မိုက်ခဲစိန် - သမ္မတကြီး ထရန့်က အမွှေစိန်လား

UC Berkeley, Student Protest Feb 1st 2017

မိုက်ခဲစိန် - သမ္မတကြီး ထရန့်က အမွှေစိန်လား
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇


မောင်ရစ်က မနက် သူ့ကျောင်းကင်တင်းက ကော်ဖီဆိုင်မှာ ထိုင်ရင်းနဲ့ ရေးစရာ အဆိုင်းမင့် ပေးပါတယ်။ သမ္မတကြီးထရန့်ရဲ့ ပထမ ၁၀ ရက်အတွင်း အဖြစ်အပျက်တွေ အထင်အမြင် ဂယက်တွေ ဘာတွေ ညာတွေ ရေးစမ်းပါဦးလို့ ပြောပါတယ်။ “ယူစီဘာကလီ (UC Berkeley) သိတယ် မို့လား၊ ဆန်ဖရန်အရှေ့ဘက်ကမ်းက ဘာကလေမြို့က ပြည်နယ်တက္ကသိုယ်မှာ ကျောင်းသားတွေ ဆန္ဒပြကြတာ အကြမ်းဖက်ဆန်ဆန်ကို ဖြစ်ကုန်ပြီ” လို့ ဆက်ပြောပါတယ်။ “ခင်ဗျားတို့ (SFSU) တက္ကသိုလ်မှာကော ဘာမှ မဖြစ်ဘူးလား၊ အားလုံးက ခေါင်းငုံ ခံနေကြသလား” လို့ ပြန်မေးတော့ “တက္ကသိုလ်အာဏာပိုင်တွေ ကိုယ်တိုင်က ကြေညာချက်ထုတ်ထားတယ်၊ သမတထရန့်ရဲ့ တချက်လွှတ်အမိန့်တွေကြောင့် ပြည်သူတွေ (ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ ပြည်ပကပဲ ဖြစ်ဖြစ်) တရားဥပဒေနဲ့ မညီမညွတ် အရေးယူခံရတာတွေ အဖြစ်မခံနိုင်ဘူး တဲ့။ အစွမ်းကုန် တက္ကသိုလ် ပရ၀ဏ်ကို ကာကွယ်မယ်လို့ ပြောသွားတယ်ဗျ” လို့ မောင်ရစ်က ဖြေပါတယ်။ “ဟုတ်လားဗျာ … ဒါနဲ့ ခင်ဗျားကလေးတွေ တက်နေတဲ့ UC LA မှာကော ကျောင်းသားတွေက သမ္မတကို ကန့်ကွက်နေကြတုန်းပဲလား” လို့ မေးမိပြန်တယ်။ “ကျောင်းသားတွေကို အစိုးရက ကန့်ကွက်ချုပ်ခြယ်တာတွေ ကျောင်းထဲဝင်လာတာကိုတော့ လုံးဝ လက်မခံဘူးလို့ သဘောထားပေးထားသဗျ။ ခေါင်းမာမာပဲ။ သူတို့ကတောင် ထောက်ပြထားတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအာမခံချက်သာ မရှိလို့ကတော့ အမေရိကန်ပြည်ဆိုတာလည်း အီရန် အီရတ်တို့နဲ့ အတူတူပဲတဲ့ဗျ၊ ဘာထူးတော့မှာလဲ တဲ့”။ မောင်ရစ်က ပြောပြောဆိုဆိုနဲ့ ဖေ့စ်ဘွတ် မက်ဆင်ဂျာလိုင်းပေါ်က ဆင်းသွားတယ်။ မိုက်ခဲစိန်က သူအွန်လိုင်းပေါ်က ထွက်သွားမှပဲ ကွန်ပျူတာသတင်းဆိုက်တွေ လိုက်ဖွင့်ရင်း သူ့အဆိုင်းမင့် ရေးဖို့ ပြင်ဆင်ရပါတယ်။ သူ့မနက်အချိန်ဆိုရင် ကိုယ့်ကမ္ဘာတခြမ်းက ညမိုးချုပ်နေပါပြီ။ အမြန်တော့ ရေးလိုက်ဦးမှပဲ။

အမေရိကန်မှာ သမ္မတကြီး ထရန့် တက်လာပြီး (၂၀ ဇန်) နောက်ပိုင်း တောက်လျောက် တချက်လွှတ်အမိန့်တွေ ထုတ်တော့တာပဲ။ အဲသည်အကြောင်း ရေးခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ စနေ တနင်္ဂနွေမှာတော့ ထရန့်က တဆင့်ထပ်တိုးပါတယ်။ အကြမ်းဖက်သမားတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံတွေ (အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမန်၊ ဆိုမာလီ၊ ဆူဒန်) တို့က နိုင်ငံသားတွေကို အမေရိကန်ပြည်ဝင်ခွင့်ကို ရက်အကန့်အသတ်နဲ့ ပိတ်ပင်လိုက်ပါတယ်။ ပြည်ပက ဒုက္ခသည်တွေကိုလည်း ၀င်ရောက် အခြေချခွင့်ကို ဆိုင်းငံ့လိုက်တာပါ။ ပြည်ဝင်ခွင့်ပိတ်လိုက်တယ်ဆိုတော့ ဗီဇာနဲ့ ၀င်ခွင့်တွေ အားလုံးကို ရပ်လိုက်တာပါ။ ၀င်လာခဲ့ရင်လည်း လေဆိပ်မှာ ထိန်းသိမ်းထားလိုက်ပါတယ်။ အဲသည်မှာပဲ အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာသော၊ လူ့အခွင့်အရေးကို တန်ဖိုးထားသော၊ ပြည်သူတွေအားလုံးက လေဆိပ်တွေမှာ သွားရောက် ဆန္ဒပြ ကန့်ကွက်တောင်းဆိုပြီး ထိန်သိမ်းခံ အငြင်းပယ်ခံ ဧည့်နိုင်ငံသားတွေအတွက် ရပ်တည် တောင်းဆိုကြပါတော့တယ်။

သမ္မတကြီးကတော့ တိုင်းပြည် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးနဲ့ အကြောင်းပြပေမယ့် ပညာရှိသူ ဥာဏ်ရှိသူတွေ ပြည်တွင်းပြည်ပက လူတွေ အစုအဖွဲ့တွေ အစိုးရတွေ အကုန်လုံးက လက်မခံကြပါဘူး။ ပြည်ဝင်ခွင့် ကန့်သတ်တာဟာ မူဆလင်တွေကို ပစ်မှတ်ထားတာဖြစ်တဲ့အတွက် အမေရိကန်ရဲ့ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီအာမခံချက်မှာ လူမျိုး ဘာသာ အသားအရောင် ခွဲခြားမှု မရှိ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိ၊ အဆိုပါ အခွင့်အရေးကို ပိတ်ပင်ခွင့် မရှိပါ။ အဲသည် ပစ်မှတ်မှာ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ဆရာဝန်တွေ၊ တက္ကစီမောင်းသူတွေ၊ မှီခိုမိသားစုတွေ အကုန်လုံး ထိခိုက်ကုန်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး၊ လူမှုရေး၊ စီးပွားရေး ဘ၀တွေအကုန်လုံးကို ထိခိုက်သွားစေပါတယ်။ မူဆလင်တွေသာမက အခြားဘာသာဝင်တွေအတွက်လည်း စိုးရိမ်မှုကို ဖြစ်ပေါ်စေပါတယ်။ အခြားနိုင်ငံတွေကလည်း သူတို့ပြည်သူတွေအတွက် အာမခံချက် မရှိတော့မှာကိုပါ သံသယဖြစ်လာကြပါတယ်။ ဒါဟာ သမ္မတကြီး ရဲ့ မွှေချက်တွေ ဖြစ်ပါတယ်။ အားလုံး ထိခိုက်ကြပါတယ်။

ထရန့်ဘက်တော်သားတွေကတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်တာ၊ အနစ်နာခံသင့်တာ ခံရမယ်လို့ ဆိုကြမှာပါ။ သို့သော် ပြည်တွင်းပြည်ပ သံသယတွေ ပွတ်တိုက်မှုတွေဟာ တောက်လျောက် ပြသနာတွေကိုပဲ ဖိတ်ခေါ်ပါတယ်။ အခုလို မတရားအမိန့်ုထုတ်တဲ့အတွက် ဒီမိုကရက်အများစုပြည်နယ်တွေက ပြည်ထောင်စုတရားရုံးတော်မှာ ထရန့်ကို အခြေခံဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲကြပါတော့တယ်။ နည်းပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ၊ ကျောင်းတွေကလည်း သူတို့ အလုပ်သမားတွေ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပညာရှင်တွေ၊ ကျောင်းသားတွေအတွက်လည်း အကာအကွယ် နဲ့ အာမခံချက် ရှိဖို့ ဝေဖန် ကန့်ကွက်ကြပါတယ်။ ဥပဒေအကာအကွယ်ပေးဖို့ ရန်ပုံငွေတွေ အဖွဲ့တွေ ထူထောင်ပြီး အကူအညီပေးဖို့ လုပ်ကြပါတော့တယ်။

တဆက်တည်းမှာပဲ ထရန့်ဟာ မက္ကစီနဲ့ ကနေဒါကို တရားမ၀င်တပြည်သားတွေနဲ့ ပတ်သက်ပြီး ရန်လုပ်စကားပြောပါတယ်။ သြစတြေးလျကိုလည်း ဒုက္ခသည်ကိစ္စ ပြစ်တင်ပါတယ်။ အားလုံးပူးပေါင်း အဖြေရှာမယ့်အစား တဖက်သတ် ပြစ်တင်လိုက်ပါတယ်။ စီးပွားရေး ကုန်သွယ်ရေး စာချုပ်တွေကိုပါ ပြန်လည် ကန့်သတ် ပြင်ဆင်မယ်ဆိုပြီး ကုန်သွယ်ဖက်တွေဖြစ်တဲ့ တရုတ်၊ အာရှ၊ ဥရောပ၊ တောင်အမေရိက၊ သြစတြေးလျတို့ကို ရာဇသံပေးလိုက်ပါသေးတယ်။ သူက တချက်လွှတ်အမိန့်တွေ အင်တာနက်တွစ်တာပေါ်ကနေ တရားလက်လွတ် ပြောဆိုလိုက်တာတွေဟာ အရင်းရှင်တွေ အစိုးရတွေ ငွေကြေးလုပ်ငန်းတွေ ကုန်သွယ်မှုတွေမှာ အနည်းနဲ့ အများ ထိခိုက်ပါတယ်။ မက္ကစီနယ်စပ်မှာ တံတိုင်းဆောက်မယ်ဆိုတော့ ဆောက်လုပ်ငန်းပစ္စည်းတွေ ဈေးတွေ ထောင်တက်တာမျိုး၊ ကုန်သွယ်ရေး ကန့်သတ်မှုတွေ လုပ်ပစ်မယ်ဆိုတာနဲ့ စတော့ ရှယ်ယာဈေးတွေ မငြိမ်မသက်တွေ ဖြစ်ကုန်တာတွေ ဖြစ်တာမျိုးတွေ ဖြစ်ချင်တိုင်း ဖြစ်ကုန်တာပါ။

ဒါတွေက သမ္မတကြီး ထရန့် ပြောခဲ့သလို အမေရိကန်တွေ ပိုပြီးကောင်းစားအောင် လုပ်ပေးမယ် (Make America Great again) ဆိုတာမျိုး ဖြစ်မလာဘဲ အမေရိကန်ပြည်သူတွေကော ပြည်ပမှာပါ အကုန် အမှုပွေကုန်ကြတာ လက်ငင်းဖြစ်ကုန်ပါတယ်။ အမေရိကန်တွေဆီ အလုပ်တွေ ရင်းနှီးမြုတ်နှံမှုတွေ ငွေကြေး အမြတ်အစွန်းတွေ ပျော်ပျော်ကြီး ခုန်ပေါက် ၀င်လာတာ၊ အလားအလာတွေ တရှိန်ရှိန် ထွန်းပေါက်လာတာမျိုးတွေ ဖြစ်မယ့်အစား အလုပ်သမားတွေလည်း စိတ်ပူ၊ အလုပ်ရှင်တွေလည်း စိတ်ရှုပ် ဖြစ်ကုန်ကြတာက အရင်ဖြစ်နေပါတော့တယ်။ အလုပ်သမားတွေအတွက် အလုပ်တွေက ဘယ်နေမှန်း မသိသေးဘူး၊ တားဆီးတာတွေ ကန့်သတ်တာတွေ ဖြတ်တောက်တာတွေကို သမ္မတကြီး ထရန့်က လုပ်လိုက်တာက လက်ငင်း ဖြစ်ပါတယ်။

အဲသည်ကြားထဲမှာ ခုနင်က မောင်ရစ်ပြောသလို ဘာကလီတက္ကသိုလ်က ထရန့်ထောက်ခံသူ ကျောင်းသားတချို့က (ကျောင်းတွင်း ရစ်ပတ်ဘလစ်ကန်ကျောင်းသားအဖွဲ့) လက်ယာ အစွန်းရောက် ခေါင်းဆောင်တဦးကို ဟောပြောပွဲဖိတ်ပြီး ပြောခိုင်းလိုက်တော့ ကျန်တဲ့ လူများစုသော ကျောင်းသားတွေက ဆန့်ကျင်ကြောင်း ထုတ်ဖော် ဆန္ဒပြ ကန့်ကွက်ကြလို့ မထိန်းနိုင် မသိမ်းနိုင်တွေ ဖြစ်ကုန်ပါတယ်။ ကျောင်းဝင်းတွင်းကော ဘာကလီမြို့တခုလုံးလည်း ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ကုန်လို့ ပြည်သူတွေလည်း ငြိမ်းချမ်းမှုတွေ ဆုံးရှုံးရပြန်ပါတယ်။ ဒါဟာ အစွန်းရောက်တွေ အားပြိုင်ကြတာကြောင့် ပြည်သူတွေဟာ ကြားထဲက နစ်နာတာ အရင် ဖြစ်ပါတယ်။ ဒါကို ထရန့်က ကျောင်းသားတွေအားလုံးကို အပြစ်တင်စကားပြောပြီး ပြည်ထောင်စုက ပေးတဲ့ ငွေကြေးအကူအညီတွေကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်စကားပြောပါသတဲ့။ ဒါက နိုင်ငံရေးခေါင်းဆောင် အစိုးရခေါင်းဆောင် ဒီမိုကရေစီ ခေါင်းဆောင်က သူ့ပြည်သူတွေကို ပြောရမယ့် စကား မဟုတ်ပါ။ ဒါက အာဏာရှင်က သူ့လက်အောက်က ကျေးကျွန်တွေကို ပြောတဲ့ တရားလက်လွတ် စကား ဖြစ်ပါတယ်။ ဒါတွေကိုနဲ့ အမေရိကန်ပြည်မှာ ထရန့် တက်ပြီး ၁၀ ရက်အတွင်း အမှုပွေနေတာက လက်ရှိ မြင်ကွင်းပါ။

သမ္မတကြီး ထရန့်က လုပ်ငန်းရှင်တွေ အရင်းရှင်တွေ ဘဏ်လုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ လျော့ပေါ့ပေးမယ်လို့ ပြောထားပါသေးတယ်။ စားသုံးသူတွေ သာမန်ပြည်သူတွေ အလုပ်သမားတွေ ကျောင်းသားတွေ ကလေးသူငယ်တွေအတွက် အကာအကွယ် အာမခံချက် ခံစားချက်တွေကို သမ္မတက စောင့်ရှောက် အားပေး တိုးတက်အောင် လုပ်ပေးဖို့ မပြောဘဲ ငွေရှင် အရင်းရှင် လုပ်ငန်းရှင်ကြီးတွေ အကျိုးစီးပွားကိုပဲ အရင်ဦးဆုံး ဆောင်ရွက်တာက ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အနည်းဆုံး လစာကို အာမခံချက်ပေးဖို့ကို ထရန့်က တခွန်းမှ မဟပါ။ အရင်းရှင်တွေ အမြတ်ကြီးစားလို့ ၀မှ အလုပ်သမားတွေ သဒ္ဓါကြေးလေး တိုးခွင့်ရမှာဆိုရင် အမေရိကန်လည်း မြန်မာပြည်က လုပ်ငန်းရှင်တွေနဲ့ တူနေမှာပေါ့ဗျာ။

အမေရိကန်နဲ့ အခြားကမ္ဘာက နိုင်ငံတွေနဲ့ ဘာကွာသလဲ။ “လူတဦးချင်းစီရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက်” ပါ။ အဲသည်ဟာသာ မရှိတော့ရင် ယူစီအယ်လ်အေက ကျောင်းသားတွေ ပြောသလိုပါပဲ။ အမေရိကန်နဲ့ အီရန် အီရတ် ဘာကွာတော့မှာပဲ။ အမေရိကန်နဲ့ ရုရှားဆိုတာလည်း အတူတူပါပဲပေါ့။