ဒီလူည ● မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် စောင့်ဆိုင်းသူတယောက် ဖြစ်ပါသည်

 ဒီလူည ● မည်သို့ပင် ဖြစ်စေ ကျွန်တော်သည် စောင့်ဆိုင်းသူတယောက် ဖြစ်ပါသည်
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ 


နိဒါန်း
တခါတရံစောင့်ဆိုင်းခြင်းသည် အောင်မြင်ခြင်း၏ကြိုးစတခုဖြစ်သလို တခါတရံ၌ ခလုတ်ကန်သင်းလည်း ဖြစ်သည်။
****

(၁)

အမှန်တော့ ကျွန်တော်သည် စောင့်ဆိုင်းခြင်းကို စိတ်မရှည်လွန်းသူတယောက်ဟု ပြောလျှင် လည်းမှားမည်မဟုတ်။ ထို့ထက်ပိုပြီးပြောရလျှင် ကျွန်တော်သည် ချစ်သူလာရာလမ်းမှာ သူမရောက်သင့်သည့် အချိန်ထက်နောက်ကျသည်ကိုပင် စိတ်မရှည်တတ်သူဖြစ် သည်။

တခါက သူမနှင့်ကျွန်တော် နားလည်မှုလွဲ၍ သူမအလာကို ကျွန်တော် အချိန်တော်တော်ကြာအောင် မိုးရေထဲ၌ စောင့်နေခဲ့မိ တယ်။ ထိုအခါ စောင့်ဆိုင်းခြင်းကိုသည်းမခံတတ်သော ကျွန်တော် ဘယ်လိုမှစိတ်ကို ထိန်းမရတော့။ ကျွန်တော့် ဒေါသတွေ သူမအပေါ် အကြီးအကျယ် ကျရောက်ခဲ့ပါတော့တယ်။
****

စောင့်ဆိုင်းခြင်းသည် ကျွန်တော်နှင့် ဓာတ်မတည့်သော ဆေးဝါးတခုလည်းဖြစ်ပါတယ်။ ထို့ကြောင့်လည်း အလှူအတန်း၊ မင်္ဂလာဆောင်၊ အသုဘ စ သော သာရေးနာရေးပွဲများတွင် အမြဲလိုလို တယောက်တည်းသာ သွားတတ်ပါတယ်။ အပေါင်းအသင်းများနှင့်မသွားတတ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်ကသွားဖို့အသင့်ဖြစ်နေပြီ သူတို့က လုပ်ငန်းဆောင်တာ တွေ မပြီးပြတ်လျှင် ကျွန်တော်စောင့်ဆိုင်းရတော့မည်မဟုတ်လား။ ဤမျှ ကျွန်တော်ဟာ စောင့်ဆိုင်းခြင်းကို မနှစ်မြို့သူ တယောက် ဖြစ်ပါတယ်။

ကျွန်တော်ဟာ စောင့်ဆိုင်းခြင်းကို မည်မျှပင် မုန်းတီးစေကာမူ စောင့်ဆိုင်းခြင်းကတော့ ကျွန်တော့်ဆီ သစာရှိရှိ နိစ္စဓူဝ ရောက်ရောက်လာတတ်ပါတယ်။ မည်မျှပင် မုန်းတီးစေကာမူ ကျွန်တော်သည် စောင့်ဆိုင်းခြင်းကိုသွေဖည်ပြီး အချိန်ကာ လများကို ဖြတ်သန်းလို့ မရခဲ့ ပါ။ မည်မျှပင် မုန်းတီးစေကာမူ ကျွန်တော်သည် စာရွက်တွေကျော်ဖတ်သလို ကိုယ်ကြည့် ချင် သော ရုပ်သံဇာတ်လမ်းတွဲများကို ရစ်ကြည့်လို့ မရခဲ့ပါ။ စက်ထဲတွင်ထည့်ထားသောအခွေကို next သလို စောင့်ဆိုင်းခြင်းကို next လို့မရခဲ့ပါ။
****

ကျွန်တော် စောင့်ဆိုင်းခဲ့ရပါတယ်။
မည်မျှပင် မုန်းတီးစေကာမူ ကျွန်တော်နှင့်စောင့်ဆိုင်းခြင်းသည် အမြဲ ဒွန်တွဲနေသော လျှာနှင့်သွားပင်။
တနေရာရာမှာ တခုခု ကိုကျွန်တော် စောင့်ဆိုင်းခဲ့ပါသည်။
တချိန်ချိန်မှာ တစုံတရာကို ကျွန်တော် စောင့်ဆိုင်းခဲ့ပါတယ်။
****

(၂)
ကျွန်တော်သည် နယ်မြို့လေးတမြို့တွင် နေထိုင်သူဖြစ်ပါတယ်။ ပဲခူးမြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် ၁၅ မိနစ်တစီးထွက် သောကားပေါ်တွင် အချိန်တချို့ကို စောင့်ဆိုင်းခဲ့ဖူးပါတယ်။ ၁၅ မိနစ်ထက်မကသောအချိန်ကိုလည်း ထိုကားပေါ်တွင် စောင့်ဆိုင်းခဲ့ရဖူးပါတယ်။ ထို့အတူ ဈေးဆိုင်များတွင် ဈေးဝယ်သောအခါများတွင်လည်း စောင့်ဆိုင်းခြင်းကို ကြုံတွေ့ခဲ့ရပါ တယ်။ ကိုယ်ဝယ်ပြီးသော ပစ္စည်းများရဲ့ကျသင့်ငွေကိုပေးရမယ့် ကောင်တာတွင်လည်း အချိန်တချို့ကို စောင့်ဆိုင်းဖို့ ကျွန် တော် ပေးခဲ့ရပါတယ်။

ဟိုးတစ်ချိန်က ည ည စွဲလန်းခဲ့ ဖူးသော တရုတ်သိုင်းကားများကို ကျွန်တော် မက်မက်မောမော စောင့်ကြည့်ခဲ့ဖူးပါတယ်။ ရထားလက်မှတ်တစောင် ရဖို့ အချိန် တော်တော် ကြာ အောင် စောင့်ဆိုင်းခဲ့ဖူး ပါတယ်။ကိုယ်သွားလိုသော ခရီးကိုရောက်ဖို့ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်တော်စောင့်ဆိုင်းခဲ့ရပါတယ်။  ယခုလို အချိန်ကာလတွင် လက်ထဲ၌ ဟန်းဖုန်းလေး တလုံး ကိုင်နိုင်လာတဲ့အခါမှာလည်း အဝိုင်းကလေးလည်နေတာကို စောင့်ဆိုင်းကြည့်ရှုနေသည်မှာလည်း ကျွန်တော်ပါပဲ။
****

(၃)
တကယ်တော့ ကျွန်တော်သည် စောင့်ဆိုင်းခြင်းကိုဆိုသော်လည်း စောင့်ဆိုင်းခြင်းနဲ့ ကင်းလွတ်ပြီး ရှင်သန်နေသူတယောက် မဟုတ်ပါ။ စာင့်ဆိုင်းခြင်းကို နေ့စဉ်နဲ့အမျှ လက်တွဲသွား လာနေသူသာ ဖြစ်ပါတယ်။  

ကျွန်တော်တို့ တီထွင်သူကြီး သောမတ်အယ်ဒီဆင်၏လက်ထဲတွင် မီးလုံးကလေးသည် အလင်းရဖို့ တီထွင်မှုပေါင်းများစွာကို စောင့်ဆိုင်းခဲ့ရပါတယ်။နောက်ပြီး နှစ်ဆယ်ရာစုရဲ့အကြီး ကျယ်ဆုံး သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် ထိုကဲ့သို အောင်မြင် သူတယောက်မဖြစ်ခင် ငယ်စဉ်က စကားပြောရန် ခုနစ်နှစ်တိတိ စောင့်ဆိုင်းခဲ့ရပါတယ်။

ကျွန်တော်တို့ရဲ့ နေ့စဉ်သတင်းစာတွင် "ကမ္ဘာကျော် အဆင့်မြင့် ကိုရီးယားဂျင်ဆင်းကိုရရန် (၆) နှစ်စောင့်ရပါသည်။ မြန်မာ့ ဆေးဘက်ဝင်သနပ်ခါးကိုရရန် အနည်းဆုံး (၇) နှစ်ကြာပါသည်။" ဟူသော စာတန်းလေးကိုလည်း ကျွန်တော် ဖတ်ခဲ့မှတ် ခဲ့ဖူးပါတယ်။

သို့ဆိုလျင် စောင့်ဆိုင်းခြင်းသည်... 
***

(၄)
တရက်ရက်က တရက်ရက်ကို စောင့်ဆိုင်းခဲ့ပါတယ်။
တလလက တလလကို စောင့်ဆိုင်းခဲ့ပါတယ်။
တနှစ်နှစ်က တနှစ်နှစ်ကို စောင့်နေခဲ့ပါတယ်။

ဒီလူည