ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● ကျဉ်တုတ် ခံဝံ့ မခံဝံ့

မောင်မောင်စိုး ● ကျဉ်တုတ် ခံဝံ့ မခံဝံ့
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇

နိုင်ငံရေးနှင့်ပတ်သက်၍ဖြစ်စေ လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍ဖြစ်စေ အများဆိုင်ရာနှင့်ပတ်သက်၍ဖြစ်စေ ပါဝင်ပတ်သက် ဆောင်ရွက်မည်ဆိုလျင် မိမိတို့အတွက် ရွေးချယ်စရာ ၂ ခု (တခါတရံ ၂ ခုမက) အနည်းဆုံးရှိနေပါတယ်။ တခုကတော့ အမှန်အမှားပြသနာမှာ အမှန်ဘက်က ရပ်တည်ခြင်းဖြစ်ပါသည်။ ဒုတိယတခုကတော့ အသာစီးရသော သို့မဟုတ် အနိုင်ရ သောဘက်က ရပ်တည်ခြင်းဖြစ်ပါသည်။

အမှန်ဘက်က ရပ်တည်မည်ဆိုလျင် ဂရုပြု စရာတခုရှိသည်။ ယင်းမှာ အမှန်တရားသည် ခါးသီးတတ်သည်ဆိုခြင်းပင်ဖြစ် သည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းအား ပြောင်းလဲရေးဖြစ်စဉ်တွင် အမှန်တရားဘက်က ရပ်တည်သူသည် အချိန်ကာလကြာ အနိုင်ရ အသာစီးရတတ်သည် မဟုတ်ပေ။ ဤသို့ အချိန်ကာလကြာမြင့်ပါက အနိုင်ရသူ အသာစီးရသူက အမှန်ဖြစ်ပြီး ရှုံးနိမ့် နေသူက မှားနေပြီဟု ယိုးစွပ်ခံရသကဲ့သို့ မိမိကိုယ်မိမိလည်း မှားများမှားနေပြီလောဟု သံသယဝင်တတ်သည်။

လူအဖွဲ့အစည်းနှင့်ပတ်သက်၍ အမှန်အမှားသည် အချိန်ကာလကြာမြင့်တတ်သည်။ အနှစ်တရာကျော် မြန်မာပြည်ကို အုပ် စိုးနိုင်ခဲ့သည့် အင်္ဂလိပ်တို့ မမှန်ခဲ့ပါ။ အနှစ်တရာအတွင်း အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ကြသော မိမိတို့ ဘိုးဘေးများလည်း မမှားခဲ့ကြပါ။ သို့ဖြစ်ရာ အမှန်တရားအတွက် ရပ်တည်မည်ဆိုလျင် အချိန်ကာလကြာမြင့်စွာ ရုန်းကန်ရသည် အနာခံရသည်ကို ဂရုပြုရန် လိုပါသည်။ မှို မျှစ်ကို နှုတ်လိုပါလျင် ကျဉ်တုတ်ခံဝံ့ရန် လိုအပ်ပါသည်။

ကွန်ဖြူးရှပ်ကတော့ လူ့အဖွဲ့အစည်းကို ပြောင်းလဲရန်ကြိုးစား၍မရလျင် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ် အောင် နေပါဟု ဆိုသည်။ လူတိုင်း ကိုယ့်လမ်းကိုယ် ရွေးချယ်ခွင့်ရှိပါသည်။ မည်သည်လမ်းကို ရွေးချယ်သည်ဆိုသည်ကတော့ သင် ၏သမိုင်းသာဖြစ်ပါသည်။ သို့သော် မှိုမျှစ်ကို နှုတ်လိုလျင်တော့ ကျဉ်တုတ်ခံဝံ့ရန် လိုပေလိမ့်မည်။

မိမိနှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့သော ဒေါက်တာသိန်းမြင့် (စာရေး ဆရာ လူချို) ကတော့ မိမိရေးလိုက်သော "မှို မျှစ်ကိုနှုတ် ချင်သည် ကျဉ်တုတ် ခံဝံ့ မခံဝံ့" ဆိုသည့်စာကြောင်းကို အကျယ်အနက်ဖွင့်ပါသည်။ သူဖွင့်ဆိုမှုမှာ မိမိဆိုလိုချင်သည်နှင့် ထပ်တူဖြစ်နေ၍ သူရေးသားသော "နိုင်ငံရေးမှာလုပ်ရဲတာ သတ္တိမဟုတ်၊ ခံရဲတာသတ္တိဖြစ်တယ်" ဆိုသော ဖွင့်ဆိုချက်ကို ပူး တွဲဖေါ်ပြအပ်ပါသည်။

"နိုင်ငံရေးမှာ လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတာသတ္တိ ဖြစ်တယ်"

၁၉၈၂ခု နှစ်က ကျွန်တော် အင်းစိန်တောရကို အလယ်ရောက်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်တည်ဆောက်ရေးစီမံကိန်းရဲ့ယူဂျီတွေကို အစိုးရက ဝရဇိန်စစ်ဆင်ရေးနဲ့ ဖမ်းဆီးအကျဉ်းချတဲ့ အထဲပါသွားခဲ့လို့ပါ။ ရောက်စ စစ်ကြောရေးကာလမှာ နှစ်တိုက် အခန်း ( .. ) မှာတစ်ယောက်တည်း လအတော်ကြာ နေခဲ့ရပါတယ်။ တည ကျွန် တော့်ကို ညနက်မှ စစ်ကြောရေးထုတ်ပါတယ်။ စစ်ကြောရေးလုပ်တာက အထူးတိုက်ဝင်းထောင့်မှာ ရှိတဲ့အုပ်တိုက်လေး တစ်ခုမှာပါ။ အလယ်မှာ အခန်းကျယ်တခု ဘေးတဘက် တချက်မှာ အခန်းနှစ်ခုတွဲစီ ရှိပါတယ်။ ကျွန်တော်ရောက်သွားတော့ ဘေးအခန်းတွေမအားသေးတာမို့ အလယ်အခန်းကျယ်က စားပွဲရှည်မှာ တယောက်တည်း ထိုင်စောင့်ရပါတယ်။ညကလည်းတိတ်ဆိတ် အကျဉ်းစံကလည်းဖြစ်နေတော့ အပြင်မှာကျန်ခဲ့တဲ့ ဇနီးနဲ့သမီးလေးကို သတိရမိပါတယ်။ မှန်တာပြောရလျင် ကိုယ့်အတွက် သောကပင်လယ်ဝေခဲ့တဲ့ အမေကိုတောင် သူတို့လောက် သတိမရမိပါဘူး။ မျက်နှာကျက်က ပန်ကာက တဖြတ်ဖြတ် လည်နေပါတယ်။ ပန်ကာလေကြောင့် စားပွဲပေါ်မှာတင်ထားတဲ့ စာအုပ်တစ်အုပ်က စာရွက်တွေတဖြတ်ဖြတ် လန်နေပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ မော်စီတုန်းရဲ့ "ဒီမိုကရေစီသစ်" စာအုပ် (ဘာသာပြန်) ဖြစ်နေပါတယ်။ စာအုပ်ကိုကြည့်ရင်း အတွေးများစွာ ဖြစ်ရပါတယ်။ အရင်က ကိုယ်တရှိုက်မက်မက်ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ဟာ အခုအ ချိန်မှာတော့ ထိရမှာတောင် ထိတ်လန့်နေမိတဲ့ စာအုပ်တစ်အုပ် ဖြစ်နေပါတယ်။ ဒီစာအုပ်ဟာ ဘယ်သူ့စာအုပ်မှန်းမသိရပေမဲ့ ဒီစာအုပ်နဲ့ပတ်သက်ပြီး မေးလာမှာ၊ ပတ်သက်သူတွေကို မေးလာမှာကို စိတ်ထဲက စိုးရိမ်နေမိပါတယ်။ ငယ်ငယ်တုန်းက လိုက်တန်းပြေးတန်းကစားတော့ လိုက်တဲ့သူ မိခါနီးမှာ ထိုင်ချပြီး ဘွာတေးခတ်လို့ရပါတယ်။ အခု လက်ရှိကာလမှာတော့ ကျွန်တော်မှားပါပြီ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့် ကိုပြန်လွှတ်ပေးပါလို့ တောင်းပန်ဦးတော့ ပြန်လွှတ်မှာမဟုတ် ပါဘူး။ ဒါဟာ ပကတိနိုင်ငံရေးပါ။ နိုင်ငံရေးမှ အာဏာနိုင်ငံရေးဖြစ်နေတော့ ပိုဆိုးပါတယ်။ လူ့အသက်တစ်ချောင်းတောင်မှ အဆင်မသင့်လျင် အလွယ်တကူ ခြေပစ်လို့ရတဲ့ ကာလပါ။ ဒီမှာတင် ကျွန်တော် သင်ခန်းစာရပါတယ်။ နိုင်ငံရေး (အာဏာရှင် အုပ်စိုးတဲ့နိုင်ငံတွေက နိုင်ငံရေး) ကိုလုပ်ချင်လျင် ခံရဲတဲ့သတ္တိ ရှိသင့်တယ်ဆိုတာပါပဲ။ နာမည်ကောင်းလည်းလိုချင် ခံရဲတဲ့ သတ္တိလည်း မရှိဘူးဆိုလျင်တော့ တချိန်မဟုတ် တချိန် သမိုင်းမှာပေါ်မှာပါပဲ။ ကျွန်တော်တို့ခေတ်က အကျဉ်းထောင်တွေဟာ အလွန်ဆိုးပါတယ်။ အခုကာလနဲ့ တခြားစီပါ။ ဒါကို သတ္တိရှိရှိ ရဲရဲရင့်ရင့် ရင်ဆိုင်သွားသူတွေ၊ အသက်စွန့်တိုက်ပွဲဝင်သွားသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။ လက်နက်ချ အညံ့ခံသွားတဲ့သူတွေလည်း အများကြီးပါ။

(ကျွန်တော့် မိတ်ဆွေများထဲမှာတော့ သူရဲကောင်းတွေပဲ တွေ့မိပါတယ်၊ ဤကား စကားချပ်။ )

ရှစ်လေးလုံး လူထုအရေးတော်ပုံအပြီးမှာ ကျွန်တော့် ကို နိုင်ငံရေးပါတီဝင်ဖို့ လာစည်းရုံးတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပါတီဝင်မှ နိုင်ငံရေးလုပ်ရတဲ့ကိစ္စ၊ ပါတီစည်းမျဉ်းစည်းကမ်းတွေ လိုက်နာရတဲ့ကိစ္စများအပြင် အခြားကိစ္စများကြောင့် ကျွန် တော်ငြင်းပယ်ပါတယ်။ ကျွန်တော်ကို အခုထဲက ပါတီဝင်ထား စီနီယာက အရေးကြီးတယ်လို့ ပြောတဲ့သူတောင်ရှိ ပါတယ်။ နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် အဲဒီပါတီဝင်များထဲကပဲ ထောင်ကျတဲ့သူကျ၊ လက်မှတ်ထိုးပြန်ထွက်တဲ့သူကထွက်နဲ့ ကျွန်တော် ပိုတရားကျရပါတယ်။ အခုတော့လည်း .... ဖြစ်တဲ့သူက ဖြစ်ပေါ့လေ။

နိုင်ငံရေးလုပ်ချင်သူတွေ (နိုင်ငံရေးဆိုတာမှာလည်း ပါတီနိုင်ငံရေးမှ မဟုတ်ပါ) လက်တွေ့စမ်းသပ်ကွင်းထဲမှာ ကိုယ်ဘယ် လောက်ခံနိုင်ရည်ရှိမလဲ သိထားဖို့လိုပါတယ်။ အခု လက်ရှိနိုင်ငံရေးကတော့ ဘွာခတ်လို့ရတဲ့ နိုင်ငံရေးမဟုတ်သေးပါဘူး။

ကို mg mg soe ရဲ့ ကျဉ်တုတ် ခံဝံ့ မခံဝံ့ post မှ အတွေးရ၍ ရေးပါသည်။ (Thein Myint )

မောင်မောင်စိုး (Mg Mg Soe)