ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၁၁)


တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း - အပိုင်း (၁၁)
(ပင်လုံရဲ့ခန္ဓဗေဒ)
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇

“ပင်လုံ” အကြောင်း ဆက်ပြီးရေးပါအုံးမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၀) ကို အဆုံးသတ်ခဲ့ပါတယ်။ “ပင်လုံ” အကြောင်းနဲ့ပတ်သက်ပြီး အမြင်နဲ့သဘောထားကို အခုလို ဆက်လက်ပြီး ရေးသားတင်ပြလိုက်ပါတယ်။

“ပင်လုံ”  ဟာ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ထဲက မြို့ကလေးတမြို့ပါပဲ။ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုဆိုတဲ့ သမိုင်းရုပ်ပုံ ကားချပ်ကြီးထဲမှာတော့ “ပင်လုံ”ဟာ ကိုယ်ပိုင်အရည်အသွေးနဲ့ တလက်လက်တောက်ပနေတဲ့ စိန်ပွင့်တစ်ပွင့်ဖြစ်ပါတယ်။

“ပင်လုံ” အကြောင်းကိုပြောတဲ့အခါမှာ၊ ပင်လုံရဲ့ခန္ဓဗေဒကိုပြောဆိုတဲ့အခါမှာ မဖြစ်မနေပါရှိရမယ့် သမိုင်းနောက်ခံနဲ့ ဆက်စပ် ရမယ့် အချက်အလက်တွေရှိနေပါတယ်။

ပင်လုံအကြောင်းနဲ့ ပင်လုံရဲ့ခန္ဓဗေဒကို ကြည်ကြည်လင်လင်ရှင်းရှင်းလင်းလင်း  ခြုံငုံကြည့်ရှုနိုင်မယ့် သမိုင်းနောက်ခံကာလ အပိုင်းအခြားကို ဦးစွာတင်ပြပါ့မယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးနောက်၊အင်္ဂလိပ်နယ်ချဲ့သမားဟာ “စက္ကူဖြူစာတမ်း” ကိုင်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတာကနေ  လွတ်လပ်ရေး ပြန်လည်ရရှိတဲ့ အချိန်ကာလအတွင်းက ဖြစ်စဉ် တွေဖြစ်ရပ်တွေကို အဓိက အာရုံစိုက်ပြီးကြည့်ရပါလိမ့်မယ်။

ဘုရင်ခံဒေါ်မန်စမစ် ဟာ ၁၉၄၅ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပြီး၊ ၁၉၄၅ အောက်တိုဘာ ၁၇ ရက်နေ့မှာ “စက္ကူဖြူစာတမ်း” ကို ထုတ်ဖော်ပြောဆိုပါတယ်။ “စက္ကူဖြူစာတမ်း”  ဆိုတာ (Burma Statement of Policy) မြန်မာပြည် ဆိုင်ရာပေါ်လစီသဘောထားဖော်ပြချက် ဆိုတာပါပဲ။ “စက္ကူဖြူစာတမ်း”ရဲ့ အနှစ်သာရကတော့ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားက ဒုတိယ ကမ္ဘာစစ်ကြီးပြီးတဲ့နောက်  မြန်မာနိုင်ငံကို ဆက်လက်ကျွန်ပြုအုပ်စိုးသွားဖို့ ကြံစည်ရေးဆွဲထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

 ဒီစီမံကိန်းကို ဒုတိယကမ္ဘာစစ်မပြီးခင် ၁၉၄၅ မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။  ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၅ သြဂုတ်လ ၁၄ ရက်၊ ဂျပန်တို့လက်နက်ချပြီးတရားဝင်ပြီးဆုံးသွားပါတယ်။

သမိုင်းနောက်ခံကာကကို နှစ်အပိုင်းအခြားနဲ့ တိတိကျကျဖော်ပြရရင် ၁၉၄၅ ခုနှစ် ကနေ ၁၉၄၈ နှစ်၊ အထိ ၄ နှစ်တာ ကာလ ပဲဖြစ်ပါတယ်။ ဒီကာလဟာ တိုတောင်းသော်လည်း ကြီးမားမြန်ဆန်ပြီး၊ လက်ရှိဗမာပြည်သမိုင်းမှာ ကြီးမားတဲ့ဖြစ်စဉ်တွေ ဖြစ်ရပ်တွေ၊ အချိုးအကွေ့ကြီးတွေ ပေါ်ပေါက်ဖြစ်ပွားလာစေခဲ့တဲ့ ကာလအပိုင်းအခြားလည်းဖြစ်ပါတယ်။

ဒီကာလအပိုင်းအခြားဟာ အကောင်းနဲ့အဆိုး၊ အားတက်စရာနဲ့ အားပျက်စရာ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး ဦးတည်ချက် အောက်မှာရရှိခဲ့တဲ့အမျိုးသားသွေးစည်းညီညွတ်ရေးဟာ၊စစ်အပြီးပြန်လည်ဝင်ရောက်လာတဲ့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားလက်အောက် က လုံးဝလွတ်လပ်ရေးကြိုးပမ်းနေတဲ့ လမ်းခုလပ်ခရီးမှာပဲ တစစီပြိုကွဲသွားတာ စသဖြင့် အကောင်းနဲ့အဆိုး ပြွန်းတီးနေတဲ့ကာလ လည်း ဖြစ်ပါတယ်။

အဲဒီကာလမှာ  ဗမာပြည်ပြည်သူတွေဟာ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲနဲ့ နိုးကြားတက်ကြွနေတဲ့အချိန်ကာလ လည်းဖြစ် ပါတယ်။ ကမ္ဘာနဲ့အဝှမ်းမှာရှိတဲ့ ကိုလိုနီထမ်းပိုးအောက်က ပြည်သူတွေဟာ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကို တခဲနက် ဆင်နွဲနေကြတဲ့ ကာလလည်းဖြစ်ပြီး၊ ဒီတိုက်ပွဲတွေဟာ တပြည်နဲ့တပြည် အပြန်အလှန်ဂယက်ရိုက်နေတာပါ။

ဗမာပြည်ကို ပြန်လည်ဝင်ရောက်လာတဲ့ နယ်ချဲ့သမားလက်ထဲမှာ ဒီလို သွေးစည်းညီညွတ်မှုကိုဖြိုခွဲဖို့ “စက္ကူစာတမ်း” ဆိုတဲ့ လက်နက်ပါရှိပါတယ်။ သူတို့ကျွန်ပြုစိုးမိုးထားတဲ့ နယ်ပယ်တွေကို အလွယ်တကူမစွန့်လွှတ်လိုပါဘူး။ မတတ်သာလို့ စွန့် လွှတ်ရတဲ့အခါမှာလည်း မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတာ သဘောထားနဲ့ မီးကုန်ယမ်းကုန် အကောက်ကြံခဲ့၊ ညစ်ပတ်ခဲ့ကြတာပါ။ ဗမာပြည်ကို လွတ်လပ်ရေး မဖြစ်မနေပေးရ တော့မယ်ဆိုတဲ့အခါမှာ ပြည်မနဲ့တောင်တန်းကို ခွဲခြားထား ဖို့  ဘက်ပေါင်းစုံကနေ သွေးထိုးလှုပ်ရှားခဲ့ တာဖြစ်ပါတယ်။

ဗမာပြည်ကိစ္စမှာတင် မစားရတဲ့အမဲကို သဲနဲ့ခဲ့တာမဟုတ်ပါဘူး။ အနောက်ဖက်က အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးကို မတတ်သာ လို့ လွတ်လပ်ရေးပေးရတော့မယ့် အခါမှာလည်း အင်္ဂလိပ်နယ်ချဲ့သမား ဘယ်လောက်ထိ ပက်စက်ယုတ်မာသလဲဆိုတော့ ဟိန္ဒူ - မူဆလင် ပဋိပက္ခကြီးကို မီးမွှေးပြီး၊ အိန္ဒိယနဲ့ပါကစ္စတန်အဖြစ် ခွဲခြားပစ်ခဲ့ပါတယ်။ ဒီလူမဆန်တဲ့ပဋိပက္ခကြီးမှာ ဟိန္ဒူ နဲ့ မူဆလင်ပြည်သူ တွေရဲ့သွေးတွေဟာ ယမုံနာနဲ့ဂင်္ဂါမြစ်ရေစီးသလို စီးဆင်းသွားခဲ့ ကြရတာပါ။ ဂန္ဒီကြီးဟာလည်း  အင်္ဂလိပ် ကိုလိုနီအစိုးရစနက်ကြောင့်ပဲ အသက်ပေးသွားခဲ့ရတာ မဟုတ်ပါလား။ ဒီကနေ့ကအထ မီးခိုးမဆုံးမိုးမဆုံးဖြစ်နေတဲ့၊ သွေးမ တိတ်နိုင်တဲ့ အစ္စရေးပါလက်စတိုင်း ပဋိပက္ခဟာ အင်္ဂလိပ်နယ်ချဲ့သမားမွှေးခဲ့တဲ့မီးပဲဖြစ်ပါတယ်။

ဗမာပြည်မှာတော့ တောင်တန်းနဲ့ ပြည်မကိုခွဲခြားဖို့လုပ်ခဲ့တယ်။ ပင်လုံစာချုပ်နဲ့ ညီညွတ်ရေးယူပြီး အင်္ဂလိပ်ရဲ့သွေးခွဲမှုကို တိုက် ဖျက်ပစ်လိုက်တဲ့အခါမှာ အင်္ဂလိပ်ကိုလိုနီအစိုးရဟာ မစားရတဲ့ အမဲသဲနဲ့ပက်မယ်ဆိုတဲ့ ထုံးနှလုံးမူတဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ဝန်ကြီးတွေကို လုပ်ကြံသတ်ဖြတ်စေတော့တာပါပဲ။ ဒီနိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုမှာ လေးပစ်သူက ဂဠုန်ဦး စော - အစွယ်လိုသူနဲ့အသွားစေသူက အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားပဲ ဖြစ်ပါတယ်။

ပင်လုံစာချုပ်က အဲဒီ အင်္ဂလိပ်နယ်ချဲ့သမားရဲ့အဲဒီသွေးခွဲမှုကို ဦးတည်ဆန့်ကျင်ခဲ့တာဖြစ်ပြီး၊ အဲဒီလိုပြတ်သားသားဆန့်ကျင် နိုင်ဖို့ သွေးစည်းညီညွတ်မှုကို အင်္ဂလိပ်ကိုလိုနီ လက်အောက် လွတ်လပ်လာမယ့် ဗမာပြည်မှာ တန်းတူပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ တည်ဆောက်ခဲ့တာပါ။ ဒါကြောင့် ပင်လုံစာချုပ်မှာ ဘယ်လိုမှ ခွဲခွာလို့မရတဲ့ အချက် ၂ ခုနဲ့ ဖွဲ့တည်ထားတာပါ။

- “ဗမာပြည်မနဲ့ ပူးပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို ဆောလျင်စွာရမယ်” (ဒီအချက်က နယ်ချဲ့သွေးခွဲမှုကို လုံးဝ တိုက် ဖျက်ပစ်လိုက်တဲ့ဘက်ဖြစ်ပါတယ်)
- “အင်္ဂလိပ်ကိုလိုနီလက်အောက် လွတ်လပ်လာမယ့် ဗမာပြည်မှာ တန်းတူပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည် ထောင်စုကို တည်ဆောက်ကြမယ်”

ဒီအချက်နှစ်ချက်ဟာတခုစီ သီးခြားခွဲခြားပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပင်လုံစာချုပ်ရဲ့ အသက်ဝိညာဉ်ပဲ ဖြစ်ပါတယ်။ ဒီအ သက်ဝိညာဉ်ကို အသက်ဝင်လာအောင် ထည့်သွင်းပေးကြတာတဲ့ အဓိကဗိသုကာများကတော့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ကို အဓိကဦးဆောင်ခဲ့ကြသူများပဲဖြစ်ပါတယ်။ ချယ်ရီပင်တွေရဲ့ အလှအပမပါဘဲ ရှမ်းရိုးမရဲ့အလှဂုဏ်ကျက်သရေကို ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်သလို၊ (ရပလ) အဖွဲ့ချုပ်ရဲ့ကြိုးပမ်းမှုမပါတဲ့၊ ပင်လုံသမိုင်းဟာ“အင်္ဂါမစုံတဲ့ပင်လုံ”၊ “တပိုင်း တစပင်လုံ” ၊ “လိုရာဆွဲပင်လုံ” ပဲ ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် ပင်လုံစာချုပ်အကြောင်းပြောတဲ့အခါမှာ အထက်မှာတင်ပြခဲ့တဲ့ သမိုင်းခေတ်နောက်ခံကားကို မြင်အောင်ကြည့်ဖို့ လိုမှာဖြစ်ပြီး မဖြစ်မနေ လေ့လာကြရမယ့်အကြောင်းအရာတွေကတော့ ....

- စက္ကူဖြူစာတမ်း
- အောင်ဆန်း-အက်တလီစာချုပ်
- ၁၉၃၅ အက်ဥပဒေ
- ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ကြေညာစာတမ်း အမှတ် (၄) (၁၉၄၇ ခု၊ ဖေဖေါ်ဝါရီ ၅ ရက်)

ဒီအကြောင်းအရာတွေကနေ “ ပင်လုံစာချုပ်” ပေါ်ပေါက်လာတာပါ။ ဒီဖြစ်စဉ်တွေနဲ့ ဒီအကြောင်းအရာတွေရဲ့ အဆက်အစပ် ဟာ  ပင်လုံစာချုပ်ဖြစ်ပေါ်လာစေတဲ့ ပင်လုံရဲ့ခန္ဓဗေဒပါပဲ။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တဲ့အတွက် ပင်လုံစာချုပ်ရဲ့ ပထမအချက်ဖြစ်တဲ့ (ဗမာပြည်မနဲ့ ပူး ပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို ဆောလျင်စွာရမယ်) ဆိုတဲ့အချက်ဟာ အကောင်အထည်ပေါ်လာခဲ့ပေမယ်။ ဒုတိယ အချက်ဖြစ်တဲ့ (အင်္ဂလိပ်ကိုလိုနီလက်အောက် လွတ်လပ်လာမယ့် ဗမာပြည်မှာ တန်းတူပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ ဝရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမယ်) ဆိုတဲ့အချက်ကတော့ နှစ်ပေါင်း ၇၀ ပြည့်မြောက်ခဲ့သော်လည်း လုံးဝ အကောင်အထည် မဖော်နိုင်သေးပါဘူး။

“အမည်ခံပြည်ထောင်စု” ကတော့  နှစ်စဉ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ရောက်တိုင်း၊ တိုင်းရင်းသားရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး “အေးတူပူအမျှ ဥမကွဲ သိုက်မပျက် သီချင်း” ကို အစဉ်အလာတစ်ခုသဖွယ် သီဆိုကခုန်နေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်  ပင်လုံမှာပြောကြားခဲ့တဲ့ မိန့် ခွန်းမှာ “ကျွန်မတို့ရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးများဟာ ပင်လုံသမိုင်းကို စတင်ပြီးတော့ ထူထောင်ခဲ့တယ်။ ဒီသမိုင်းဟာ အောင် အောင်မြင်မြင်နဲ့နိဂုံးချုပ်ဖို့အတွက် တာဝန်ကတော့ ကျွန်မတို့ အပေါ်မှာ ကျရောက်လာပြီဖြစ်ပါတယ်” ဆိုတဲ့ တာ ဝန်ဟာ အဲဒီပင်လုံစာချုပ်ရဲ့ အသက်ဝိဉာဉ်နဲ့တူတဲ့ အချက်နှစ်ချက်ထဲက ဒုတိယအချက်ကို ဆိုလိုတာပဲဖြစ်ပါတယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲမှာ “တန်းတူပြီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု” ကို တည်ဆောက်နိုင်ပါ့မလား။

ပင်လုံစာချုပ် ချုပ်ဆိုနိုင်ဖို့ အဓိကအင်အားဖြစ်ခဲ့တဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) လို မဟာမိတ်အင်အားစုမျိုး ဒေါ်အောင် ဆန်းစုကြည်မှာရှိနေပြီလား။ ဗိုလ်ချုပ်အောင်ဆန်းရရှိခဲ့တဲ့ ယုံကြည်မှုမျိုး ဒေါ်အောင်ဆန်းစုကြည် တည်ဆောက် ထားနိုင်ပြီလား။ ရရှိနေပြီလား။

၁၉၉၅ ဇူလိုင်လ ၂၀ ရက်၊ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးတဲ့နောက် “ညောင်နှစ်ပင်ညီလာခံ” ကို  တောင်းဆိုချက်တချို့ပြုလုပ်ပြီး ဒီချုပ်ပါတီကိုယ်စားလှယ်တွေ ဆက်မတက်ဘဲ - စောင့်ဆိုင်း နေမယ်ဆိုတဲ့  (ညောင်နှစ်ပင်ညီလာခံကနေ ထွက်ခွာလာခဲ့ဖူးတဲ့) အတွေ့အကြုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာရှိ တာပဲလေ။ (NCA) လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အနေအထားကို အဲဒီအတွေ့အ ကြုံနဲ့ စာနာ၊ မျှဝေ၊ ခံစားကြည့်ပါလား။

“၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ နှောင်ကြိုးကို  ပြတ်ပြတ်သားသားဖြတ်တောက် ဖယ်ရှားပစ်နိုင်မယ့် သတ္တိနဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှသာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တကယ်တန်းရှေ့ရှုနိုင်ပါလိမ့် မယ်။

အတိုင်ပင်ခံလျှောက်သောလမ်းမပေါ်မှာ “၂၀၀၈ အခြေခံဥပဒေနဲ့ တပ်မတော်ကို ဂုပ်ခွစီးထားတဲ့ စစ်အုပ်စု” ဟာ  အဓိက ရင်ဆိုင်ရမယ့် အတားအဆီးအနှောင့်အယှက်တွေပဲဖြစ်ပါတယ်။ ဆက်ပါအုံးမယ်။ 


Photo Credit - Myanmar State Counsellor Office