မျိုးတေဇာမောင် ● ဆာဖစ် အယ်လ် ရာဟ်ဘီ (Saif al-Rahbi - Oman ,1956)

မျိုးတေဇာမောင် ● ဆာဖစ် အယ်လ် ရာဟ်ဘီ 
(Saif al-Rahbi - Oman ,1956)
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၇
 
အိုမန်ကဗျာဆရာ Saif Al Rahbi ဟာ အက်ဆေးဆရာ၊ စကားပြေဆရာလည်းဖြစ်တယ်။ Suroor ဆိုတဲ့ အိုမန်ကျေးလက် ရွာလေးမှာ ဖွားမြင်ခဲ့တယ်။ ၁၉၇၀ မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမှာကျောင်းတက်ပြီး ကိုင်ရို၊ ဒမတ်စကတ်၊ အယ်လ်ဂျီးရီးယား၊ ပါရီ၊ လန်ဒန် စတဲ့ တိုင်းတပါးမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း ပညာသင်ယူခဲ့တယ်။ ပထမဆုံးကဗျာပေါင်းချုပ်ဖြစ်တဲ့ The Bells of Rapture ကို ၁၉၈၅ မှာ ထုတ်ဝေခဲ့တယ်။

ဒီစာအုပ်ထုတ်ဝေစဉ်တုန်းက သူဟာ ပါရီမှာနေထိုင်နေတာဖြစ်ပြီး အာရပ်ကဗျာရဲ့အသံသစ်လို့ ချီးကျူးခံရတဲ့စာအုပ်လည်း ဖြစ်တယ်။ နောက်တော့ အိုမန်ကိုပြန်လာပြီး Nizwa ဆိုတဲ့ ယဉ်ကျေးမှုမဂ္ဂဇင်းကိုထုတ်ဝေခဲ့ပြီး လောလောဆယ်မှာ လည်း အဲ့ဒီမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်နေပါတယ်။
......

|ဒီည ခေါင်းလောင်းတွေ မထိုးဘူး|

ငါ့အိမ်ရှေ့တံခါးဝကမုန်တိုင်း
ဒီည စဲမှာမဟုတ်ဘူး
ဗိုလ်ချေသိန်းသန်းချီစစ်တပ်ကြီး တံခါးတွေကိုတခြိမ်းခြိမ်းရိုက်တယ်။

ဘုရားကျောင်းထဲမှာ မီးရောင်မှိန်မှိန်
လက်တွန်းလှည်းတွေဆွဲလာတဲ့ဘုန်းတော်ကြီးတွေကို
ငါဖျတ်ခနဲမြင်မိ
ဗိုင်ဇန်တိုင်းခေတ်တုန်းကလို
မြင်းတွေကိုလေထဲတဟုန်ထိုးအားကုန်မောင်းပြီး
တောင်တန်းတွေဆီထွက်ပြေး။

ဒီလိုအမှတ်တရညမှာ
ခေါင်းလောင်းတွေမထိုးဘူး
မုန်တိုင်းဟာဘယ်တော့မှစဲမှာမဟုတ်။

Saif Al Rahbi ရဲ့ Bells Will Not Toll Tonight

|ရောက်ရှိခြင်း|

ငါတိုင်းပြည်တစ်ပြည်ဆီသွားတဲ့အခါ
ကောလာဟလ တွေက ငါ့အရင်ကြိုရောက်
အိပ်မက်ကတောချောက်ပေးလို့
သားကောင်ဆီရောက်ရတဲ့ဝံပုလွေလို
ငါယစ်မူး
ဒါကြောင့် ငါမရောက်တော့။

Saif Al Rahbi ရဲ့ Arrivalr