ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဒေါက်တာ သိန်းလွင် (NNER) ● ဖက်ဒရယ် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေးများနှင့်အတူတွဲ၍ လေ့လာသင့်သော ပညာရေးစနစ်

ဒေါက်တာ သိန်းလွင် (NNER) ● ဖက်ဒရယ် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေးများနှင့်အတူတွဲ၍ လေ့လာသင့်သော ပညာရေးစနစ်
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၇

● အီတလီပညာရေးစနစ်မှ အတုယူစရာများ
● အကျဉ်းချုပ်
ကလေးတစ်ဦးချင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျောင်းသားများ စုပေါင်းသင်ယူမှုကို တပြိုင်နက် ဆောင်ရွက်ခြင်း၊ မတူကွဲပြား သော လူမှုရေးနောက်ခံရှိသူများ၊ ခန္ဓာကိုယ် မသန်စွမ်း သူများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားသူများ အတူတကွ သင်ယူခွင့်ရှိခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို တန်ဖိုးထားခြင်း၊ အနုပညာရသခံစားမှုနှင့် တီထွင်ဖန်တီးမှုကို အား ပေးခြင်း၊ ပညာရေး လွတ်လပ်ခွင့်ရှိခြင်း၊ တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခြင်းနှင့် ပညာရေးအသုံးစရိတ် မြင့်မားခြင်း တို့သည် အတုယူစရာများ ဖြစ်ပါသည်။

● နိဒါန်း
အီတလီ-မြန်မာအသင်းမှ Senator Albertini နှင့် Prof. Giuseppe Malpeli တို့၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - ပညာရေးကော်မတီမှ ဒေါက်တာ သန့်လွင်မောင် (ကိုတာ) နှင့် ကျွန်တော် တို့သည် အီတလီနိုင်ငံရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် အီတလီလွှတ်တော်သို့ ၂၀၁၃ နိုဝင်ဘာလ (၁၇) မှ (၂၃) အထိ တစ်ပတ်ကြာ လေ့လာခွင့် ရရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးအပေါ် တန်ဖိုးထားမှုနှင့် မြန်မာနိုင်ငံ၏ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေမှုများအတွက် တတ်နိုင်သည့်ဘက်မှ ကူညီရန် ရည်ရွယ်၍ ဖိတ်ကြားခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ လေ့လာ တွေ့ရှိမှုသည် အချိန်တိုအတွင်းသာဖြစ်၍ အပေါ်ယံအမြင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် လေ့လာရေးခရီးအတွင်း မျက်မြင်တွေ့ရှိခဲ့သော ကျောင်းသားများ၊ ဆရာများ၊ သင်ကြား သင်ယူမှုများ၊ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များနှင့် ဖတ်ရှုလေ့လာရသော စာရွက်စာတမ်းများကို အခြေခံလျက် ကျွန်တော်၏ အမြင်ကို ထင်ဟပ်ဖော်ပြခြင်းဖြစ်ပါသည်။

● နောက်ခံသမိုင်းအကျဉ်း
ဂျူးလီယက်ဆီဇာ၏ ရောမအင်ပါယာခေတ် အခါက အီတလီ၏ ယဉ်ကျေးမှု၊ အနုပညာ၊ သိပ္ပံပညာနှင့် အနောက်တိုင်း အ တွေးအခေါ်များသည် မြေထဲပင်လယ်နှင့် ထိစပ်သည့် နိုင်ငံများနှင့် အနောက်ဥရောပသို့ ပျံ့နှံ့ခဲ့သည်။ အေဒီ ၄၇၆ ရောမအင် ပါယာပြိုကွဲပြီးနောက် အီတလီသည် မြို့ပြနိုင်ငံငယ်များအဖြစ် ကွဲပြား သွားပြီး စပိန်၊ သြစတြီးယားနှင့် ပြင်သစ် လက်အောက်ခံနယ်ပယ်များဖြစ်သွားခဲ့သည်။ အေဒီ ၁၈၆၁ တွင် အီတလီထီးနန်းကို ပြန်လည်ထူထောင်နိုင်ပြီး ပထမကမ္ဘာစစ် အတွင်း အောင်ပွဲရကာ သြစတြီးယား၏ လက်အောက်မှ လွတ်မြောက်ခဲ့သည်။ မူဆိုလီနီလက်ထက်တွင် အာဏာရှင် စံနစ် ကျင့်သုံး ပြီး ဒုတိယကမ္ဘာစစ်တွင် ဝင်ရိုးတန်း နိုင်ငံများဘက်မှ ပါဝင်ပြီး စစ်ရှုံးခဲ့သည်။ ၁၉၄၆ တွင် အခြေခံ ဥပဒေဆန္ဒခံယူပွဲဖြင့် ဘု ရင် စနစ်ကို ဖျက်သိမ်းခဲ့သည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ် များအတွင်း အီတလီနိုင်ငံ၏ စီးပွားရေးမှာ တဟုန်ထိုးတိုးတက်ခဲ့သည်။ အီတလီသည် နိုင်ငံရေးအရ ကမ္ဘာ့အနောက်ခြမ်း ဒီမိုကရေစီ နိုင်ငံများနှင့် ပြန်လည်ပေါင်းစည်း ခဲ့ပြီး ဥရောပယူနီယံတွင် ပါဝင်လာခဲ့သည်။

● အခြေခံဥပဒေနှင့် ပညာရေးဥပဒေ
အီတလီနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၂၀ (20 Autonomous Territorial Areas) ကို အုပ်ချုပ်ရေးအရ ပိုင်းခြားသည်။ ဒေသ အသီးသီးသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကိစ္စများတွင် သီးခြား လုပ်ပိုင်ခွင့် ရှိသည်။ ဒေသတစ်ခုစီကို ဒေသငယ်များ (Provinces) များ ထပ်မံပိုင်းခြားပြီး ဒေသငယ် တစ်ခုစီတွင်လည်း အုပ်ချုပ်ရေး အဖွဲ့များ (Municipalities) ရှိသည်။ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးအဖွဲ့များကို ရွေးကောက်ပွဲဖြင့် ရွေးချယ်သည်။

၁၉၄၈ အခြေခံဥပဒေတွင် ပညာရေး လွတ်လပ်ခွင့်၊ ကွဲပြားမှုအမျိုးမျိုးအတွက် ခွဲခြားမှု မရှိသောပညာရေး၊ ပညာသင်ယူပိုင် ခွင့်နှင့် အသက်မွေးဝမ်းကျောင်း ပညာများ သင်ယူခွင့် တို့ကို အတိအလင်းပြဌာန်းထားသည် (အခြေခံဥပဒေ ပုဒ်မ ၃၃ နှင့် ၃၄)။ အီတလီ ဘာသာစကားသည် တစ်နိုင်ငံလုံးအတွက် တရားဝင် ရုံးသုံး ဘာသာ စကား ဖြစ်သော်လည်း တိုင်းရင်းသားများ နေထိုင်သည့် ဒေသအချို့တွင် ဒေသသုံး ဘာသာစကားများကို ရုံးသုံးနှင့် ကျောင်းသုံးဘာသာစကားများအဖြစ် ပြဌာန်းသည်။

● ရှေးဦးသင်ပညာရေး
Reggio Emilia Children School ဟုခေါ်သော ရှေးဦးသင်ပညာရေးကျောင်းသို့ သွားရောက် လေ့လာခွင့် ရပါသည်။ မွေးစမှ ၆ နှစ်အထိ ဖွင့်လှစ်သော ကျောင်းဖြစ်ပြီး၊ မွေးစမှ အသက် ၂ နှစ်ကို ကဏ္ဍတစ်ခု၊ ၃ နှစ်မှ ၆ နှစ်ကို ကဏ္ဍ တစ်ခု နှစ်ပိုင်းခွဲ ထားပါသည်။ ကျွန်တော်တို့ လေ့လာခွင့်ရသော ကျောင်းမှာ အသက် ၃ နှစ်မှ ၆ နှစ်အထိ ကလေးများ အတွက် ကျောင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်သည့် အချိန်တွင် ကလေးများ လေးယောက်၊ ငါးယောက်စီ စားပွဲတစ်ခုစီတွင် အုပ်စုဖွဲ့၍ သစ်ပင်အကြောင်း လေ့လာသင်ယူ နေကြ ပါသည်။ တစ်ဖွဲ့က ပန်းချီဆေး၊ စုတ်တံနှင့် စက္ကူကားချပ်များ ပေါ်တွင် သစ်ပင်ပုံရေးဆွဲ နေကြပါသည်။ ကလေးတစ်ဦးစီ မိမိနှစ်သက်ရာ သစ်ပင်အမျိုးအစားနှင့် အရောင်ကို နှစ်သက် သလို ရေးခြယ်နေကြပါသည်။ တစ်ဖွဲ့က ရွှံ့ဖြင့် သစ်ပင်ပုံကို ပန်းပုလုပ်ကြပါသည်။ တစ်ဖွဲ့က ကွန်ပျူတာပေါ်တွင် သစ်ပင်ပုံ ဆွဲကြပါသည်။ စာဖတ်ခြင်း၊ စာရေးခြင်းများ မပါဝင်ဘဲ ပတ်ဝန်းကျင်ရှိသစ်ပင်များကို လက်တွေ့ သရုပ်ဖော်ခြင်းဖြင့် လေ့လာခြင်းဖြစ်ပါသည်။ ကလေးများကိုယ်တိုင် လွတ်လပ်စွာ ဖော်ပြခွင့် ရှိပါသည်။ ဤနည်းအတိုင်း ကုန်းနေသတ္တဝါ၊ ရေနေသတ္တဝါ၊ လေတွင် ပျံဝဲသော သတ္တဝါများ အကြောင်း လေ့လာနိုင်ပါသည်။ လူများ၊ အဆောက်အဦများ၊ စက်ပစ္စည်းများ၊ အိမ်သုံး ကျောင်းသုံး ပစ္စည်းများအကြောင်းကိုလည်း သင်ကြားပေးနိုင်ပါသည်။

ကလေးများသည် မြင်ခြင်း၊ ကြားခြင်း၊ လက်ဖြင့် ထိကိုင်ကြည့်ခြင်း၊ ရွေ့လျားခြင်း စသည့် ကိုယ်တိုင် ရရှိသည့် အတွေ့အကြုံ ပေါ် အခြေခံသော သင်ကြားနည်းဖြစ်ပါသည်။ ဤသင်ကြားမှုသည် ကလေးများ အချင်းချင်းနှင့် ဆရာ၊ ဆရာမများ အကြား၊ အပြန်အလှန် လေးစားခြင်း၊ တာဝန်ယူခြင်းနှင့် လေ့လာ သင်ယူသည့် ပတ်ဝန်းကျင် ဖန်တီးခြင်းတို့အပေါ် အခြေခံပါသည်။

ဤကျောင်းကို ဒုတိယ ကမ္ဘာစစ်အပြီးတွင် Loris Malaguzzi (1920-1994) ဟုခေါ်သော ကျောင်းဆရာ တစ်ဦးက ဦးဆောင်ကာ ကျောင်းသားမိဘများနှင့် ရွာသူရွာသားများ ပါဝင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤကျောင်းကို အစိုးရမှ ငွေကြေးထောက်ပံ့ သော်လည်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲခွင့်ရှိသော ကျောင်းဖြစ်ပါသည်။ ဤကျောင်းသည် အီတလီနိုင်ငံ တစ်လွှား ထင်ရှားကျော်ကြားပြီး နိုင်ငံတကာမှလည်း လာရောက်လေ့လာမှုကို ခံယူနေရသည့် ကျောင်းလည်း ဖြစ်ပါသည်။

● ယဉ်ကျေးမှုမျိုးစုံ ဖွံ့ဖြိုးသော မူလတန်းကျောင်း
ရောမမြို့ရှိနိုင်ငံခြားသားကလေးများအများစု တက်ရောက်သော မူလတန်းကျောင်းကိုလည်း ရောက်ခဲ့ ပါသည်။ Dr.Vinicio Ongini ကဦးဆောင်ခေါ်သွားပြီး၊ ကျောင်းအုပ် ဆရာမကြီး Ms. Carlo Pisacane က လက်ခံ ကြိုဆိုပါသည်။ အာရှ၊ အာဖရိ ကနှင့် အခြား ဥရောပနိုင်ငံများမှ ကလေးများစွာတွေ့ရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အီတလီ နိုင်ငံတွင် ရောက်ရှိနေ သည့် ကလေးများ ပညာသင်ကြားခွင့်ရှိရန်နှင့် ကလေးများ၏ ယဉ်ကျေးမှု များကိုလည်း ဖွံ့ဖြိုးခွင့်ရှိရန် ရည်ရွယ် ဖွင့်လှစ် ထားသော ကျောင်းဖြစ်ပါသည်။ အစိုးရက ထောက်ပံ့ပြီး လွတ်လပ်စွာစီမံခန့်ခွဲခွင့် ရှိသည့်ကျောင်းဖြစ်ပါ သည်။ နိုင်ငံခြားသား ကလေးများကို ဦးစားပေး လက်ခံသဖြင့် အစပိုင်းတွင် အီတလီလူမျိုးများက သူတို့၏ ကလေးများကို အခြားကျောင်းများသို့ ပြောင်းရွှေ့သွားကြပါသည်။ တဖြည်းဖြည်း ကျောင်းနှင့် ကျောင်းသားများ၏ အောင်မြင်မှု သတင်းများ မွှေးပျံ့လာပြီးနောက် အီတလီ ကလေးများလည်း တဖြည်းဖြည်း များလာကြောင်း မိဘတစ်ဦးက ရှင်းပြပါသည်။

ကလေးများ၏ မူရင်းဒေသယဉ်ကျေးမှုများကို ထင်ဟပ်သော၊ ကလေးများ ကိုယ်တိုင် ရေးဆွဲထားသော ပန်းချီကားချပ်များ၊ ကျောင်း နံရံများတွင် ချိတ်ဆွဲထားသည်မှာ ကြည်နူးစရာဖြစ်ပါသည်။ ကလေးများ၏ အနုပညာ ဖန်တီးမှု ကိုလည်း တအံ့ တသြတွေ့ရပါသည်။ ကျွန်တော်တို့အား ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ခန်းမကြီး အတွင်းကြို ဆိုကြ ပါသည်။ ဂီတဆရာက ကလေးတစ်အုပ်နှင့် သီချင်းသီဆို ကြိုဆိုကြပါသည်။

ကျောင်းအုပ်ဆရာမကြီး ကလည်း ကျောင်း၏ ဂုဏ်သတင်းများကို ရှင်းပြပါသည်။ Dr. Vinicio Ongini သည် အီတလီနိုင်ငံ တဝှမ်းရှိ ယဉ်ကျေးမှု မျိုးစုံဖွံ့ဖြိုးသောကျောင်း (Multicultural Schools) များအတွက် တာဝန်ရှိသူဖြစ်ပါသည်။ အီတလီတွင် နေထိုင်သည့် နိုင်ငံခြားသား ကလေးများ၏ မူရင်းနိုင်ငံများသို့သွားရောက်ပြီး ထိုနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ပညာရေး အခြေအနေများကို လေ့လာ၍ ဆွေးနွေးပွဲ (Seminar) များကျင်းပကာ ဆရာ၊ ဆရာမများကို အသိပညာဖြန့်ဝေ သူဖြစ်ပါ သည်။ အီတလီရောက် နိုင်ငံခြားသားကလေးများ၏ ပညာရေးအတွက် အထူး ဂရုစိုက် ဆောင်ရွက် မှုသည် လေးစားစရာ ဖြစ်ပါသည်။

● ကလေးအားလုံး တန်းတူသင်ယူခွင့်ရသော ပညာရေး (Inclusive Education)
အီတလီနိုင်ငံသည် ကလေးအားလုံး တန်းတူ အခွင့်အရေးရှိသော ပညာရေးကို အကောင် အထည်ဖော်ရာတွင် နာမည်ကျော် ပါသည်။ ဆင်းရဲ၊ ချမ်းသာမရွေးမည်သည့် ကျောင်းမဆို တက်ရောက်နိုင်ပါသည်။ ကျောင်း၏ ကုန်ကျ စရိတ် အချို့ (ဥပမာ - နေ့လည်စာ) အတွက် မိဘဝင်ငွေကြောင့် ပေးရန် မတတ်နိုင်ပါက မြို့အုပ်ချုပ်ရေးမှ ထိုကလေးအတွက် တာဝန်ယူ ပါသည်။ ယဉ်ကျေးမှုအမျိုးမျိုး၊ မိခင် ဘာသာစကား အမျိုးမျိုး၊ အတွေးအခေါ် စိတ်ကူးစိတ်သန်း အမျိုးမျိုးရှိသော ကျောင်း သားများကို လက်ခံသင်ကြားပါသည်။ ဘာသာစကားရာချီ (hundred languages) ရှိသော ကျောင်းများဟု တင်စားကြ ပါသည်။

ခန္ဓာကိုယ်ချို့ယွင်းသူကလေးများလည်း အခြား ကလေးများနှင့်အတူတကွ သင်ယူနိုင်ပါသည်။ ကျွန်တော်တို့ ရောက်ခဲ့သည့် မူကြိုကျောင်း၊ မူလတန်းကျောင်း၊ အသက်မွေးပညာကျောင်းနှင့် တက္ကသိုလ်အသီးသီးတွင် မသန်စွမ်းသူ ကျောင်းသားများကို တွေ့ရပါသည်။ ကျောင်း အဆောက်အဦများတွင်လည်း လမ်း မလျှောက်နိုင်သူများ အတွက် ဘီးတပ်ခုံ (Wheel chair) သွားနိုင်သည့်လမ်းများ ဆောက်လုပ်ပေး ထားပါသည်။ ကျောင်းအသီးသီးတွင် အထူး စောင့်ရှောက်ရန် လိုအပ်သည့်က လေးများ အတွက် အထူးဆရာ၊ ဆရာမများ (Special needs teachers) ခန့်အပ်ပေးထားပါသည်။

ရန်ကုန်တွင် ကျင်းပခဲ့သည့် မသန်စွမ်းသူများ၏ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျွန်တော် တက်ရောက် ဖူးပါသည်။ အီတလီနိုင်ငံရှိ ကျောင်းများတွင် “မသန်စွမ်းသူ ကလေးများနှင့် အတူတကွ စာသင်ရသဖြင့် အနှောင့်အယှက် ဖြစ်ပါသလား။” ဟူ၍ ကျောင်းသားများကို စစ်တမ်းကောက်ယူရာတွင် ၉၃ % က အနှောင့်အယှက်မဖြစ်ကြောင်း၊ ၇% ကသာ အနှောင့် အယှက်ဖြစ်သည်ဟု ဖြေကြောင်း ဖင်လန်နိုင်ငံသူ ဆရာမတစ်ဦးပြောပြသည်ကို လေ့လာဖူးပါသည်။ အီတလီနိုင်ငံရှိ ကျောင်းများကို ကိုယ်တိုင်မြင်တွေ့ရသောအခါ အထက်ပါ ဆရာမ၏ပြောကြားချက်ကို ဝမ်းမြောက် ဝမ်းသာ လက်ခံပါသည်။

မူလတန်းကျောင်းတစ်ကျောင်းတွင် ကလေးများက ကြမ်းပြင်ပေါ်တွင် ရေးဆွဲ ထားသည့် စက်ဝိုင်းများ တစ်ခုပြီးတစ်ခု ခုန်၍ အင်္ဂလိပ်စာလုံးများကို ရွတ်ဆိုရသော သင်ခန်းစာ တစ်ခုတွင် အမြင်အာရုံချို့တဲ့သော ကလေးတစ်ဦးကို အခြားကလေး တစ်ဦးက လက်တွဲ၍ နှစ်ဦးတပြိုင်နက် ပျော်ပျော်ရွှင်ရွှင် ခုန်နေကြသည်ကို တွေ့ရပါသည်။

အခြားမူလတန်း ကျောင်းတစ်ကျောင်းတွင်လည်း သွားရည်များကျနေသည့် ရောဂါတစ်မျိုး ရရှိနေသူ ကျောင်းသူတစ်ဦးကို တွေ့ခဲ့ရပါသည်။ ဆရာမများကရော၊ အခြား ကျောင်းသူ ကျောင်းသားများကပါ အဆိုပါ ကျောင်းသူလေးကို ဂရုစိုက် ကူညီကြသည်ကို တွေ့ရပါသည်။ ကျောင်းသူလေး၏ မျက်ဝန်းများပေါ်တွင် ရွှင်လန်းသည့်အပြုံးကို တွေ့ရပါသည်။ ကျွန် တော် သွားနှုတ်ဆက် သောအခါ ပြုံး၍ လက်ကမ်းပါသည်။ အဆိုပါ ကျောင်းသူမှာ ဘင်္ဂလားဒေ့ရှ်မှ လာသူ ဖြစ်ကြောင်း သိရပါသည်။ စိုက်ပျိုးရေးကျောင်း တစ်ခုတွင်လည်း Wheel chair ဖြင့် ကျောင်းတက်နေသော ကျောင်းသားတစ်ဦးကို တွေ့ခဲ့ရပါသည်။

● အသက်မွေးဝမ်းကျောင်းပညာရေး
အီတလီနိုင်ငံတစ်ဝှမ်းတွင် အသက်မွေး ဝမ်းကျောင်းပညာသင်သော ကျောင်းပေါင်း တစ်သောင်းကျော် ရှိသည်ဟု သိရပါသည်။ လူဦးရေမှာ မြန်မာနိုင်ငံနှင့် အလားတူ သန်း ၆ဝ ရှိပါသည်။ ကျွန်တော်တို့ သွားရောက် လေ့လာသည့် Parma ဟု ခေါ်သည့် မြို့ငယ် ကလေးတွင် အသက်မွေးဝမ်းကျောင်းသင် ကျောင်းလေးကျောင်းရှိပါသည်။ ကျွန်တော်တို့ ကျောင်းနှစ် ကျောင်းသို့ သွားရောက် လေ့လာခွင့် ရပါသည်။ တစ်ကျောင်းမှာ စိုက်ပျိုးရေးနှင့် အစားအစာ ထုတ်လုပ်ရေး ကျောင်း ဖြစ်ပါသည်။ အခြားကျောင်းတစ်ခုမှာ စက်မှုပညာသင်တန်း၊ ဆောက်လုပ်ရေး ပညာ သင်တန်းနှင့် အဝတ်အထည် ချုပ်လုပ်သည့် သင်တန်းကျောင်းဖြစ်ပါသည်။ အခြေခံပညာ အလယ်တန်း (Junior Secondary) ပြီးသော ကျောင်းသား များတက်ရောက်ခွင့်ရှိပါသည်။ လက်တွေ့လုပ်ဆောင်ချိန် ၅၀% နှင့် စာတွေ့ ၅၀% သင်ကြားပါသည်။ စာကြည့်တိုက်များ၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများ၊ စိုက်ခင်း များလည်း တွေ့ခဲ့ရပါသည်။

ဤကျောင်းများတွင် သုံးနှစ်သင်ကြားပြီးပါက အလုပ်အကိုင်လျှောက်ထားနိုင်သည့် လက်မှတ် ရရှိပါသည်။ တက္ကသိုလ်တွင် ဆက်လက် ပညာ ဆည်းပူးလိုပါကလည်း တက်ရောက်ခွင့် ရှိပါသည်။ အသက်မွေးဝမ်းကျောင်း ကျောင်း များသည် သက်ဆိုင်ရာဒေသအတွင်းရှိ စက်ရုံများ၊ ကုမ္ပဏီများနှင့် ဆက်သွယ်ထားပြီး၊ ကျောင်းသားများ အဆိုပါ စက်ရုံနှင့် ကုမ္ပဏီ များတွင် အလုပ်သင်အဖြစ် သွားရောက် သင်ကြားနိုင်ပါသည်။ ကျောင်းပြီးလျှင်လည်း အဆိုပါ စက်ရုံနှင့် ကုမ္ပဏီ များတွင် အလုပ် ရရှိကြပါသည်။ စာတွေ့ရော၊ လက်တွေ့ပါ ကျွမ်းကျင်သူများကို မွေးထုတ်နိုင်သည့် ကျောင်းများ ဖြစ်ပါသည်။ ဤကျောင်းများကို ဗဟိုအစိုးရနှင့် ဒေသအစိုးရတို့မှ အချိုးကျ ထောက်ပံ့ပြီး လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိသည့်ကျောင်းများ ဖြစ်ပါသည်။

● တက္ကသိုလ်ဆရာအတတ်သင်ပညာဌာန
Reggio Emilia တက္ကသိုလ်၏ ဆရာအတတ် ပညာဌာနသို့ သွားရောက်ပြီး လေ့လာမှု လည်းလုပ်၊ ဟော ပြောမှုလည်း လုပ်ရပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသား ၃၀၀ ကျော်ခန့် တက်ရောက် ပါသည်။

ဆရာ၊ ဆရာမများနှင့် ပွဲတွင် ဆရာတာက မြန်မာနိုင်ငံ၏ ပညာရေးမဏ္ဍိုင်တစ်ခုဖြစ်သော ဘုန်းတော်ကြီးကျောင်း အခြေစိုက်ပညာရေး (monastery-based schools) အကြောင်း ဟောပြောပါသည်။ လူထုအခြေပြု ပညာရေးပြုပြင် ပြောင်းလဲရန် ကြိုးပမ်းနေမှု အကြောင်းကို ကျွန်တော်က ကျောင်းသူ ကျောင်းသားများကို ဟောပါသည်။ စိတ် ဝင်စားကြ ပါသည်။ မေးခွန်းများလည်း မေးပါသည်။ Dr. Laura Cerrocchi ၏ Social Pedagogy အချိန်တွင် ဟောပြောခွင့် ရခြင်းဖြစ်ပါသည်။ ဘရာဇီးပညာရှင် Paulo Fraire ၏ အဖိနှိပ်ခံများ၏ ပညာရေး Pedagogy of the Oppressed သည် အီတလီ ကျောင်းသားများနှင့် ကျွန်တော်တို့အကြား တူညီသောအမြင်ကို ရရှိပါသည်။

ဆရာအတတ်သင်တက္ကသိုလ်၏ သင်္ချာဌာန ကိုလည်း လေ့လာခွင့်ရပါသည်။ Dr. Bartolini Bussi နှင့် အဖွဲ့က ရှင်းပြကြပါသည်။ အီတလီ၏ သင်္ချာသင်နည်းသည် ယဉ်ကျေးမှုနှင့် သမိုင်း ဆက်နွယ်သင်ကြားသော နည်းစနစ် ဖြစ်ပါသည်။ အီတလီတွင် ရှေးနှစ်ပေါင်း များစွာက အသုံးပြုခဲ့သည့် ပင်နီယံများလှည့်၍ တွက်ရသော သင်္ချာနည်းကို အသုံးပြု သင်ကြား ပါသည်။ ဆရာအတတ်သင်ပညာ သင်ယူ ကြသော ကျောင်းသားများသည် အဆိုပါ သင်္ချာတွက်စက်၏ အလုပ်လုပ်ပုံနှင့် အကျိုး သက်ရောက်မှုရှိပုံကို အုပ်စုများခွဲ၍ ကိုယ်တိုင် လေ့လာ သင်ယူနေကြသည်ကို တွေ့ရပါသည်။ အဆိုပါ သင်္ချာတွက်စက်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ဆောင် ပေးလိုက်ပါသည်။

အီတလီကျောင်းများသည် ကျောင်းသား တစ်ဦးစီနှင့် ဆက်နွယ်သော ယဉ်ကျေးမှုများကို တန်ဖိုးထားသဖြင့် သင်္ချာသင်ရာတွင်လည်း ကျောင်းသားများ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှု များကို လွှမ်းမိုးခြင်း၊ ထိခိုက်ခြင်း မရှိရအောင် သင်ကြားကြောင်း၊ Dr. Bussi က ရှင်းပြပါသည်။ မူကြိုကျောင်းတစ်ကျောင်းတွင် အသက် ၃ နှစ်အရွယ် အီတလီကလေး တစ်ဦးအား ‘အသက်ဘယ်လောက်လဲ’ မေးလျှင် လက်မ၊ လက်ညှိုး လက်ခလယ် သုံးချောင်းထောင်၍ ပြကြောင်း ပြောပါသည်။ အာရှကလေးတစ်ဦးအား မေးလျှင် လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ် သုံးချောင်း ထောင်၍ ပြကြောင်း၊ သုတေသနအရ သိရှိရကြောင်း ပြောပါသည်။ သင်္ချာ သင်ကြားရာတွင် ကျောင်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက် များကို မထိခိုက်အောင် အထူးသတိထားကြောင်း ရှင်းပြပါသည်။

သင်္ချာပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ ကိုလည်း ကျွန်တော်တို့ကို ခေါ်သွားပါသည်။ Perspective ဟု ခေါ်သည့် အနီးအဝေးနှင့် ကြည့်ရှုသည့်နေရာ ကွာခြားမှုကြောင့် အမြင်အာရုံတွင် အရာဝတ္တုတို့၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ပြောင်းလဲမှုကို သင်္ချာနည်းဖြင့် တွက်ယူနိုင်သည့် ကိရိယာ အမျိုးမျိုးကို လက်တွေ့ပြသပါသည်။ အဆိုပါ ကိရိယာ များသည် ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းအဖြစ် ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။

ထို့ပြင် တက္ကသိုလ်ကျောင်း၏ ဆရာအတတ် ပညာဌာနသည် Reggio Emilia ဒေသ (Municipality) အတွင်းရှိ ကျောင်းများနှင့် ဆက်သွယ်ထားကြောင်း၊ ကျောင်းများသို့ တက္ကသိုလ်မှဆရာများသွားရောက်၍ လုပ်ငန်းခွင် ဆရာအတတ်သင်တန်းများနှင့် သုတေသနလေ့လာမှုများ ပြုလုပ်ကြကြောင်း၊ ဆရာအတတ်သင်တန်း တက်ရောက် နေကြသော ကျောင်းသား၊ ကျောင်းသူများက အဆိုပါ ကျောင်းများသို့ သွားရောက်၍ လက်တွေ့သင်ကြားမှု အတွေ့အကြုံယူကြ ကြောင်း၊ ကျောင်းများမှ ဆရာ၊ ဆရာမ များကလည်း တက္ကသိုလ်တွင် ဆွေးနွေးပွဲနှင့် သင်တန်းများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

Dr. Bussi နှင့် အဖွဲ့သည် သင်္ချာ သင်ကြား နည်းစနစ်ဖွံ့ဖြိုးရေး နိုင်ငံတကာ အသင်းတွင် လည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ အသင်းတွင် ပါဝင်ရန်လည်း ဖိတ်ခေါ်ပါသည်။

● ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ
တက္ကသိုလ်များ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စအတွက် ရောမလွှတ်တော်တွင် Senator Luciano Modica နှင့် လည်းကောင်း၊ Bologna မြို့တွင် ‘ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ တက္ကသိုလ်၊ သုတေသနနှင့် အလုပ် အကိုင်’ ဌာနဝန်ကြီး Dr. Patrizio Bianchi နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခွင့်ရပါသည်။ အီတလီတက္ကသိုလ်များသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များဖြစ်ပါသည်။ အစိုးရမှ ငွေကြေးထောက်ပံ့ပြီး စီမံခန့်ခွဲခွင့်ကို တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့မှ ဆောင်ရွက်ခွင့် ရပါသည်။ တက္ကသိုလ်ဖွံ့ဖြိုးရေးနှင့် သုတေသန အတွက် ထပ်မံလိုအပ်သော ငွေကြေးများရရှိရန် တက္ကသိုလ်က ရံပုံငွေရှာဖွေခွင့် ရှိပါသည်။ တက္ကသိုလ်များ၏ အရည်အသွေး မြင့်မားရေး အတွက် လွတ်လပ်သော အရည်အသွေး မြှင့်တင်ရေးအဖွဲ့ (Quality Assurance) က ဆောင်ရွက်ပါသည်။

မြန်မာနိုင်ငံတက္ကသိုလ်များ၏ လက်ရှိ အခြေအနေနှင့် ဝန်ကြီးဌာန (၁၃) ခုမှ တက္ကသိုလ်ပေါင်း ၁၆၈ ကျောင်းကို တိုက်ရိုက် စီမံခန့်ခွဲကြောင်း ရှင်းပြရာ Dr. Patrizio Bianchi က မြန်မာနိုင်ငံတက္ကသိုလ်များကို အစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်စေပြီး University Federation များထူထောင်ရန် အကြံပေးပါသည်။ (ဥပမာ - Rangoon University Federation, Mandalay University Federation - ရန်ကုန်တက္ကသိုလ် Federation တွင် ရန်ကုန်ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ ပြည် တက္ကသိုလ် စသည်တို့ ပါဝင်နိုင်ပါသည်။) အဆိုပါ တက္ကသိုလ် Federation များကို တက္ကသိုလ်ပါမောက္ခများပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့ (Senate) မှ အုပ်ချုပ် သင့်ကြောင်းကိုလည်း အကြံပေးပါသည်။

ထို့ပြင်မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်း လဲရာတွင် ပညာရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန နှစ်ခုရှိသင့်ကြောင်းပြောပါသည်။ အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ အတွက် ‘Ministry of Education and Training’, တက္ကသိုလ်ပညာနှင့် သုတေသန အတွက် ‘Ministry of Higher Education and Research’ ရှိသင့်ကြောင်း အကြံပေးပါသည်။

ရောမမြို့ရှိ အဝေးသင်တက္ကသိုလ်သို့လည်း ကျွန်တော်တို့ လေ့လာခွင့်ရပါသည်။ အီတလီနိုင်ငံအတွင်းရှိ ကျောင်းသားများ သာမက အာရပ်နိုင်ငံများမှ ကျောင်းသားများပါ တက်ရောက်နေသော တက္ကသိုလ်ဖြစ်ပါသည်။

ပို့ချချက်များကို အင်တာနက်မှ ပေးပို့ပါသည်။ အင်တာနက်ဆက်သွယ်ရေးမကောင်းသောနိုင်ငံများအတွက် ပို့ချချက်များကို စာအုပ်စာတမ်းနှင့် CD များဖြင့် ပေးပို့ပါသည်။ ထို့ပြင် ကျောင်းသားများတည်ရှိရာ ဒေသမှ တက္ကသိုလ် တစ်ခုခုနှင့် ချိတ်ဆက်၍ အဆိုပါ တက္ကသိုလ် များမှ ဆရာများက အဝေးသင်ကျောင်းသား များနှင့် တွေ့ဆုံခြင်း၊ လမ်းညွှန်ခြင်း စသည် တို့ကို ပြုလုပ်ပါသည်။ အဆိုပါ အဝေးသင် တက္ကသိုလ်မှ တာဝန်ခံဆရာမတစ်ဦးဖြစ်သော Ms. Marisa Garitu က မြန်မာနိုင်ငံမှ ကျောင်းသားများကိုလည်း လက်ခံကြောင်းနှင့် စိတ်ပညာသာသာရပ် သင်ယူနေသော မြန်မာနိုင်ငံမှ ကျောင်းသားတစ်ဦးရှိကြောင်း ပြောပြပါသည်။

● နိဂုံး
အီတလီနိုင်ငံတွင် အောင်မြင်မှုရရှိသည့် အထက်ဖော်ပြပါ အစီအစဉ်များကို မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ထည့်သွင်း စဉ်းစားသင့်ကြောင်း အကြံပြု လိုပါသည်။ အဆိုပါ အစီအစဉ်များမှာ -

(၁) ကလေးများ၏ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ တီထွင် ဖန်တီးမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ မတူကွဲပြားမှု များကို လေးစားမှုတို့ကို အားပေးသည့် ရှေးဦးသင်ပညာရေး (Early Childhood Education)

(၂) ယဉ်ကျေးမှုအမျိုးမျိုး ဖွံ့ဖြိုးခွင့်ရှိသော ပညာရေး (Multicultural Education)

(၃) မသန်စွမ်းသူကလေးများနှင့် လူမှုရေး နောက်ခံကွဲပြားသော ကလေးများကို အခြား ကလေးများနှင့် တန်းတူသင်ယူခွင့် ရှိသော ပညာရေး (Inclusive Education)

(၄) ပညာရပ်အသီးသီး၏တန်ဖိုးနှင့် အသုံးဝင်မှုကို တန်ဖိုးထားသည့် အသက်မွေး ဝမ်းကျောင်းပညာရေး (Vocational Education)

(၅) ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော တက္ကသိုလ်များ (Autonomous Universities) [မှတ်ချက်။ ဤကဏ္ဍတွင် တက္ကသိုလ်များ ပူးပေါင်းခြင်း (University Federation) ကို စဉ်းစားသင့်ပါသည်။]

(၆) တက္ကသိုလ်ကောလိပ် ဆရာအတတ်သင် ဌာနများနှင့် ကျောင်းများ ဆက်သွယ်မှု ရှိသောစနစ် (Teacher Education)

တန်ဖိုးရှိသော အထက်ပါလေ့လာမှုကို ပြုလုပ်နိုင်ရန်အတွက် ဖိတ်ကြားသော အီတလီ-မြန်မာ အသင်းကို လည်းကောင်း၊ အီတလီသို့ သွားရောက်ခွင့်ပြုသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လည်းကောင်း၊ ခရီးစဉ် တစ်လျှောက်နှင့် လေ့လာမှုပြုခဲ့သည့် နေရာအသီးသီးမှ ပုဂ္ဂိုလ်များကိုလည်းကောင်း၊ အထူးကျေးဇူး တင်ကြောင်းကို ဖော်ပြ လိုပါသည်။ တက္ကသိုလ်၊ ကျောင်းနှင့် ဌာနအသီးသီးမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်အချို့၏ အမည်များကို အထက် စာပိုဒ် များတွင် ဖော်ပြထားပါသည်။

အချို့ပုဂ္ဂိုလ်များအား မှတ်တမ်းရေးသွင်းရာတွင် အမည်များ ကျန်နေသဖြင့် ဤစာတမ်းတွင် ဖော်ပြနိုင်ခြင်းမရှိသော်လည်း ထပ်တူထပ်မျှ ကျေးဇူးတင်ရှိပါသည်။


ပုံစာ - ဒေါက်တာသိန်းလွင် (NNER) ၊ ဓာတ်ပုံ - အောင်ထက်