ဇော်အောင် (မုံရွာ) ● စင်ကာပူပီအာနဲ့ မြန်မာ

ဇော်အောင် (မုံရွာ) ● စင်ကာပူပီအာနဲ့ မြန်မာ
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇

စင်ကာပူပီအာ (အမြဲနေထိုင်ခွင့် Permanent Resident) ရရှိပြီး မိသားစု သား၊ သမီး၊ ဇနီးများနဲ့ နှစ်ပေါင်း၂၅နှစ်ကျော် စစ်အစိုးရနဲ့ဝေးရာ စင်ကာပူကျွန်းအရပ်မှာ အသက်မွေးဝမ်းကြောင်းခွင့်၊ သားသမီးများ K1, K2, P1 to P6, S1 to S4, Poly, Junior College, NUS, NTU .. စတဲ့ကျောင်းများ တက်ရောက်ခွင့်ရခဲ့တာလည်း စဉ်းစားကြည့်ရင် အံ့သြစရာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အရပ်သားတပိုင်းအစိုးရတက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ လွှတ်တော် ထဲရောက်လာတာနဲ့ တိုင်းပြည်ပြောင်းလဲသွားပြီး စိတ်ချလို့ ပြည်တော်ပြန်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ပေမဲ့ ၂၀၁၅ ခု နှစ် ရွေးကောက်ပွဲမတိုင်မီ စင်ကာပူပီအာ (အမြဲတမ်းနေထိုင်ခွင့်) ကို အပြီးပိုင်စွန့်လွှတ်ပြီး အသက် ၅၅ နှစ်အရွယ် ခယောင်း လမ်းခရီးကို စတင်ခဲ့ပါတယ်။

စင်ကာပူပီအာဆိုတာ အခုခေတ်ကာလမှာ ရရှိဖို့အလွန်ခက်ခဲသွားပါပြီ။ မြန်မာအများစုဟာ ၂၀၀၈ နောက်ပိုင်းမှာ စင်ကာ ပူပီအာ၊ စီတီဇင်နိုင်ငံသားအဖြစ်ကို အလွယ်တကူရရှိခဲ့ပေမဲ့ ၂၀၁၀ နောက်ပိုင်း စင်ကာပူနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာချိန်မှာ ပီအာ၊ စီတီဇင် ပေးအပ်မှု အလွန်နည်းပါးသွားပါတယ်။ စင်ကာပူဆိုတာ မြန်မာနိုင်ငံသားများ အလွန်မက်မောတဲ့ ခေတ်မီနိုင်ငံကြီးဖြစ်ပါတယ်။ မြန်မာလူငယ်များစွာ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်များအတွက် ဝင်လာမစဲသလို မြန် မာ့နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများစွာလည်း စင်ကာပူမှာရှိနေပါတယ်။

● ပီအာ ရရှိခဲ့ပုံ
သိပ်အံ့သြစရာမရှိပါဘူ။ ကျနော်တို့ခေတ်ကာလ ၂၀၀၀ လောက်မှာ မြန်မာများကို ပီအာ (အမြဲတမ်းနေထိုင်ခွင့်) ပေးလာပါ တယ်။ ကျနော်တို့သူငယ်ချင်းများစွာ စင်ကာပူမှာ ၁၀ နှစ်ကျော် အလုပ်လုပ်နေသူများ အားလုံး၊ လျှောက်ထားသူမှန်သမျှ ပီအာ ရရှိကြပါတယ်။ ပီအာရရှိပြီး တစ်နှစ်အကြာမှာ စီတီဇင် (နိုင်ငံသား) လျှောက်သူတိုင်းနီးပါး စင်ကာပူနိုင်ငံသားလက်မှတ် အလွယ်တကူရရှိခဲ့ပါတယ်။ အဲဒီခေတ်က စင်ကာပူလူဦးရေ ၃ သန်းလောက်ပဲရှိတော့ လူဦးရေ ၂ ဆ တိုးတက်ရေးစီမံ ကိန်းကြောင့်ပါ။

● မိမိ၏ကလေးများပညာရေး
သက္ကရာဇ် ၂၀၀၀ တုန်းက စင်ကာပူမှာအလုပ်လုပ်နေတဲ့ မြန်မာများရဲ့ ဇနီး၊ သားသမီးများကို မှီခို Dependent Pass လက်မှတ်ထုတ်ပေးပြီး အလုပ်လုပ်ခွင့်လဲ ရရှိခဲ့ကြပါတယ်။ အစိုးရကျောင်းများမှာ မြန်မာကလေးများ ကျောင်းတက်ခွင့်ရတာ စင်ကာပူနိုင်ငံသားများနဲ့ တန်းတူဖြစ်ပါတယ်။ ကျောင်းလခ တလ ၆ ဒေါ်လာပဲ ပေးရပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာ ကျောင်းလခ ဒေါ်လာတစ်ရာကျော် ဖြစ်လာပြီး ၂၀၁၅ ခုနှစ်မှာ မြန်မာအပါအဝင် နိုင်ငံခြားသားကလေးများ အစိုးရကျောင်းကို တက်ခွင့်မရတော့တဲ့အထိ ဖြစ်လာပါတယ်။ စင်ကာပူနိုင်ငံသားများက နိုင်ငံခြားသားများက စီတီဇင်များနဲ့ အဆင့်တူ မသတ်မှတ်ဖို့ နည်းအမျိုးမျိုးနဲ့ တောင်းဆိုမှုများကြောင့်ပါ။

ဒါကြောင့် ကျနော်တို့ သားသမီးများဟာ စင်ကာပူကိုရောက်လာတဲ့ ၁၉၉၀ ခုနှစ်ကတည်းက အသက်၎နှစ်သား၊ ၆နှစ်သမီး နှစ်ယောက်ဟာ ကျောင်းလခ တလ၆ဒေါ်လာနဲ့ စင်ကာပူပညာရေးစနစ်ကို အခမဲ့နီးပါး ခံစားခဲ့ရပါတယ်။ ဒါလဲ ဘုရားရှင် (ကံတရား) ကို ကျေးဇူးတင်ရပါတယ်။ သားသမီးများ K1, K2, P1 to P6, S1 to S4, Poly, Junior College, NUS, NTU စတဲ့ အဆင့်မြင့်ပညာရေးကို စင်ကာပူအစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ တက်ရောက်ခွင့်ရရှိ အောင်မြင်ခဲ့ပါတယ်။ ယခု ကျနော်တို့နဲ့ အတူ မြန်မာပြည်ကို သားသမီးများ ပြန်မလာနိုင်သေးပေမဲ့ တနေ့ မြန်မာပြည်မှာ နိုင်ငံခြားပြန် လူငယ်များအတွက် အလုပ် အကိုင်ပေါများလာချိန် ပြည်ပရောက်မြန်မာများ တစုတဝေး ပြန်လာအခြေချကြမယ်ဖြစ်ပါတယ်။

● ပီအာမရရှိသော မြန်မာများစွာ
ယခု ၂၀၁၁ နောက်ပိုင်းမှာ စင်ကာပူပီအာ မပေးတဲ့အပြင်၊ စင်ကာပူစီတီဇင်လည်း လွယ်ကူစွာမရတော့ပါ။ ဒါကြောင့် မြန်မာ များစွာ စင်ကာပူမှာ အမြဲတမ်းနေထိုင်ဖို့ အခွင့်လမ်းနည်းပါးနေပါတယ်။ လစာကလည်းကောင်းတဲ့အတွက် တခြားနိုင်ငံတခုကို လဲ မပြောင်းချင်ကြပါဘူး။ စင်ကာပူဟာ မြန်မာများစွာရှိတဲ့အတွက် အလွန်ပျော်စရာကောင်းတဲ့ ပါရာဒိုက်စ် ဘုံတစ်ခုလို ဖြစ်နေပါတယ်။ အရွယ်ငယ်စဉ်ကာလမှာ တတ်နိုင်ရင် တတိယနိုင်ငံတစ်ခု ဥပမာ သြစတြေးလျား၊ နယူးဇီလန်၊ အမေရိကန်၊ ဥရောပ .. နိုင်ငံများကို ပီအာအဖြစ်နေထိုင်ဖို့ ကျောင်းဆက်တက်ဖို့၊ အလုပ်အကိုင်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။

အဓိကတော့ မိမိရရှိတဲ့လစာကို စုဆောင်းထားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ မြန်မာပြည်ကို ပြန်လာရင်တော့ ဆင်းရဲမွဲ တေမှုများစွာနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူပီအာမရရှိသေးသူ မြန်မာများ.. စီးပွားရေး၊ လုပ်ငန်းကောင်း လခစားလုပ်ချင်သူများ စင်ကာပူကနေ တတိယဖွံ့ဖြိုးပြီးနိုင်ငံတခုကို ပြောင်းခြင်းဖြင့် ဘဝပိုမိုတိုးတက်လာမှာပါ။

● စင်ကာပူပီအာ စွန့်လွှတ်ခြင်း
ပီအာ ဆိုတဲ့အခွင့်အရေးဟာ စင်ကာပူနိုင်ငံသားများနဲ့ အခွင့်အရေးအတူတူဖြစ်ပေမဲ့ နိုင်ငံရေးမှာ မဲပေးပိုင်ခွင့်မရှိတာ တခုပဲရှိပါတယ်။ ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများမှာ နိုင်ငံသားတစ်ယောက်လို လုပ်ပိုင်ခွင့်ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ တစ်နှစ် တစ်ဦးချင်းဝင်ငွေ Per capital income per year က ဒေါ်လာ ၆သောင်း (S$60000) ဖြစ်ပြီး မြန် မာနိုင်ငံကတော့ ဒေါ်လာ ၁၂၀၀ ($1500) ပဲရှိတော့ လစာအရမ်းကွာခြားပါတယ်။ အဆ၄၀ ကွာခြားပါတယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ လက်ရှိ အစိုးရဝန်ထမ်းတစ်ဦး လစာ ကျပ် တသိန်းခွဲဆိုရင် စင်ကာပူအစိုးရဝန်ထမ်းတစ်ဦးက လစာ ကျပ်သိန်း ၅၀ ကျော် ရမယ်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ လစာအပြည့်နီးပါး ထုတ်ရပါမယ်။ ၅ % လူမှုဝန်ထမ်းစုဆောင်းငွေ နှုတ် ရင် ၉၅% လက်ဝယ်ရရှိပါတယ်။ စင်ကာပူမှာတော့ လစာရဲ့ ၄၀ % ကို လူမှုဝန်ထမ်းစုဆောင်းငွေ (တနည်းအားဖြင့် စီပီ အက်ဖ် CPF www.cpf.gov.sg) နှုတ်လိုက်တော့ လစာရဲ့ ၆၀ % ပဲ လက်ဝယ်ရရှိပါတယ်။ ဒါပေမဲ့ အခြေခံလစာက ဒေါ်လာ ၆ ထောင် ဆိုတော့ လက်ဝယ်ရငွေ ၆၀% = ဒေါ်လာ ၃၆၀၀ လောက်ရရှိပါတယ်။ လောက်ငှစွာ သုံးစွဲနိုင်ပါတယ်။ ၁၀ နှစ်လောက်ကြာရင် စုဆောင်းငွေနဲ့ နိုင်ငံသား (သို့မဟုတ်) ပီအာများ နေအိမ် အရစ်ကျဝယ်နိုင်ပါတယ်။ ဒါဟာ စင်ကာပူအစိုးရ ကျင့်သုံးနေတဲ့ အစ္စရေးနိုင်ငံက စတင်ခဲ့တဲ့ စီပီအက်ဖ် စုဆောင်းငွေစနစ်ဖြစ်ပါတယ်။

ဒါကြောင့် စင်ကာပူပီအာ အဖြစ် ၁၀ နှစ်လောက်ကြာရင် မြန်မာတစ်ဦးအနေနဲ့ ကိုယ်ပိုင်အိမ် (အစိုးရတိုက်ခန်း သို့မဟုတ် ပုဂ္ဂလိကတိုက်ခန်း၊ ကွန်ဒို) ဝယ်နိုင်ပါတယ်။ လစာကောင်းသူများကတော့ ပီအာ ၅ နှစ်သက်တမ်းအတွင် ကိုယ်ပိုင်အိမ် ဝယ်နိုင်ပါတယ်။

စာရေးသူအဖို့ မြန်မာပြည်ကို အပြီးပြန်ဖို့ စင်ကာပူမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို တစ်ခုခြင်းစွန့်လွှတ်ရပါတယ်။ နည်းလမ်း ၂ သွယ်ရှိပါတယ်။ ပထမနည်းကတော့ မိမိတစ်ဦးတည်း ပီအာစွန့်လွှတ်ပြီး CPF စုဆောင်းငွေများကို ထုတ်ယူသွားခြင်း၊ ဇနီး၊ သားသမီးများကို မိမိဝယ်ထားတဲ့ အိမ်၊ ပိုင်ဆိုင်မှုတွေ အလိုအလျှောက် လွှဲပေးခြင်းဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မိမိနဲ့ အိမ်ထောင်ဖက်၊ သားသမီးအားလုံး စင်ကာပူပီအာစွန့်လွှတ်ပြီး ကိုယ်ပိုင်အိမ်နဲ့ CPF စုဆောင်းငွေအားလုံး ထုတ်ယူသွား ခြင်း ဖြစ်ပါတယ်။

မြန်မာပြည်က မိတ်ဆွေအများစုက စင်ကာပူမှအခြေကျပြီးသားကနေ မြန်မာပြည်ပြန်လာအခြေချတဲ့ စာရေးသူကို အရူးလိုပဲ သဘောထားကြပါတယ်။ ဇနီးသည်လည်း တနှစ်အကြာ မြန်မာပြည်ပြန်လိုက်လာတော့ ပိုပြီးဘဝစိုပြေလာပါတော့တယ်။

● စီးပွားရေးအဆင်ပြေသူ မြန်မာများ
အချို့မြန်မာများဟာ ငွေကို စနစ်တကျသုံးစွဲတတ် လုပ်ငန်းလုပ်ကိုင်တတ်ကြတဲ့အတွက် စင်ကာပူနိုင်ငံသားခံယူထားသည်ဖြစ်စေ၊ ပီအာဖြစ်စေ စွန့်လွှတ်စရာမလိုပဲ မြန်မာပြည်ကို စီးပွားလုပ်ငန်းလာရောက်လုပ်ကိုင်နေကြပါတယ်။ သူတို့ပြောစကား ကတော့  စင်ကာပူမှာ အိမ်ယာဝယ်ထားပြီး ငှားစားထားရင် ငှားလို့ရတဲ့ အိမ်လခက နို့စားနွားမကြီးလိုပဲ နေ့တိုင်း နွားနို့တွေ ထုတ်လုပ်ပေးနေမှာဖြစ်တယ်။ ဒါကြောင့် စင်ကာပူမှာရှိတဲ့ မိမိပိုင်နေအိမ်ကို မရောင်းပဲ၊ မြန်မာပြည်ပြန်လာ စီးပွား၊ လုပ်ငန်း လုပ်ကိုင်ကြခြင်းပါ။

ဒါပေမဲ့ အများစုသော မြန်မာလူမျိုး စင်ကာပူပီအာရရှိထားသူများကတော့ ပြန်မဲ့ပြန် အပြီးပဲ ပြန်လာချင်ကြပါတယ်။ စင်ကာ ပူမှာရှိတဲ့ မိမိပိုင်ဆိုင်မှုအားလုံးကို ကိုယ်နဲ့တပါတည်း မြန်မာပြည်သယ်ဆောင်လာခြင်းနည်းကိုပဲ ရွေးချယ်ကြပါတယ်။

ထိုသူများက စင်ကာပူပီအာကို မစွန့်လွှတ်ပဲ မြန်မာပီအာကို ရယူကြပါတယ်။ မိတ်ဆွေတစ်ဦးက သူဟာ မြန်မာပီအာကို ၂၀၁၄ မှာ ပထမဆုံးရရှိကြောင်း ပြောပြပါတယ်။

● ပီအာစွန့်လွှတ်ရာမှာ ခက်ခဲမှုကြီးတခု
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို ၂၀၁၃ မှာလာရောက်စဉ်က ..အသက်ကြီးသူများ မိမိတို့ရဲ့ သံယောဇဉ် သားသမီး၊ မြေးမြစ်များ၊ အိမ်ယာပိုင်ဆိုင်မှုများကို စွန့်လွှတ် မြန်မာပြည်ပြန်လာဖို့ဆိုတာ မလွယ်ပါဘူး။ လူငယ်များအတွက်တော့ သံ ယောဇဉ် ကြီးကြီးမရှိသေးလို့ မြန်မာပြည်ပြန်လာဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် စင်ကာပူရောက် မြန်မာလူငယ်ထုကို ပြန် လာကြဖို့ အားပေးတိုက်တွန်းသွားပါတယ်။

ဒါကြောင့် သံယောဇဉ်ဆိုတာ လူကြီးအများစုက စင်ကာပူကနေ မြန်မာပြည်ပြန်လာဖို့ ခက်ခဲမှုကြီးတခု ဖြစ်နေပါတယ်။

● ပီအားစွန့်လွှတ်၊ CPF စုဆောာင်းငွေထုတ်ယူခြင်း
လူလွှတ်တစ်ဦးအတွက်ကတော့ ပီအာစွန့်လွှတ်ဖို့ရာ လူဝင်မှုကြီးကြပ်ရေးဌာနကိုသွားပြီး တရက်နဲ့ စွန့်လွှတ်နိုင်ပါတယ်။ ၂ ပတ်အတွင် မိမိစုဆောင်းထားတဲ့ CPF စုဆောင်းငွေများကို ထုတ်ယူနိုင်ပါတယ်။ အဲဒီငွေများကို ယခုအခါ မြန်မာပြည်ကို တိုက်ရိုက် ဘဏ်စနစ်နဲ့ စိတ်ချစွာလွှဲပို့နိုင်ပြီ ဖြစ်ပါတယ်။ ငွေလွှဲချိန် ၁၀ ရက်လောက် ကြာပါတယ်။

အိမ်ထောင်သည်ဆိုရင် လင်မယား ၂ ယောက်စလုံး အတူ တပြိုင်တည်း ပီအာစွန့်လွှတ်ရပါတယ်။ တစ်ဦးက အရင်စွန့် လွှတ်မယ်ဆိုရင်တော့ ပီအာသက်တမ်းကုန်ချိန်မှာ နိုင်ငံခြားကိုထွက်သွားရင် အလိုအလျောက် ပီအာစွန့်လွှတ်ပြီး ဖြစ်သွားပါ တယ်။ ပြည်ပရောက်နေသူက မိမိပိုင်တဲ့ CPF စုဆောင်းငွေများကို စင်ကာပူပြန်လာထုတ်သည်ဖြစ်စေ၊ ပြည်ပသို့ လွှဲပေးခြင်းနဲ့ ဖြစ်စေ ငွေထုတ်ယူနိုင်ပါတယ်။ မိမိပိုင်နေအိမ်က အစိုးရတိုက်ခန်းဖြစ်နေရင် ပီအာစွန့်လွှတ်ပြီး ၆ လအတွင်း အိမ်ကို နာ မည်လွှဲပေး (သို့မဟုတ်) ရောင်းချခြင်း လုပ်ရပါမယ်။

ပီအာ စွန့်လွှတ်ပြီးပေမဲ့ အသက်အာမခံကို ဆက်လက်ခံစားလိုရင် မိမိရဲ့ CPF စုဆောင်းငွေများကို စင်ကာပူမှချန်ထားလို့ ရပါတယ်။ စင်ကာပူ CPF စုဆောင်းငွေစနစ်က ပင်စင်စနစ်လိုပဲဖြစ်လို့ .. သက်ကြီးအာမခံလုပ်ထားရင် သေသည့်တိုင် ပင် စင်လစာ ခံစားရမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ ပီအာစွန့်လွှတ်ရင် သံယောဇဉ်အားလုံး ဖြတ်တောက်ပြီး မြန်မာပြည်ပြန် ကြတာ များပါတယ်။

ဦးသိန်းစိန်အစိုးရ ဝန်ကြီးဟောင်းတစ်ယောက်နဲ့တွေ့တော့ .. ခင်ဗျားမြန်မာပြည်ပြန်လာတာ စီးပွားရေးလုပ်ပေါ့ဗျာ... အား ပေးတယ်။ ကျနော် စီးပွားရေးလုပ်ဖို့ မလွယ်ပါဘူး။ ထမင်းစားရုံ ဝင်ငွေရှိတဲ့ အလုပ်တခုပဲ လုပ်ချင်ပါတယ် .. ဖြေခဲ့ပါတယ်။ အခုထိ မလုပ်ဖြစ်သေးပါဘူးဗျာ...။

● နိဂုံး
(စင်ကာပူမှာဆက်နေသင့်မသင့် စဉ်းစားစရာ)
မြန်မာအမြောက်အများ စင်ကာပူကနေ မြန်မာပြည်ကို ပြန်လာနေကြပါတယ်။ ဒါပေမဲ့ မြန်မာလူငယ် ပိုပြီးများပြားတဲ့ အုပ် စုကြီးက စင်ကာပူကို အပြင်းအထန်သွားရောက် လုပ်ကိုင်၊ ပညာသင်၊ စီးပွားလုပ်နေကြပါတယ်။ ခြုံကြည့်ရင် မြန်မာပြည်က ထွက်နှုန်းက ပိုပြီးများပြားနေဆဲဖြစ်ပါတယ်။

မြန်မာပြည် ပြန်လာကြတဲ့ စင်ကာပူပီအာ၊ စီတီဇင်များကို အချက်အလက် တိကျစွာမရှိပေမဲ့ အသက် ၅၀ အထက် မြန်မာ ပီအာ၊ စီတီဇင်များကတော့ မြန်မာပြည်ပြန်လာချင်ပေမဲ့ မပြန်လာနိုင်ပါဘူး။ စောစောက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သံယောဇဉ်မပြတ်နိုင်လို့ ဖြစ်ပါတယ်။ နောက်တချက်ကတော့ အဲဒီမြန်မာလူကြီးများရဲ့ လစာကလည်း ဒေါ်လာ ၅ ထောင်အထက် ဖြစ်နေတော့ ဒါလောက်များများလစာကို မြန်မာပြည်မှာပေးဖို့ အလုပ်အကိုင်မရှိသေးပါဘူး။

ဒါကြောင့် မြန်မာပြည်ပြန်လာသူ အများစုက စင်ကာပူမှာ ၁၀ နှစ်ကျော်နေထိုင်လာတဲ့ အသက် ၃၀ မှ ၄၀ ကြား မြန်မာလူငယ် များဖြစ်ပါတယ်။ သူတို့ပြန်လာကြပြီး လခစားမလုပ်ပဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ကြီးပွားနေကြတာကို တွေ့ရပါတယ်။ ပီ အာ၊ စီတီဇင်မဖြစ်တဲ့ မြန်မာများစွာလည်း စင်ကာပူမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာပြည်ကို ပြန်ရောက်နေကြတာ တွေ့ရပါတယ်။ အလုပ်လုပ်နိုင်တယ်ဆိုရင် မြန်မာပြည်မှာ ဘာအလုပ်ပဲလုပ်လုပ် ကိုယ်ပိုင်အလုပ်က တလ ဒေါ်လာ တ ထောင် (၁၀ သိန်း) ဝင်ငွေတော့ ရကြတာချည်း ဖြစ်ပါတယ်။

လခစားလုပ်မယ်ဆိုရင်တော့ စင်ကာပူပြန်မြန်မာတဦးအတွက် လစာ ၃ သိန်းကနေ ၆ သိန်းလောက်ပဲပေးတော့ လခစား အလုပ်က မကိုက်ပါဘူး။ ကိုယ်ပိုင်အလုပ်ပဲ မြန်မာပြည်မှာ လုပ်ဖို့ကောင်းပါတယ်။

အခုအချိန်မှာတော့ မြန်မာပြည်မှာ (ရန်ကုန်မှာတောင်) တလ ဒေါ်လာ ၁ ထောင် လစာ အလုပ်ကိုင်တောင် ရဖို့မနည်းရှာဖွေ ရပါတယ်။ ဘာပဲဖြစ်ပါစေ နောက် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကြိုးစားလုပ်ကိုင်သလို အဂတိလိုက်စားမှုတွေ တဟုန်ထိုးကျဆင်းသွားရင် နိုင်ငံတကာကုမ္ပဏီများစွာရောက်လာပြီး ပြည်ပရောက် မြန်မာပရိုဖက်ရှင်နယ်များအတွက် ထိုက်တန်တဲ့လစာ ဒေါ်လာ ၃ ထောင်အထက်၊ အလွယ်တကူရရှိမယ် မျှော်လင့်ပါတယ်။

ဇော်အောင် (မုံရွာ)
ဇန်နဝါရီ ၉၊ ၂၀၁၇