ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံကြစို့ – ၃


ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံကြစို့ – ၃
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၇


၂၀။ မီဒီယာအချို့မှာ တပ်မတော်ထိုးစစ်ကို ဒေါ်အောင်ဆန်းစုကြည်က မတားဆီးဖူး၊မကန့်ကွက်ဖူးဆိုပြီး အပြစ်တင်ကြပါတယ်။ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက တပ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ တို့ကို (ကာ/လုံ )ဆင်ဆင် အစည်းအဝေးတခုမှာ တရုတ်နယ်စပ်မှာ မြောက်ပိုင်းမဟာမိတ်တွေ လျှို့ဝှက်အစည်းအဝေး လုပ်နေတယ်။ ဘယ်ကို တိုက်မလဲဆိုတာ မခန့်မှန်းနိုင်သေးဖူး စတဲ့ အရေးကြီးသတင်းတင်ပြနိုင်သလို KIAရဲ့ စခန်းတွေ တိုက်နေရတဲ့ အကြောင်းရင်းတင်ပြနိုင်ပါတယ်။ ဒီအစည်းအဝေးဟာ တကြိမ်သာဆိုသော်လည်း အလွတ်သဘောသွားရောက် တင်ပြခဲ့တာမျိုး အကြိမ်တွေရှိခဲ့ကာ လုံခြုံရေးအရ မထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်က အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာသာ ရှိပြီး ဆက်မတိုက်နဲ့ဆိုပြီး အမိန့်ပေးပါက ဦးသိန်းစိန်လက်ထက်တုံးက လိုင်ဇာအဝမှာ ပြန်လာခဲ့တဲ့ သာဓကရှိဖူးပါတယ်။ ဆိုလိုတာက တပ်မတော်က KIA စခန်းကို တိုက်ရတဲ့ အကြောင်းရင်းကို အစောပိုင်းကတည်းက ကြိုတင်ပြီး တပ်ချုပ်က ရှင်းလင်းတင်ပြထားလို့သာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ရပ်ပါလို့ မပြောတာ ဖြစ်ပါတယ်။ အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ကိုလည်း ရပ်ပါလို့ မပြောတာဟာ အပြန်အလှန်ချိတ်နေတဲ့ အကြောင်းရင်းရှိလို့စောင့်ကြည့်နေတာဖြစ်တယ်ဆိုတာ စစ်ပွဲတွေရပ်ပါလို့ အစိုးရက မအော်တာကို အပြစ်တင်နေတဲ့ သူတွေ သိဖို့လိုပါတယ်။

၂၁။ KIA က ပန်းနဲ့ပေါက်နေတာမဟုတ်ဘဲ လူထု ထိခိုက်နေတာကို တပ်မတော်က လက်ပိုက်ကြည့်နေရင်လည်း တရားပါ့မလား။ ပြည်ပနဲ့ဆက်သွယ်စွက်ဖက်မှု ရှိနေလို့တပ်က ပြန်တိုက်တာကို မှန်တယ်လို့ ခွင့်ပြုနေတာလားဆိုတာ တွေးကြည့်ဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောစကား တပ်က နားထောင်၊ မထောင် ခိုင်မာတဲ့ လျှို့ဝှက်သတင်းတစ်ရပ်ကို စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်မှ သိရပါတယ်။ ရခိုင် - မောင်တောအကြမ်းဖက်ဖြစ်စဉ် ခံရမှုမှာ ခေါင်းစဉ်သဘောအရ နိုင်ငံတကာမှာသာဆိုရင် အမြစ်ပြတ်ချေမှုန်းဖို့ အင်အား သုံး တိုက်ခိုက်ရမှာ ဖြစ်ပေမဲ့ တပ်ကို လိုသလောက်သာ သုံးဖို့ နဲ့ စစ်အုပ်ချုပ်ရေး ကိုးကန့်လောက်ကိုင်လို  မပေးဖူးဆိုတာ ပြောခဲ့တယ်လို့ သိရပါတယ်။ တပ်ချုပ်ကတော့ စစ်သဘောအရ အပြတ်ချေမှုန်းဖို့သာ ဆန္ဒရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ခွင့်မပြုခဲ့ဘဲ "ထောင်ချောက်ဖြစ်နိုင်တယ်၊ ခေတ်မှီလက်နက်ဝယ်နိုင်ရဲ့သားနဲ့ ဒီလိုလုပ်တဲ့ ဖြစ်စဉ်ဟာ သံသယဖြစ်တယ်။ နောက်ကွယ်မှာ ဇာတ်လမ်းရှိနိုင်လို့၊ နိုင်ငံတကာဖိအားတွေ ပါနိုင်လို့ ဥပဒေအတိုင်းသာ သတိထားဆောင်ရွက်ဖို့၊ ပါကစ္စတန်မှာ သင်တန်းတက်ခဲ့တဲ့ သတင်းနဲ့ဆက်စပ်ပြီး နောက်ကွယ်မှာ ဘယ်သူတွေ ထောက်ပံ့နိုင်သေးလဲ (နောက်ပိုင်း ဆော်ဒီနိုင်ငံက ထောက်ပံ့သူ ပေါ်ထွက်ခဲ့)" ဆိုတာ  ဆက်လက် ဖေါ်ထုတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်က တပ်ရင်းမှူး ကျလို့ ရဟတ်ယာဉ် သုံးတာကလွဲပြီး အဆင့်မြင့်၊ ပစ်အားပြင်းလက်နက်ကြီးများ ထုတ်မသုံးတာဟာ ဒေါ်စုစကား လိုက်နာတာဘဲ ဖြစ်ပါတယ်။

အဆိုပါ သတင်းရပ်ကွက်ကပင် ပြည်ထောင်စုလွှတ်တော်မှာ အကြမ်းဖက်ခေါင်းစဉ်နဲ့ တပ်က တင်မှာကို စစ်ရုံး အရာရှိကြီးတစ်ဦး တင်ပြခဲ့တယ်လို့သိရပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်နိုင်ရာ ပြင်းလွန်းတယ် ယူဆဟန်တူကာ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူခဲ့လို့ အဆိုတင်ရာမှာ ကန့်ကွက်မဲ များခဲ့တာ ဖြစ်ပါတယ်။

၂၂။ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေးချင်တာက အစိုးရကို အထက်ဌာနအဖြစ် ဘာလို့ သဘော မထားနိုင်သေးတာလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘတ်ဂျက်ကအစ မဖြတ်တောက်ဘဲ နိုင်ငံတကာဝင်ဆန့်စေဖို့ ဆွဲခေါ်နေတာအဆုံး တပ်မတော်ကို ကူညီပေးတဲ့ ကျေးဇူးတရားကို ထောက်ထားသောအားဖြင့် တပ်ချုပ်က အစိုးရလိုလားမှုအတိုင်း နားထောင်သင့်ပါတယ်။ စစ်ဗိုလ်ဆိုတာ သဘောကျကျ၊ မကျကျ အထက်ဌာနက မလုပ်နဲ့ဆိုရင် ရပ်ရ ပါလိမ့်မယ်။ ဒါဆိုရင် အတိုက်အခံအဖွဲ့ပြောသလို အစိုးရထိမ်းချုပ်မှုအောက်မှာ တပ်ချုပ် လွတ်နေသယောင် ဖြစ်နေတယ်လို့ ဆိုရပါမယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်လို့သုံးနှုံးနေတာ အစိုးရက မသုံးဘဲ တပ်ချုပ်က ဆက်သုံးနေတာဟာ ရှမ်းပြည်နယ်လွှတ်တော်က ပြည်ထောင်စုလွှတ်တော်ထက် ပိုမြင့်လို့ သုံးနေတာလား၊ ကိုယ်နောက်မှာ အင်အားကြီး တပ်ရှိတိုင်း လုပ်ချင်တိုင်း လုပ်လို့ရရင် သမိုင်းတရားခံ ဖြစ်သွားပါမယ်။ ဒီလိုဆိုတော့ ခေါင်းစဉ်ကို တင်တာ သဘောမကျလို့ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် သိက္ခာကို ငဲ့ကွက်ပြီး မသတ်မှတ်လည်း ပြည်သူလူထုက သဘောပေါက်နေပြီးဖြစ်လို့နောက်တကွက် ဆုတ်ထားသင့်ပါတယ်။ စလာကတည်းက ယဉ်သကိုဆိုသလို လမ်းကြောင်းလွဲနေပြီး ပြည်ထောင်စုလွှတ်တော်ကို မတင်ဘဲ ကိုယ့်မဲ အသာစီးရထားတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာပင် တင်ယုံနဲ့ လုံလောက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်တင်ရင် NLD က လူနည်းစုကို အနိုင်ကျင့်တယ် ပြောခံရမှာ၊ နဂိုကမှ ဗမာလူမျိုးကြီးခေါင်းစဉ် တပ်နေရတဲ့အထဲ ကန့်ကွက်နိုင်မှန်းသိလျှက်နဲ့ဘာလို့ဇွတ်တင်ခဲ့သလဲ ဆိုတာ စဉ်စားရ ခက်လွန်းပါတယ်။ တပ်ချုပ် မိန့်ခွန်းအသုံးအနှုံးက အစိုးရကို ပူးပေါင်းဆောင်ရွက်တယ် ဆိုတာမျိုး level တူ တန်းတူထား ပြောနေတာဟာ Protocols အရ မသင့်လျှော်ဖူးလို့ ထင်ပါတယ်။

တပ်မတော်ဟာ အစိုးရရဲ့ဦးဆောင်မှု အောက်မှာ နေတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှူအောက်မှာ အခြေခံဥပဒေအရ ခံယူတယ် ဆိုတဲ့ စကားတွေ စာရေးသူနားထဲမှာ ဘယ်တော့မှ ကြားရမလဲဆိုတာ မျှော်လင့်မိပါတယ်။ ဒီယူဆချက်မှန်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ကိုယ့်အတွက်ပဲ လိုချင်တဲ့စိတ်၊ ကျောချင်တဲ့စိတ်တွေ ရှိသူတွေထဲမှာ သူမ ပြောချင်တဲ့ သူတွေနဲ့ ရောထွေးပါသွားမှာ သေချာပါတယ်။

၂၃။ စစ်ပွဲတွေရပ် ဆိုတဲ့ ဆန္ဒပြသူတချို့ဟာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေ စတိုက်တဲ့ အခါကျတော့
 မသိချင်ယောင်ဆောင်နေတယ်လို့ တပ်ဘက်က စောဒကတက်ကြပါတယ်။ တပ်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကော တပ်ကို ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကိုပါ ကြည့်မယ်ဆိုရင် နောက်ကွယ်က အဖွဲ့အစည်းတွေက အကုန်အကျခံ လုပ်ခဲ့ကြတာတွေချည်းပဲလို့ ယေဘူယျ မှတ်ချက်ချနိုင်တယ်လို့ တပ်မတော်သားအချို့က သုံးသပ်ကြပါတယ်။  ရှမ်းပြည်မြောက်ပိုင်း တိုင်ရင်းသားလူထုကို အင်တာဗျုးကြည့်
လိုက်ပါက မြောက်ပိုင်းအဖွဲ့ကို ရူတ်ချကြတဲ့ သတင်းတွေ လူမှုမီဒီယာမှာ အထင်အရှား ရှိနေပါတယ်။

၂၄။ စစ်ပွဲတွေရပ်ဆိုတဲ့ စကားစုနဲ့စပ်လျဉ်းပြီး စာရေးသူမိတ်ဆွေ တပ်မတော်အရာရှိ(ငြိမ်း)တစ်ဦးဖြစ်တဲ့
 သောင်းအေးက လူမှူမီဒီယာပေါ်တင်လာတာကို လေ့လာနိုင်ဖို့တင်ပြပေးလိုက်ပါတယ်-

စစ်ပွဲတွေရပ် ...
ဘယ်သူက ရပ်ရမှာလဲ။ တပ်မတော်ကို အစိုးရက ရပ်လို့ ညွှန်ကြားလို့ ရတယ်။ သူပုန်ကို ရပ်ဖို့  ဘယ်သူက တာဝန်ယူမှာလဲ။ စစ်ပွဲတွေရပ်လို့ အော်နေသူတွေထဲက သူပုန်ဘက်က ရပ် ဖို့ ဘယ်သူက တာဝန် ယူမှာလဲ။

အခုစစ်ပွဲတွေဖြစ်နေတာ သူပုန်တွေက မြို့ပေါ်အထိ ပြည်ထောင်စု လမ်းမကြီးပေါ်အထိ လာတိုက်လို့ ပြည်သူလူထုကို လာသတ်လို့ တပ်မတော်က ပြန်တိုက်နေရတာ မဟုတ်ဘူးလား။

မုန်းကိုးမြို့ကို လာတိုက်တာ၊ မူဆယ်ကို လာတိုက်တာ တပ်မတော်က ပြန်မတိုက်ဘဲ ရပ်ကြည့်နေရမှာလား။  အစိုးရက ပြတ်ပြတ်သားသား အမိန့်ပေးပါ။

အသေခံလည်း တိုက်ရသေး၊ စစ်ပွဲဖန်တီးသူတွေအဖြစ် အထင်မှားခံရအောင် ထိုးကျွေးလိုက်သေးဆိုတဲ့ ပုံစံတွေ မလုပ်သင့်ပါဘူး။ သူပုန်တွေ လာတိုက်တာ တပ်မတော်က "စစ်ပွဲတွေရပ် "ဆိုပြီး မတိုက်ဘဲ ရပ်ထားလိုက်ရင် မုန်းကိုး၊  မူဆယ်၊ လားရှိုးတွေ ရရင် ကျေနပ်သွားကြမယ် ထင်နေလို့လား။

တပ်မတော်က"စစ်ပွဲတွေရပ်"လိုက်ရင် အစိုးရ မရှိနိုင်တော့ဘူး ဆိုတာလောက်တော့ သိသင့်တယ်။

စစ်ပွဲတွေရပ်။ ဘယ်သူကရပ်ရမှာလဲ။ တိတိကျကျ ရှင်းရှင်းလင်းလင်း တာဝန်ယူ ညွှန်ကြားပါ။ တပ်မတော်က ရပ်ရမယ်ဆိုရင်လည်း ရပ်ဖို့ အစိုးရက တိတိကျကျ ညွှန်ကြားပါ။

စစ်ပွဲတွေရပ်ဆိုတာ ဘယ်သူတွေက ရပ်ရမှာလဲ။ တိတိကျကျပြောပါ။


၂၅။ တပ်မတော် စတိုက်တာ မဟုတ်ကြောင်း အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက စာရေးသူကို ရှင်းပြပါတယ်-

“ ကချင်ပြည်နယ် တိုက်ပွဲတွေမှာ အများစုဟာ KIA က စပြီး တိုက်ခိုက်တာ။ ငါတို့ မြစ်ကြီးနားမှာ မွေး
ခဲ့တာ အသိဆုံးပေါ့။ ရုပ်ရုပ်ရုံကို ဗုံးခွဲတာ လူထုပစ်မှတ်ဘဲလေ။ သူတို့လူမျိုး တိုင်းမှူး ဗိုလ်ချုပ်အယ်ကွန်ဖန်
မြို့အဝင်မှာ လုပ်ကြံခဲ့တာ ရှိခဲ့တယ်။ ယခု ဂီဒွန်စခန်းကြီးဟာ ဦးသိန်းစိန်အစိုးရ တက်လာမှ ပေါ်လာတဲ့ စခန်းအသစ်ကြီးဖြစ်တယ်။ အဲဒီစခန်း ခြေကုပ်ယူပြီး တပ်မတော်ရဲ့စစ်ကြောင်း ရိက္ခာပို့၊တ ပ် လဲလှယ်နေတုံး စတင်တိုက်ခိုက်ခဲ့လို့ ကျဆုံးတဲ့ တပ်ရင်းမှူးအဆင့် အရာရှိစစ်သည်တွေ
အများအပြားခဲ့ရှိတယ်။ ဒါ့အပြင် အဲဒီစခန်းကို အမှီပြုပြီး စစ်နည်းဗျူဟာအရ မြေပြန့်ဆင်း လှုပ်ရှားလို့ရကာ နယ်ပယ် ချဲ့ထွင်နေတာ လူထုမသိဖူး။ ဆက်ကြေးငွေ သတ်မှတ်ချိန်မှာ မပေးရင် မိုင်းခွဲ ၊ ပြန်ပေးဆွဲ၊ စိတ်မထင်ရင် ထင်သလို သတ်ပစ်သလို၊ အဓမ္မ လူသစ်စုဆောင်းမှုကြောင့် အခြားတိုင်းရင်းသားများကပင် ဆန္ဒပြလာခဲ့တယ်လေ။ တပ်မတော်က ကျုးကျော်ချင်လို့ စတိုက်တာ ဆိုရင် လက်မှတ်မထိုးတာခြင်းအတူတူ အင်အားနည်းတဲံ့ မွန်ပြည်နယ် NMSP၊ ကယားပြည်နယ် KNPP တို့နဲ့ ဘာလို့တိုက်ပွဲ မဖြစ်လဲ မေးမယ်။ အဖြေက ရှင်းရှင်းဘဲ သူစည်းကိုယ်စည်း၊ စည်းကမ်းတကျ၊ အပြန်အလှန်စာချုပ်ပါအတိုင်း လိုက်နာလို့ဘဲ၊ စည်းမစောင့်ဘဲ ငါတို့ ကချင်ပြည်နယ်ကိုပိုင်တယ်၊  လုပ်ချင်တိုင်းလုပ်မယ် လို့မရဖူးလေ၊ ကျန်တဲ့ လူမျိုးစုနဲ့ လူထု ရွေးကောက်ခံ ပြည်နယ်အစိုးရတွေဟာ အရုပ်မဟုတ်ဖူး၊ မတူကွဲပြားငြိမ်းချမ်းစွာ အတူနေထိုင်ရေး ဖြစ်သင့်တယ်။ KIA ဟာ လူထုကို ကိုယ်စားပြုချင်တယ်ဆိုရင်  သတ္တိရှိရှိ သေနတ် မပါဘဲ အရပ်ဝတ်နဲ့ရွေးကောက်ပွဲဝင်ကြည့်လိုက်ပါ။ ဥပမာ တပ်တွင်းမှာတုန်းက သေနတ်ကိုင်ခဲ့တဲ့ ကြံ့ဖွတ်ပါတီ အပြင်ထွက် ရွေးကောက်ပွဲဝင်တော့ ဘယ်လိုဖြစ်သွားတယ်ဆိုတာ မြင်ခဲ့ရပြီ မဟုတ်လား ...။"

(ဆက်လက်ဖော်ပြပါမည်)