိလာပေရာ စိတ်ဓာတ်ကျမှုများ တဒင်္ဂပြေပျောက်ကာ  မြန်မာ့ဒီမိုကရေစီရေး အတွက် အားဆေးတခွက်ပင် ဖြစ်ခဲ့ပေသေးသည်။ ဆိုလိုသည်မှာ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်သော မြန်မာကျောင်း သားများသည်  ဒီမိုကရေစီရေးအတွက်အရေးကြုံလျှင် လက်မနှေးသောညီညွတ်ကြလျက် ပုံစံမျိုးစုံဖြင့် ထောင်ထဲသို့ လာ ရောက်ပေါင်းစည်းကြသလို ဖြစ်နေသောကြောင့် ဖြစ်ခဲ့ပေသည်။

(လွန်ခဲ့သော ၂၅ နှစ်ကျော်ကအဖြစ်အပျက်မို့ တချို့နာမည်များမေ့ကျန်ခဲ့သည်ကို နားလည်ခွင့်လွှတ်ပါ။)

 (၄)
နိုင်ငံရေးအကျဉ်းထောင်၏ ကျနော်နေသောအချုပ်ခန်းသည်  ပြတင်းပေါက်တခုသာရှိကာ အခန်းထဲ၌ နေရောင်ခြည် လုံလုံ လောက်လောက် မရရှိခဲ့ပေ။ SDC ထောင်မှအချုပ်ခန်းသည် ပုံစံထောင်၊ လယောင်ထောင် (ဘန်ကောက်ထောင်ကြီး)တို့ကဲ့ သို့ အပြင်ထွက်ခွင့်မရှိသဖြင့် မြေကြီးအားမနင်းဖြစ်သည်မှာလည်း ရက်မှသည် လသို့ပင် ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။

ကျနော်တို့ကို ဖမ်းဆီးထိမ်းသိမ်းထားသော ထိုင်းနိုင်ငံ ဘန်ကောက်ရှိထောင်သည် နိုင်ငံရေးအကျဉ်းထောင်ဖြစ်သဖြင့် ဖမ်း ဆီးခံ မြန်မာကျောင်းသားများ စစ်တုရင် (ချက်စ်) ကစားခွင့်၊ စာရေးစာဖတ်ခွင့် ရှိသည်။ကျနော်အနေဖြင့် ဖမ်းဆီးခံရနေစဉ်တွင် အားလုံး၏ စိတ်ဓာတ်မြှင့်တင်ရေးအတွက် အယ်ဒီတာလုပ်ကာ မဂ္ဂဇင်းတစောင်ကို ထောင်ထဲမှ စုပေါင်းထုတ်ဝေခဲ့သည်ကို အမှတ်ရနေသေးသည်။ အချုပ်ခန်း (၄) ခန်းတွင် ဖမ်းဆီးခံရသော ကျောင်းသားကျောင်းသူများမှ ကျနော့ထံစာမူများ ပေးပို့ ခဲ့ကာ ကျနော်မှတည်းဖြတ်ပြီး စာမူကို ရွေးချယ်လျက် ထောင်ပြင်ပရှိ ကိုအောင်ကြီးအပါအဝင် မြန်မာကျောင်းသားများမှ စာအုပ်ကို ပုံနှိပ်ပေးခဲ့ပါသည်။ ထိုအခါက လက်ခံရရှိသောစာမူများများစွာရှိသဖြင့် အဆိုပါစာအုပ်သည် စာမျက်နှာ များများ စားစား နေရာပေးခဲ့သော်လည်း စာမူတော်တော်များများကို မဂ္ဂဇင်း၌ မဖော်ပြဖြစ်ခဲ့ပေ။

ကျနော် အယ်ဒီတာလုပ်သော ၎င်းစာအုပ်ကိစ္စမှာ စာမူပေးပို့သော ကိုလတ် (သြစတြေးလျ) အား သူ့စာမူကို စာအုပ်မှာ မ ဖော်ပြမိသည့် အတွက် ၂၅ နှစ်ကျော်အကြာ မကြာသေးခင်ကမှ အကျိုးအကြောင်းပြောပြပြီး တောင်းပန်ခဲ့ရပါသည်။ ကို လတ်က ကျနော့ကို ဒဂုန်တာရာဟု တင်စားပြောဆိုသူဖြစ်ပြီး ကဗျာရေး စာရေး ဝါသနာပါသူမို့ သူရေးသောစာများအား အလေးထားဖတ်ပါသည်။

မှတ်မိသမျှစာအုပ် မဂ္ဂဇင်းအား ကိုမင်းကျော်ခိုင်နှင့် ကိုမင်းနိုင်အောင်တို့မှ ပန်းချီရေးဆွဲကာ ကျနော် အောင်ခိုင်မြင့် (မင်း ရဲကျော်စွာ)၊ လင်းအောင် (ဧရာ)၊ ဝင်းအောင် (သြစတြေးလျ) ၊ ဖိုးရွှေလ (ဖင်လန်)၊ ကိုစိုးစိုးနှင့် မမြင့်မြင့်စန်း (သြစတြေးလျ )၊  ဖိုးသက် (အမေရိကန်)၊ ကိုဘသာ၊ ကိုရာဇာ (အမေရိကန်)၊ ကိုဗလိုင် ( ဒိန်းမတ်) မှ ကဗျာများ ဆောင်းပါးများရေးသားခဲ့ ကြောင်း တချို့ကို မှတ်မိနေပေသေးသည်။ ကျနော်သည် ထောင်ထဲတွင် ဖမ်းဆီးထိမ်းသိမ်းခံရသော တနှစ်နီးပါးကို ကဗျာ ရွတ်ခြင်း၊ သီချင်းဆိုခြင်း၊ အင်္ဂလိပ်စာ သင်ပေးခြင်းဖြင့် ကုန်ဆုံးစေခဲ့ပါသည်။ ထိုင်းနိုင်ငံ နိုင်ငံရေးအကျဉ်းထောင်ထဲမှ စာ အုပ်ထုတ်ဝေခြင်းအကြောင်းအား အိုတာဝါ ကနေဒါသို့ စာပေဟောပြောပွဲကိစ္စဖြင့် လာရောက်လည်ပတ်ခဲ့သော ကဗျာ ဆရာကြီး ဦးတင်မိုးအားပြောပြရာ မြန်မာပြည်ကထောင်မှာ စာရွက်ပင်ယူဆောင်ခွင့်မရှိလောက်အောင် စစ်အစိုးရက ဖိနှိပ် ဖမ်းဆီးကြောင်း သူ့ထောင်တွင်း အတွေ့ အကြုံများအား ကျနော်တို့ကို ပြောပြခဲ့ပါသည်။

ကျနော်တို့မြန်မာကျောင်းသားများ ထိုင်းနိုင်ငံ၌ ထောင်ကျမှုသည် မြန်မာပြည်ထောင်ထဲတွင် စစ်အာဏာရှင်လက်အောက်၌ ထောင်နှစ်ရှည်ကျသူများနှင့်နှိုင်းစာလျှင် စာမဖွဲ့လောက်သော်လည်း ပြည်တွင်းမှ မြန်မာကျောင်းသားများအပါအဝင်ဒီမိုကရေစီရေးလှုပ်ရှားသူများအတွက် ပြည်ပရောက် မြန်မာကျောင်းသားများက ရောက်ရှိရာအရပ်မှာ မြန်မာပြည်တွင်း စစ်အာဏာ ရှင်စနစ် ပြုတ်ကျရေး ဒီမိုကရေစီရေးအတွက် တက်ကြွစွာလှုပ်ရှားခဲ့သည့် သမိုင်းတစိတ်တပိုင်းအား အမှတ်တရ ပြောပြရ ခြင်းဖြစ်ပါသည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် အတိုက်အခံ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ် ဆုပေးကြောင်း ကြေငြာချိန်တွင် ကျနော်တို့သည် အဆိုပါ Special Detention Center (SDC) နိုင်ငံရေးအကျဉ်းထောင်ကြီး ၌ လွတ်ရက်မသိ ဖမ်းဆီးထိမ်းသိမ်းခံနေရချိန်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသတင်းကြားကာ ဖမ်းဆီးထိမ်းသိမ်းခံ မြန်မာ ကျောင်းသားများ စိတ်ဓာတ်အင်အားတက်လျက် အချုပ်ခန်းများတွင် အစည်းအဝေးများ ၃၊ ၄ ရက် လောက်လုပ်ကာ လွတ်ရက်မသိပဲ ထိမ်းသိမ်းခံကျောင်းသားများ ထောင်မှလွှတ်ပေးရန် ထိုင်းအစိုးရအား အစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြပေ သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ကုလသမဂ္ဂမှလည်း မြန်မာကျောင်းသားများအရေးအတွက် ထိုင်းအစိုးရကို မည်သို့မျှ ဖိအားမပေးနိုင်သဖြင့် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရန် မြန်မာကျောင်းသားများအနေဖြင့် အစာငတ်ခံဆန္ဒပြခြင်းကို ရွေး ချယ်ခဲ့ကြပေသည်။

ထိုအစာငတ်ခံ ဆန္ဒပြရခြင်း ရည်ရွယ်ချက် အကြောင်းအရင်းများကို ထောင်ထဲမှ ဖမ်းဆီးထိမ်းသိမ်းခံ ကျောင်းသားအများစု၏ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ကျနော်မှ မြန်မာလိုကြေညာချက် စတိတ်မင့်ရေးသားခဲ့ပြီး ကိုမိုးမြင့်မှ အင်္ဂလိပ်လို ဘာသာပြန်ရေးသားခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် မြန်မာပြည်ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်စနစ်အောက်မှ မြန်မာ ပြည်လွတ်မြောက်ရေး၊ မြန်မာပြည်၌ ဖမ်းဆီးထိမ်းသိမ်းခံနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအား ကမ္ဘာ့ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများမှ ဝိုင်းဝန်းအကူအညီပေးရေးကိုတောင်းဆိုခြင်း၊ ထိုင်းနိုင်ငံ ဘန်ကောက် နိုင်ငံရေးအ ကျဉ်းထောင်၌ မတရားဖမ်းဆီးထိမ်းသိမ်းခံ မြန်မာကျောင်းသားများအား ထိုင်းအစိုးရမှ လွှတ်ပေးရေး၊ မြန်မာကျောင်းသား များအား ထိုင်းအစိုးရမှ ဖမ်းဆီးကာ မြန်မာစစ်အစိုးရထံ ပြန်မပို့ ရေးတို့ပါဝင်ခဲ့ပါသည်။ထိုကြေငြာချက် ကို ကမ္ဘာ့ ကုလသမဂွှ အပါအဝင် သက်ဆိုင်ရာ သံရုံးအသီးသီးသို့ ပြင်ပမှ မြန်မာကျောင်းသားများ၏ အကူအညီဖြင့် ပေးပို့ခဲ့ကြပါသည်။

ထို့နောက် အစာငတ်ခံ ဆန္ဒပြသည့် နေ့ မှစတင်ကာ ထောင်တွင်းရှိ တာဝန်ရှိထိုင်းရဲများအား မြန်မာကျောင်းသားများအတွက် နေ့စဉ် ပုံမှန် အချုပ်ခန်းထဲသို့ နံနက် တကြိမ်၊ ညနေတကြိမ် ယူဆောင်နေသော ထမင်းဟင်းများကို အချုပ်ခန်းထဲသို့ မသွင်း ရန် ကျနော်တို့မှ တောင်းဆိုခဲ့ကြပေသည်။  ကျနော်တို့သည် ရေသောက်ပြီး နေ့နှင့် ညများကို အစာငတ်ခံဆန္ဒပြရင်း ဖြတ် သန်းခဲ့ပါသည်။

( ၅)
ပြဿနာများဖြင့် နပမ်းလုံးနေသော ကမ္ဘာကြီးသည် ပြဿနာအဟောင်းများနေရာတွင် ပြဿနာအသစ်များကို အစားထိုး လျက် အမှောင်ထဲက ဒုက္ခရာက်နေသူများအား မသိကျိုးကျွံပြုခဲ့ပေပြီ။ ကမ္ဘာ့ကုလသမဂ္ဂကိုယ်တိုင်မှ ထိုင်းနိုင်ငံ ဘန်ကောက် ၌ ဖမ်းဆီးထိမ်းသိမ်းခံနေရသော ကုလသမဂ္ဂလက်အောက်ခံ မြန်မာကျောင်းသားများအရေးကို တာဝန်ယူမှုကင်းမဲ့နေလျှင် ကမ္ဘာမြေတွင် လုံခြုံစိတ်ချရသောနေရာသည် အမှန်တကယ်ပျောက်ဆုံးနေခဲ့ပြီလား စသောမေးခွန်းများ ဦးနှောက်ထဲ ပြည့် နှက်နေခဲ့ပေသည်။

ကျနော်သည် အချုပ်ခံနေခဲ့ရစဉ်တွင် အချုပ်ခန်း၏ ဝင်ပေါက် အရှေ့ ဖက် သံတိုင်ဘေး၌ လူတကိုယ်စာ ပျဉ်ကြမ်းခင်းတွင် အိပ်ဖို့ နေရာတနေရာရခဲ့ပါသည်။ ကျနော်အိပ်သောနေရာ၏ ရှေ့တွင် အချုပ်ခန်း အိပ်သာတည်ရှိခဲ့သည်။ ကျနော့ ဘေးတွင် ကဗျာရေးဖက် ဖိုးရွှေလသည် စာအုပ်၌ရေးသားပြီးသမျှ ကဗျာများ ဆောင်းပါးများအား ကျနော့်ကို ပေးဖတ်ခဲ့သလို ကျနော်မှလည်း ရေးသားပြီးခဲ့သော ကဗျာများ စာများအား သူ့ ကိုပေးဖတ်ခဲ့ကာ  ကဗျာအကြောင်း၊ စာအကြောင်း၊ မြန်မာစစ် အာဏာရှင်လက်ထဲရောက်ခဲ့သော ကျနော်တို့နှစ်ယောက်လုံး၏ သူငယ်ချင်း ရဲဌေးအကြောင်း နိုင်ငံရေးအကြောင်း တနေ့ တမျိုးမရိုးရအောင် ဆွေးနွေးဖြစ်ခဲ့ပေသည်။ လက်ရှိနိုင်ငံရေး အခြေအနေများအား ကိုစိုးလွင်၊ ကိုနီထွန်း၊ ကိုကျော်နီ၊ ကို ငြိမ်းချမ်း၊ ကိုလှမော်၊ ကိုဆန်းတင့်ကျော်၊ ကိုမိုးမြင့်၊ ကိုသိန်းထွန်း၊ ကိုစိုးစိုး၊ ကိုတင်မြင့်၊ ကိုလင်းအောင်တို့နှင့် ထောင်ထဲ၌ အချေအတင် ဆွေးနွေးခဲ့မှုကိုလည်း အမှတ်ရနေခဲ့သည်။

ဖိုးရွှေလ၏ ကလောင်အမည်မှာ ရောင်ဏီဖြစ်ပြီး ရဲဌေးအကြောင်း သူရေးသည့်ဆောင်းပါးအမည်ကို ကျနော်က ခေါင်းစဉ်တပ် ပေးခဲ့သည်မှာ အမှန်တရားတိုက်ပွဲ ခပ်ရဲရဲပဲဟေ့ကို အမှတ်တရရှိနေခဲ့မိသည်။  သူ၏ဆောင်းပါးမှာ လယောင် ဘန်ကောက် ထောင်ကြီး၌ ထောင်ကျနေခဲ့စဉ်တွင် စီးကရက်ဆေးလိပ်သောက်စရာမရှိခဲ့သဖြင့် ပွတ်ချွန်းခေါ် စက္ကူထဲ ဆေးရွက်ကြီးများ ထည့် ပြီးသောက်ရသော ဆေးလိပ်ကိုလိပ်ရန် စက္ကူအားယူလိုက်စဉ် ထိုယူလိုက်သောစာရွက်၌ ရဲဌေး၏ ကဗျာကိုတွေ့ လိုက်ရာ ဆေးလိပ်သောက်ချင်စိတ်ပင်ပျောက်သွားခဲ့ကြောင်း ဖြစ်ပေသည်။ ကျနော်တို့ နှစ်ယောက်စလုံးသည် ထောင်ကျခဲ့ သည်မှာ (၆) လကြာမြင့်လာသောအခါ မရိတ်ပဲထားသည့် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများကြောင့် ယခုမှ ကဗျာသမား စာ သမားရုပ် ပိုပေါက်နေသလားဟု အထင်ရောက်စေခဲ့ပါသည်။

ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြသော ပထမတရက် နှစ်ရက်တွင် ကျနော်သည် ဆာလောင်မွတ်သိပ်မှုက အူထဲတွင် လှိမ့် နေအောင် ဝင်ရောက်လာသဖြင့် အဆာပြေရေကိုသာ အငမ်းမရသောက်နေမိခဲ့သည်။ ကျနော့်လက်နှစ်ဖက်သည် အချုပ်သံ တိုင်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး အစာငတ်ခံဆန္ဒပြနေခဲ့စဉ် ထိုအချိန်က စိတ်ထဲတွင်လည်း အမှန်တရား အတွက် တိုက်ပွဲဝင်နေသဖြင့် အသက်ကို အသေသာခံသွားမယ်၊ ငါသေသွားခဲ့သော် တိုင်းပြည်နှင့် လူမျိုးအတွက်မို့ ငါ့ကိုယ်ငါ ဂုဏ် ယူတယ် စသည်ဖြင့် ကိုယ့်ကိုကိုယ် အားပေးနေခဲ့သလို အချုပ်ခန်းထဲရှိ သူငယ်ချင်း ရဲဖော်ရဲဘက်များကိုလည်း အားပေးနေ ခဲ့ရပေသည်။ အချုပ်ခန်းထဲတွင်လည်း ကျနော့လို အစာငတ်ခံဆန္ဒပြသော ရဲဖော်ရဲဘက် သူငယ်ချင်းများသည် ဆာလောင်မှု ကြောင့် မျက်နှာများသည် ညှိုးနွမ်းသောအသွင်ကိုဆောင်နေသော်လည်း မမှိတ်မသုံသော ယုံကြည်ချက် ၊ရည်မှန်းချက်များ ဖြင့် သူတို့၏ မျက်လုံးများ၌ အရောင်တောက်ပလျက် မြန်မာကျောင်းသားများ၏ ရဲစွမ်းသတ္တိအား ကမ္ဘာကြီးနှင့်အတူ မြန်မာ စစ်အစိုးရ၊ ထိုင်းအစိုးရနှင့် အချုပ်ထောင်ရှိ ထိုင်းရဲများအား ပြသနေသလား အထင်ရောက်ခဲ့ရသည်။

ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြပွဲ ၄ ရက် ၅ ရက်ကြာလာချိန်တွင် စိတ်အစဉ်သည် ငတ်မွတ်ခြင်းကိုခံနိုင်သော အရှိန်ရလာ သည်ဟု ထင်ရသော်လည်း ခန္ဓာကိုယ်သည် သိသိသာသာ အားအင်ကုန်ခမ်းလျက် မိမိကိုယ်ကို မိမိသယ်ဆောင်ကာ လက်တကမ်းမျှ ကွာဝေးသည့် အိမ်သာကိုတောင် မသွားချင်လောက်အောင် ဖြစ်လာခဲ့ရပေသည်။ စိတ်ထဲ၌  နေ့ နှင့်ညသည် တထပ်ထဲကျသွားသလိုထင်ရပြီး အရာရာသည် အမှောင်ကျနေသည့်အလား ခံစားခဲ့ရကာ ဦးခေါင်းတခုလုံးသည် ပင်လယ် ထဲ လှိုင်းမူးသလို ဝေဒနာဖြစ်လာကာ အိပ်လျက်အနေအထားဖြင့် အချိန်ကြာမြင့်စွာ  ကြမ်းပြင်မှာ ကျောခင်းလဲလျောင်းနေ ခဲ့မိပေသည်။ ကျနော်၏ ခန္ဓာကိုယ်သည် ပျော့ခွေလျက်ရှိကာ ထောင်ထဲ၌ နေ့နှင့်ညသည် မှားလျက်  နိုးချင်သည့် အချိန်နိုးကာ အိပ်ချင်သည့်အချိန်ပြန်အိပ်လျက် လူသည် အာကာသထဲလမ်းလျှောက်ရသလို အိပ်မက် လေဟာနယ်ထဲရောက် သွားသည့်အလား ခံစားခဲ့ရပေသည်။ ထိုအခါ ကျနော်၏နားသည် ကြားချင်သည့်အသံများကြားလာကာ မြင်ချင်သည့်အရာ များမြင်လျက် စိတ်နှင့်ကိုယ်ကိုထိမ်းချုပ်ထားရသည်မှာ ပင်ပမ်းကြီးလှပေသည်။ တညတွင် နှာခေါင်းထဲ၌ အနံ့ဆိုးများရလာ ကာ ဒီအချုပ်ခန်းထဲမှာ ထိုင်းအရေးအခင်းကာလတွင်း သေဆုံးခဲ့သည့် ထိုင်းကျောင်းသားများမှ ခြောက်လှန့် နေသည့်အလား စိတ်သည် ထင်ယောင်ထင်မှား ဖြစ်လာခဲ့ပေသည်။

ထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြပွဲ ၆ ရက် ၇ ရက်မြောက်ကြာလာသောအခါ စိတ်နှင့်ကိုယ်သည် ဘယ်လောက်ကြာကြာ လွင့်မျောသွားခဲ့သည် မမှတ်မိတော့ပဲ လက်တွေ့ဘဝရဲ့ခါးသီးမှုများအား ရုပ်ရှင်လို တကွက်ချင်း တခန်းချင်း အချိတ်အဆက် မိမိ အိပ်မက်မက်သလို နာကျင်ခံစားနေခဲ့ရပေသည်။

(၆)
၈၈၈၈ ဒီမိုကရေစီအရေးအခင်းကြီး ဖြစ်ပွားချိန်တွင် ပုသိမ်မြို့ လူထုတရားပွဲများ ဟောပြောချိန်၌ လူထုစည်းရုံးရေးမူဝါဒများ ချမှတ်စည်းရုံးရေး၊ လူထုနှင့် မကင်းကွာရေး စသည့် သြဝါဒများအား သခင်စိန်ခို (ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ဗိုလ်ချုပ် တို့လုပ်ဖော်ကိုင်ဖက်)၊ ဦးစိန်မောင် (ဦးနုပါလီမန်ခေတ် အမတ်လောင်း) တို့ထံမှ ရယူခဲ့သည်။ သူတို့၏သုံးသပ်ချက်အရ ကျောင်းသားများကို တောထဲသို့ မောင်းထုတ်ကာ ပြည်သူလူထုနှင့် ကင်းကွာအောင်လုပ်ခဲ့သည်ဆိုသော အဆိုအမိန့်သည် မှန်နေပြီလားဟု အစာငတ်ခံဆန္ဒပြရင်း မျောနေချိန်တွင် အတွေးရောက်ခဲ့ပေသည်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရာတွင် ရဲဌေး (လူအိမ်)၊ ချိုတူး (ဆောင်းယွန်းလ) တို့နှင့်အတူ ပုသိမ်ဒီဂရီကောလိပ် မကသကိုယ်စားလှယ်၊ ဘွဲ့ ရကျောင်းသားသမဂ္ဂကိုယ်စားလှယ် စသည့်တာဝန်များယူခဲ့ပြီး လက်တွေ့ တွင် ပြည်တွင်းနှင့် အဆက်အသွယ်ပြတ်ကာ ပြည်တွင်း၌လည်း စစ်အုပ်စုမှ ဖမ်းဆီးဖြိုခွဲနေကြောင်းသတင်းများကို အသံလွှင့် ဌာနများမှ တဆင့်ကြားနေခဲ့ရပေသည်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် စစ်တပ်မှ အာဏာသိမ်းသိမ်းချင်း ကျနော်တို့တော ခိုချိန်သည်  အရမ်းစောလွန်းသဖြင့် ABSDF ကျောင်းသားတပ်မတော်ပင် မဖွဲ့ စည်းရသေးကာ  တောခိုပြီး လက်နက်ကိုင် သင်တန်းများတက်ကာ ၃ လ၊ ၄ လအတွင်း မြန်မာပြည်ပြန်မည့်အရေးသည် မဖြစ်နိုင်တော့ပေဟုတွေးကာ ဝမ်းနည်းကြေကွဲ ယုံမှလွဲပြီး မည်သို့မျှ မတတ်နိုင်တော့ပေ။

၁၉၉၁ ခုနှစ်တွင် ကျနော်တို့ ၃၈ ယောက် ဆန္ဒမပြမီ် ဘန်ကောက်၌ မြန်မာကျောင်းသားညီလာခံပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံ တွင် ကျနော်သည် ကိုသာကျော်မောင် (ကွယ်လွန်) နှင့်အတူ အခမ်းအနားမှူးတာဝန်ကို ယူခဲ့ပါသည်။ ထိုညီလာခံတွင် ONSOB ပြည်ပရောက် မြန်မာကျောင်းသားများအဖွဲ့ခေါင်းစီးဖြင့်သွားမည်လား တခြားအဖွဲ့အမည်ဖြင့် သွားမည်လား Agenda ကို မြန်မာကျောင်းသားများမှ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါသည်။ ကျနော်မှတ်မိသလောက်တင်ပြရသော် ဒေါက်တာ သီဟ၊ ကိုမင်းထက်၊ ကိုစိန်ထွန်း၊ ကိုချစ်ကြည်၊ ကိုလွှမ်းမိုး၊ ကိုဘသာ၊ ကိုစောမောင်နိုင်၊ ကိုဌေးတင့်၊ ကိုဖုန်းမြင့် ၊ ကိုညီညီတင်၊ ကိုရာဇာ၊ ကိုဇော်မင်း၊ ကိုသိန်းထွန်း၊ ကိုမင်းကျော်ခိုင်တို့မှ ဆွေးနွေးမှုများရှိသလို ကျနော် အောင်ခိုင်မြင့်၊ ကို သာကျော်မောင်၊ ကိုမြတ်စိုး၊ ကိုဝင်းအောင်၊ ကိုအောင်ထွန်း (အရှည်ကြီး)၊ ကိုကျော်သက်၊ ကိုအောင်မြင့်ကြည် (မုတ်ဆိတ် )၊ ကိုပါပ၊ ကိုမောင်မောင်သန်း၊ ကိုမောင်မောင်အေး၊ ကိုမောင်မောင်နိုင်၊ ကိုလင်းအောင်၊ ကိုဘသိန်းနိုင်၊ ကိုမျိုးအေး၊ ကိုထင် ပေါ်၊ ကိုမောင်မောင်သန်း၊ ကိုဖုန်းဖြင့်၊ ကိုမင်းသူရဝင်း၊ ကိုငြိမ်းချမ်းတို့မှလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထိုင်းနိုင် ငံ ဘန်ကောက်ရှိ ရမ်ကမ်ဟန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သော ထိုညီလာခံသို့ ABSDF မှကျောင်းသားရဲဘော်များလည်း တက်ရောက်ခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲမှ အမှတ်ရသလောက် ကောက်နှုတ်တင်ပြရသော် ကိုသာကျော်မောင်တို့အုပ်စုမှ ဗကသအနေဖြင့် အဖွဲ့ကို ဖွဲ့ ချင်ကြောင်းဆွေးနွေးခဲ့ကြသည်။ ထိုအခါ ကျနော်မှ ဆွေးနွေးတင်ပြသည်မှာ ကျနော်လည်း ပြည်တွင်း၌ မကသအနေဖြင့်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ သို့သော် ယခုအခါ ပြည်တွင်းက ဗကသ၊ မကသကိစ္စသည် ပြည်ပမှာပင်ကွဲမလို ဖြစ်နေ ကြောင်း၊ ဒါကြောင့် အဖွဲ့ စွဲ ၊ ဒေသစွဲ ၊ ပုဂ္ဂိုလ်စွဲမထားပဲ ပထမအကြိမ်သက်တမ်းတွင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည့် ONSOB ပြည်ပရောက် မြန်မာကျောင်းသားများအဖွဲ့ နာမည်ဖြစ်သာ ဖွဲ့သင့်ကြောင်း အကြံပြုတင်ပြခဲ့ပါသည်။

သို့သော် နောက်ဆုံးတွင် မြန်မာကျောင်းသားများ၏ action ကော်မတီကိုဖွဲ့စည်းကာ ညီလာခံကို အဆုံးသတ်ခဲ့ပေ သည်။ ကျနော်သည် ကျောင်းသားထု၏ ရွေးချယ်မှုဖြင့် ထိုမြန်မာကျောင်းသားများ၏ action ကော်မတီတွင်ပါဝင်ခဲ့ကာ နောက်ဆုံး တွင် Special Detention Center (SDC) နိုင်ငံရေးအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပေသည်။ လယောင် ဘန်ကောက်ထောင် ကြီးတွင် ဖမ်းဆီးခံမြန်မာကျောင်းသားများအား ကုန်တိုက်များ၌ အသုံးပြုသည့်စက္ကူအိတ်များလုပ်ခိုင်းရာ ငါတို့မြန်မာကျောင်း သားများသည် နိုင်ငံရေးအကျဉ်းသားများဖြစ်သဖြင့် အလုပ်မလုပ်နိုင်ကြောင်း ဆန္ဒပြခဲ့ကြပါသည်။ ထိုအခါ ထောင်ရှိ ထိုင်းရဲမှ နံပါတ်တုတ်နှင့်ရိုက်ပြီး ဆန္ဒပြခြင်းကို ဖြိုခွဲခဲ့သဖြင့် မြန်မာကျောင်းသားတချို့ ခေါင်းပေါက်ခဲ့ရပါသည်။ ထိုအကြောင်းကို ထောင်အပြင်ဖက်ရှိ ကိုဖုန်းမြင့် (ထိုအချိန်က မြန်မာကျောင်းသားများ၏ action ကော်မတီ) ကကြားသိပြီး ကျနော့်ကို ထောင်ဝင်စာလာတွေ့ ပြီး သတင်းမေးခဲ့သည်ကို အမှတ်ရနေခဲ့ပါသည်။

စစ်ရေး နိုင်ငံရေးတို့မည်သည် မဟာဗျူဟာ၊ နည်းဗျူဟာ၊ နည်းပရိယာယ်များစွာရှိပေသည်။ ဒုတိယကမ္ဘာစစ်တွင် အမေရိ ကန်၊ ဗြိတိန်၊ ကနေဒါတို့၏ အင်အား ၂ သောင်း ၄ထောင်အင်အားရှိ မဟာမိတ်တပ်များက ဂျာမန်တို့လက်အောက်ကျ ရောက်နေသော ဥရောပအား ပြင်သစ်နိုင်ငံ  နော်မန်ဒီ Normandy ကမ်းခြေမှ သမိုင်းတွင်သည့် D-Day တိုက်ပွဲကို ၁၉၄၄ ဇွန်လ ( ၄ ) ရက်နေ့ တွင် စတင်မလုပ်ဆောင်မီ ဂျာမန်တို့အား စစ်ရေးနည်းပရိယာရ်များစွာ သုံးခဲ့ရကြောင်း သမိုင်းစာအုပ်များ၌ ဖတ်ခဲ့ရဘူးပေသည်။ မဟာမိတ်တပ်များက ဂျာမန်တို့သိမ်းပိုက်ထားသည့် ဥရောပကို တခြားကမ်းခြေများမှ တက်ရောက်မည့် နည်းဗျူဟာ အရိပ်အယောင်ပြပြီးမှ ဂျာမန်တပ်များ တခြားနေရာသို့ တပ်စွဲချိန်၌ အလစ်ဝင်ရောက်ကာ မဟာမိတ်တပ်များက Normandy ကမ်းခြေကို ဝင်ရောက်ခဲ့ခြင်း ဖြစ်ပွားခဲ့သည်။

ထိုနည်းတူစွာပင် ဝန်ကြီးချုပ်ဟောင်းဦးနုတောခိုစဉ်က ဦးဆောင်ခဲ့သော ပြည်ချစ်တပ်မတော်လက်ကျန်လူဟောင်းများဖြစ် သော ဗိုလ်သွေး၊ ဗိုလ်ကျော်လွင်နှင့် ဦးအောင်နု (ဦးနုသား) ၏ ဒညတ (ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု) ရောင်နီ တော် လှန်ရေးစခန်းသည် ထိုင်းနိုင်ငံ့တောင်ပိုင်း ထိုင်းမြန်မာနယ်စပ် ချုံဖွန်မြို့နယ်၌ တည်ရှိပါသည်။ ထိုင်းမြန်မာနယ်စပ် တော အထပ်ထပ် တောင်အသွယ်သွယ်၏ကြားတွင်တည်ရှိပြီး ထိုင်းနယ်စပ်မှ ၃ နာရီ ခန့်လမ်းလျှောက်မှ ရောင်နီစခန်းသို့ ရောက် ပါသည်။ ယခင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်္ကျာတို့စခန်းချခဲ့သောနေရာဟု သိခဲ့ရပါသည်။

ကျနော်တို့သည် စစ်ရေးနည်း ပရိယာယ်အရ ဘယ်သောအခါမှ  ချုံဖွန်စခန်း၌ လက်နက်အင်အား လူအင်အား ဘယ်လောက် ရှိသည်ကို ပြောမည်မဟုတ်ပါ။ ထို့ကြောင့် ကျနော်အပါအဝင် ဒေါက်တာ သီဟ၊ ကိုချစ်ကြည်၊ ကိုတင်မောင်လေး၊ ကိုပါပ၊ ကိုမြင့်လွင်၊ ကိုရှိုင်း၊ အလွမ်း၊ ကိုမင်းအောင်သန်းထွဋ်၊ ကိုဘသိုက်၊ ကိုစံရှား၊ ကိုပြည်သိမ်း၊ ကိုအောင်ခိုင်၊ မဝေ၊ ကိုထင်ပေါ် ၊ မပန်းဝါ၊ ဦးစံထွန်း၊ ကိုမင်္ဂလာ (ဇော်နေရ) တို့သည် တော်လှန်ရေးအပေါ်၌ သစ္စာစောင့်သိခဲ့ကြပေသည်။

ကျနော်သည် ဗိုလ်ကျော်လွင် (ပြည်ချစ်ဟောင်း) မှ သင်ကြားသည့် စစ်သင်တန်းတက်နေစဉ်အတွင်း ငှက်ဖျား အကြီးအကျယ် ဖြစ်ကာ ဘားတိုက်တဲထဲတွင် သင်တန်းတက်လိုက် သင်တန်းပျက်လိုက်ဖြစ်နေခဲ့ပါသည်။ တဲတခုထဲတွင် အတူနေထိုင်ခဲ့သည့် ကိုထင်ပေါ် (ကွယ်လွန်) နှင့် ပြည်ချစ်ဟောင်းဆေးမှူး ကိုမောင် (ကွယ်လွန်) မှ ကျနော့ကို ညီတယောက်လို စောင့်ရှောက်ပြု စုခဲ့ပါသည်။ တောထဲမှ ငှက်ဖျား အကြီးအကျယ်မိပြီး တောင်အောက်တွင် ရှိသော ဗိုလ်သွေးအိမ်သို့သွားရောက်ကာ ငှက်ဖျား ဆေးကုသမှုခံယူစဉ် မပန်းဝါ၊ မဝေတို့မှ ရဲဖော်ရဲဖက်တယောက်လို ဆေးတိုက်၊ ရေဖတ်တိုက်၊ အစာကျွေးခဲ့သဖြင့်သာ ကျနော်သည် ယခုလို အသက်ရှင်ခွင့်ရခဲ့သည်ဟု ထင်ပါသည်။ ငှက်ဖျားတက်ချိန်တွင် တကိုယ်လုံးအေးစက်ကာ ချမ်းနေခဲ့ပြီး ငှက်ဖျားဆေးများ ပြင်းသဖြင့် နားထဲမှ လေများ တဟူးဟူးထွက်နေပြီး မည့်သည့်အရာကိုမျှ စားချင်စိတ်မရှိဖြစ်ကာ လူရုပ် ပြောက်ပြီး ပိန်ချုံးလျက် မျောက်ရုပ်ပေါက်ကာ လူဟာမျောက်က ဆင်းသက်လာသည်ဟူသောအဆိုကို မှန်ကြောင်း သက် သေပြသလို ဖြစ်ခဲ့ရပါသည်။ ထိုအချိန်တွင် မှတ်မှတ်ရရ တောခိုလာသည့် ဒေါက်တာသီဟ (ONSOB ဥက္ကဌ) တို့နှင့် ဗိုလ် သွေးအိမ်၌ တွေ့ ဆုံဖြစ်ခဲ့ပါသည်။

ချုံဖွန်စခန်းအတွက် ရိက္ခာကို တောင်အောက်ဆင်းပြီး ထိုင်းယာခင်းထဲမှ ဟင်းသီးဟင်းရွက် ငရုပ်သီးများ ခူးရသည့်အခါများ ရှိသလို တောထဲ အမဲလိုက် မျှစ်ချိုး ရိက္ခာရှာရသည့်အလုပ်ကို လုပ်ရသည့်အခါလည်းရှိခဲ့ပါသည်။ ထို့နောက် ထိုင်းယာခင်းထဲမှ ခူးရသည်မှာ ကျနော်တို့မျက်နှာပူလာသဖြင့် စခန်းတွင် ယာခင်းစိုက်ရန် ဆုံးဖြတ်တိုင်ပင်ခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တော်လှန်ရေးဆိုတာ ငတ်မယ် ပြတ်မယ် လိုအပ်ရင် အသက်ပါ စွှန့်လွှတ်ရမှာမို့ ဒုက္ခကို ကျနော်တို့အားလုံးမှ ကျောစည်းခံခဲ့ရပါသည်။ တနေ့တွင် ကျနော်သည် ပါပ၊ မင်္ဂလာတို့နှင့် အတူ စခန်းရိက္ခာအတွက် တောင်သုံးလေးလုံး မျှကျော်ပြီး ထိုင်းနယ်စပ်ထိ ဆန်အိတ်များ တယောက်တအိတ် သွားထမ်းယူခဲ့ရပါသည်။ ထိုအခါ ထိုင်းမြန်မာနယ်စပ် တောင်ခြေရှိ တောရွာလေး၏ ထိုင်းခေါက်ဆွဲဆိုင်မှ ထိုင်းခေါက်ဆွဲတပွဲ စားခွင့်ရခဲ့သည်မှာ တောထဲတွင် ငတ်ပြတ်နေသော ကျနော်တို့အဖို့ နတ်သုဒ္ဓလား ခေါင်းမဖော်တမ်းစားခဲ့သည့်အဖြစ်ကို သတိရနေသလို

ယင်းခေါက်ဆွဲသည် ဘဝတွင် စားဘူးသမျှအစာများထဲတွင် အကောင်းဆုံး အရသာရှိသည့်အစားအစာအဖြစ် ပါးစပ်မှာ စွဲ နေခဲ့ပေသည်။

(၇)

ထို့နောက် ဆာလောင်နေသည့်ဝမ်းဗိုက်သည် အစားအသောက်ကိုစဉ်းစားမိကာ အိပ်မက်လို လွင့်မျောနေသော ခံစားချက် များကို စုစည်းမိရာမှ အစာငတ်ခံ ဆန္ဒပြနေသည့် လက်ရှိအဖြစ်အပျက်သို့ သတိပြန်လည်လာပြီး မျက်လုံးအစုံသည် ညအ ချိန် အိပ်မောကျနေသော ရဲဘော်ရဲဘက်များအား ရီဝေစွာ ကြည့်နေခဲ့မိပါသည်။

အစာငတ်ခံ ဆန္ဒပြပွဲ၏ ၇ ရက်နေ့ လွန်လျက် ၁ဝ ရက်နီးပါးရှိလာသောအခါ  မြန်မာကျောင်းသားတချို့ မေ့မျောကာ ဆေးရုံသို့ ပို့ခဲ့ရပါသည်။ မှတ်မှတ်ရရ ဆေးရုံသို့ပို့ရသည့်အထဲတွင် ကိုမင်းစိန်ပါသည်ဟု ထင်ခဲ့မိပါသည်။ နောက်ဆုံးတွင် ထိုင်းအာဏာ ပိုင်များနှင့် မြန်မာကျောင်းသားများ ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်လာခဲ့သဖြင့် ထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲကို ရပ် ဆိုင်း ခဲ့ရပါသည်။ ကျနော်တို့သည် ထောင်မှလွတ်မြောက်လာသော်လည်း ရဲရင့် ရဲသီဟတို့မှာ ထောင်တွင်ကျန်ရစ်ခဲ့သည့် မြင်ကွင်းကို ယနေ့တိုင် အမှတ်ရနေပါသေးသည်။ နောင်အနှစ် ၂ဝ ကြာသောအခါ ကနေဒါနိုင်ငံတွင် မထင်မှတ်ပဲ ရဲရင့်နှင့် တကြိမ် ပြန်ဆုံဖြစ်ခဲ့ပါသည်။ သူလည်း ငယ်စဉ်က ပုသိမ်တွင်နေခဲ့ဘူးကြောင်း သိခဲ့ရပါသည်။ သူ့လို အသက်ကိုရင်းပြီး မြန် မာ့ဒီမိုကရေစီအရေးအား ကမ္ဘာသိအောင်လုပ်ခဲ့သူသည် အမိမြေကိုပြန်ခွင့် မြန်မာနိုင်ငံသားပြန်ဖြစ်ခွင့် မရခြင်းသည် တရား မျှတပါသည်လားဟု မေးခွန်းထုတ်ချင်ပါသည်။

နောင်တွင် ကျနော်သည် မလိုလားအပ်ပဲ ထိုင်းအစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ရေးအစား မြန်မာစစ်အစိုးရပြုတ်ကျရေး မြန်မာ့ ဒီမိုကရေစီအရေးတို့အား ဦးစားပေးရမည်ဟု သင်ခန်းစာများရရှိခဲ့ပါသည်။

ထောင်သည် မြန်မာကျောင်းသားများအတွက် သင်တန်းကျောင်းဖြစ်လျက် ထောင်မှလွတ်မြောက်လာပြီး နောက် မြန်မာ ကျောင်းသားများ၏ ညီလာခံအပါအဝင် ကျောင်းသားလှုပ်ရှားမှုများကို ဆက်လက်ဖော်ပြပါမည်။

အောင်ခိုင်မြင့်
၁၅ ဇန်နဝါရီလ ၂ဝ၁၇