မောင်မောင်စိုး ● ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး ငြိမ်းချမ်းရေး - အပိုင်း (၃)

မောင်မောင်စိုး ● ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး ငြိမ်းချမ်းရေး - အပိုင်း (၃)
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၆

● အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး
NLD အစိုးရသစ်၏ကြွေးကြော်သံဖြစ်သည်။ NLD အစိုးရသစ်အနေနှင့် အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ NLD အစိုးရ၏ နိုင်ငံရေးဦးတည်ချက်အားလူထုအားလုံးက ထောက်ခံခဲ့သည်။ မျှော်လင့်ချက်များစွာဖြင့် ကြိုဆိုခဲ့ကြသည်။

တကယ်တမ်းဆိုရလျင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုသည်မှာ မဟာမိတ်တပ်ပေါင်းစုလုပ်ငန်းစဉ်ထက် ပို၍ ခက်ခဲပါ သည်။ မဟာမိတ်တပ်ပေါင်းစုဆိုသည်မှာ တည်ရှိနေသည့် နိုင်ငံရေးအခြေအနေတွင် မိမိနှင့်ယေဘုယျ နိုင်ငံရေးဦးတည်ချက်တူသူများနှင့် မဟာမိတ်ဖွဲ့ လက်တွဲလုပ်ဆောင်ခြင်းဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးဆိုသည်က မတူကွဲပြား သော နိုင်ငံရေးအမြင်ရှိသူ အုပ်စုများအား စုစည်းပြီး ဘုံသဘောတူညီချက်တရပ် ရရှိအောင်ကြိုးပမ်းရေး ထိုမှတဆင့် သင့် မြတ် သည့် လူ့အဖွဲ့အစည်းတရပ်တည်ဆောက်ရေးဖြစ်ရာ နှိုင်းယှဉ်မှု အရ ပိုမိုခက်ခဲပေသည်။

အမျိုးသားသင့်မြတ်ရေးအရ အမြင်အယူအဆမတူ၍ ကွဲလွဲနေသည့်ပြင် လက်နက်ကိုင်ပဋိပက္ခပါဖြစ်ပွားနေသည့် အုပ်စုများ ကို သင့်မြတ်အောင်လုပ်ရမည်ဖြစ်ပေရာ လွယ်ကူလှသည်တော့မဟုတ်ပေ။ NLD အနေနှင့် အစိုးရတရပ်ဖြစ်လာပြီ ဖြစ်ပေရာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခကိုမလွှဲမရှောင်သာ ကိုင်တွယ်ရပေတော့မည်။ ရင်ကြားစေ့မူအရ NLD အစိုးရနှင့် လက် နက်ကိုင်အဖွဲ့များ ရင်ကြားစေ့ရေးသက်သက် မဟုတ်ဘဲ NLD /တပ်မတော်/ တိုင်းရင်းသားပါတီ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသုံးဦးသုံးဖလှယ် ရင်ကြားစေ့ရေးဖြစ်ပေရာ ပို၍ရှု ပ်ထွေးနက်နဲ လာပေတော့သည်။

● NLD နှင့် ငြိမ်းချမ်းရေး
NLD ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယခင်ဦးသိန်းစိန်အစိုးရလုပ်ကိုင်ခဲ့သည်ကို ဆက်ခံခဲ့သည်။ သမတဟောင်း ဦးသိန်းစိန်လက်ထက်တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီချက် NCA ကိုရေးဆွဲခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ၂၀၁၅ အောက်တိုဘာ၁၅ ရက်နေ့တွင် လက်မှတ်ထိုးခဲ့သည်။ KIA ခေါင်းဆောင်သော UNFC အဖွဲ့ဝင် ၇ ဖွဲ့ အချက်အချို့ ပြင်ဆင်ရန်နှင့် အားလုံးပါဝင်ရေးကို တောင်းဆိုပြီးလက်မှတ်မထိုးသေးပေ။ ထို့ပြင် UWSA/NDAA/NSCN (K) တို့က လက်မှတ်ထိုးရန်မလိုဟုဆိုကာ ငြင်းဆန်ထားပြီး MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ကိုတော့ NCA လက်မှတ်ထိုးခွင့်ပြုရန် ဦးသိန်းစိန်အစိုးရနှင့် တပ်မတော်တို့ကငြင်းဆန်ထားသည့်အခြေအနေတွင် NLD အစိုးရက ဆက်ခံခဲ့ ရသည်။

● NLD အစိုးရနှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်
တကယ်တမ်းဆိုလျင် NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအခွင့်အလမ်းများ ပိုလာပြီး တွေ့ဆုံဆွေးနွေးရာတွင် ပျော့ ပြောင်းသောသဘောထားကို တွေ့ရဘွယ်ရှိသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းလိုလို မျှော်လင့်ချက်ထားရှိပြီး NLD အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား စောင့်မျှော်ခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် NRPC ဖွဲ့စည်းပြီးစချိန် တွင်ပင်တပ်မတော်က MNDAA/AA/TNLA အဖွဲ့ လက်နက်စွန့်မှသာ လက်ခံနိုင်မည်ဟု ကြေညာခဲ့ရာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်သည် ခက်ခဲ၍သွားပေသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို မြန်ဆန်စွာ ကျင်းပနိုင်ရန် ကြိုးပမ်းခဲ့ပြီး NCA လက်မှတ်ထိုးသောအဖွဲ့များရောလက်မှတ်မထိုးသေးသော အဖွဲ့များရော ညီလာခံတက်ရောက်ရေး ဆောင်ရွက်ခဲ့ရာ အားလုံးအတွက် မျှော်လင့်ချက်များရှင်သန်ခဲ့သည်။ ကိုးကန့်အပါ ၃ ဖွဲ့ညီလာခံသို့မတက်ရောက်နိုင်ခဲ့သော်လည်း ညှိနှိုင်းမှု တစုံတရာရှိခဲ့၍ တော်သေးသည်ဟု ဆို၍ရသည်။ ထို့ပြင်ညီလာခံအတွင်း ပါတီအသီးသီး အဖွဲ့အသီးသီးအနေနှင့် မိမိတို့အမြင်များကို ပွင့်လင်းလွတ်လပ်စွာပြောခွင့်ရသည့်အပြင် လူထုကို ချပြခွင့်ရသဖြင့် မျှော်လင့်ချက် ပိုမြင့်ခဲ့သေးသည်။

● NCA
NLD အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခါစက NCA နှင့်ပတ်သက်သည့်သဘောထားကို ရှင်းလင်းစွာ မတွေ့သေးပေ။ တပ်မတော်အနေနှင့်တော့ NCA နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ရပ်ခံထားပေသည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာ ခံတွင် NCA လက်မှတ်ထိုးသည့်အဖွဲ့များရော မထိုးသည့်အဖွဲ့များပါ ပါဝင်ရေးလုံးပမ်းနေသည့် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များနှင့်ပတ်သက်၍မည်သို့ ကိုင်တွယ်သွားမည်ဆိုသည်မှာ စိတ်ဝင်စား ဘွယ်ဖြစ်ခဲ့သည်။

၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအဖွင့်နေ့တွင် ပြောကြားသောမိန့်ခွန်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ NCA ထီးရိပ်အတိုင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး တပ်မတော်နှင့် တသဘောတည်းဖေါ်ပြခဲ့သည်။ ဆက်လက်၍လည်း ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြု လုပ်သည့် NCA လက်မှတ်ထိုးသည့် တနှစ်ပြည့်အခန်းအနားတွင် NCA တနှစ်ပြည့်သော်လည်း ထပ်မံလက်မှတ်ထိုးသူမရှိ၍ ဝမ်းနည်းစရာကောင်းကြောင်း NCA လက်မှတ်မထိုးဘဲ ပြင်ပတွင် အချိန်မဖြုန်းကြဖို့ကြောင်း ပြောကြားခဲ့သည်ကို တွေ့ခဲ့ရ သည်။

ဤအချက်သည် ၂၀၁၅ ခုနှစ်အတွင်း NCA နှင့်ပတ်သက်၍ သူမ၏ရပ်တည်ခဲ့ပုံနှင့် ကွာခြားလာခဲ့သည်ဟု သုံးသပ်ရသည်။ ထိုစဉ်က NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို ရပ်ခံခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ရက်နေ့ NCA လက်မှတ်ရေးထိုးရာတွင် တက်ရောက်ပါဝင်ခဲ့ခြင်းမရှိပေ။ထို့ပြင် ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလ ၂၀၁၅ စက်တင်ဘာ ၂၆ ရက်နေ့ကဆီဆိုင်မြို့ တွင် ပြောကြားရာ၌ စစ်မှန်သော အပစ်အခတ်ရပ်စဲရေးစာချုပ်အမြန်ဆုံးရရန်လိုကြောင်း တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မျိုး ပါဝင်စင့်တဲ့ နိုင်ငံရေးအင်အားစုများ အစုအဖွဲ့များအားလုံးလက် ခံသော စာချုပ်မျိုးလိုအပ်ကြောင်း ယနေ့လက်မှတ်ထိုး နောက်နေ့ပစ်မည်ဆိုလျင် စစ်မှန်သော စာချုပ်မျိုးမဟုတ်ကြောင်း မိမိတို့အနေနှင့် စစ်မှန်သော အပစ်ရပ်စာချုပ် အမြန်ဆုံးလက်မှတ်ထိုးခြင်းအား သူမတို့သဘောတူကြောင်း သို့သော် အချိန် ကာလက အရေးကြီးဆုံးမဟုတ်ကြောင်း စစ်မှန်မှုသာ အရေးကြီးဆုံးဖြစ်ကြောင်း သူမအနေနှင့် သေသေချာချာ ပြောလို ကြောင်း ဆိုခဲ့သည်။

သို့သော် NCA လက်မှတ်ထိုးရန် ဆွေးနွေးဆဲ အငြင်းပွားဆဲဖြစ်သည့်UNFC ခေါင်းဆောင်များနှင့် ၂၀၁၆ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် တွေ့ဆုံရာ၌ သူမတို့အစိုးရအနေနှင့် ယခင်အစိုးရပြု လုပ်ခဲ့သည်များကို မလွှဲမရှောင်သာ ဆက်ခံရကြောင်း ဆိုခဲ့သည်။ ထိုစဉ်က သူမတို့အစိုးရအနေနှင့် NCA ကိုဆက်ခံရလိမ့်မည်ဟု ဆိုလိုချင်ပုံရသည်။ ထို့ပြင် သူမ၏လက်ရှိသ ဘောထားမှာ မည်သို့သော ကွဲလွဲမှု ရှိသေးနေကာမူ NCA လက်မှတ်အရင်ထိုးပြီး စားပွဲဝိုင်းပေါ်ရောက်မှ ညှိနှို င်းဆွေးနွေးရန် ရည်ရွယ်ပုံရသည်။ NLD အနေနှင့် ရွေးကောက်ပွဲလမ်းကြောင်းဝင်လိုက်ခြင်းမှာလည်း လူထုအထိခိုက်နည်းသောလမ်း ကြောင်းကို ရွေးချယ်လိုက်သည်ဟု သူမဆိုလေ့ရှိရာ တိုင်းရင်းသားအဖွဲ့များကို သုမကဲ့သို့ပက် ခက်ခဲသောဆုံးဖြတ်ချက်ကို ချမှတ်စေလိုပုံရပါသည်။

● စစ်ပွဲနှင့်အကြမ်းဖက်အဖွဲ့ဆိုသည့်ပြဿနာ
ပထမအကြိမ် ၂၁ ရာစုပင်လုံ မကျင်းမှီကထဲက ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်း စစ်ရေးအရ တိုက်ပွဲများ ဖြစ်ပွား နေရာမှ ညီလာခံနောက်ပိုင်းတွင် တစတစ ပို၍ ပြင်းထန်လာသည်။ ကချင်ပြည်နယ်တွင်း တပ်မတော်၏ ထိုးစစ်များ အရှိန်မြင့်လာသည်ကိုတွေ့ရသည်။ ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်မှစ၍ KIA/MNDAA/TNLA/AA လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က မြောက်ပိုင်းမဟာမိတ်ဟူ၍ ဖွဲ့စည်းကာ ပြန်လည်စသ်ဆင်ရေးများ ပြုလုပ်သောအခါ စစ်ရှိန်က ပိုမြင့်လာသည်။

၂၀၀၈ အခြေခံဥပဒေအရ အရပ်သားအစိုးရနှင့် တပ်မတော်သည် လုပ်ပိုင်ခွင့်အသီးသီးရယူထားကြသည်။ အထူးသဖြင့် ပြည်တွင်းစစ်နှင့် ပတ်သက်၍ တပ်မတော်က လုပ်ပိုင်ခွင့်အပြည့်အဝယူထားပေရာ အရပ်သားအစိုးရ ကျော်လွှားနိုင်ခြင်းမရှိပေ။ ဤအချင်းအရာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား မကြေလည်မှု များတွေ့ရသည်။ သို့သော်ဤပြဿနာသည် ဖွဲ့စည်းပုံပြဿနာဖြစ်သည်။ မြန်မာပြည်တွင် အပြည့်အဝဒီမိုကရေစီမရှိသေးသည်ကို ပြသခြင်းလည်းဖြစ်သည်။ ပြည်သူလူထုကရွေးချယ်တင်မြှောက်ခြင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ပိုင်ခွင့်သည် အခြေခံဥပဒေအရ အကန့် အသတ်ရှိသည်ကိုပြသည်။

သို့သော်သူမသည် သူမလုပ်ပိုင်ခွင့်ရှိသည်ကိုတော့ လုပ်ခဲ့သည်ဟု ဆိုရမည်။ စစ်ရှိန်မြင့်လာသောအခါ လွှတ်တော်တွင် အဆိုပါ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် ကြံ့ခိုင်ရေးပါတီမှ အဆိုတင်သွင်းကာ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်သားကိုယ်စားလည်များက ထောက်ခံဆွေးနွေးခဲ့သည်။ သို့သော် NLD အမတ်အများ စုကပယ်ချလိုက်၍ အဆိုအတည်မဖြစ်ခဲ့ပေ။ အကယ်၍သာ လွှတ်တော်ကသာ ၎င်းအဆိုကို အတည်ပြု ခဲ့ပါက ထိုအဖွဲ့များကို ဆွေးနွေးစရာမလိုတော့ဘဲ အပြတ်တိုက်ရန်သာ ရှိတော့ပေရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်သွားနိုင်ပေသည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အဆုံးအဖြတ်ပေးသောကာလတွင် သူမလုပ်ပိုင်ခွင့်ရှိသောဘောင်အတွင်းမှ ပြတ်ပြတ်သား သား ရပ်တည်ခဲ့သည်ဟုဆိုနိုင်သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီး၏သဘောထားသည် တပ်မတော်သဘော ထားသာဖြစ်ပြီး NLD အစိုးရသဘောထားမဟုတ်ကြောင်း တွေ့ခဲ့ရသည်ဟုဆိုရပါမည်။

ထို့ပြင် တပ်မတော်ပိုင် မြဝတီသတင်းဌာနမှ နောက်ပိုင်းတွင်အဆိုပါလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်သောင်းကျန်း သူများဟုဖေါ်ပြရေးသားသော်လည်း နိုင်ငံတော်၏အတိုင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကမူ ပူးပေါင်းလက်နက်ကိုင် အဖွဲ့ဟုသာ တလျှောက်လုံးဖေါ်ပြသည်ကိုတွေ့ရသည်။ အစိုးရတရပ်အနေနှင့် တည်ငြိမ်သော သဘောထားကို ဖေါ်ပြ နိုင် သည်ဟုဆိုရပါမည်။

● အားလုံးပါဝင်ရေး
သို့သော်ဒေါ်အောင်ဆန်းစုကြည်၏ရပ်ခံချက်သည် ၂၀၀၈ အခြေခံဥပဒေ၏ကန့်ကတ်ချက်နှင့် သူမ၏ အမျိုးသားရင်ကြားစေ့ရေးမူဘောင်အောက်တွင်ပြည့်စုံလုံလောက်မှု ရှိပါသလောဆိုသည်နှင့်ပတ်သက်၍ အငြင်းပွားမှု များရှိပါသည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် အခြေခံမူမှာ အားလုံးပါဝင်ရေးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသော လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်ရန် လိုအပ်ပေသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က "ပါဝင်သင့်ပါဝင်ထိုက်သူများ" ပါဝင်ရေးမူကို သူမ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ကထဲကကြေညာထားခဲ့သည်။ ယခုစစ်ရေးတင်းမာမှု များမြင့်တက်လာချိန်တွင် တပ်မတော်မှ မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန်တင်ပြလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လွှတ်တော်တွင်း ပယ်ချ ရုံဖြင့် လုံလောက်ပြီလော၊ သို့တည်းမဟုတ် ပါဝင်သင့်ပါဝင်ထိုက်သူများသည်မည်သည့်အဖွဲ့များဖြစ်သည်ကို အကျိုးအကြောင်းအချက်အလက်ဖြင့် ထုတ်ဖေါ်ရပ်ခံရန် လိုအပ်မလိုအပ် လွှတ်တော်သို့တင်သွင်း၍ အဆုံးဖြတ်ခံသင့်မခံသင့်သည် စဉ်းစားဘွယ်ရာ ပြန်လှန်သုံးသပ်ဘွယ်ရာဖြစ်ပေသည်။ ဆုံးဖြတ်သင့် မဆုံးဖြတ်သင့်ဆိုသည်မှာ ပေါ်ထွက်လာမည့် အကျိုး ဆက်များကို ထည့်သွင်းတွက်ချက်ရန်လိုပေလိမ့်မည်။

လက်ရှိ မြောက်ပိုင်း မုန်းကိုး မူဆယ်ဒေသနှင့်ပတ်သက်၍ စစ်ပွဲသတင်းများအား နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှထုတ်ပြန်ခဲ့သော်လည်း ၎င်းတိုက်ပွဲမတိုင်မှီ တပ်မတော်၏စစ်ဆင်ရေးများနှင့်ပတ်သက်၍၎င်း နောက်ပိုင်း ကချင်ပြည်တယ် ဂီဒွန်တောင်ကြော တိုက်ပွဲ များအား ဖေါ်ပြခြင်းမရှိခြင်းမှာလည်း သို့လောသို့လော တွေးတောစရာဖြစ်သည်။ အချို့က တိုင်းရင်းသားဒေသများအား ထိုးစစ်ဆင်များအား ဒေါ်အောင်ဆန်းစုကြည်က မျက်ကွယ်ပြုထားသည်ဟု ယူဆကြ သည်။ အချို့ကမူ ထိုတိုက်ပွဲများကို သူမမထောက်ခံသဖြင့် ဖေါ်ပြခြင်းမပြု ခြင်းဖြစ်သည်ဟု ယူဆကြသည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သူမ၏ရပ်ခံချက် ဆောင်ရွက်ချက်များနှင့် ဘက်စုံက သုံးသပ်ရန်လိုသကဲ့သို့ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

● ငြိမ်းချမ်းရေး
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်နေသည်မှာ အမျိုးသာရင်ကြားစေ့ရေးဖြစ်သည်။ ယခင် က အတိုက်အခံဖြစ်ခဲ့သော NLD နှင့် တပ်မတော် ရင်ကြားစေ့ရန် လိုအပ်သကဲ့သို့ ယနေ့တိုင် လက်နက်စွဲကိုင်၍ လက်နက် ကိုင်ပဋိပက္ခဖြစ်နေသော တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား ရင်ကြားစေ့ပေးရန်လိုသည်။ ထိုအတူ NLD နှင့် တိုင်း ရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်များကြား ရင်ကြားစေ့ပေးရန်လိုအပ်သည်။

အမျိုးသားရင်ကြားစေ့ရေး ဦးစီးဆောင်ရွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေနှင့် ရင်ကြားစေ့ရေးအား ဟန် ချက်ညီညီလုပ်ဆောင်နိုင်မည်ဆိုပါက တန်းတူရေးသည်လည်းကောင်း၊ ဖက်ဒရယ်သည်လည်းကောင်း၊  ငြိမ်းချမ်းရေးသည် လည်းကောင်း ထိုမှတဆင့် အခြေခံဥပဒေပြင်ဆင်ရေးသည်လည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တပ်မတော်နှင့် ရင်ကြားစေ့ရန်လိုအပ်သကဲ့သို့ တိုင်းရင်းသားပါတီများ တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ရင်ကြားစေ့ရန်လိုအပ်ပေသည်။ ယခုထိတော့တိုင်းရင်းသားများနှင့် ထိတွေ့မှု အားနဲနေဆဲဟု တိုင်းရင်းသားများက ယူဆကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရင်ကြားစေ့ရေးသည် တပ်မတော်နှင့်ရင်ကြားစေ့ရေးကအလေးသာနေပြီး တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးက အားနည်းနေသည်ဟု ဝေဖန်သုံးသပ်မှု များရှိနေသည်။ မည်သို့ ဆိုစေပြီးခဲ့သော အတွေ့အကြုံများ လက်ငင်းပြဿနာများနှင့် အလားလာများအား မျှော်ကြည့်၍ သုံးသပ်ကြရန် လိုအပ်ပါ လိမ့်မည်။

ပြီးပါပြီ
မောင်မောင်စိုး (Mg Mg Soe)

(ဧရာဝတီမြန်မာပိုင်းတွင်လည်း ဖော်ပြပြီးဖြစ်သည်)