ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် (ဝမ်ခ) ● အထင်နဲ့အမြင် လွဲချက်ရယ်နာ


စိုးလွင် (ဝမ်ခ) ● အထင်နဲ့အမြင် လွဲချက်ရယ်နာ
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၇

ကျနော်တို့ ဝမ်ခဟောင်းစခန်းကို ရန်သူကတော့ ဝိုင်းထားပါပြီ။ ဒါပေမဲ့ တိုက်ပွဲကတော့ မစသေး။ စိတ်မထင်ရင်တော့ လက် နက်ကြီးနဲ့ သူပစ် ကိုယ်ပစ် ပစ်နေကြပြီး ရန်သူ့ဘက်မှာတော့ လက်နက်ကြီးဘယ်လောက်ရှိမှန်းမသိပေမဲ့ ကိုယ့်ဘက်မှာက ၁၂၀ မမက တလက်၊  ၈၁ မမက တလက်၊  ၂.၇၅ ရော့ကတ်က တလက်၊ ၆၀ မမက၊ ၃ လက် ၄ လက်လောက်ရှိတာကိုဘဲ ဝမ်းသာနေလှပြီ။ ဒီကြားထဲ ၁၂၀ မမနဲ့ ရော့ကတ်က ၃ လုံး ၄ လုံးပစ်ပြီး ကျည်ကုန်သွားလို့တဲ့ ပြန်သိမ်းသွားပါလေရော။ ဒါပေမဲ့လည်း စိတ်မပျက်ပါဘူး။ ကိုယ်ဘက်က လက်နက်ကြီး ဝုန်းကနဲ့ထွက်သွားရင်ကိုဘဲ ဝမ်းသာနေပြီး ရန်သူဘက်မှာ ဒိုင်းကနဲ ကျကွဲသံကြားရင်တော့ လက်ခုပ်ပါတီးမိတော့တာ။ တခါတလေးများ လက်နက်ကြီး တလုံးတလေများ ပစ်ခွင့်ပေး ရင် ပျော်လိုက်သည်ဖြစ်ခြင်း။

ဒီလိုနဲ့နေရင်း တိုက်ပွဲစဖြစ်ရော ဆိုပါတော့ဗျာ။ တိုက်ပွဲမဖြစ်ခင်တုန်းက သူတလုံး ကိုယ်တလုံးနဲ့ အပြန်အလှန် လက်နက်ကြီး ပစ်နေတာကိုကြည့်ပြီး  ရန်သူလက်နက်ကြီးအရေအတွက်နဲ့ ကိုယ့်အရေအတွက် သိပ်အကွာဘူးလို့ ထင်တာပေမဲ့  တကယ် လည်း တိုက်ပွဲဖြစ်ရော ရန်သူဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးတွေ ကိုယ်ဘေးနားတဝိုက် ပေါက်ကွဲနေတာများ  ကိုယ်တွေ ခေါင်းတောင်မဖော်နိင်ဘူး။ ရန်သူတွေအားလုံး လက်နက်ငယ်မကိုင်ဘဲ လက်နက်ကြီးတွေဘဲ ကိုင်ထားသလားတောင် ထင် ရတယ်။ ရန်သူဘက်က လက်နက်ကြီးပစ်တာ မိုးရွာသလိုပစ်တာ။ (၂၀၁၄ခုနှစ်လောက်မှ စစ်အစိုးရဘက်ကထုတ်တဲ့ ဆောင်းပါးတပုဒ်မှာပါတဲ့ ဓါတ်ပုံတွေတွေ့လိုက်မှဘဲ ဝမ်ခဟောင်းစစ်ဆင်ရေးမှာသုံးတဲ့ ရန်သူ့လက်နက်ကြီးတွေ အတော် များမှန်း တွေ့လိုက်ရတယ်) ကိုယ်တွေလဲ ဘဝရဲ့ ပထမဆုံးအတွေ့အကြုံဆိုတော့ ဘန်ကာထဲကနေ အပြင်မထွက်ရဲဘဲ ကိုင်ထားတဲ့ AK 47 နဲ့ဘဲ မဲမဲမြင် ပစ်ရတော့တာပေါ့။ ရန်သူက ဒီလောက် သဲသဲမဲမဲပစ်နေပေမဲ့ ကိုယ့်ဆီက လက်နက်ကြီး ကတော့ ၅ မိနစ် ၁၀ မိနစ်နေမှ တလုံးလောက် ထွက်နေနိင်တယ်။ ကိုယ့်ဆီက ဒီလောက်ဘဲပစ်နိင်တာကို အားမရပေမဲ့ တခါတလေထွက်တဲ့ ကိုယ့်ဘက်က လက်နက်ကြီးသံ ကြားရရင်ကိုဘဲ ဝမ်းသာအားတက်နေပြီ။ နောက်တော့ ကိုယ်ဆီက လက်နက်ကြီးထွက်သံ လုံးဝကိုမကြားရတော့ဘူး။ ရန်သူလက်နက်ကြီးပစ်သံ နည်းနည်းစဲသွားတာနဲ့  K.N.U က ကိုစောထူး တယောက် ကျနော်တို့ဘန်ကာကို ရောက်လာပြီး  ကျနော်တို့ကို ဘန်ကာအပြင်ကို ထွက်ပစ်ဖို့ပြောတယ်။ တိုက်ပွဲအတွေ့အကြုံအများကြီးရှိတဲ့သူက ဘန်ကာအပြင်ကိုထွက်ပစ်ဖို့ပြောတော့ ရန်သူလက်နက်ကြီးရန်ကို ကြောက်ပေမဲ့လဲ ကျနော်တို့ ခင်မျာလဲ ကြောက်ကြောက်နဲ့ ထွက်ပစ်ရတော့တာလေ။ ကုလားမနိုင်ရခိုင်မဲဆိုသလိုဘဲ  ရန်သူကိုပြောမရတော့ ကိုယ်ဆီက လက်နက်ကြီးပစ်တဲ့ ကိုယ်ရွှေကရင်တွေကိုဘဲ ပြန်မပစ်ရကောင်းလာဆိုပြီး စိတ်ထဲက ကြိတ်ဆဲပေါ့။ ပြောလိုက်ရင်တော့ ရန်ကုန် အင်းစိန်မှာမွေးတဲ့ကရင်ကွ  မြစ်ဝကျွန်းပေါ်သားကရင်ကွ တိုက်ပွဲအတွေ့အကြုံ အများကြီးရှိထားတဲ့ကရင်ကွဆိုပြီး အခုတော့ ကြောက်နေပြီးမဟုတ်လား၊ မပစ်ရဲတော့ဘူးမဟုတ်လားဆိုပြီး စိတ်ထဲကအပြစ်ပြောနေတာပေါ့။ တိုက်ပွဲသာ တိုက်နေရပေမဲ့ လက်နက်ကြီးပစ်တဲ့ K.N.U က ဆရာကိုတော့ စိတ်ထဲကနဒေါသတွေဖြစ်နေတာ။

ဒီလိုနဲ့ ညနေစောင်းရောက်လို့ တိုက်ပွဲပြီးတော့ ကိုယ်တွေဘက်က အကျအဆုံးမရှိလို့ ဝမ်းသာပေမယ့်လဲ လက်နက်ကြီး ပစ်တဲ့သူကို မကျေနပ်လို့၊ ကိုယ်လိုဘဲ မကျေနပ်တဲ့ ကျောင်းသားရဲဘော်တယောက်နဲ့အတူ လက်နက်ကြီးပစ်တဲ့နေရာ သောင်ရင်းမြစ် ကမ်းခြေဘက်ကို ထွက်လာခဲ့ကြတယ်။ ပစ်တဲ့နေရာရောက်လို့ ဒီလူနဲ့ မျက်နှာခြင်းဆိုင်တိုးတာနဲ့ ကျနော် တို့နှစ်ယောက်လဲ မအောင့်နိင်မအီနိင်တော့ဘဲ "ကိုယ့်ဆရာကလဲ တခါထဲကို ပြန်မပစ်တော့ဘူးနော်" လို့ ပြောလိုက်တော့ (ကျနော်တို့နှစ်ယောက်မျက်နှာကလဲ ကြည့်တတ်ရင် မြင်ပါတယ်။ စကားချိုချိုနဲ့ပြောပေမဲ့ မျက်နှာအနေအထားက မင်း  ကြောက်နေလို့ပြန်မပစ်တာ မဟုတ်လားဆိုတဲ့ နှိမ်ချ ရှုတ်ချတဲ့အကြည့်နဲ့ ပြောလိုက်တာ) ပစ်တဲ့ဆရာလဲ ကျနော်တို့ နှစ်ယောက်ကို တချက်ကြည့်ပြီး ဘာမှမပြောဘဲ တခြားနေရာကို ထွက်သွားခဲ့တယ် (ဒီဆရာရဲ့မျက်နှာကို အကဲခတ်မိသ လောက် ပြောရရင်..ကျနော်တို့အပေါ်မှာလဲ စိတ်ဆိုးတဲ့ပုံစံမရှိဘူး။ ဒါပေမဲ့အတော်ကို ဝမ်းနည်းနေပြီး မခံချိမခံသာဖြစ်နေ တဲ့ပုံ)..ဒီဆရာထွက်သွားပြီးမှ ကျနော်တို့နှစ်ယောက်လဲ လက်နက်ကြီးပစ်တဲ့နေရာကိုကြည့်လိုက်တော့ အတော့ကို အံ့သြ ဝမ်းနည်းဖြစ်သွားခဲ့ကြတယ်။ ဘာကြောင့်ဆို  အယင်တိုက်ပွဲမဖြစ်ခင်က ဒီနေရာက ဝါးရုံပင်တွေ ခြုံပုတ်တွေ သစ်ပင်တွေနဲ့ အတော့ကို အုပ်အုပ်ဆိုင်းဆိုင်း ရှိနေတဲ့နေရာ။ အခုတော့ ဝါးရုံပင်တွေရော ခြုပုတ်တွေရော ပြောင်တလင်းခါပြီး ဘေးနား မှရှိတဲ့သစ်ပင်တွေကလဲ လက်နက်ကြီးအစတွေထိပြီး ဖွာစာကျဲနေတော့ဘဲ။ မြေကြီးကလဲ ကျင်းတွေ ချိုင့်တွေဖြစ်နေပြီး ထယ်ထိုးထားသလို ဖြစ်နေတော့တာ..ကျနော်တို့နှစ်ယောက်လဲ အပြစ်တင်စကားပြောမိတဲ့ဒီဆရာကို မျက်နှာဆိုင်ဖို့ မရဲ တော့ဘူး။ သူ့နေရာမှာ ကျနော်သာဆိုရင် ပြန်ပစ်ဖို့မပြောနဲ့  လက်နက်ကြီးတွေတောင် ပြန်မဖြုတ်သိမ်းနိင်တော့ဘဲ စခန်းနဲ့ ဝေးရာကိုတောင် ထွက်ပြေးမိမလား မသိတော့ဘူး။ တောင်းပန်းပါတယ် ဆရာရယ် ခွင့်လွှတ်ပါဗျာ။

စိုးလွင် (ဝမ်ခ) (၂၁၁)