မြတ်လှိုင်း ● မာရီယာဖတ်ဖို့ (၁)


မြတ်လှိုင်း ● မာရီယာဖတ်ဖို့ (၁)
ခေတ်ခေါ်သံ
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၇

ကြယ်ကြွေတဲ့ညဟာ
မာယာရဲ့အလှဆုံးကျော့ကွင်းထဲကရုန်းမထွက်နိုင်သေး
ငါ မက်နေတဲ့အိပ်မက်ထဲမှာပဲရှိတယ် မာရီယာ
မင်းရဲ့ခေါ်သံကို ဒီဖက်ခေတ်ကို သယ်ဆောင်မလာနိုင်ခဲ့ဘူး
အနုပဋိလောမရုပ်ဝါဒဆိုတာ
ဒီဖက်ခေတ်ဈေးကွက်ထဲရောင်းမကောင်းတော့ဘူး
ငါတို့က စစ်ပွဲတွေ အခုရပ်လို့အော်ပြီး
ဈေးခေါ်နေတာ ဆယ်စုနှစ်ခြောက်ခုကျော်ပြီ။

အကြောက်တရားကို
တစ်ဘဝစာပုန်းခိုဖို့၊ ထိုးထိုးထောင်ထောင်မြို့တော်ကြီးထဲ
လက်တယက်စာတူးထားတဲ့ဝပ်ကျင်းက ဘဝအတွက်မလုံခြုံဘူး
သစ်ပင်ကြီးကအမြစ်တွယ်ပြီး
တရားရုံးတော်ကြီးကို မြိုချထားတယ်။

ငါတို့ဆုံးရှုံးသွားတဲ့ဘဝတစ်ခြမ်းအတွက်
ပြောင်းလဲခြင်းတေးကိုဆိုပြီး ရေစက်ချလိုက်ရတယ်
ငါကျေနပ်မိပါရဲ့
မင်းလဲအတိတ်ကနေလွမ်းလိုက်ပါ မာရီယာ။

တရားသောစစ်ပွဲတိုင်းကို ငါမယုံဘူး
ငါက ကဗျာဆရာ
စာအုပ်အဆုံးကျမှ ရေးတဲ့မာတိကာက
ကြင်နာခြင်းကင်းတဲ့စာမျက်နှာတွေကို ဖျောက်ကွယ်ထားတယ်
သွေးရှင်ရှင်ကျနေတဲ့နှလုံးသားအစစ်တွေ
အခေါင်းထဲထည့်ပြီး သင်္ချိုင်းဆီပို့လိုက်ကြတယ်။

ကြည့်လိုက်စမ်း မာရီယာ
စေတီတွေထီးမတင်တတ်ဘူး
ဂြိုလ်တိုင်တွေကို ရေချိုးမပေးဘူး၊ ဖယောင်တိုင်မထွန်းဘူး
ရုက္ခစိုးနဲ့ရန်ဖြစ်တတ်တယ်
ဘုရားစာအားကိုးတဲ့ယတြာတွေမချေဘူး
တန်ခိုးရှင်တွေကို မယုံဘူး
ငါ့ကိုဘုရားမဲ့ဝါဒီလို့ ခေါ်ချင်ခေါ်ကြပစေ
ငါက သစ္စာလေးပါးကိုယုံတယ်
ပြီးတော့ မင်းကိုချစ်တယ်
လူသားဆန်တဲ့လူသားဝါဒကို ငါ့ရင်နဲ့ရေးထိုးတယ်။

ငါက
သာမန်ကဗျာဆရာတစ်ယောက်ပါ မာရီယာ။     ။

မြတ်လှိုင်း