ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● မေမေရဲ့အစားထိုး ‘သား’

လှကျော်ဇော ● မေမေရဲ့အစားထိုး ‘သား’
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၇

အချိန်က  ၁၉၇၆ ခုနှစ် ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်း။
နေရာက စမ်းချောင်း၊ မြောင်းမြလမ်းအိမ် အမှတ် ၃၀၊ အပေါ်ထပ် ဧည့်ခန်း။

အဲဒီနေ့က ဖေဖေက မေမေ့ကို ကိုကျော်ဇောဦး တောခိုသွားတာ လမ်းမှာဖျားနေလို့ ကျမတို့တတွေ သူ့ကို လိုက် ခေါ်မလို့ ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး ပြောဆိုနေပါတယ်။ စစ်တပ်နဲ့တိုးရင် အသတ်ခံရမှာစိုးလို့ ဖေဖေပါလိုက်မှ ဖြစ်မယ်တို့၊ ဖျား နေလို့ ဆေးလည်းကုဖို့လိုလို့ ကျမလည်းပါရမယ်တို့ စသဖြင့်ပေါ့လေ။ (ဖေဖေက ကျန်တဲ့သူတွေ ဒုက္ခရောက်မှာစိုးလို့ ဒီလို ပြောတာပါ။)

ဒါပေမဲ့ မေမေက အင်မတန်ပါးပါတယ်။ ဒီကြားထဲ ကျမတို့သားအဖတတွေ ညတညမှာ မြေပုံတချပ်နဲ့ စကားပြောနေတာ သူ တွေ့ထားပြီးပါပြီ။ ဒါကြောင့်သူက သူပါလိုက်မယ်လို့ ဆိုလာပါတယ်။ ကျမကပဲ “မေမေ - အားလုံးပျောက်သွားရင် သူတို့ ချက်ချင်းသိမှာ၊ ဘယ်သူမှ မလွတ်နိုင်ဘူး၊ မေမေက ဟန်မပျက်နေခဲ့ပါ။ မေမေ သူတို့ကို ၅ ရက်၊ တပတ် ဆွဲထားနိုင်ရင် လှလှတို့ လွတ်ပြီ၊ လှလှတို့ဟိုမှာ အခြေကျရင် မေမေ့ကို ပြန်လာခေါ်မယ်” လို့ ဖျောင်းဖျရပါတယ်။

ဒီတင် မေမေက “သိပါတယ်၊ သိပါတယ်။ မေမေ့ကို တနေ့ဒီလိုပဲ ပစ်သွားကြမယ်ဆိုတာ တွက်ထားပြီးသားပါ။ သူတို့ ပစ်သွား ရင် ငါ့သားလေးနဲ့ပဲနေမယ်လို့ စဉ်းစားထားတာ၊ သူက အရင် မေမေ့ကိုပစ်သွားတယ်” လို့ဆိုပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အငယ်ဆုံးသားလေး တွတ်တွတ်ကို တ ပြီး ငိုပါတော့တယ်။

တွတ်တွတ်က ၁၉၇၂ ခုနှစ်၊ သြဂုတ်လထဲမှာ သူအသက် ၂၀ မပြည့်ခင်၊ ကျမတို့ဘဝထဲက ရုတ်တရက် ထွက်ခွာသွားခဲ့ပါ တယ်။ မေမေရဲ့ အချစ်ဆုံးသား၊ လက်ကသုံးတောင်ဝှေးသားပါ။ ဒါကြောင့် မေမေက ဘာကိစ္စနဲ့ ကြုံလာကြုံလာ သူ့သား လေးကို တ,တပြီး ငိုတတ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အစားထိုးသားလေး ရထားပါတယ်။

တွတ်တွတ်ဆုံးပြီး မကြာခင်မှာပဲ ကျမတို့အိမ်မှာ မောင်အစား၊ သားအစားလေးတယောက် ရောက်လာပါတယ်။ ဖေဖေ့ညီ အငယ်ဆုံး ဦးသိန်းရွှေရဲ့သား မောင်မြတ်ကျော်ပါ။ ရန်ကုန်မှာ ကျောင်းနေဖို့ပါ။ ကျမတို့မှာ တွတ်တွတ်ဆုံးသွားပြီးစဖြစ်လို့ သူရောက်လာတော့ တအိမ်လုံး ဝိုင်းပြီးချစ်ကြပါတယ်။ မေမေကတော့ အသဲဆုံးပေါ့။ မောင်မြတ်ကျော်ကလည်း အလွန်လိမ္မာ ရေးခြား ရှိပါတယ်။ မေမေ့အိမ်အလုပ်တွေကို တွတ်တွတ်လိုပဲ အမြဲကူလုပ်ပေးပါတယ်။

မောင်မြတ်ကျော် ကျမတို့အိမ်ကပဲ ၁၀ တန်းအောင်ပြီး၊ တက္ကသိုလ်ရောက်ပါတယ်။ ဒီတင် ၇၄-၇၅-ရ၆ အရေးတော်ပုံများနဲ့ တန်းတိုးပါတယ်။ အဲဒီကာလ ကျမ မောင်နှစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ဇောနဲ့ကိုကျော်ဇောဦးတို့တတွေ ဗမာပြည် ကွန်မြူနစ်ပါတီ မြေအောက်ကလပ်စည်းနဲ့ ဆက်စပ်မိပြီး မြေအောက်လှုပ်ရှားမှုများလုပ်နေချိန်ပါ။ သူတို့က ဆက်သားအဖြစ် မောင်မြတ်ကျော်ကို ဟိုခိုင်း ဒီခိုင်း လုပ်ပါတယ်။ မောင်မြတ်ကျော်ကလည်း အစောပိုင်းကတော့ သူ့အစ်ကိုတွေ ခိုင်းသမျှ လုပ်နေပေမယ့် နောက်ပိုင်း သူ့တက်ကြွမှုနဲ့သူ လှုပ်ရှားမှုတွေထဲမှာ ပါဝင်လာဟန်ရှိပါတယ်။ မေမေက ဒါတွေရိပ်မိပြီး သူ့ သားတွေကို ဆူဆူပူပူလုပ်လာပါတယ်။ မောင်မြတ်ကျော်ကိုလည်း သူ့မိဘများရှိရာ သုံးဆယ်ကိုပြန်ပို့မယ်လို့ လုပ်လာပါ တယ်။ “ကျွန်တော်တို့ နောက်ဘာမှမခိုင်းတော့ပါဘူး” လို့ သူ့သားတွေက ကတိပေးမှ သက်သာရာရကြပါတယ်။

ကျွန်မတို့ တောခိုဖို့ပြင်ဆင်တော့ ကျမက မောင်မြတ်ကျော်ပါ တပါတည်းခေါ်သွားဖို့ ဖေဖေနဲ့တိုင်ပင်ပါတယ်။ ဖေဖေက လူ သိပ်များရင် အန္တရာယ်ကြီးတယ်။ အခုကျောင်းတွေလည်းပိတ်ထားလို့ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် သူ့မိဘများရှိရာ သုံးဆယ်ပြန်ခိုင်းထားတာကောင်းမယ်ဆိုပြီး သုံးဆယ်ပြန်လွှတ်ထားပါတယ်။ အဲဒီကာလက မှိုင်းရာပြည့်လှုပ်ရှားမှုအပြီး ကျောင်းတွေပိတ်ထားချိန်ပါ။ ဒါပေမဲ့ ကျမတို့မထွက်ခင်တရက်မှာပဲ မောင်မြတ်ကျော် သုံးဆယ်မှာ အဖမ်းခံရပါတယ်။ အဲဒီ ကနေ ထောင်ကျသွားတာ ၁၉၈၀ ခုနှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါတယ်။

ပြန်လွတ်လာတော့ သူက မေမေနဲ့ပဲ စမ်းချောင်းအိမ်မှာ နေပါတယ်။ သုံးဆယ်ရှိ မိဖများထံပြန်လည်း ခဏပဲပြန်ပါတယ်။ ဘဘတို့ မမလှတို့ မရှိတော့ဘူး၊ ကြီးကြီးကို စောင့်ရှောက်ဖို့တာဝန် ကျနော့်မှာရှိတယ်ဆိုပြီး နေပါတယ်။ (သူက ဖေဖေနဲ့ မေမေကို ဘဘနဲ့ကြီးကြီးလို့ ခေါ်ပါတယ်)။ မေမေကလည်း တွတ်တွတ်အစား လက်ကသုံးတောင်ဝှေးသားအဖြစ် အတော် တွယ်တာပါတယ်။ အဲဒီကာလအတွင်း မေမေ မကျန်းမမာဖြစ်တော့ သူပဲပြုစုရပါတယ်။

၁၉၈၀ ခုနှစ် မေမေ ကျမတို့နောက် လိုက်လာတော့လည်း သူ့ဟာသူ နောက်ကလိုက်လာတာ မေမေနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ပါတီဌာနချုပ် ပန်ဆန်းကို ရောက်လာပါတယ်။

ဖေဖေက ကျမတို့မောင်နှမတတွေကို ပါတီကို ပြန်ရောက်ပြီးကတည်းက ပါတီကိုအပ်ပါတယ်။ ကျမတို့အတွက် ပါတီက တာ ဝန်တွေ ခွဲဝေပေးရာမှာ တလုံးမှဝင်မပြောပါဘူး။ ကျမတို့ကိုလည်း ပါတီကို လာဖို့ပြင်ဆင်ကတည်းက ဟိုရောက်ရင် ပါတီက ဘာတာဝန်ပေးပေး လုပ်ရမယ်။ ဆေးပဲကုမယ်လို့ မပြောရဘူး။ ပါတီက ဈေးရောင်းခိုင်းလည်း ရောင်း၊ ကင်းစောင့်ခိုင်း လည်းစောင့်လို့ ပညာပေးထားပါတယ်။ ဒါကြောင့် ဖေဖေနဲ့ မေမေတို့ ဗဟိုရုံးမှာနေကြရပြီး ကျမတို့မောင်နှမတတွေက ကိုယ် တာဝန်ကျရာဌာနမှာပဲ နေပါတယ်။ ကျမက ဆေးရုံတို့ ဆေးကျောင်းတို့မှာပဲနေပြီး ကျမမောင်နှစ်ယောက်ကတော့ တပ် တွေထဲမှာပဲ နေပါတယ်။

မောင်မြတ်ကျော် ပါတီထဲရောက်လာတော့ ဗဟိုရုံးက ခေါင်းဆောင်ရဲဘော်များက ဖေဖေနဲ့ မေမေကို အထူးထောက်ထားပြီး ဗဟိုရုံးမှာပဲ တာဝန်ခွဲဝေပေးလိုက်ပါတယ်။ ဗဟိုရုံးမှာ တာဝန်ကျဖို့ဆိုတာ မလွယ်ပါဘူး။ အလွန်ယုံကြည်စိတ်ချရတဲ့ မြေ အောက်လုပ်ငန်းတွေမှာ အစမ်းသပ်ခံပြီးသား လူတွေတောင်ပါတီကို ရောက်ရောက်ချင်း၊ ဗဟိုရုံးကို မရောက်နိုင်ပါဘူး။ အောက်ခြေစခန်းတွေ၊ ရှေ့တန်းဌာနတွေမှာ ကာလတပိုင်းဖြတ်သန်းရပါတယ်။ အဲဒီမှာ ဖော်ပြချက်တွေကောင်းမှ ဗဟို ရောက်တာပါ။ ထို့အတူ ဗဟိုမှာ ကြီးပြင်းတဲ့ ဗဟိုခေါင်းဆောင်သားသမီးများဟာလည်း အရွယ်ရောက်လာရင် မိဘများနဲ့ခွဲပြီး အောက်ခြေဌာနတွေ၊ ရှေ့တန်းတပ်တွေမှာ သွားတာဝန်ထမ်းရတာပါ။ ဒါဟာ ဗဟိုကချမှတ်ထားတဲ့စည်းကမ်းပါ။ ဒါကို မောင်မြတ်ကျော်ကိစ္စမှာ ချွင်းချက်ထားပါတယ်။ ဖေဖေနဲ့ မေမေကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ သားတယောက်တော့ အနားမှာ ရှိဖို့လိုတယ်ဆိုပြီး စီစဉ်ပေးတာပါပဲ။ ကျမတို့ကလည်း ဒီအစီအစဉ်ကို အတော်ကျေးဇူးတင်ပါတယ်။ နို့မို့ရင် ကျမ တို့မှာ (အထူးသဖြင့် ဖေဖေ၊ မေမေ မကျန်းမမာဖြစ်နေတဲ့ အခါများဆိုရင်) တာဝန်ရှိလို့သာ လုပ်ကိုင်နေရပေမယ့် စိတ်ကို မဖြောင့်ပါဘူး။ အခုတော့ ဖေဖေတို့အနားမှာ မောင်မြတ်ကျော်ရှိနေတော့ အလုပ်တွေ စိတ်ချလက်ချလုပ်နိုင်ပြီး ခရီးတွေ ဘာတွေ မကြာခဏ ထွက်နိုင်သွားပါတယ်။ မောင်မြတ်ကျော်ကလည်း ဆက်ဆံရေး အလွန်ဖြောင့်ဖြူးပါတယ်။ ဗဟိုရုံးက ဌာနအသီးသီးက ရဲဘော်များနဲ့လည်း ပြေပြေပြစ်ပြစ် ပြောဆိုဆက်ဆံကြလို့ မနေ့တနေ့ကပဲ တောထဲရောက်လာပြီး ဒီနေ့ ဗဟိုရုံးလာ အလုပ်တက်နေတဲ့သူ့ကို ဘယ်သူကမှ ထင်မြင်ချက်ရှိတယ်လို့ မကြားရပါဘူး။ သူရောက်ပြီး မကြာမီမှာပဲ အား လုံးနဲ့ အသားကျပြေလည်သွားပါတော့တယ်။ သူက အလုပ်လုပ်ရာမှာ လက်ကြောတင်း၊ ပေါ့ပါးဖျတ်လတ်သူဖြစ်တော့ စခန်းထုတ်လုပ်ရေး၊ မွေးမြူရေးတွေမှာ သူ့ပဲအားကိုးလာရပါတော့တယ်။

အဲဒီဗဟိုစခန်းမှာ မေမေဟာ မောင်မြတ်ကျော် အကူအညီနဲ့ ကြက်မွေး၊ စားပင်သောက်ပင်လေးတွေစိုက်နဲ့ အတော်ပျော် ရွင်ပါတယ်။ မောင်မြတ်ကျော် အလုပ်စခန်းက ဗဟိုရုံးထဲမှာပဲရှိတာကြောင့် သူက အလုပ်အားတာနဲ့ အိမ်ပြန်ပြီး မေမေနဲ့ နေ ပါတယ်။ အိမ်အလုပ်လည်း ကူလုပ်ပေါ့။ မောင်မြတ်ကျော် အလုပ်များလို့ အချိန်တန်လို့ အိမ်ပြန်မလာရင် မေမေက သူ့အလုပ် စခန်းရှိရာ တောင်ကုန်းလေးကို တက်တက်လာတတ်လို့ ကျန်ရဲဘော်များက အလုပ်များနေရင် သူ့ကို အိမ်ခဏပြန် အကျိုး အကြောင်း ပြောခိုင်းတတ်ပါတယ်။

ဗဟိုရုံးကို တခါတရံမှ ရောက်ကြတဲ့ နယ်ခေါင်းဆောင်တချို့၊ နယ်ကေဒါတချို့က မောင်မြတ်ကျော်ကို ဖေဖေမေမေတို့ သား လို့ပဲ ထင်နေပါတယ်။ ကျမတို့ကို သိပ်မသိကြပါဘူး။ ကျမတို့ကို သိသူများကလည်း မောင်နှမအရင်းတွေလို့ ထင်နေပါတယ်။

တခါလည်း မောင်မြတ်ကျော် (တောတွင်းအမည် ရဲဘော် ထွန်းမြတ်) အလယ်ပိုင်းဗျူရိုသို့ ခရီးထွက်ဖို့ ကိစ္စပေါ်လာပါတယ်။ မြို့ကရောက်လာတဲ့ ရဲဘော်အများစုဟာ ရုံးအလုပ် မလုပ်ချင်ကြပါဘူး။ ရှေ့တန်းထွက်ရဖို့ပဲ အကွက်ချောင်းနေကြတာပါ။ သူလည်း ရောက်ကတည်းက ရှေ့တန်းတပ်သွားရဖို့ပဲ တောင်းဆိုနေတာပါ။ ဗဟိုရုံးကော်မတီက သူ့ကို ရုံးတာဝန်အပြင် ဖေဖေ မေမေတို့ကို စောင့်ရှောက်ဖို့ ဒီတာဝန်ကို ပေးထားတာလို့ သူ့ကို ရှင်းပြထားလို့ သူ အောင့်အီးနေတာပါ။ အလယ်ပိုင်း ကို ဆက်သားလွှတ်ဖို့ ကိစ္စပေါ်လာတော့ သူက တောင်းဆိုပြီးဆင်းသွားပါတယ်။ သူက ကျမကို ကြီးကြီးကိုတော့ မပြောပါနဲ့။ ကျနော်ဟိုမှာ ၁ နှစ် ၂ နှစ်လောက်ကြာမယ်လို့ ပြောသွားပါတယ်။

ဒါပေမဲ့ မောင်မြတ်ကျော် ၃-၄ လနဲ့ ပြန်ရောက်လာပါတယ်။ ကျမက ဘယ်လိုဖြစ်တာလဲလို့ မေးတော့၊ မောင်မြတ်ကျော်က မသိပါဘူး မမလှရယ်။ ကျနော် ဟိုရောက်ပြီး မကြာပါဘူး။ ဗဟိုက ကြေးနန်းလာတယ်။ ရဲဘော်ထွန်းမြတ်ကို ကြုံတဲ့စစ် ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပါဆိုလို့ ကျနော်ပြန်လာရတာ၊ အလယ်ပိုင်းဗျူရိုက ရဲဘော်များက ဗဟိုကို စိတ်ဆိုးကြတယ်။ သူတို့လူကျတော့ သိပ်သိတာပဲ၊ သိပ်စေးနှဲတာပဲလို့ဆိုကြတယ်လို့ ပြောပါတယ်။ သူ့မိခင်ဌာနကိုမေးတော့လည်း သူတို့ပြန် ခေါ်တာ မဟုတ်ဘူးတဲ့။

နောင်နှစ်အတန်ကြာမှ တရားခံပေါ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ကျမ အတော်မကျန်းမမာဖြစ်လို့ တဖက်နိုင်ငံဆေးရုံတက်ရပါတယ်။ အဲဒီမှာ ပါတီရဲ့ထောက်ပံ့ရေးဌာနကြီး တာဝန်ခံလည်းဖြစ်၊ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ သခင်ဖေတင့်လည်း ဆေးရုံတက်နေရပါတယ်။ ကျမတို့ တနေ့ထိုင်စကားပြောရင်း က မေမေ့အကြောင်းရောက်သွားရာမှာ သူက “မင်းတို့ အမေကြီးက ရဲဘော်ထွန်းမြတ်ကို တော်တော်သံယောဇဉ်ကြီးရှာ တယ်” လို့ အစချီပြီး ကျမတို့တတွေအတွက် ပဟေဠိဖြစ်နေတဲ့ကိစ္စကို ပြောပြပါတယ်။ “ရဲဘော်ထွန်းမြတ် အလယ်ပိုင်း ဆင်းသွားရစဉ်က ဒေါ်သန်းစိန်လာပြီး ဒီလိုပြောတယ်။ အစ်ကိုကြီးရယ် ကျမက သားတွေကိုတော့ ကိုယ့်အနီးအနားမှာ ထားပြီး (တကယ်တော့ သူတို့ ၂ ယောက်လည်း အခြေခံစခန်းထဲမှာဖြစ်ပေမယ့် ရှေ့တန်းတပ်တွေမှာ နေတာပါ) ဒီတူလေး ကျမှ ဟိုအောက်ဖက်၊ ပြောက်ကျားဒေသလွှတ်ထားတော့ ဒီကလေးတခုခုဖြစ်ရင် ကျမသူ့မိဘတွေကို ဘယ်လိုပြောရမလဲ။ သူ့ပြန်ခေါ်ပေးပြီး ကျမသားတယောက်ယောက်ကို အဲ ဒီတာဝန်ပေးပါလို့ လာပြောတယ်လေ။ ဒါကြောင့် ရဲဘော်ထွန်းမြတ်ကို ပြန်ခေါ်ပေးလိုက်ရတာ” တဲ့။

ကဲ .. အဲသလောက် မေမေဟာ ဒီအစားထိုးသားလေးကို ချစ်ရှာပါတယ်။ ဒါတွေကို သိလို့ပဲ။ ၁၉၈၉ ခုနှစ် ဗဟိုရုံး အာဏာ သိမ်းခံရစဉ်က တရုတ်ပြည်ဘက်ကမ်းထွက်ပြေးကြရတဲ့ ဗဟိုရုံးက ရဲဘော်တွေကို နေရာချ၊ ထိန်းသိမ်း၊ စောင့်ရှောက် လုပ်ကိုင်ပေးနေတဲ့ ရဲဘော်ထွန်းမြတ်ကို နေရာချရေးတာဝန်ခံခေါင်းဆောင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရဲဘော်တင်ရီ (ပဲခူး-နေဝင်း) က “ကဲ ... ကဲ ... ရဲဘော်ထွန်းမြတ်၊ ဒီအလုပ်တွေ အသာထား၊ သွား ... ခင်ဗျားအမေကြီးနားပဲနေ၊ ဟိုမှာ တရှုံ့ရှုံ့ငိုနေတာ၊ ခင်ဗျားသွား စောင့်ရှောက်ချေဆိုပြီး မေမေ့အနားသွားနေဖို့ တာဝန်ပေးလိုက်သတဲ့။ မေမေကလည်း အဲဒီ တုန်းက ကျမတို့ မောင်နှမသုံးယောက်စလုံး ပန်ဆန်းမှာကျန်ခဲ့ပြီး၊ ဘာသတင်းမှမရလို့ တငိုငို တယိုယို ဖြစ်နေတာပဲ။ အဲဒီတုန်းကလည်း ဖေဖေနဲ့ မေမေ နောက် ကိုထွန်းမြတ်ပဲ သားအဖြစ်လိုက်ပါပြီးစောင့်ရှောက်နေထိုင်ခဲ့ရပါတယ်။

ဒါကြောင့် မေမေ့ဘဝမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ကြုံတိုင်း သူရဲ့လက်ကသုံးတောင်ဝှေးသားလေးအဖြစ် ကို ထွန်းမြတ်ကိုပဲ အားကိုးအားထားပြုပြီး ဒုက္ခတွေကို ကျော်လွှားခဲ့ရပါတယ်။ မြို့ပေါ်မှာ သူတယောက်တည်းကျန်ခဲ့စဉ် မမာ မချာဖြစ်ပြီး အိပ်ရာထဲလဲသွားတော့ ကိုထွန်းမြတ် ဘယ်လောက်သူ့ကိုစောင့်ရှောက်ပေးခဲ့ကြောင်း၊ ထမီကအစ လျှော်ပေးခဲ့ ကြောင်း၊ မစားချင် မသောက်ချင်ဖြစ်နေရင်လည်း ပူတင်းလေးလုပ်ကျွေးပြီး “ကြီးကြီးအားရှိအောင် စားလိုက်၊ ကြီးကြီးအားရှိမှ၊ နေကောင်းမှ ဘဘနောက်လိုက်နိုင်မှာ” လို့ အားပေးပြီး ချော့ကျွေးတတ်ကြောင်း ပြောပြတတ်ပါတယ်။ ဒါတွေအတွက် လည်း မေမေက သူ့အစားထိုးသားလေးကို ချစ်မဝ ကျေးဇူးတင်မဆုံးဖြစ်ခဲ့ဟန် ရှိပါတယ်။

လှကျော်ဇော

မှတ်ချက်
အလွမ်းစာပန်းခြင်းလေး (နေရီရီစာပေ၊ ၂၀၁၃) စာအုပ်မှ ဆောင်းပါးအမှတ် (၁၆) ဖြစ်ပါတယ်။