ကမ်လူဝေး ● မရယ်နိုင်တဲ့ နေ့တွေ ညတွေ


ကမ်လူဝေး ● မရယ်နိုင်တဲ့ နေ့တွေ ညတွေ
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇

သေပြီးသားလူတယောက်ရဲ့ ဂုဏ်သိက္ခာ
ထပ်ခါ ထပ်ခါ ချနင်းပြီး သတ်နေတဲ့နေရာ
ငါတို့ ဘယ်လိုသေကြမလဲ
ငါတို့ ဘယ်လိုရှင်သန်ရမလဲ
သေခြင်းက ဂုဏ်သိက္ခာကင်းမဲ့တဲ့နောက်
ရှင်ခြင်းရဲ့သိက္ခာတရားက မေးခွန်းထုတ်စရာ
လူငယ်လေးတယောက်ပါ
အကောင်းဆုံးရှင်သန်ဖို့ကြိုးစားရင်း
ထပ်ခါ ထပ်ခါ သတ်ခံနေရ
ထပ်ခါ ထပ်ခါ သတ်ဖြတ်နေရ
ရှင်သန်ဖို့ သတ်ဖြတ်ရတယ်
သတ်ဖြတ်ရင်း အသတ်ခံနေရတယ်
ဖြစ်လာမည့် အရာမှန်သမျှ
ဖြစ်ပြီးသမျှထဲက ထွက်လို့မရနိုင်သရွေ့
ဒီကနေ့နဲ့ မနေ့က ရက်စွဲတခု ကွာခြားယုံကလွဲလို့
တရာဖိုး သုံးပုဒ်ပြဇာတ်တွေ လှိုင်လှိုင်ကြည့်ရင်း
ဂုဏ်သိက္ခာကင်းမဲ့တဲ့ ရှင်သန်ခြင်းနဲ့
ဂုဏ်သိက္ခာကင်းမဲ့စွာ သေဆုံး/သတ်ခံရဖို့
တန်းစီစောင့်နေရတဲ့ဘဝက လွတ်ပါ့မလား
စိတ်ပျက်စရာ ကောင်းလှပါဘိ ချစ်သောနိုင်ငံတော်။ ။

ကမ်လူဝေး